xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: July 2011

Sunday, July 31, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့

ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလိုbedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲနေပြီးညာဖက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက်နံတောင်းနဲ့စောင်းအိပ်လိုက် နဲ့သာ နေရတာကိုး။
 

စိတ်ပူရှာကြ
ရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံကစာ ဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။ ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး အရောက်အလာများတယ်။ နေမကောင်း ဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက်ရောက်ရောက်လာ ကြတယ်။ တချို့များဆို ၀ီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြား က ပြုံးတောင်ပြုံးမိသေးတယ်။ စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့ သူကို ထောင့်မျိုးစုံကလှည့်ပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ဗီဒီယိုရိုက်သူကရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲဘယ်နေပါ့မလဲ။

မဂိုးသေးပါဘူး

လူငယ်လေးတွေမို့ ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ ''မဂိုးသေးပါဘူးကွယ်၊ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး ကျောင်းသားလူငယ်တွေ၊ ဆရာတော်သံဃာတော်တွေ၊ တပ်မတော်သားတွေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ အားလုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို နေသွား ဦးမှာပါ''လို့ ပြောနေမိတယ်။ အနိစ္စမသိ၊ တရားမရှိလို့ ပြောတာမဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကြီး မှာမွေးပြီး နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း စစ်ကြီးနဲ့ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အုပ်ချုပ်မှုအောက် မှာ နှစ်ပေါင်း ၅၀ နီးပါး နေထိုင်ခဲ့ရသူတစ်ဦးအနေနဲ့ ဒါလောက်ကလေး လိုလားတောင့်တတာဟာ မလွန်လောက်ဘူးထင်လို့ပါ။

ဒါကြောင့်
 
''စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင်စစ်မသောက်ချင်ဘူး'' လို့ ရှေးလူကြီးတွေ ပြောကြသလိုတောင် တစ်ခါတစ်ခါ ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီးအတွင်းမှာ တပ်ထဲဝင်သွားတဲ့ ဦးလေးသားချင်းစစ်ဗိုလ်တွေ တိုက်ပွဲမှာကျဆုံးသွားတာရှိသလို၊ ရဲဘော်ဖြူတွေထဲ ကွန်မြူနစ်တွေထဲ ရောက် သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။ ကိုယ်ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့ ကျဆုံးသွားကြသလို တောထဲတောင်ထဲရောက်သွားပြီး တိုက်ပွဲမှာ ကျသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။


အဆုံးအဖြတ်ပြုနိုင်လောက်တဲ့သတင်း
 
ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အ၀င်အထွက် ပိုများလာတယ်။ နည်းနည်း သက်သာသလိုမြင်ရရင် စကားပြောလာကြတယ်။ ရူးပတ်မားဒေါ့ရဲ့ မီဒီယာအင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာ ကြတယ် ''ဇူလိုင်နောက်ဆုံးပတ်ရောက်တော့ မားဒေါ့ကိစ္စတုန်းက အလိုက်သိစွာနဲ့ ဘာမှမမေးဘဲ နှုတ်ဆိတ်နေခဲ့ကြတဲ့ မိတ်ဆွေတချို့တောင် မမေးဘဲမနေနိုင်ကြတော့ဘဲ ''ထင်မြင်ချက်လေး ပေးပါဦး''လို့ ပြောလာကြတယ်။ မားဒေါ့ကိစ္စလိုမဟုတ်ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်တော့ အရေးကြီးဆုံး ထိပ်တန်းသတင်းကြီး မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး အဆုံးအဖြတ်ပြုနိုင်လောက်တဲ့အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရသစ်ရဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြတဲ့ သတင်းပေကိုး။

Saturday, July 30, 2011

အစိုးရ၏ဆောင်ရွက်ချက်များအားပျက်ရယ်ပြုထားသည့် ကာတွန်းဆရာအော်ပီကျယ်၏ ကာတွန်းများပျံ့နှံ့နေ

ကာတွန်း အော်ပီကျယ်

ယခုရက်ပိုင်းအတွင်းတွင်  နိုင်ငံတော်အစိုးရ ၏ လတ်တလောဆောင်ရွက်ချက် များအား လှောင်ပြောင် သရော်သည့် အော်ပီကျယ်၏ကာတွန်းများ Facebook စာမျက်နှာများ မှတစ်ဆင့် ပျံ့နှံ့လျက် ရှိကြောင်း သိရှိရပါသည် ။ 

အဆိုပါကာတွန်းပုံများအား ကာတွန်းဆရာအော်ပီကျယ်က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် လတ်တလော ကာတွန်းများအမည်ဖြင့် တင်ထားရာမှ စတင်ပျံ့နှံ့လာခြင်း ဖြစ်ကြောင်းလည်းသိရပါသည်။

" အစိုးရလုပ်ဆောင်ချက်တွေကို ဝေဖန်တယ်ဆိုတာတော့ လွယ်တာပေါ့ဗျာ တကယ်လုပ်ကြည့်ရင်တော့ မလွယ်တာကိုတွေ့ရမယ် ဘောလုံးကန်သလိုပေါ့ ဟိုလိုကန်ပါလား ဒီလိုဖြတ်တင်လိုက်ပါလား .. နောက်က လူ လွတ်နေတယ်လေ ဒါတောင်မမြင်ဘူးလား ၊ ကန်ချက်ပျော့လိုက်တာ  အစရှိသဖြင့်ပေါ့ဗျာ ဝေဖန်တာ ကတော့ အင်မတန်လွယ်တယ်ဗျ ၀င်ကန်ဘို့ကတော့ ဘယ်လွယ်မလဲ ဒီသဘောပေါ့ဗျာ အခု ဒီကာတွန်းတွေကတော့ ဝေဖန်တယ်ဆိုတာထက် လှောင်ပြောင်သရော်ထားတယ် ဆိုရင်ပိုမှန်မယ်  " ဟု အဆိုပါကာတွန်းများကို ကြည့်ရှုခဲ့သူတစ်ဦးက ဆိုပါသည် ။

Thursday, July 28, 2011

အပစ်အခတ်ရပ်စဲရေးအတွက်ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ

၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်
အိတ်ဖွင့်ပေးစာ
(၁)
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
(၂)
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)
(၃)
ကရင်အမျိုးသားအစည်းအရုံး(KNU)
(၄)
မွန်ပြည်သစ်ပါတီ(NMSP)
(၅)
ရှမ်းပြည်တပ်မတော်(SSA)
ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၈) ရက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ်ဖွဲ့စည်း ထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒ များစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင် ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးစုများ အားလုံး ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန် အရေးကြီးပါသည်။
ယခုအခါ ကချင်၊ ရှမ်း၊ ကရင် နှင့် မွန် စသည့် ပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိ နေရပါသည်။ ယင်း ပဋိပက္ခ များကြောင့် သေကြေဆုံးရှုံး ပျက်စီးမှုများ ဝမ်းနည်းဘွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုး ကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်း ပျက်စီးမှုများ ကြုံတွေ့နေရ ပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြ သည့်အပြင် အိမ်နီးချင်း နိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် ရှိနေပါသည်။
ယင်းပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းကြမည် ဆိုလျှင် နှစ်ဦးနှစ်ဘက် အကျိုးဆုတ်ယုတ် မှုများသာ ဖြစ်ပေါ်ပါမည်။ အမျိုးသား ရင်ကြားစေ့ရေးကို စစ်ရေးနည်းများဖြင့် တည်ဆောက်၍ မရနိုင်ပါ။ နိုင်ငံရေး နည်းလမ်း ဖြစ်သော ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံရေး အရ ညှိနှိုင်း ဖြေရှင်း နိုင်ကြမှသာလျှင် ပြည်ထောင်စုကြီး အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသာ သွေးစည်းညီညွတ်မှုကို ရရှိမည် ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ဟူသည် ကျယ်ပြန့် သွားနိုင်သည့် အန္တရာယ် ရှိတတ်ပါသည်။

လစ်ဗျား သူပုန်ကို ဗြိတိန်က အစိုးရအဖြစ်အသိအမှတ်ပြု

 
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရထဲက သံတမန်တွေ အားလုံးကို ဗြိတိန်က တရားဝင် လုံးဝ လက်မခံတော့ဘဲ လစ်ဗျားသူပုန်တွေ ဖွဲ့စည်းထားတဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ လို့ သူ့ကိုယ်သူအမည်ပေးထားတဲ့အဖွဲ့ကိုပဲ လစ်ဗျားနိုင်ငံရဲ့ တရားဝင်မှုရှိတဲ့ အစိုးရအဖြစ် အသိအမှတ် ပြုလိုက်ပြီလို့  ပြောကြားလိုက်ပြီး သူပုန်ဘက်ကနေပေါ်ပေါ်တင်တင် ရပ်တည်ကြောင်း ပြသလိုက်ပါတယ်။
 
အတိုက်အခံတွေရဲ့ တရားဝင်မှုက လစ်ဗျားနိုင်ငံတ၀န်းမှာ ပိုပြီး တိုးမြင့်လာနေ တယ်၊ အောင်မြင် မှုတွေလည်း ပိုရလာနေတယ်ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး အခုလို လုပ်ဆောင်ရတာလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိခ် (William Hague) က အကြောင်းပြပါတယ်။

Wednesday, July 27, 2011

ဆရာကိုဆိတ်ဖွားနှင့်တွေ့ဆုံခြင်း


ဒီတစ်ပတ်တော့ အခြားသောပုဂ္ဂိုလ်များနှင့်တွေ့ဆုံခြင်းမပြုတော့ပဲ Voice Of Myanmar ၏ ပင်တိုင်စာရေးသူ ဆရာကိုဆိတ်ဖွားနှင့်တွေ့ဆုံ၍ လတ်တလောနိုင်ငံရေးအခြေအနေများအပေါ် သူ၏အမြင်များ ကို မေးမြန်း ခဲ့ပါသည် ။

မေး ။  ။ ခုဒီရက်ပိုင်းအတွင်းရေပန်းစားနေတာကတော့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်စုတို့ တွေ့တဲ့ သတင်းပေါ့ ဗျာ.. တချို့ကလည်း အရင် ၉ ကြိမ်တွေ့ထားတယ် ဘာမှထူးလာမှာမဟုတ်ဘူး ၊ တချို့ကတော့ ထူးခြားမှုရှိတယ်ပေါ့လေ..ဒီအပေါ်ဆရာ့အမြင်လေး..ပြောပေးပါဦး..

ဖြေ။   ။ တိုတိုပြောရရင်တော့ ထူးတယ်လို့ပြောရမှာပေါ့....ဘာထူးလဲမေးရင်တော့ ဖြေစရာတွေကအများ သားလားမောင်ရင်ရ ၊ ဥပမာတစ်ခုပြောရရင် သူတို့ဘယ်နေ့တွေ့မယ် ဆိုတာကြိုပြီးပြောတယ်၊ ပြီးတာနဲ့ ဘာဆွေးနွေးတယ်ဆိုတာ ချက်ချင်းသတင်းထုတ်တယ် သတင်းသမားတွေကိုကြိုပြီးဖိတ်ကြားထားတယ် ၊ မေးခွန်းတွေအနည်းအကျဉ်းဖြေသွားတယ်..ဒါကိုက အရင်ကထက်စာရင်ထူးခြားနေတာပဲမဟုတ်လား..

မေး ။   ။ ဒါကတော့ အသွင်သဏ္ဍာန်အပိုင်းပေါ့ဆရာရယ် တကယ့်အနှစ်သာရပိုင်းမှာရော ထူးခြားလာနိုင်ပါ့မလား...

ဖြေ ။     ။ ဒီနေရာမှာ အနှစ်သာရဆိုတာဘာလဲဆိုတာ မောင်ရင့်ကိုပြန်မေးရမလိုဖြစ်နေတယ်..မောင်ရင် ဆိုလိုတာက အစိုးရနဲ့ NLD ပေါင်းစည်းသွားရင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဖြစ်မယ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်တွေရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရမယ် ၊ မြန်မာပြည်ကြီးနေ့ချင်းညချင်းတိုးတက်သွားမယ် ဒါတွေဖြစ်မဖြစ်ကို ဆိုလိုတာလား... ဒါကိုဆိုလိုတာဆိုရင်တော့ မောင်ရင်ထင်တာတွေမှားနေပြီ..ခါးတောင်းကျိုက်တခြား ဟိုဟာတခြားဆို သလိုဖြစ်နေပြီလို့ပဲပြောချင်တယ်ကွာ.....

မေး ။   ။ ဘာလို့လဲဆရာ

Monday, July 25, 2011

ဦးအောင်ကြည်အကြောင်း သိထားသမျှ


မြန်မာ့နိုင်ငံရေးစာမျက်နှာတွင် အစိုးရနှင့်ဒေါ်စုကြည်အကြား ဆက်ဆံရေးဝန်ကြီး အဖြစ်တာဝန်ယူဆောင် ရွက်နေသော ဦးအောင်ကြည် သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သူတစ်ဦး ဖြစ်လေသည်။ ထိုဦးအောင်ကြည်၏ ဘ၀တစ်လျှောက်ဖြတ်သန်းဆောင်ရွက်ခဲ့သော ဘ၀အဖုံဖုံကို သိရှိနိုင်ပါရန် ဖေါ်ပြ အပ်ပါသည် ။

ရန်ကုန်သားဦးအောင်ကြည်

ဦးအောင်ကြည်ကို အဘ ဦးဘကြည် ၊ အမိဒေါ်ကြည် တို့မှ ၁.၁၁.၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဖဆပလ တွင် မွေးဖွားခဲ့ပြီး ဗုဒ္ဒဘာသာဝင်ဗမာလူမျိုးတစ်ဦး ဖြစ်ပါသည် ။

ကျောင်းဆရာဦးအောင်ကြည်

အခြေခံပညာရေးကို ရန်ကုန်မြို့ စိန်ပေါ ကျောင်းနှင့် စိန့်အန်ထော်နီကျောင်းတို့တွင် သင်ကြားအောင်မြင်ခဲ့ပြီး ၁-၄-၆၄ နေ့မှစတင်၍ စိန့်အန်ထော်နီကျောင်း (ယခု အထက ၄ ၊ မင်္ဂလာတောင်ညွန့်) တွင်မူလတန်းပြ ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၆၇ တွင်လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီး ထိုနှစ်နိုဝင်ဘာလမှ ၁၉၆၉ ခုနှစ် စက်တင်ဘာလထိ အထက (၁) တာမွေတွင် အထက်တန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။

ဗိုလ်ချုပ်အောင်ကြည်

 
ဦးအောင်ကြည်သည် ၁၉၆၉ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄၀) သို့တက်ရောက်အောင်မြင်ခဲ့ ပြီး တပ်မတော်တွင် တပ်စုမှူး ၊ တပ်ခွဲမှူး ၊ တပ်ရင်းမှူး ၊စစ်ဗျူဟာမှူး ၊ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ၊ တိုက်ခိုက်ရေးကျောင်းအုပ်ကြီး ၊ လေ့ကျင့်ရေးညွှန်ကြားရေးမှူး ၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တာဝန်များဖြင့် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည် ။

Myanmar, Burma နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး

ပြဿနာအစ
ဒီကနေ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေထဲမှာ မြန်မာနိုင်ငံရဲ့ အမည်ကို အင်္ဂလိပ်လို ရေးတဲ့၊ ပြောတဲ့အခါ Myanmar လား Burma လား ဆိုတဲ့ ကိစ္စဟာလည်း အတော် ရှေ့တန်း ရောက်ပါတယ်။ ဒီပြဿနာဟာ န၀တ လက်ထက်မှာ မြန်မာစကား အသံထွက်များကို အင်္ဂလိပ်လို အသံထွက်နဲ့ ရေးထားတဲ့ စာလုံးပေါင်းတွေ ပြင်တယ်။ ဒီအခါမှာ အင်္ဂလိပ်က Burma လို့ ရေးတာကို မြန်မာ အသံထွက်နဲ့ အညီဖြစ်အောင် Myanmar လို့ပြင်တယ်။ ဒီလိုပဲ ရန်ကုန်ကို အင်္ဂလိပ်က Rangoon လို့ စာလုံး ပေါင်းခဲ့တာကို Yangoon လို့ပြင်တယ်။ အဲဒီလို ပြင်လိုက်တဲ့ မြို့အမည်၊ နေရာဒေသ အမည်တွေ အများကြီးပါပဲ။ ဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရက ဒီလိုပြင်တာကို လက်မခံဘူး၊ သူကတော့ Burma လို့ပဲ သုံးမယ်လို့ လူသိရှင်ကြား ပြောခဲ့တယ်။ နိုင်ငံတကာ သတင်း ဌာနတွေနဲ့ တွေ့တဲ့ အခါမှာလည်း Burma လို့ပဲ သုံးပြီး ပြောတယ်။ အဲဒီ အခါမယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံများ၊ သြစတေးလျ၊ ကနေဒါလို နိုင်ငံများကလည်း Burma လို့ဆက်သုံးပြီး စစ်အစိုးရကို အသိအမှတ် မပြုဘူးဆိုတဲ့ Political Message ကို ဖော်ထုတ်လာ ကြတယ်။ ဒီလိုနဲ့ Myanmarလား Burma လား ဆိုတာဟာ စစ်အုပ်စုကို ထောက်ခံသလား၊ ဆန့်ကျင်သလား ဆိုတဲ့ ပေတံတစ်ခု ဖြစ်လာခဲ့တယ်။
အသံထွက်ပြဿနာ
ကျွန်တော်ဟာ ဘာသာစကား ပညာရှင် မဟုတ်သလို၊ သမိုင်း ပညာရှင်လည်း မဟုတ်ဘူး။ ဒါ့ကြောင့် Myanmar လား Burma လား ဆိုတဲ့ကိစ္စကို လက်တွေ့ လက်လှမ်းမီတဲ့ အခြေအနေနဲ့ လက်တွေ့ကျတဲ့ ရှုထောင့်ကပဲ သုံးသပ်ချင်ပါတယ်။ တကယ်တော့ Burma ဆိုတာဟာ အသံထွက် ပြဿနာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်တွေက နိုင်ငံခြား တိုင်းပြည်တွေရဲ့ အမည်တွေ၊ အခေါ်အဝေါ်တွေကို မြန်မာ ဘာသာနဲ့ ရေးတဲ့အခါ ကိုယ်အသံလှယ်ပြီး ထွက်တတ်သလို ထွက်ခဲ့ကြတာပဲ။ ဥပမာ Paris ကို ပဲရစ်လို့ရေးခဲ့ ( အခုတော့ ပါရီ ဖြစ်ပြန်ပေါ့) Newyork ကို နယူးယောက် (တကယ့် အသံထွက်က နူးယော့ ဆိုရင် ပိုနီးစပ်ပါတယ်။) လို့ရေးခဲ့ကြတာပါ။ ဒီလိုပဲ အင်္ဂလိပ် ရောက်လာတော့ ဗမာလူမျိုးကို ကုလားတွေက ဗရမာလို့ခေါ်တာကို စွဲပြီး Burma လုပ်ခဲ့ပါတယ်။ (ဂျပန်ကတော့ ဘိရုမာပေါ့) ဒါ့ကြောင့်လည်း ပုသိမ် ကို Bassein ပဲခူး ကို Pegu ပြည်ကို Prome ၊ အင်းဝကို Ava စသည်ဖြင့် သူတို့ ခေါ်တတ်သလို ခေါ်ပြီး မြေပုံတွေ ထုတ်ခဲ့တာပါ။ နောက်ပြီး အုပ်ချုပ်ရေး လုပ်တဲ့အခါမှာ ဗမာလူမျိုး အများစုနေတဲ့ မြေပြန့် ဒေသတွေကို Proper Burma ( နောင် Ministerial Burma) လို့ ခေါ်ပြီး တောင်တန်း ဒေသတွေကိုတော့ (Frontier Areas) သို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီတုံးက ရုံးသုံး ဘာသာ စကားဟာ အင်္ဂလိပ် ဘာသာစကား ဖြစ်လို့ တရားဝင် စာတွေမှာလည်း Burma လို့ပဲ သုံးခဲ့ပါတယ်။
မြန်မာနိုင်ငံကို မသိမ်းခင်ကတော့ အင်္ဂလိပ်တွေက မြန်မာဘုရင်များနဲ့ ဆက်ဆံရာမှာ နန်းမြို့ တည်ရာနေရာကိုပဲ အစွဲပြုပြီး ခေါ်ပါတယ်။ အိန္ဒိယ မဟာရာဂျာ စော်ဘွားတွေကို ခေါ်တဲ့ပုံစံမျိုးပါ။ ဒါ့ကြောင့် Kingdom of Ava, Kings of Ava, Kingdom of Amarapura လို့ပဲ သုံးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်ကြည် ဒေါ်စုကြည်နှင့်တွေ့ဆုံ အစိုးရသစ်လက်ထက်ပထမဆုံးတွေ့ဆုံမှုဖြစ်

" ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင်ပါတယ် "
 
 သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည်တို့သည် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင်  တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းသတင်းရရှိပါသည်။

''တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်တွေကို မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကား ပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊
ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။ ဒါပဲ မျှော်လင့်ပါတယ်''
 
 ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မွန်းလွဲ ၁ နာရီ မှ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မီဒီယာများနှင့် ဆက်လက် တွေ့ဆုံခဲ့ပါသည်။ ယခုတွေ့ဆုံမှုသည် မြန်မာအစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်တန်း တာဝန်ရှိသူတို့၏ ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါသည် ။

Friday, July 22, 2011

ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် တွေ့ဆုံခြင်း

(၂၀၁၁ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ထုတ် ပြည်သူ့ ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွေ့အကြုံ ဖြစ်ပါတယ်။)
ဦးခက်ထိန်နန်ဟာ ကချင်ပြည်နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပါတယ်။ ဒါတင်မက ဥပဒေကြမ်း ကော်မတီဝင် တစ်ဦလည်း ဖြစ်သလို ပြည်ခိုင်ဖြိုး ပါတီနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ မြစ်ကြီးနား အခြေစိုက် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ၊ ကချင်ပြည်နယ် (စဒက) ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ လတ်တလော မြန်မာ့ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့ အကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ မြန်မာ အစိုးရဘက်က သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင် လိုက်ပါ သွားခဲ့သူလည်း ဖြစ်ပါတယ်။ ယခု အင်တာဗျူးမှာတော့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရရှိနိုင်ရေး ကိစ္စတွေကို မေးမြန်း တင်ပြထားပါတယ်။
မေး - လက်ရှိ မြန်မာ့ တပ်မတော်နဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကေအိုင်အေ ၊ ကေအိုင်အို ဆိုတာ ဘယ်တုန်းက ပေါ်ပေါက် လာလဲ၊ ဘယ်လို အဖွဲ့အစည်းမျိုးလည်း ရှင်းပြပေးပါလား။
ဖြေ - KIO (Kachin Independent Organization) ကချင် လွတ်မြောက်ရေး အဖွဲ့၊ KIA (Kachin Independent Army) ကချင် လွတ်လပ်ရေး တပ်မတော် ဆိုတာ ၁၉၆၁ ခုနှစ် ကတည်းက စရှိခဲ့တာ။ ဒီတစ်ခေါက် ပဋိပက္ခ ဖြစ်ရတာဟာ လူကြီးပိုင်းက ပုံမှန် အနေအထား ရှိနေတဲ့ အချိန် အောက်ခြေမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲကြပြီး ပစ်ကြ ခတ်ကြရင်းနဲ့ ဖြစ်သွားတာ။ အရင်တုန်း ကတော့ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး၊ ကိုယ့်ယုံကြည်ချက်၊ သူ့ယုံကြည်ချက်နဲ့ ပဋိက္ခ ဖြစ်ကြတာ။ အခုလို ပစ်တာ ခတ်တာဟာ အားလုံးကို ဒုက္ခ ဖြစ်စေတယ်၊ သေကြေ ပျက်စီးစေတယ်၊ အားလုံးလည်း အကျိုးမရှိဘူး ဆိုတာကို စစ်ပွဲဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာလာတော့ နှစ်ဖက်စလုံးက နားလည်ကြတယ်။ ကြားက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ဦးဆောင်ပြီး ညှိနှိုင်းကြရင်းနဲ့ နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲပြီး ၁၉၉၄ မှာ ငြိမ်းချမ်းရေး ယူလိုက်ကြတာ။ အဲ့ဒီတုန်းကတော့ ဘုန်းတော်ကြီးတွေ ဖာသာကြီးတွေ သင်းအုပ် ဆရာကြီးတွေနဲ့ မြို့မိ မြို့ဖတွေက ဦးဆောင်ပြီး ဆောင်ရွက် ခဲ့ကြတာ။ ကချင် ပြည်နယ်ထဲမှာ စစချင်း တုန်းကတော့ KIO တစ်ဖွဲ့တည်းပဲ။ ဦးဆခုန်တိန့်ယိန်း ဦးဆောင်တဲ့ NDA (K) အဖွဲ့နဲ့ ရှမ်းပြည်နယ်ဘက်က ဦးမထုနော် အဖွဲ့ဆိုတာဟာ နဂိုမူလ ကေအိုင်အို ကနေ ကွဲထွက်လာတဲ့ အဖွဲ့တွေ။

Thursday, July 21, 2011

Eleven Media Group ၏အွန်လိုင်းစာမျက်နှာတွင် အစိုးရတာဝန်ရှိသူများအားပုတ်ခတ်သည့် comment များကို Admin များကိုယ်တိုင်ရေးသားမှုများရှိနေဟု သတင်းများထွက်ပေါ်

 
 ပြည်တွင်းထုတ်ဂျာနယ်တစ်ခုဖြစ်သည့် Eleven Media Group ၏အွန်လိုင်း စာမျက်နှာများတွင် နိုင်ငံတော်အစိုးရနှင့် အစိုးရတာဝန်ရှိသူများအား ပုတ်ခတ်၊ စွပ်စွဲ ၊ ဆဲဆိုသည့် comment များအား Admin များကိုယ်တိုင် ရေးသားမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည်။
 
အဆိုပါဂျာနယ်သည် စာပေစိစစ်ရေးမှရေးသားခြင်းမပြုရန်ကန့်သတ်ထားသည်များကို သတင်းတွင်ရေးသားဖေါ်ပြခြင်းမရှိပဲ comment များအဖြစ် အခြားစာဖတ်သူတစ်ဦးဦးက ရေး သားနေသယောင်ဖန်တီးကာ Admin များကိုယ်တိုင်ရေးသားမှုများရှိနေကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောကြားပါသည်။

" comment တွေကို သက်ဆိုင်ရာ အယ်ဒီတာတွေ Admin တွေကထိန်းချုပ်ပြီး ဖေါ်ပြသင့်တာတွေကိုဖေါ်ပြ ၊မဖေါ်ပြသင့်တာတွေကိုဖယ်တာတို့ဘာတို့လုပ်ရတယ် ဒီ Eleven ကလည်းလုပ်တာပဲ..မယုံရင်သူတို့ ဂျာနယ်ကတာဝန်ရှိသူတွေရဲ့ ပုဂ္ဂိုလ်ရေးထိခိုက်တာတွေသွားရေးကြည့်ပါလား ဘယ်တော့မှမရဘူး ..အစိုးရကို ပုတ်ခတ်တာတွေဆိုရင်တော့ ပါလာတော့တာပဲ...ဒါကိုက ဒီလူတွေ မရိုးသားဘူးဆိုတာရှင်းနေတာပဲ.." ဟု အဆိုပါ ပြည်တွင်းသတင်းထောက်တစ်ဦးကပြောကြားသွားပါသည် ။

" ထိုင်းမှာတောင် သတင်းဌာနတစ်ခုရဲ့ online စာမျက်နှာမှာ ထိုင်းဘုရင်ကိုပုတ်ခတ်ရေးသားတဲ့ comment တစ်ခုကိုမိနစ်ပိုင်းလောက်လေး ဖျက်ဘို့နောက်ကျသွားတာနဲ့ သက်ဆိုင်ရာက အရေးယူတာတွေရှိတယ် တကယ်တော့ အွန်လိုင်းစာမျက်နှာတစ်ခုလုံးဟာ နိုင်ငံတော်ကချမှတ်ထားတဲ့ မူနဲ့ကိုက်နေရပါမယ်..မကိုက်ရင် သက်ဆိုင်ရာသတင်းဌာနမှာတာဝန်ရှိပါတယ်.. " ဟု အမည်မဖေါ်လိုသူ ၀ါရင့်သတင်းထောက်တစ်ဦးကပြောပါသည် ။

"စည်းကမ်းအတိုင်းလိုက်နာနေတဲ့ အခြားပြည်တွင်းသတင်းဌာနတွေအများအပြားရှိနေပါတယ် သူတို့လုပ်တာနဲ့ကျန်တဲ့သူတွေပါထိခိုက်လာနိုင်တယ် ခုကျွန်တော်တို့ Screen shoot တွေစုပြီးအချက်လက် စုနေပါတယ် တော်တော်များများလည်းရနေပါပြီ  ပြီးရင်တော့ သက်ဆိုင်ရာအထက်ဌာနတွေကိုတင်ပြပါမယ် " ဟုအဆိုပါဝါရင့်သတင်းထောက်ကပြောကြားခဲ့ပါသည် ။

Wednesday, July 20, 2011

ထူးခြားတဲ့ဆောင်းပါးတစ်ပုဒ်

(ဇူလိုင် ၁၂ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ မှူးဇော်ရဲ့ အစိုးရသစ်၏ ရက်ပေါင်း (၁၀၀) ခရီးအား ကိုယ်ပိုင် အမြင်ဖြင့် ရှုမြင် သုံးသပ်ခြင်း New Government’s 100 Days Report Card ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားပါတယ်။ မှူးဇော် ဆိုသူဟာ ရန်ကုန်တိုင်းမ်ရဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်သလို နိုင်ငံတော် သမ္မတရုံးက အရာရှိကြီး တစ်ဦး ဖြစ်တယ် လို့လည်း သိရပါတယ်။  သူ့ဆောင်းပါးဟာ အစိုးရရဲ့ လုပ်ဆောင်ချက်များကို ချီးမွမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့နေရာ တွေမှာတော့ ဝန်ကြီးဌာများရဲ့ လုပ်ဆောင်ချက်များကို ဝေဖန်ထားတာ၊ အစိုးရရဲ့ အတွင်းပိုင်းမှာ ပြောင်းလဲ ဆောင်ရွက်နေပုံတွေ ဖော်ပြထားတာကို တွေ့ရပါတယ်။ သူသာ တကယ်ပဲ သမ္မတရုံးက အရာရှိ ဖြစ်တယ်ဆိုရင် အဲဒီ ရေးသားချက်များဟာ ထူးခြားပြီး သတိပြုသင့်တဲ့ အချက်များ ဖြစ်လို့ ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။)
×××××××××××××××××
ထင်ရှားသော အာဏာ ခွဲဝေမှုမှာ ကော်မတီများ ပြင်ဆင် ဖွဲ့စည်းရာ၌ ယခင်က ဗဟိုဦးစီး ထိန်းချုပ်ထားသော လုပ်ပိုင်ခွင့် များကို ပြည်ထောင်စု ဝန်ကြီးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ကို တွေ့ရှိရသည်။ သိသာ ထင်ရှားသော အာဏာ လွှဲပြောင်းပေးမှုမှာ ကုန်သွယ်မှု လုပ်ငန်းများကို အဓိက ထိန်းချုပ် ဆောင်ရွက်ခဲ့သော ကုန်သွယ်မှု မူဝါဒကောင်စီ (Trade Council-TC) ကို ဖျက်သိမ်းပြီး ဝန်ကြီးအဆင့် ဦးဆောင်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေး ကော်မတီ (Trade and Investment Supervision Committee-TISC) ကို ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ အလားတူ အခြားသော ကော်မတီ များကိုလည်း ဗဟိုချုပ်ကိုင်မှုများ ဖြေလျှော့ကာ ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့ ပြောင်းလဲမှု များနှင့်အတူ သွင်းကုန်-ထုတ်ကုန် လိုင်စင် လျှောက်ထား လာမှုများကို ရက်သတ္တပတ် (၁)ပတ်အတွင်း အပြီး ဆောင်ရွက် ပေးသော စနစ်သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်လာခဲ့ကြောင်း တွေ့ရှိရသည်။ ထိုနည်းတူပင် စီးပွားရေး လုပ်ကိုင်ရာ၌ အဓိက အချက်ဖြစ်သော ကုမ္ပဏီ မှတ်ပုံတင်မှု ဆိုင်ရာ လျှောက်ထားမှုများကို (၁)လအတွင်း အပြီး ဆောင်ရွက်ပေးသော စနစ်သို့ ပြောင်းလဲကျင့်သုံး ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။
အလားတူ ပြည်ပဈေးကွက်သို့ လစဉ် ဆန်တင်ပို့ ရောင်းချမှု ခွဲတမ်းကို ယခင်က နိုင်ငံတော် အစိုးရ ကသာ ထိန်းချုပ် ခွင့်ပြုပေးခဲ့ရာမှ ယခုအခါတွင် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းကသာ ကြီးကြပ် ဆောင်ရွက်သော ချုပ်ကိုင်မှု လျှော့ချပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြောင်း တွေ့ရှိရသည်။ ယင်း လုပ်ဆောင်ချက်သည် ဈေးကွက်၌ အဓိကဖြစ်သော ပုဂ္ဂလိက ကဏ္ဍသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်း အပ်နှင်းလာခြင်း ဖြစ်သလို Private Sector အားလည်း Capacity Building ဆောင်ရွက် ပေးခြင်းလည်း မည်ပေသည်။

Tuesday, July 19, 2011

သိကြားစေချင်...အိုဖခင်..

၁၉၈၈ အရေးအခင်းကာလတုန်းက ဆူပူ အကြမ်းဖက် ၊ လူအချင်းချင်း ခေါင်းဖြတ်နေကြချိန် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဆူပူဆန္ဒပြသူအချို့ သေဆုံးခဲ့တာတွေရှိတယ် ..မြန်မာအတိုက်အခံတွေ အဲဒီတုန်းက လမ်းစဉ်ပါတီအစိုးရကို အပြစ်တင်ခဲ့ကြတယ် လူသတ်တဲ့အစိုးရဆိုပြီး ကျယ်ကျယ်လောင်လောင်အော်ခဲ့ကြတယ်....

တပ်မတော်အစိုးရအာဏာရယူပြီးတဲ့နောက်ပိုင်းမှာလဲ အရှိန်မသေသေးတဲ့ ဆူပူဆန္ဒပြသူတွေနဲ့ တပ်မတော်အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ဆုံရာ မှာ သေဆုံးသူတွေရှိခဲ့တယ် ဒါကိုလဲ ဒီလိုပဲ ပြောခဲ့ကြတယ် အစိုးရ ကလူသတ်တယ် ဘာညာဆိုပြီး ကမ္ဘာတုန်အောင် အော်ခဲ့ကြတယ် ..

၂၀၀၇ ခုနှစ်မှာလဲ ဒီအတိုင်းပဲ ရွှေဝါရောင်တော်လှန်ရေးလို့ အမည်တပ်ထားတဲ့ ဆူပူမှုတွေမှာ သေဆုံးမှု ၊ ဖမ်းဆီးမှုအချို့ရှိခဲ့တယ် ဒါလဲ..မြန်မာအတိုက်အခံတို့နဲ့ သူတို့ကိုအထောက်အပံ့ပြုပေးနေ တဲ့ ပြည် တွင်းပြည်ပ မီဒီယာတွေက အဲဒီတုန်းက အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို ပဲ မိုးမွှန်အောင် ဆဲကြဆိုကြ စွပ်စွဲကြ လုပ်ကြတာဒီနေ့ထိ အတောမသတ်နိုင်ကြသေးဘူး..


ဒါပေမယ့် ဟိုး....လွန်ခဲ့တဲ့ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့မှာ အင်္ဂလိပ်အစိုးရက သူတို့ရဲ့လက်ပါးစေ ဂဠုန်ဦးစောနဲ့အပေါင်းပါတစ်စုကို အာဏာမက်လုံးပေးပြီး  ရာနဲ့ချီတဲ့လက်နက်တွေ ၊ သိန်းနဲ့ချီတဲ့ကျည်ဆံတွေ ထုတ်ပေးပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင် ကြီးတွေ ကို လုပ်ကြံခဲ့ကြတယ်ဆိုတာ သမိုင်း သက်သေ ခိုင်ခိုင်မာမာရှိပါ လျက်နဲ့ ၆၄ နှစ်တိုင်လာတဲ့အထိ အင်္ဂလိပ်သတ်တာပါလို့ မပြောရဲကြဘူး..အင်္ဂလိပ်အစိုးရကြောင့်လို့ လေသံတောင်မဟရဲကြဘူး...ဦးစော မှာပဲတာဝန်ရှိသလိုလိုနဲ့ ရူးသလိုလိုပေါသလိုလို လုပ်နေကြတယ်...

ဖောက်ခွဲရေးသမားများဓာတ်ပုံကို ရောင်စုံဗီနိုင်းဖြင့် ဘူတာရုံများတွင် ကပ်ပြီ

 
 ဖောက်ခွဲရေးသမားများဓာတ်ပုံ ပါရှိသည့် ရောင်စုံဗီနိုင်းများကို ပြည်သူများသိရှိစေရန် အတွက် မြန်မာနိုင်ငံအနှံတွင်ရှိသော မီးရထားဘူတာရုံများတွင် စတင်ကပ်ပေးထားပြီဖြစ်ကြောင်း သိရသည်။
 
    "အရင်က ဗုံးအပါအ၀င် ဖောက်ခွဲရေးသမား တွေရဲ့ ရုပ်ပုံပါတဲ့စက္ကူနဲ့ပဲ နံရံကပ်ကြော်ငြာ သတိပေးခဲ့ပါတယ်။ ဒီတစ်ခါတော့ ပြီးခဲ့တဲ့နှစ်က သတင်းအရ ဖောက်ခွဲရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ကြောင့် အရင်လူစာရင်းထက်ပိုတဲ့ မသင်္ကာဖွယ်လူတွေကို တွေ့ ရပါတယ်။ ဒီတစ်ခါ ဗီနိုင်းကြော်ငြာကို မီးရထား ရဲလုံခြုံရေးတာဝန်ယူထားတဲ့ မြန်မာနိုင်ငံအနှံက ဘူတာအားလုံးမှာ ကြော်ငြာထား တာဖြစ်ပါတယ်"ဟု နေပြည်တော်ဘူတာကြီး မြန်မာ့မီးရထား မှတာဝန် ရှိသူတစ်ဦးက ပြောသည်။
 
    ယခင်က A4 A3 စက္ကူနံရံကပ်ကြော်ငြာ များတွင် ရှင်မွေလ၊ စိုင်းဆမ်နှင့် စိုင်းအိုက်တို့ သုံးဦးပါရှိသော်လည်း ယခုဗီနိုင်းကြော်ငြာချက်တွင်မူ အောင်ကိုကို (ခ) ကိုကိုနိုင်၊ အေမီကျော်၊ ကျော်သီဟနှင့် သက်ထွန်း တို့ လေးဦးထပ်တိုးပါဝင်လာပြီး စုစုပေါင်း ဖောက်ခွဲရေး သမားခုနစ်ဦး၏ရုပ်ပုံများပါဝင်ကြောင်း သိရသည်။

Monday, July 18, 2011

အနာဂတ်မြန်မာ့နိုင်ငံရေးတွင် ဒေါ်စုကြည်၏အခန်းကဏ္ဍ သူမအပေါ်တွင်သာမူတည်ဟု ဦးကိုကိုလှိုင် ပြောကြား

ဦးကိုကိုလှိုင်
 
အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအခန်းကဏ္ဍနဲ့ မြန်မာအစိုးရသစ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ ဖြစ်ပေါ်လာရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ ပိုပြီးမူတည်နေတာဖြစ်ကြောင်းသမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးကိုကိုလှိုင် က RFA သတင်းဌာန နဲ့တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာထုတ်ဖော် ပြောကြားလိုက်ကြောင်းသိရပါတယ်။

အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်မှုတွေအတွက် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး အမေးကို ဖြေကြားရာတွင် ဦးကိုကိုလှိုင် က"ဝေဖန်တယ်ဆိုတာကတော့လွယ်တာပေါ့ဗျာ.. ဘောလုံးပွဲလိုပေါ့ ...၀င်ကန်ဘို့ကတော့ဘယ်လွယ်မလဲ..ဟုတ်တယ်မဟုတ်လား..ဆိုတော့ကျွန်တော်တို့နှစ်ပေါင်း၅၀ လောက် ခိုင်ခံ့လာတဲ့ ပြသနာပေါင်းစုံနဲ့ အခင်းအကျင်းကြီးကိုခုမှစပြင်ရတယ်ဆိုတော့ ..လုပ်ရကိုင်ရတဲ့ သူကလဲမျက်လှည့်ဆရာမှမဟုတ်ဘဲ..ဟုတ်တယ်မလား..သူလဲသူတတ်နိုင်သလောက် ဘယ်လောက်လုပ်နိုင် သလဲ လုပ်နိုင်သလောက်လုပ်ရမှာပေါ့ဗျာ..အဲလိုပဲမြင်ပါတယ်.."

ရက်၁၀၀ အတွင်းအစိုးရ၏ဆောင်ရွက်ချက်များထဲမှ ထင်သာမြင်သာရှိတဲ့ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးအမေးကို ဖြေကြားရာမှာ

"ထင်သာမြင်သာရှိတဲ့ပြုပြင်ပြောင်းလဲမှုဆိုတာတော့..ရှင်းပါတယ်ဗျာ..အရင်တုန်းကတော့အာဏာရှင်စံနစ် ကိုး ဗျ ခုကတော့ ဒီမိုကရေစီ အင်စတီကျူးရှင်းက၀င်လာပြီလေ အဲဒီတော့သူ့ရဲ့အုပ်ချုပ်မှုစံနစ်ရှိမယ် လွှတ်တော် ဥပဒေပြုစံနစ်ရှိမယ် ၊ တရားစီရင်ရေးရှိမယ် အာဏာခွဲဝေမှု ၃ ခုက သီးခြားခွဲသွားပြီပေါ့ဗျာ..အဲဒီဥစ္စာက ထင်သာမြင်သာရှိတဲ့ပြုပြင်ပြောင်းလဲမှု နံပါတ်တစ်ပေါ့. .နောက်..နံပါတ်နှစ်တော့ အဲဒီဥစ္စာတွေက သူ့အလုပ်ကိုသူလုပ်ကြတယ် ဇာတ်တွေလိုပေါ့ဗျာ..ဇာတ်ဆိုတာတော့..ဇာတ်တွေကြည့်ရင်တွေ့မှာပေါ့ ပထမဦးဆုံးတော့ ဘာလုပ်ရသလဲဆိုတော့ ..ပြည်တည်ရတာကိုး...သူကဘယ်တိုင်းပြည်ကဘာလုပ်ပါတယ် ညာလုပ်ပါတယ် .ရှင်ဘုရင်ကဘာလုပ်ပါတယ်..အဲလိုမျိုးပေါ့ဗျာ..ရက် ၁၀၀ ဆိုတာက အဲဒီပြည်တည်ရတဲ့အလုပ် ပဲရှိသေးတာကိုး..ဆိုတော့ ချက်ချင်းကြီး ဥုံဖွဆိုပြီးတော့မှ တစ်ခုခုကို ချက်ချင်းဘွားကနဲပေါ်လာအောင်လုပ်ဘို့ကတော့မဖြစ်နိုင်ဘူးလေ..ဒါပေမယ့်လည်း..အဲဒီထဲမှာလုပ်လို့ရတဲ့ အပိုင်းလေးတွေတော့သူတို့ လုပ်လာတာတော့တွေ့တာပေါ့ ဥပမာအားဖြင့်ဆိုရင် လွှတ်တော်နဲ့ကျန်တဲ့မီဒီယာတွေနဲ့ အကုန်လုံးပြောကြတဲ့အထဲမှာပါတဲ့ ပင်စင်လစာတွေဘာတွေတိုးပေးမယ် သမ္မတရဲ့မိန့်ခွန်းမှာလဲပါတယ်ပေါ့ အဲဒါဆိုရင်လဲ သူတိုးပေးလို့ရတယ် ပေးလိုက်တာပေါ့ နော်.. အဲလိုပဲကျန်တဲ့ဥစ္စာကတော့ ခုမှကွင်းစပြီးတော့မှပြင်ရတာဆိုတော့ ဥပမာဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး ဆိုလို့ရှိရင် စပြီးတော့မှ workshop တွေလုပ်တယ် Action plan ပေါ့နော် လုပ်ငန်း အစီအစဉ်တွေလုပ်တယ် ဖွဲ့စည်းတယ် စပြီးတော့မှလုပ်နေတယ်ပေါ့နော်..အဲလိုပဲမီဒီယာဆိုလို့ရှိရင်လဲ တော်တော်များများ လျော့လျော့ပေါ့ပေါ့ နဲ့ ပြောနိုင်ဆိုနိုင်တယ်..တစ်သက်လုံးက လွန်ခဲ့တဲ့ ၂နှစ် ၃ နှစ်လောက်က လေသံလောက်ပြောလို့ရှိရင်တောင် ဒုက္ခရောက်သွားနိုင်တဲ့ကိစ္စမျိုးတွေအားလုံးဟာ ခုပုံနှိပ်စာလုံးတွေနဲ့ပေါ်လာတာမျိုးတွေရှိတယ် ဒါတွေ ကတော့ ပြောရင်တော့နည်းနည်းလေးပဲလို့ထင်ရပေမယ့် စရွှေ့တဲ့ အရွေ့မှာတော့တော်တော် များများအရေးကြီးတယ်လို့ ကျွန်တော်ကတော့ထင်တာပဲ...ဟုဖြေကြားသွားပါသည်။

Saturday, July 16, 2011

လူပြိန်းကြိုက် မီဒီယာသမားများ၏ မစမှုကြောင့် ပျက်စီးသွားကြကုန်သော မြန်မာမှုနယ်ပယ်များ ( ၂ )

မြန်မာမှုနယ်ပယ်များကို ဖျက်ဆီးကြသူများ

အဆိုးတကာ့အဆိုးဆုံး သတင်းများမှာ မည်သည့်ကောင်းကျိုးမှမပြုသည့် အပြင်  မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် ဘာသာရေးအရ၄င်း ၊ ရှေးရိုးအစဉ်အလာများအရ၄င်း အခိုင်အမာ တည်ရှိပြီးသား မြန်မာမှု နယ်ပယ်များကို ဖျက်ဆီးပစ်လိုက်ကြသည့် သတင်းများ ၊ ပြောဆိုရေးသားမှုများဖြစ်သည် ။ ဥပမာဆိုရသော်- 
- မိဘ ၊ ကျောင်းသား နှင့် ဆရာများအကြားဆက်ဆံရေးနယ်ပယ် 
- ဆရာဝန်များနှင့် ပြည်သူလူထု လူနာများကြားဆက်ဆံရေး နယ်ပယ်
- တပ်မတော်သားများနှင့် ပြည်သူလူထုကြား ဆက်ဆံရေးနယ်ပယ် 
- ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ် 
- တရားရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်
- ရပ်ကွက် ၊ မြို့နယ် စသောအုပ်ချုပ်ရေး ဌာနအဆင့်ဆင့်နှင့် ပြည်သူလူထုကြားဆက်ဆံရေးနယ်ပယ်

စသည်..စသည်တို့ဖြစ်ကြလေသသည် ၊ ယခုဖေါ်ပြခဲ့သည့် မြန်မာမှုနယ်ပယ်များမှာ ဥပမာမျှသာဖြစ်ပါသည် လူပြိန်းကြိုက်တို့၏ စောင်မမှုကြောင့် ပျက်စီးသွားကြကုန်သော အခြားမြန်မာမှုနယ်ပယ်များ များစွာကျန်ရှိပါသေးသည် ။ထိုနယ်ပယ်များစွာထဲမှ မိဘ၊ကျောင်းသား နှင့်ဆရာတို့၏ဆက်ဆံရေးနယ်ပယ် ပျက်စီးယိုယွင်းသွားပုံကို သာဓကဆောင်၍ ဦးစွာတင်ပြလိုပါသည် ။


မိဘ ၊ ကျောင်းသား နှင့် ဆရာများအကြားဆက်ဆံရေးနယ်ပယ်

မြန်မာမှုနယ်ပယ်တွင် ဆရာသည် မိဘနှင့်တစ်ဂိုဏ်းတည်းထား လေးစားရိုသေကြရသော အနန္တောအနန္တ ငါးပါးဝင် ဖြစ်လေသည် ၊ ဆရာကလည်း ဆရာ့ဝတ် ၊ ကျောင်းသားကလည်း ကျောင်းသားဝတ်များဖြင့် တစ်ဦးပေါ် တစ်ဦး အပြန်အလှန်လေးစားယုံကြည်မှုများနှင့်ပြည့်နှက်ကာ ကြည်နူးဘွယ် ပီတိဖြစ်ဘွယ် ဆက်ဆံရေးဖြစ်လေသည်။



ဘာကြောင့်မိဘနှင့်တစ်ဂိုဏ်းထဲထားရတာလဲ
 
တိရိစ္ဆာန်များတွင်လည်း ပညာသင်ကြားရေးရှိလေသည် ၊ ထိုပညာသင်ကြားရေးကို မိဘများက ကိုယ်တိုင်တာဝန် ယူကြရလေသည် ၊ ကြောင်ကလေးများကို ကြောင်မကြီးက ကြွက်ခုတ်နည်း ၊ ကြွက်ချောင်းနည်း တိတ်တဆိတ် ချဉ်းကပ်နည်းစသည်တို့ကို ကိုယ်တိုင်သင်ကြားပေး၏ ၊ ထို့နည်းတူစွာပင် ဗျိုင်းကလေးများကို ဗျိုင်းမကြီးက ကတွတ်ပေါက်တွင်ငါးစောင့်နည်း ၊ ဖမ်းနည်းများကို ကိုယ်တိုင်သင်ပေး၏ ၊ စွန်ရဲတစ်ကောင်က သားကောင်ရှာဖွေနည်း ၊ ထိုးသုတ်နည်း ၊ တို့ကို ၄င်းတို့၏သားသမီးများအား ကိုယ်တိုင် သင်ကြားပေးကြရလေသည် ၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်သော လူတို့တွင်ကား ထိုသို့ မဟုတ် အပြောကျယ်လှသော လူမှုနယ်ပယ်အသီးသီးတွင် လူသားဆန်စွာ ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များအပြင် ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်သုံးသပ်ရပ်တည်နိုင်ရန် ပညာသင်ကြားခြင်းမှာ ကျယ်ဝန်းနက်ရှိုင်းလှသည် ဖြစ်ရာ ထိုတာဝန်ကို မိဘ နှစ်ဦးတည်းက တာဝန်ယူ၍ မဖြစ်နိုင်တော့သဖြင့် အရပ်ရပ်သောပညာတို့ကို သင်ကြားပေးရန်အတွက် ဆရာတို့သည် မိဘများကိုယ်စား တာဝန်ယူကြရလေသည် ၊ မိဘရဲ့တာဝန်တွေကို ကိုယ်စားဆောင်ရွက်ပေးနေရသူများဖြစ်တဲ့အတွက် မိဘနဲ့ တစ်ဂိုဏ်းထဲထားကာ ရိုသေ အလေးအမြတ်ထားနေကြခြင်းဖြစ်ပါသည်။

ဒီနေ့ခေတ်မှာရော ဆရာတွေဆရာစိတ်မရှိကြတော့ဘူးလား

ဤမေးခွန်း၏ အဖြေကို ပေါ်လွင်သွားစေရန် နိုင်ငံတော်အစိုးရမှ ၁၀တန်းအောင်သူတိုင်း ဆရာလုပ်ကြရမည် ဟု အမိန့်တပ်ရပ်ထုတ်ပြန်လိုက်စေလိုသည် ၊ ထိုသို့ထုတ်ပြန်လိုက်ပါက ဤမြန်မာပြည်တွင် ဆရာမလုပ်လိုသူ အမြောက်အများ ပေါ်ထွက်လာမည်ကို သင်တွေ့ရပါလိမ့်မည် ၊ "ကျွန်မသားလေးကိုမိဘ လက်ငုတ်စီးပွားရေးပဲလုပ်ခိုင်းမှာပေါ့ ဘာလို့ဆရာလုပ်ရမှာလည်း" ၊ " အောင်မလေး လစာလေးသုံးလေးသောင်းနဲ့ ငါ့ကလေးတွေကို ဆရာတော့မလုပ်ခိုင်းနိုင်ပါဘူး" ၊ " ထီးဖြူ ဘိနပ်ပါး အလုပ်ပါအေ...ဘာမှဖြစ်လာမှာမဟုတ်ပါဘူး " စသော စသော အသံတွေကို သင်သေချာပေါက် ကြားရပါလိမ့်မည် ၊ ဒီလိုဆိုရင် အခုလက်ရှိဆရာလုပ်နေသူများကို မလေးစားသင့်ပေဘူးလား ၊ သူများသားသမီးကို မိမိသားသမီးကဲ့သို့သဘောထား ပြုစုပျိုးထောင်ပေးရသော စေတနာ၊ အထူးစိတ်ရှည်ရသော သင်ကြားရေးကိုမှ စိတ်ဝင်စားသော ၀ါသနာ ၊ ဘာစီးပွားမှ မဖြစ်နိုင်မှန်းသိလျှက်နှင့် ဘ၀၏ အချိန်အမြောက်အများကို ပေးဆပ်နေရသော အနစ်နာခံမှုမျိုး ကို လွယ်သည်ဟုသင် ထင်ပါသလား ၊ ထိုသို့ပေးဆပ်ခဲ့သည့်အတွက် ပေးဆပ်နေကြဆဲဖြစ်သည့်အတွက် ဆရာများသည် ဘာများပြန်ရပါရဲ့လဲ ၊ မိမိပြုစုပျိုးထောင်ခဲ့သည့် ပန်းပွင့်လေးများ လောကအလယ်တွင် ဖူးပွင့်လာသောအခါတွင် ရသော ဥယျာဉ်မှူး ၏ ပိတိမျိုးမှ တစ်ပါး ဆရာတို့သည် ဘာများရနေသည်ဟု သင်ထင်ပါသလည်း ၊သေချာသည်မှာ ယခင်ခေတ် အဆက်ဆက်က ဆရာများမှသည် ယနေ့ခေတ်ဆရာဆရာမ များအထိ အားလုံးသောဆရာတို့သည် ထိုနာ ၃ နာနှင့် ပြည့်စုံကြသူများဖြစ်ကြလေသည် ။လေးစားထိုက်သူများဖြစ်ကြလေသည် ၊ ယနေ့ခေတ်တွင် နာမည်ကျော်ကျူရှင်ဆရာများ၏ ၀င်ငွေကောင်းမှုကို သင်ထောက်ပြကောင်းထောက်ပြပေလိမ့်မည် ၊ ထိုနာမည်ကျော်ဆရာများသည် မူလ နာ ၃ နာအပြင် သင်ကြားရေးတွင် ပါရမီထူးသူများဖြစ်ကြသည် ၊သို့ဖြစ်ခြင်းကြောင့် ထိုဆရာတို့ကို ကြည့်၍ မုဒိတာပွားနေခြင်းသည်သာ အမှန်ဆုံးဖြစ်ပေလိမ့်မည်ဟုသာ ဆိုချင်ပါသည် ။

Friday, July 15, 2011

လူပြိန်းကြိုက် မီဒီယာသမားများ၏ မစမှုကြောင့် ပျက်စီးသွားကြကုန်သော မြန်မာမှုနယ်ပယ်များ

လူပြိန်းကြိုက်မီဒီယာသမားများ

လူပြိန်းကြိုက်မီဒီယာသမားများဟုဆိုရာဝယ် အမှားအမှန်ကိုရှေးရှုခြင်းမပြုပဲ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများ အား အပြစ်တင်ခြင်းအလုပ်ဖြင့်အသက်မွေး ၀မ်းကျောင်းပြုကြသော ပြည်တွင်းပြည်ပ သတင်းဌာနများ ၊ ဂျာနယ်ရောင်းကောင်းရင်ပြီးရော သတင်းမှန်းမသိ အတင်းမှန်းမသိရေးသားနေကြသော ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောရေးသားနေကြသော ၊ ဘယ်သူထိခိုက်ထိခိုက် ကိုယ်မထိခိုက်ရင်ပြီးရော ရေးသားကြ ကုန်သော ပြည်တွင်းထုတ်ဂျာနယ်များ ၊ အစိုးရမကောင်း ကိုယ်အကောင်း ၊ အစိုးရဘာမှမသိ သူသာအကုန်သိ ၊ အစိုးရဘာမှမတတ် သူသာအကုန်တတ်ဟု  အထင်ရောက်နေသော ကာတွန်းသမားများ ၊ ပရိတ်သတ် လက်ခုပ်တီးရင်ပြီးရော ဟောချင်ရာဟော ပြောချင်ရာပြော လုပ်နေကြကုန်သော ၊ သူသာမထောက်ပြလျှင်မနက်ဖြန်မနက် တိုင်းပြည်ပျက်တော့မယောင် လေလုံးထွားနေကြကုန်သော  အဆင့်အတန်းနိမ့်သည့် စာပေဟောပြောသူအချို့ နှင့် အစိုးရဘာလုပ်လုပ် ဘေးတိုက် လိုက်နေသော နိုင်ငံရေးသမားများ စသည် စသည်တို့ ပါဝင်ကြလေသည် ။


 ခါးတမာကို ပျားသကာဖြင့်ဖုံး၍

ထိုသူများသည် မြန်မာနိုင်ငံကို သူတို့လောက်ချစ်ကြသူများမရှိတော့သယောင်ယောင်၊ သူတို့သည်ပင်လျှင် နိုင်ငံ၏လိုအပ်ချက်အလုံးစုံကိုသိပြီး နိုင်ငံကိုအုပ်ချုပ်နေသူများက ဘာတစ်ခုတစ်လေမှ မသိတော့သယောင်ယောင် ၊ သူတို့၏ ထောက်ပြချက်များကို အစိုးရတာဝန်ရှိသူများက အချိန်မီ မဆောင်ရွက်လျှင် နောက်တစ်နေ့မနက်တွင် မြန်မာပြည်ကြီး အလုံးစုံပျက်စီးသွားတော့မယောင်ယောင် ၊ မြန်မာလူမျိုးကမ္ဘာပေါ်မှ နေ့ချင်းညချင်း ပျောက်ကွယ်သွားတော့မယောင် လေလုံးထွားကာ ရိုးသားသော ပြည်သူများ၏ စိုးရိမ်စိတ်ပေါ်တွင် အခွင့်ကောင်းယူ လုပ်ကိုင်စားသောက်နေကြသူများ သာဖြစ်လေသည် ။

အပြောလွယ်သလောက် အလုပ်ခက်

အိမ်ရှေ့ကရေမြောင်းကိုပင်တစ်ခါမှအသိစိတ်ဖြင့် ရေစီးရေလာကောင်းအောင် မလုပ်ဘူးသူ စာရေးဆရာက ဧရာဝတီကို ရေစီးရေလာကောင်းအောင်ဘယ်လိုလုပ်ရမယ် မလုပ်ရင် သဘာ၀၀န်းကျင်ကြီး ဘယ်လိုဖြစ်မယ် အင်းလေးကန်ကိုတော့ဒီလိုတူးရမယ် ဟူ၍ရေးသားသည်များလည်းရှိ၏ ၊မိမိအိမ်၏ မိသားစုစီးပွားရေးကိုပင် တည့်မတ်အောင် ၊ ချမ်းသာအောင် မဆောင်ရွက်နိုင်သူ များက တိုင်းပြည်ကိုဘယ်လိုချမ်းသာအောင်လုပ်သင့်တယ် ခုဆင်းရဲနေတာဘယ်အချက်တွေကြောင့် ဒါတွေကိုဒီလိုပြင်လိုက်ရင် ဟိုလိုကောင်းသွားမှာပေါ့ ဟုလမ်းညွှန်သည်များလည်းရှိ၏ ၊  အိမ်ရှိသားသမီး ၄ယောက်ကိုပင် ၁၀တန်းအောင်အောင် မပြုစုနိုင်သူက မြန်မာ့ပညာရေးလောက တိုးတက်ဘို့ဆိုရင် ဒါတွေပြင်ရမယ် အစိုးရက ဟိုစရိတ်ကိုတိုးရမယ် ဒါကိုလျှော့ရမယ် ဒီစံနစ်ကိုပြင်ရမယ် ငါပြောတဲ့အတိုင်းသာအစောကြီးကလုပ်ရင် ခုလောက်ဆို တော်တော်ဟုတ်နေပြီ စသည်ဖြင့် ထောက်ပြသည်များလဲရှိနေ၏ ၊ ထိုစကားများကို ယုံကြည်သူတို့ကလည်း ယုံကြည်ကြလေသည် ။

အဆင်မပြေမှု(အားပြိုင်မှု)ကိုစိတ်ဝင်စားသော လူ့သဘော

ထိုသို့ယုံကြည်ကြသဖြင့် ထိုယုံကြည်သူများကို အပြစ်မဆိုထိုက်ပါ၏လော ၊ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သာမန်အားဖြင့် အဆင်မပြေမှုများကိုမှ စိတ်ဝင်စားသော အခြေခံသဘောရှိလေသည် ၊ ဥပမာဆိုရသော်

ဂွကျလိုက်တာဗျာ

စာပေစိစစ်က မူတွေ ပြင်လိုက်တယ်။ လက်ရှိ စာနယ်ဇင်းတွေထဲက အနုပညာ၊ အားကစား၊ အိုင်တီ စသည်ဖြင့် ငါးမျိုးက တင်ထုတ် မဟုတ်တော့ဘဲ ထုတ်တင် ဖြစ်သွားတယ်။ သူတို့အဆို အုပ်စု ၁ ပေါ့။ ကျန်တာတွေ အဓိကအားဖြင့် သတင်း ဂျာနယ်တွေ၊ ပြဿနာ ဖြစ်နိုင်တဲ့ ဘာသာရေး ဂျာနယ်တွေကတော့ အရင်လိုပဲ တင်ထုတ်ပေါ့။ ဆိုလိုတာက စနစ်ဟောင်း အတိုင်း စာပေစိစစ်ကို ဖြတ်သန်းပြီးမှ ထုတ်ပေါ့။ ထုတ်တင်ဆိုတဲ့ စာပေစိစစ်ကို ဖြတ်သန်းစရာ မလိုတဲ့ ဂျာနယ်များအတွက် လိုက်နာရမယ့် စည်းကမ်းတွေလည်း ထွက်လာတယ်။ အဲဒါကို ကောင်းတယ်၊ ဆိုးတယ် အမျိုးမျိုး ပြောကြတာပဲ။ ဒီမှာ ပြောချင်တာက စည်းကမ်းတွေ အကြောင်း မဟုတ်ဘူး။ ရလာတဲ့ လွတ်လပ်မှုကို ထုတ်တင်ဆိုတဲ့ ဂျာနယ်များရဲ့ အယ်ဒီတာများက ဘယ်လိုများ ကျင့်သုံးနေသလဲ ဆိုတာပဲ။
ထုတ်တင်စနစ်စပြီး သိပ်မကြာပါဘူး စာပေစိစစ်က ထုတ်တင် ဂျာနယ်လေးငါးခုကို ခေါ်သတိပေးတယ်ဆိုတဲ့ သတင်းထွက် လာတယ်။ ပြည်ပ မီဒီယာတွေကတော့ ဒါဟာ စာပေ လွတ်လပ်ခွင့်က ဘာမှ မထူးဘူးလို့ ဖွင့်ဆိုကြတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲထင်တယ်။ ဒီတော့ ဘယ်ဂျာနယ်တွေ ခေါ်သတိပေးခံရသလဲ ဆိုတာ လေ့လာကြည့်တယ်။ နောက်ပြီး ဘာတွေ ရေးလို့များ စာပေကင်ပေတိုင်က ခေါ်ကြိတ်ရသလဲလို့ ရှာဖွေကြည့်တယ်။ အော် ဒီတော့မှ ကိုယ်လူတွေကလည်း ကိုယ့်လူတွေကိုးလို့ သက်ပြင်း ချရတဲ့ကိန်း ဆိုက်တော့တာပဲ။ ဒီမှာ ကြည့်လိုက်ဦး၊ ဘာတွေ ရေးလို့များ သတိပေးခံရသလဲ ဆိုတာ

Thursday, July 14, 2011

ဒီလိုလုပ်ရင် ၊ ဒီလိုတိုင်

(ဒီသတင်းလေးကတော့ ၂၀၁၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ထုတ်၊ ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်ပြီး ဘယ်လိုတိုင်ပါ ဆိုတာကို ဂျာနယ် စာမျက်နှာပေါ်မှာ တင်ထားလို့ ဖြန့်ဝေ ပေးလိုက်ပါတယ်။ တင်ခွင့်ရတာကလည်း အံ့ဖွယ်ပါပဲ။ )
မြန်မာနိုင်ငံသား တစ်ဦး အနေဖြင့် အဓမ္မခိုင်းစေမှုနဲ့ ကလေးစစ်သား စုဆောင်းခံရပါက သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်အပြင် ရန်ကုန် ကုန်သည်ကြီးများ ဟိုတယ်မှ ရုံးခန်း ဖွင့်လှစ်ထားတဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ ILO ကိုလည်း တိုင်ကြား နိုင်ကြောင်း ၎င်းတို့ ထုတ်ဝေ ဖြန့်ဖြူးထားတဲ့ လက်ကမ်း စာစောင်ပါ ဖော်ပြချက်အရ သိရပါ တယ်။ အဆိုပါ လက်ကမ်း စာစောင်ပါ ဖော်ပြချက်တွေကတော့ ‘အဓမ္မခိုင်းစေမှု ဆိုသည်မှာ အဘယ်နည်း’
အဓမ္မခိုင်းစေမှု ဆိုသည်မှာ လူတစ်ဦး တစ်ယောက်အား အလုပ်တစ်ခုကို ထိုသူ မပြုလုပ်ပါက (သို့မဟုတ်) မလိုက်နာပါက တစ်စုံတစ်ရာ အပြစ်ပေးခံရမည် ဟူသော ခြိမ်းခြောက်မှုကြောင့် ထိုသူ၏ ဆန္ဒမပါဘဲ ဥပဒေနဲ့ ဆန့်ကျင်၍ ခိုင်းစေသော အလုပ်မျိုးကို ခေါ်ပါသည်။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေ၊ အမိန့် ညွှန်ကြားချက်များသည် အဓမ္မခိုင်းစေမှု ကျင့်သုံးခြင်းကို လည်းကောင်း၊ အသက် ၁၈ နှစ်အောက် ကလေး သူငယ်များအား တပ်မတော် အတွင်းသို့ စုဆောင်းမှုကို လည်းကောင်း တားမြစ်ထားပါသည်။

Wednesday, July 13, 2011

မြန်မာသံအရာရှိတစ်ဦး အမေရိကန်တွင်ထပ်မံခိုလှုံပြန်

 ဦးစိုးအောင်
 
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးစိုးအောင်က အမေရိကန်နိုင်ငံမှာ ခှိုလှုံခွင့်တောင်းခံချက်ကို ဇူလိုင်လ ၁၃ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို အကြောင်းကြားလိုက်ကြောင်း သတင်းရရှိပါတယ် ။

ဦးစိုးအောင်ဟာ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၇၉ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရင့်  ၀န်ထမ်းတဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ၀ါရှင်တန်မြို့တော် မြန်မာသံရုံးမှာ ပထမ အတွင်းဝန်အဖြစ် ရောက်ရှိတာဝန်ထမ်းဆောင်နေတာဖြစ်ကြောင်း သိရပါတယ် ။

ဦးစိုးအောင်ဟာ၂၀၀၅ ခုနှစ်က အမေရိကန်ကားမှာ ခှိုလှုံခဲ့တဲ့ ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ၊ ဒီနှစ် ဇူလိုင်လ ၄ရက်နေ့ကခိုလှုံခဲ့တဲ့ သံမှူးကြီး ဦးကျော်ဝင်း ပြီးရင် ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကနေ အမေရိကန်ပြည်ထောင်စုမှာ ခှိုလူံဖို့ ဆုံးဖြတ်ခဲ့တဲ့ တတိယမြောက် သံအရာရှိဖြစ်ပါတယ်။

Yingluck နဲ့ ကွာခြား လားလားမျှ မအပ်စပ်ပါတဲ့ မဟဝါ

ထိုင်းနိုင်ငံမှာ Yingluck Shinawatra ဆိုတဲ့ အမျိုးသမီးက Pheu Thai ပါတီကို ကိုယ်စားပြုလို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီတဲ့ဗျား။ ကျုပ်တို့ကတော့ ဒီအမျိုးသမီးကို ကောင်းကောင်းမသိပေမယ့် ထိုင်းနိုင်ငံရဲ့ လူများစု တောသူ တောင်သားတွေကို ကိုယ်စားပြုလို့ နိုင်ငံရေး လုပ်ခဲ့တဲ့ သူ့အကို Thaksin Shinawatra ကိုတော့ နည်းနည်းသိခဲ့တာ ကြောင့်၊ သူကလည်း သူ့အကိုလမ်းကိုပဲ ဆက်လျှောက်မယ်လို့ သိရတဲ့အတွက်ကြောင့် လက်ခုပ် မတီးဖြစ်ပေမယ့် ခပ်သဲ့သဲ့ ပြုံးရင်း လုံးဝကျေနပ်မိ ခဲ့ပါ့ဗျား။
ကျုပ်တို့လိုပဲ အိမ်နီးချင်း ထိုင်းနိုင်ငံရေးကို စိတ်ဝင်စားသူ မြန်မာတစ်ချို့ ကလည်း Yingluck Shinawatra အနိုင်ရ တာကို အသိအမှတ်ပြု ကျေနပ်ကြ၊ ဝမ်းမြောက်စကား ဆိုကြတာကို ကြားမိ၊ ဖတ်မိပါရဲ့။ အဲဒီသူတွေကြားထဲ ကျုပ်တို့ရဲ့ အနောက်နိုင်ငံထုတ် စာခြောက်ရုပ်ကြီးကလည်း ဝမ်းသာပါသတဲ့လေ။ အင်း---ကိုယ့်သမီးလောက်ရှိတဲ့ ဟာလေးက ထိုင်းနိုင်ငံရဲ့နိုင်ငံရေးမှာ အရေးပါလှတဲ့ ဘုရင်နဲ့ရော၊ သြဇာကြီးတဲ့ စစ်တပ်နဲ့ရော ပြေလည်အောင် ရှင်သန်ရုန်းကန်ရင်း အတိုက်အခံတွေကို နင်းချေ ကျော်ဖြတ်သွားခဲ့တာဟာ သူ့အတွက် ဘဝတစ်သက်တာ သင်ခန်းစာ ဖြစ်လောက်စရာပေမို့ ရှက်ပြုံးလေးနဲ့ တစ်သက်လုံးဆွေးရင်း ဝမ်းသာခြင်းသတင်းကို သူ့ခမျာ ပို့်ရရှာတာပေါ့လေ။

Monday, July 11, 2011

သတင်းစာဆရာ စာရေးဆရာ မောင်ဝံသနှင့် တွေ့ဆုံခြင်း

(၂၀၁၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ တွေ့ဆုံမေးမြန်းခန်း ဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ မီဒီယာ မူဝါဒအသစ်များ အပေါ် ဝေဖန် သုံးသပ်ထားမှုများ ဖြစ်ပါတယ်။ ဒီလို ဝေဖန်မှုမျိုးကို တင်ထုတ်စာစောင် ဖြစ်တဲ့ ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခွင့်ရတဲ့ အခြေအနေဟာလည်း သတိပြုသင့်တဲ့ အချက် ဖြစ်ပါတယ်။ )
မေး - ကျွန်တော်တို့ ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်သူများ မှတ်ပုံတင်နှင့် စာပေ စိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ဟာ ပုံနှိပ်သူနှင့် ထုတ်ဝေသူများ လိုက်နာ ကျင့်သုံးရမယ့် စာပေစိစစ်ရေးမူများ ဆိုတာကို ထုတ်ပြန် လာပါတယ်။ အဲဒီစာအုပ် နိဒါန်းမှာ 'မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး ပါလီမန် ဒီမိုကရေစီ စနစ်ဖြင့် လျှောက်လှမ်းခဲ့သော ၁၉၄၈-၆၂ ခုနှစ် ကာလများတွင် ပုံနှိပ်မီဒီယာ လောကသားများသည် ဝါဒရေး၊ ပါတီရေး၊ ပုဂ္ဂိုလ်ရေးနှင့် ငွေကြေးကိစ္စများ အပေါ် အခြေခံ ဆောင်ရွက်ခဲ့မှု များကြောင့် မဏ္ဍိုင် ၃ ရပ်အား ထိန်းကျောင်းရမည့် ရင့်ကျက် တည်ငြိမ်သော စတုတ္ထ မဏ္ဍိုင်အဖြစ် မှန်မှန် ကန်ကန် ရပ်တည်နိုင်စွမ်း မရှိခဲ့ဘဲ အထိန်းအကွပ်မဲ့ ပရမ်းပတာပုံစံ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်' ဆိုပြီး ဖော်ပြထား ပါတယ်။ ဆရာက အဲဒီခေတ်ကို မီလိုက်သူ ဆိုတော့ အဲဒီခေတ်ကို ဆရာ ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ - အဲဒီ သုံးသပ်ချက်ကို ကျွန်တော် သဘောမတူပါဘူး။ 'ရင့်ကျက် တည်ငြိမ်သော စတုတ္ထ မဏ္ဍိုင်အဖြစ် မှန်မှန် ကန်ကန် ရပ်တည်နိုင်စွမ်း မရှိခဲ့ဘဲ အထိန်းအကွပ်မဲ့ ပရမ်းပတာပုံစံ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်' လို့ ဆိုလိုတာ အချို့ပဲ။ အားလုံးလို့ ပြောရင်တော့ ကျွန်တော် သဘောမတူဘူး။ ဝါဒရေး ပါတီ နောက်ခံကြောင့် တစ်ဖက်နဲ့ တစ်ဖက် ပုတ်ခတ်ပြီး ရေးတဲ့ သတင်းစာ အချို့ ရှိခဲ့ပါတယ်။
မေး - လက်ရှိ စာပေစိစစ် ကြီးကြပ်မှု ဗဟိုအဖွဲ့က ကျွန်တော်တို့ လိုက်နာဖို့ ချမှတ်ထားတဲ့ မူ ၁၂ ချက်ထဲမှာ '(ဋ) ပြည်သူ တစ်ဦးချင်း၏ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို ထိခိုက် ရေးသား ဖော်ပြခြင်း မပြုရ' ဆိုပြီး ပါပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သတင်းလုပ်ငန်း လုပ်နေသူတွေ ကြားမှာ အတော် ဆွေးနွေး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို သိလိုပါတယ်။

NLD တွင်ဟောပြောမည့် နိုင်ငံတော်သမ္မတ၏အကြံပေး ဦးမြင့်၏ စီးပွားရေးဆိုင်ရာဟောပြောပွဲဘာကြောင့်ပျက်

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးဦးမြင့်ဟာ NLD ရုံးချုပ်မှာ စီးပွားရေး ဆိုင်ရာ ဟောပြောပွဲတစ်ခုကို ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၁၂း၃၀ မှာ ပြုလုပ်ဘို့ စီစဉ်ထားရာမှာ အစီစဉ်ပျက်သွားကြောင်း သတင်းရရှိပါတယ် ။
 
ဒီအစီအစဉ်ပျက်ရတာနဲ့ ပတ်သက်လို့ အကြောင်းရင်းကို သေချာမသိရသေးပေမယ့် NLD ကပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကတော့ နေပြည်တော်က ဖုန်းဆက်ပြီးတားမြစ်တာကြောင့် ဖြစ်တယ် ဆိုပြီး ပြောကြေားတာကို  ပြည်ပ မီဒီယာတစ်ခုဖြစ်တဲ့ ဧရာဝတီမှာဖေါ်ပြထားပေမယ့် ဘယ်သူဘယ်ဝါက တားမြစ်တယ်ဆိုတာကိုတော့ ဖေါ်ပြမထားပါဘူး ။

အခမ်းအနားကိုတက်ရောက်ဘို့စောင့်ဆိုင်းနေတဲ့ အမည်မဖေါ်လိုသူ စီးပွားရေးသမားတစ်ဦး ကို မေးမြန်းကြည့် ရာမှာတော့ " ဟောပြောမယ့် ဆရာဒေါက်တာဦးမြင့်က မအားတော့လို့ပါ လို့ အကြောင်းပြပြီး အစီအစဉ် ကိုဖျက်သွားတယ်လို့သိရပါတယ်...ဒါကိုပဲ NLD တာဝန်ရှိသူတွေက နေပြည်တော်က ဖိအားပေးလို့ ဖြစ်မှာဆိုပြီး သုံးသပ်နေကြတာပါ .. " ဟု ပြောကြားသွားပါသည် ။

" နောက်ဖြစ်နိုင်တာ တစ်ခုက ဆရာဦးမြင့်က ဒီပွဲလုပ်တာဟာ NLD ရဲ့ အဓိကဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရရဲ့ ဆင်းရဲမှုတိုက်ဖျက်ရေး စီအစဉ်တွေ အခက်အခဲတွေ ရှေ့အလားအလာတွေကို သမ္မတရဲ့ အကြံပေးဆိုတော့ နှစ်ဘက်မျှပြီး တွေးတော ဆုံးဖြစ်နိုင်အောင် ပညာရှင်ရှုဒေါင့်ကနေသုံးသပ်ပြောချင်ပုံရပါတယ် ...ဒါပေမယ့် ဒေါ်စုက ဒီပွဲကို ကျန်းမာရေးမကောင်းလို့ ဆိုပြီး မတက်ဘူးလို့ပြောတယ်ဗျာ.. ..အဲဒီကျန်းမာရေးမကောင်းလို့ စီးပွားရေးဆိုင်ရာ ဟောပြောပွဲကို မတက်တဲ့ ဒေါ်စုက ဒီနေ့မနက် ၁၀ နာရီမှာ သူနဲ့အတူ ပုဂံကို လိုက်ခဲ့ကြတဲ့ သတင်းထောက်တွေနဲ့သူ့အိမ်မှာ တွေ့နေတယ်လေ..ဒီတော့ ဦးမြင့်ကလဲ မအားတော့လို့ဆိုပြီး အစီအစဉ်ကို ဖျက်လိုက်တာလဲ ဖြစ်နိုင်တယ်ဗျ...   " ဟု အဆိုပါ စီးပွားရေးသမားကပင် ၄င်း၏ အမြင်ကို သုံးသပ်ပြောကြား သွားပါသည် ။

ငြိမ်းချမ်းရေးတဲ့လား......

 ( လက်ရှိအစိုးရက ဒေါ်စုကြည်နဲ့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ကို တွေ့ဆုံဆွေးနွေး လိုက် ရင်ပဲ ပြည်တွင်းငြိမ်းချမ်းရေး ချက်ချင်းရတော့မလိုလို ၊ နေ့ချင်းညချင်း အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးရတော့မလိုလို ပြောဆိုနေကြသော အချိန်အခါတွင် ဖတ်သင့်သော ဆောင်း ပါးဖြစ်သည် )

 ဆင်းရဲဒုက္ခရောက်ခြင်း၊ ဆူပူလှုပ်ရှားထကြွခြင်း၊ နှောက်ယှက်ဖျက်ဆီးခြင်း၊ စစ်မက်စသည်တို့ ကင်းမဲ့သောအဖြစ်ကို ငြိမ်းချမ်းရေးဟုဆိုသည်။ လူသားအားလုံးအတွက် ငြိမ်းချမ်းရေးဆိုသော အသံမှာ  နားဝင်ချိုစေလှသည်။ အမှန်တကယ်လည်း ငြိမ်းချမ်းမှုဖြစ်အင်ကို လိုလားတောင့်တကြသည်။ ငြိမ်းချမ်းရေး၏ ဆန့်ကျင်ဘက်မှာ စစ်ဖြစ်သည်။ စစ်ကို တိုင်းပြည်အချင်းချင်း လက်နက်အားကိုး ခြင်းဖြင့် တိုက်ခိုက်ခြင်းဟုဆိုသည်။ စစ်ဟူသည် အလိုအလျောက်ပေါ်လာသော အဖြစ်အပျက် မဟုတ်။ ဖန်တီးပြုလုပ်၍ ပေါ်သော အဖြစ်အပျက်အဖြစ် အဓိပ္ပါယ်ဖွင့်ကြသည်။ လူသားအားလုံးက စစ်ဆိုသည်အား အထူး ရွံ့မုန်းကြသည်။ ရှောင်ရှားလိုကြသည်။ တိုက်ဖျက် ပစ်ချင်ကြသည်။ သို့သော်လည်း လူ့သမိုင်း၌ ငြိမ်းချမ်းရေးအကြောင်းပြောလိုလျှင် စစ်ဆိုသည်အား ရှောင်ရှား၍ မရသကဲ့သို့ စစ်ကို ပြောဆိုလိုလျှင်လည်း ငြိမ်းချမ်းရေးဆို သည်က ဒွန်းတွဲပါရှိကြရ စမြဲဖြစ်သည်။ ဤကား သဘာဝ နိယာမတစ်ခုပင်တည်း။
 
            အမှန်တွင် ငြိမ်းချမ်းရေးသည်သာ လူသားအားလုံးအတွက် အသာယာဆုံးနှင့်အချိုမြိန်ဆုံး သံစဉ်တစ်ခုဖြစ်ပြီး လက်နက်အားကိုးဖြင့် လူလူချင်းတိုက်ခိုက်ကြသော စစ်ပွဲများသည်ကား မဖြစ်စကောင်းသော၊ မဖြစ်အောင်လည်း လမ်းလွဲရှောင်ကြဉ်နိုင်သော နည်းလမ်းမျိုးရအောင် ကြိုးစားကြသင့်သည်။ 
 
 သို့သော်လည်း နိုင်ငံရေးနှင့်ဖြေရှင်း၍မရသော နောက်ဆက်တွဲပြဿနာမျိုး ဖြစ်ပေါ်ပြီဆိုပါက စစ်ဆိုသည်အား မဖြစ်မနေ ရင်ဆိုင်ကြုံတွေ့ကြရတော့သည်။ ဘီစီငါးရာမတိုင်ခင်က တရုတ်စစ်သမိုင်းပညာရှင် ဆွန်ဇုအနေဖြင့် ''ရွေးချယ်ရန် နည်းလမ်းမရှိတော့သည့် အချိန်ရောက်မှသာ လက်နက်များကို ခြိမ်းခြောက်တိုက်ခိုက်ရန် ပစ္စည်းတစ်ခုအဖြစ် သုံးစွဲရလိမ့်မည်''ဟုဆိုခဲ့သော်လည်း ဆယ့်ကိုးရာစုပရပ်ရှားစစ်သမိုင်းပညာရှင် ကလော့စ်ဝ်ဇ်ကမူ ''မိမိ၏ လိုအင်ဆန္ဒများကို အလုံးစုံလိုက်လျောလာသည် အထိ မိမိ၏ဆန့်ကျင်ဘက်အပေါ်ပြုကျင့်ရမည့် အကြမ်းဖက်မှု တစ်ရပ်'' ဟု အဓိပ္ပါယ်ဖွင့်ခဲ့ပြန်သည်။ သို့ဆိုလျှင် ဖြေရှင်းရန်နည်းလမ်း မကျန်တော့ပြီဆိုပါက လူသားတို့အနေဖြင့် ငြိမ်းချမ်းရေးကို မည်မျှပင်မြတ်နိုးပါစေ၊ စစ်ဆိုသည်ကိုတော့ ရင်ဆိုင်ကြရလိမ့်မည်ဟု ဖွင့်ဆိုရပါလိမ့်မည်။

Sunday, July 10, 2011

သမ္မတအကြံပေးဦးမြင့် NLDတွင်ဟောပြောမည့်ပွဲ ကျန်းမာရေးအကြောင်းပြပြီးဒေါ်စုကြည်ရှောင်နေ

 စီးပွားရေးပညာရှင် ဦးမြင့်
 
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ စီးပွားရေးအကြံပေးဦးမြင့်ဟာ NLD ရုံးချုပ်မှာ စီးပွားရေး ဆိုင်ရာ ဟောပြောပွဲတစ်ခုကို မနက်ဖြန် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၁၂း၃၀ မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ် ။

ဒီဟောပြောပွဲကို NLD မှဒုတိယ ဥက္ကဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင် ဆိုသူများတက်ရောက်ကြမှာဖြစ်ပြီး ဒေါ်စုကြည်ကတော့ ကျန်းမာရေး အကြောင်းပြပြီး ဒီပွဲကို မတက်ရောက်ဘူးလို့သိရပါတယ်။

ဦးမြင့်ဟာ ဒေါ်စုကြည်နဲ့ ရင်းနှီးသူလို့ လူသိများပြီး ယခင်ကလည်း NLD ကို ၀င်ထွက်သွားလာနေတာဖြစ်ပြီး သမ္မတကြီးရဲ့ အကြံပေး တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာတော့ ယခုတစ်ကြိမ်ဟာ ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ် ။

၂၀၁၄ အိုလံပစ်ပွဲတော် အထိမ်းအမှတ် မီးရှုးတိုင်ကို ရုရှားတို့က အာကာသထဲထိ သယ်ဆောင်သွားမည်

Russian Olympic Committee President Alexander Zhukov
 
၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံ ဆိုချီမြို့မှာခမ်းနားစွာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပွဲတော် အထိမ်းအမှတ် မီးရှုးတိုင်ကို အာကာသအထိသယ်ဆောင်သွားဘို့စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုချီအိုလံပစ် ကျင်းပရေးကော် မတီ အကြီးအကဲက ပြောကြားလိုက်ပါတယ် ။

 အိုလံပစ်ပွဲကျင်းပမည့် ဆိုချီမြို့၏ ရေပေါ်ကျွန်းတစ်နေရာ
 
အိုလံပစ်ပွဲတော်မတိုင်မီ အစဉ်အလာအရ မီးရှုးတိုင်ကို ရက်ပေါင်း ၁၂၀ တိုင်အောင် လက်ဆင့်ကမ်းသယ်ဆောင်ကြမည်ဖြစ်ရာ အာကာသအထိ သယ်ဆောင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၈ ရက် နေ့မှာ ရုရှားမီဒီယာများမှာဖေါ်ပြလိုက်တာဖြစ်ပါတယ် ။ဆိုပါအစီအစဉ် အောင်မြင်ပါက ရုရှားဟာ အိုလံပစ်မီးရှုးတိုင် ကို အာကာသ ထဲသို့ပထမဦးဆုံး သယ်ဆောင်သွားတဲ့နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ် ၊ ဒီအတွက်လဲ အစစ အဆင်သင့် ဖြစ်နေပြီလို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ် ။

Saturday, July 9, 2011

မလေးရှားတွင် အစိုးရဆန္ဒပြပွဲများဖြစ်ပွား ၊ ဆန္ဒပြသူ ၁၄၀၀ ကျော်အားဖမ်းဆီးထိန်းသိမ်းထားဟုဆို


မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။  ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံ သားတွေ ကွာလာလမ်ပူမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သတင်းရရှိပါတယ် ။

 
ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်များ၊ မီးသတ်ပိုက်များ၊ မျက်ရည်ယိုဗုံးစတာတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။မလေးရှားအတိုက်အခံ နိုင်ငံရေးပါတီတွေပြောတာက သူတို့ရဲ့ ခေါင်းဆောင်တချို့လည်း အဖမ်းခံခဲ့ရတဲ့ အထဲမှာ ပါသွားပြီး နံမည်ကြီး အတိုက်အခံ ခေါင်းဆောင်တဦး ဖြစ်တဲ့ အန်န၀ါ အီဗရာဟင်လည်း ဒဏ်ရာအနည်းအကျဉ်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူ တော်တော်များများက အ၀ါရောင် ဘောလုံးတွေနဲ့ ပန်းတွေကို ကိုင်လာပြီး ပြည်သူလူထု အဓွန့်ရှည်ပါစေ ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

ပြန်လည်ဖတ်ရှုသင့်သော ဆောင်းပါးတစ်ပုဒ်

ယခုရက်ပိုင်းအတွင်း ယူနီဗာဆယ်ဆောက်လုပ်ရေးမှ ဒေါက်တာဇော်ထွန်း ၊ ဒေါက်တာဌေးဌေးကြည် ၊ ကမ္ဘောဇဘဏ် ၊ အငြိမ်းစားဆရာဝန်ကြီးများအဓိကရှယ်ယာဖြင့်တည်ထောင်ထားသော SSC အထူးကု ဆေးခန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ခင်မောင်သန်း၏သမီး ဒေါ်မမ ကအယ်ဒီတာတာချုပ် အဖြစ်တာဝန်ယူနေသော Hot News သတင်းဂျာနယ်တို့ ကြားဖြစ်ပေါ်နေသော တရားစွဲဆိုမှုများသည်စာဖတ်သူ စိတ်ဝင်စားနေသောသတင်းတစ်ပုဒ်ဖြစ်နေပေသည် ။

Hot News Journal ဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး ရှေ့နေဦးသိန်းညွန့်သည် လက်ရှိသင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေသည်က သတင်းကိုစိတ်ဝင်စားမှုပိုစေသော အကြောင်းတစ်ခုဖြစ်နေပြန်သည် ။

ပြည်တွင်းထုတ်ဂျာနယ်အချို့ကလည်း လက်ရှိအစိုးရ၏ တရားရေးမဏ္ဍိုင်သည် မီဒီယာသမားတို့ဘက်မှ ဤ တရားနိုင်လျှင် တရားသည် ရှုံးလျှင်မတရား ဟု အဓိပ္ပါယ်ပါသော ရေးသားမှုမျိုး ကို ရေလာမြောင်းပေးရေးသားကာ  စတင်တိုင်ပွဲဝင်နေသည်ကိုတွေ့ရလေသည် ။ ဆေးလောက သားများ၏ တုန့်ပြန်မှုကိုယခုအချိန်ထိမတွေ့ရသေးပေ ။

မျှော်လင့်ချက် ရက်ပေါင်း ၁၀၀

(၂၀၁၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ဖေါ်ပြပါရှိသည့် ဆောင်းပါးရှင် ဗညားအောင်၏ ဆောင်းပါး ဖြစ်ပါသည်။)

မတ်လ ၃ဝ ရက်နေ့သည် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် (၇) ရပ်၏ သတ္တမ အဆင့် ဖြစ်သည့် လွှတ်တော်မှ ရွေးကောက်တင်မြှောက်သော နိုင်ငံတော် အကြီးအကဲများ၊ လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရ အဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်းများဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ခြင်း အဆင့်ကို စတင် အကောင်အထည်ဖော် ခဲ့သည့်နေ့ ဖြစ်သည်။ ထိုနေ့တွင် သမ္မတကြီးက ပြည်ထောင်စု လွှတ်တော်သို့ မိန့်ခွန်း ပြောကြားရာ၌ ယနေ့မှ စတင်ပြီး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် စတင်ပြီ ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ သကဲ့သို့ အစိုးရသစ် အနေဖြင့် ဆက်လက် ဆောင်ရွက်မည့် ပြည်တွင်းရေးရာ မူဝါဒများ၊ နိုင်ငံခြားရေးရာ မူဝါဒများကို ပြည့်ပြည့်စုံစုံ ထုတ်ဖော်ပြောကြား သွားခဲ့သည်။ ထို့အတူ မတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများကို မိန့်ခွန်း ပြောကြားရာ၌လည်း ပြည်တွင်းရေးရာ မူဝါဒများကို အကောင်အထည် ဖော်ရာတွင် လိုက်နာကျင့်သုံးရမည့် သဘောထားများ၊ ခံယူချက်များ၊ နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြန် ပါသည်။
မြန်မာ့ နိုင်ငံရေး အပြောင်းအလဲများကို စိတ်ဝင်တစား လေ့လာစောင့်ကြည့် နေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အစိုးရသစ်၏ မူဝါဒ အပြောင်းအလဲများကို စောင့်မျှော်နေသည့် ပြည်သူများက အဆိုပါ မိန့်ခွန်း နှစ်ခုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။ မြန်မာ့အရေးကို အစဉ်တစိုက် လေ့လာသုံးသပ် နေသည့် ဂျော့ခ်ျတောင်း တက္ကသိုလ် ပါမောက္ခ ဒေးဗစ်စတိုင်းဘဂ်က သမ္မတကြီး၏ မိန့်ခွန်းသည် ၁၉၆၂ ခုနှစ် နောက်ပိုင်း နိုင်ငံတော် အကြီးကဲများ ပြောကြားခဲ့သည့် မိန့်ခွန်းများအနက် အရေးကြီးဆုံး မိန့်ခွန်းဟုပင် သုံးသပ်ခဲ့သည်။ ပြည်တွင်း ဆောင်းပါးရှင် တစ်ဦးကမူ မိန့်ခွန်းကြောင့် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ရ သကဲ့သို့ နောက်ဆက်တွဲအဖြစ် မျှော်လင့်ချက် ရောင်ခြည်များလည်း ပေါ်လာခဲ့ သည်ဟု ဆိုသည်။
သို့သော် မိန့်ခွန်းအပေါ် အကောင်းမြင် သဘောထားဖြင့် တုံ့ပြန်မှုများ ရှိသကဲ့သို့ သံသယဖြင့် ရှုမြင်သူများလည်း ရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့ သံသယ ဖြစ်သူများထဲတွင်လည်း နှစ်မျိုးနှစ်စား ကွဲပြားပြန်သည်။ ပထမတစ်မျိုးက မိန့်ခွန်းပါ မူဝါဒ အပြောင်းအလဲများကို အကောင်အထည် ဖော်ရာတွင် တွေ့ကြုံရမည့် အတွင်း၊ အပြင်က စိန်ခေါ်မှုများ၊ ကန့်သတ်ချက်များနှင့် လုပ်ဆောင်ရမည့် လုပ်ငန်း ပမာဏ ကြီးမားမှုကြောင့် ဘယ်လို အခက်အခဲတွေများ ရှိလေမလဲဟု စာနာတွေးတော စိတ်ပူပင်သူများ ဖြစ်သည်။ နောက်တစ်မျိုးကမူ အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်ပြောဆိုနေမည့် အဖွဲ့အစည်းများ ဖြစ်သည်။ တကယ်တော့ ထိုသူများ အတွက် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဘက်စုံထောင့်စုံ စဉ်းစားထားသော၊ အယူအဆ မတူသူများ၊ သဘောထား ကွဲပြားနေသူများ၏ အခြေအနေများကိုပါ ထည့်သွင်း စဉ်းစားထားသော၊ အမိန့် အာဏာသံ မပါနူးညံ့ သိမ်မွေ့စွာဖြင့် မိမိတို့ ဖော်ဆောင်မည့် အနာဂတ် မူဝါဒများကို ရှင်းလင်းတင်ပြထားသော သမ္မတကြီး၏ မိန့်ခွန်းများ၌ အပြစ်အနာအဆာ ရှာ၍ မရပါ။ ထို့ကြောင့်လည်း အောက်ကလိအာ သဘောဖြင့် မိန့်ခွန်းပါ အချက်များကို လုပ်လိုသည့် ဆန္ဒမရှိကြောင်း၊ နိုင်ငံတကာက စောင့်ကြည့်ရန် လိုကြောင်း စသည့်ဖြင့် ဝေဖန် ပြောဆိုနေကြခြင်းသာ ဖြစ်သည်။

Friday, July 8, 2011

နေတိုးစစ်အုပ်စု ဗုံးကြဲမှုကြောင့် ရွာသားများသေဆုံး၊ အာဖဂန်ပြည်သူရာပေါင်းများစွာဆန္ဒပြ

 
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြိုကတော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ Khost ဒေသတွင် ရာပေါင်းများစွာသော အာဖဂန်ပြည်သူများက အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်တွေကို ကြာသာပတေးနေ့က ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိပါတယ် ။

ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ နေတိုးလေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ Kabalkhil ရွာမှာရှိတဲ့ နေအိမ် တစ်ခုပေါ်ကို ကျရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူ တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့အတွက် ဒါကိုကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြ ပြည်သူတွေက ပြောပါတယ် ။
 




 
" လေယာဉ်ဗုံးကြဲချတာ ဗုဒ္ဓဟူးနေ့ကလေ..အဲဒါဒီအိမ်ပေါ်ကိုကျပြီးတော့ အနည်းဆုံး ၁၃ ယောက်လောက်သေ ကုန်တယ် အားလုံးက အရပ်သားတွေပါ ခလေးတွေကအများစုပါ" ဟု Marjan Khan အမည်ရှိ မျက်မြင်တစ်ဦး၏ ပြောကြားချက်ကို ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ် ။

တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင် ဘာတွေလုပ်နေပါလိမ့်

တိုင်းပြည်ထူထောင်ရာတွင် စတုတ္ထမဏ္ဍိုင်အဖြစ်ပါဝင်ကြပါမည်ဆိုသော သတင်းသမားကြီးများ၏ အားကိုး ဗဟုသုတဖြစ်ဖွယ်သတင်းများ

- ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးထွက်
- ဒေါ်အောင်ဆန်းစုကြည်၏သားခွေးတစ်ကောင်နှင့်အတူ ပုဂံသို့ ၁ ရက်ကြိုရောက် နေ
- ပုဂံလေဆိပ်တွင် ခွေးတစ်ကောင်နှင့်အတူ သားဖြစ်သူကင်မ်အဲရစ်လာကြို
- ဒေါ်အောင်ဆန်းစုကြည် ယနေ့ဘုရားမဖူးသေးဟုဆို
- ဒေါ်အောင်ဆန်းစုကြည် River Side တွင်သားငယ်ကင်မ်အဲရစ် လက်ဆောင်ပေး ထားသော ခွေးတစ်ကောင်နှင့် အတူ အပန်းဖြေနေ ။
- ဒေါ်အောင်ဆန်းစုကြည်အလှူငွေလက်မခံရန် အာဏာပိုင်များကန့်သတ်ဟု ကြားရ ။
- ဒေါ်အောင်ဆန်းစုကြည်တကယ်ဘုရားဖူးထွက်သောအခါ အာဏာပိုင်များမနှောက်ယှက်
- ဒေါ်အောင်ဆန်းစုကြည် မကျီးပင်ကြီးအောက်တွင် ဓါတ်ပုံအရိုက်ခံ
-ဒေါ်စုကိုမြင်ရ၍ ဒေသခံများငိုကြွေးကြ
- ဒေါ်အောင်ဆန်းစုကြည် တမာပင်အောက်မှ နာမည်မရှိသော ထမင်းဆိုင်လေးတွင်ထမင်းစားလေပြီ

Thursday, July 7, 2011

ဘင်္ဂလားဒေ့ရှ် တွင်ဆန္ဒပြမှုများဖြစ်ပေါ်

 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကြောင့် နိုင်ငံအနှံ့အပြားမှာ ဗုဒ္ဓဟူးနေ့က လုပ်ငန်းတွေ ရပ်ဆိုင်းကုန်ပါတယ်လို့သိရပါတယ် ။ အစိုးရရုံးများအပါအ၀င် နိုင်ငံတစ်ဝှမ်းရှိ ရုံးများ ကျောင်းများ ကို တနင်္လာနေ့အထိ ပိတ်လိုက်တယ်လို့သိရပါတယ် ။

 
အာဏာရပါတီ အနေနဲ့ အာဏာကို ဆက်ပြီး ချုပ်ကိုင်ခွင့် ရစေနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ချက် တစ်ခုအပေါ် အတိုက်အခံတွေက ဆန္ဒပြ ကန့်ကွက်နေကြတာဖြစ်ကြောင်းလဲသိရပါတယ် ။နိုင်ငံတ၀ှမ်း က ကျောင်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်ထားခဲ့ရသလို အဓိက ဆိပ်ကမ်းဖြစ်တဲ့ စစ်တကောင်း ဆိပ်ကမ်းမှာလည်း လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပါတယ်။

Wednesday, July 6, 2011

ဆေးလောက ကိုဗဟိုပြု၍တိုက်ခတ်နေသောလေပြင်းများ

ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရက်ပိုင်းအတွင်း ဆေးလောကနှင့်ပတ်သက်၍ ဝေဖန်သံများ ဆူညံနေသည်။ အွန်လိုင်းစာမျက်နှာများတွင် လွတ်လပ်စွာရေးခွင့်ရသမို့ အွန်လိုင်းတွင် ပိုကြမ်းပါသည်။ အဓိက ရသော အကြောင်း(Message)မှာ ဆရာဝန်များ ပေးသော အချိန်သည် နည်းပါးလွန်းသဖြင့် ကျေနပ်မှု မရှိဟူသော ကိစ္စနှင့် ငွေကုန်ကြေးကျမျာ...းသော ကိစ္စ နှစ်ခုကို ဦးတည်လျက် ဝေဖန်ကြခြင်းဖြစ်သည်။ ကျေနပ်မှုဟူသည်မှာ စိတ်ကျေနပ်မှု နှင့် ရောဂါ ပျောက် ကင်းသာသာရာမှ ၇သော ကျေနပ်မှုနှစ်မျိုးခွဲခြားကြည့်သည်။ လက်ရှိ တုန့်ပြန်သံများကို ကြားရသည်မှာ ရောဂါ ပျောက်ကင်းသက်သာမှု မရှိခြင်းထက် လူနာ၏ ခံစားရချက်များကို လစ်လျူရှုသည်၊ အချိန်ပေးနည်းလွန်းသည် ဟူ၍ ဖြစ်ရာ Customer Service ပိုင်းနှင့်ပတ်သက်၍ မကျေနပ် ဟု ယေဘုယျသဘောယူဆပါသည်။

ဒါအပြစ်လားကွယ်

လက်ရှိ စာရေးသူတို့ ကျင်လည်ဖြတ်သန်းခဲ့သော ဆေးလောက အသိုင်းအဝိုင်းတွင် အလွန့်အလွန်နည်းပါးလှသော Elite(လက်ရွေးစင်) ဆရာဝန်ကြီး အချို့မှလွဲ ကျန်သော ဆရာဝန်ကြီးငယ် အတော်များများသည် လူနာတစ်ယောက်လျှင် ကြည့်ရှုစမ်းသပ်ခ ငါးရာကျပ်မှ ငါးထောင်ကျပ်အထိသာ ယူကြပါသည်။ အီလစ်များကိုတော့ ထည့်မပြောစေချင်ပါ။ လက်ရွေးစင်ဟုပြောလျှင် လက်ချိုးရေ၍ ရကြောင်း သတိမူမိ မည်ထင်ပါသည်။ ကျန်သော ဆရာဝန်ကြီးများမှာ အထက်က ဆိုခဲ့သော ပမာဏကိုသာလျှင် ဆေးဝါးကုသခ အဖြစ် ယူကြပါသည်။ စာရေးသူ၏ ဆရာရင်းအချို့ဆိုလျှင် ထိုမျှထက်နည်းပါးသော ပမာဏဖြင့် လူနာများကို ကြည့်ရှုကုသပေးနေကြပါသည်။ (ထိုဆရာကြီးများမှာ နိုင်ငံခြားမှ ဘွဲ့များစွာ ရယူထားသူများဖြစ်ပါသည်။) ထိုဆရာကြီးများတွင် အလွန့်အလွန်ကောင်းမွန်သော ကားများလည်း မရှိပါ။ သူလိုငါလို သာမန်စီးပွားရေးသမား တစ်ယောက်စီးသော ကားမျှသာရှိပါသည်။ကောင်းမွန်ထည်ဝါလှပသော ကားကြီးများသည် ဆေးခန်းဆေးရုံများရှေ့ တွင်သာ ရှိပါသည်။ ထိုကားများမှာ လာရောက်ပြသသော သူဌေးလူနာများ၏ စီးတော်ယာဉ်များသာ အများအားဖြင့် ဖြစ်ကြပါသည်။ ထိုဆရာကြီးများသည် လက်ရှိပိုင်ဆိုင်ထားသော ဘွဲ့များကို ရရှိရင် နှစ်ပေါင်းများစွာ အပတ်တကုတ်အားထုတ် ခဲ့ကြရသည်။ဆယ်စုနှစ်အနည်းဆုံးနှစ်စု ရင်းခဲ့ရသည်။ ထိုမျှအားထုတ်ထားသော ဆရာဝန်ကြီး များသည် ‘ကြိုးစားမှုနှင့် ညီမျှသော” ခံစားခွင့် ကိုရယူလိုကြမည်မှာ သာမန်လူသားများ သာဖြစ်ကြ၍ ထူးဆန်းလှသည်ဟု ဆိုနိုင်ပါသလား။ ထို့အပြင် ကျန်းမာရေးဝန်ဆောင်မှု ကို ဈေးကွက် တစ်ခုအနေဖြင့်ရှုမြင်ပါက မြန်မာနိုင်ငံသည်ကြွယ်ဝသောာ နိုင်ငံတစ်ခု မဟုတ်သည့်အားလျော်စွာ လွန်စွာ မြင့်မားသော ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးပါက လူနာများ လက်လှမ်းမှီမည်မဟုတ်ပေ။ ထို့ကြောင့် လူနာများလက်လှမ်း မှီလောက်သော ဈေးနှုန်း (ကျပ်ငါးထောင်ခန့်) ဖြင့် ကြည့်ရှုလျှင် မိသားစု သားသမီးများကို လူတန်းစေ့အောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် တစ်ရက်လူနာမည်မျှကြည့်ရပါမည်နည်း။ ဝေဖန်သမှု ပြုကြကုန်သော လူတို့ကိုလည်း မေးခွန်းတစ်ခုကို ရိုးသားစွာ မေးလိုပါသည်။ အကယ်၍ ဝေဖန်သူများသည် အနှစ်နှစ်ဆယ်ခန့် ဆင်းရဲပင်ပန်းစွာ ရုန်းကန်ခဲ့ရပြီး ‘ကိုယ့်ခေတ်’ရောက်သော အချိန်တွင် မည်သို့ ပြုကြပါမည်နည်း။ စာရေးသူ ဆိုလိုသည်မှာ လက်ရွေးစင် အခွင့်ထူးခံဆရာဝန်ကြီးများကို မဆိုလိုပါ။ သာမန် လူနာကြည့်ရှုနှုန်းဖြင့် ကြည့်နေကြသော ကိုးဆယ့်ငါးရာနှုန်းခန့်သော ဆရာဝန်များကိုသာရည်ရွယ်ပါသည်။ ဆိုက်ကား  ဆရာများသည် ပင် ခရီးတစ်ခေါက်အတွက် အနည်းဆုံး လေးငါးရာ ခန့်တောင်းဆိုပါသည်။ သာမန် ဂျီပီဆေးခန်းတစ်ခုတွင် ဆရာဝန်ငယ်တစ်ယောက်သည် ထိုမျှသာယူရပါ သည်။ ဝေဖန်ကြသူ တို့အား ဝေဖန်ကြချိန်တွင် လူမှုဖူလုံရေးအတွက် ဆေးခန်းငယ်ကလေးများတွင် ရုန်းကန် လှုပ်ရှားနေကြသော ဆရာဝန်ငယ်များကို မြင်ယောင်ကြပါသလားဟု မေးခွန်းထုတ် လိုသည်။စီးပွားရေး သမားတစ်ယောက်ဖြစ်ရန်၊ ကျန်သော ပညာရှင် တစ်ယောက် ဖြစ်ရန် နှစ်ပေါင်းနှစ်ဆယ် ရင်းနှီးအားစိုက်ရပါသလား။ ဆရာဝန်များ လူနာများကို အချိန်နည်း ပါးစွာ ပေးလျက် ကြည့်ရှုခြင်းမှာ ကောင်းသည်ဟု လုံးဝ မဆိုလိုပေ။ ခေတ်နှင့် စံနစ်အရ ထိုသို့ဖြစ်နေရသည်ကို သာ ထောက်ပြလိုခြင်းဖြစ်သည်။ အကယ်၍ သာ ကြွယ်ဝချမ်း သာသော နိုင်ငံကြီးများကဲ့သို့ တစ်ရက်လူနာဆယ်ယောက်ခန့် သာကြည့်ရသောငြား မိမိနှင့် မိသားစုနောင်ရေးစိတ်အေးရအောင် ထောက်ပံ့ထားပါက ထိုဆရာဝန်ကြီးငယ်အပေါင်းတို့သည် မိမိတို့ အားလပ်ချိန်များကို မိုက်မဲစွာဖြင့် ရောင်းချငွေရှာမည် ဟု ယူဆပါသလား။ တစ်ခု ထောက်ပြလိုသည်မှာ ဆရာဝန်များသည် စီးပွားရေးသမားများမဟုတ်ကြပါ။ သူတို့၏ ရည်ရွယ်ချက်သည် ဆေးကုသခြင်း၊ လူ့အသက်ကို ကယ်တင်ခြင်းဖြစ်ပြီး ထိုက်သင့်စွာပေးကမ်း အပ်သော အခကြေးငွေကိုသာ လိုချင်ကြသူများဖြစ်ပါသည်။ ဆရာဝန်များ၏ ဦးနှောက်ထဲတွင်၊ သွေးထဲတွင် စီးဆင်းနေသော ဆာလောင်မွတ်သိပ်မှု သည် ငွေကြေး မဟုတ်ပါ(အများအားဖြင့်)ခေတ်သစ်ဆေးပညာကုထုံးများ၊ ခေတ်ပေါ်ဆေးဗဟုသုတများကိုသာလျှင် ဆရာဝန်အများစု မက်မောကြပါသည်။လုပ်ငန်းသဘာဝအရပင်လျှင် ‘ငွေပထမ’ မဟုတ်ရာ ဆရာဝန်များသည် ငွေမက်နေကြသည်ဟု ဆိုလာလျှင် “မလုံလောက်သေး၍’ဟု ပြန်လည်ချေပပါသည်။ ‘ဘယ်တော့လုံလောက်မှာလဲ’ ဟုမေးလျှင် လူနေမှုအဆင့်အတန်းမီစွာ၊ မိသားစုအရေး၊ သားသမီးပညာရေး၊ နောင်ရေးကို စိတ်အေးရလျှင် လုံလောက်ပြီ ဟု ဖြေပါသည်။ ထိုအဖြေသည် ဆရာဝန်အများစု၏ ဆန္ဒကို ကိုယ်စားပြုသော အဖြေလည်းဖြစ်ပါလိမ့်မည်။

SSC ဆေးရုံ က Hot News Weekly ဂျာနယ်ကိုတရားစွဲ

SSC ခေါ်ရွှေဂုံတိုင် အထူးကုဆေးရုံက ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Hot News Weekly ဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းဆောင်းပါး တပုဒ်နဲ့ ပတ်သက်ပြီး ဆေးရုံ ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတယ် ဆိုပြီး အသရေဖျက်မှု၊ ထိခိုက်နစ်နာမှုတွေနဲ့ SSC ဘက်က ဒီကနေ့ ရန်ကုန် တရားရုံး ၂ ခုမှာ အမှုတင်တရားစွဲဆိုလိုက်ကြောင်းသတင်းရရှိပါတယ် ။

၂၀၁၁ ခုနှစ် ဇွန်လ ပထမပတ်ထုတ် Hot News Weekly ဂျာနယ်ထဲမှာ ပုဂ္ဂလိကဆေးရုံ SSC ရဲ့ ၀န်ဆောင်မှုဆိုပြီး ၀န်ဆောင်မှု အားနည်းချက်တွေကို ဝေဖန်ရေးသား ဖော်ပြထားတဲ့ သတင်းဆောင်းပါး အပေါ်မှာမူ တည်ပြီး SSC ရွှေဂုံတိုင်ဆေးရုံနဲ့ Hot News Weekly ဂျာနယ် အကြားမှာ တင်းမာမှုတွေ ပြီးခဲ့တဲ့ လကတည်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး SSC ဘက်က ဒီရေးသားဖော်ပြချက် အပေါ်မှာ အကြောင်းအရာ မမှန်ကန်ဘူးဆိုပြီး ပြန်လည်တောင်းပန် ဖော်ပြပေးဖို့ Hot News Weekly ဂျာနယ်ကို သတိပေးပြောကြားခဲ့ပြီးနောက် ခုလိုတရားစွဲဆိုမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်းလဲသိရပါတယ် ။

အငြိမ်းစား ဝန်ထမ်း ပင်စင်နှင့် နိုင်ငံရေး ပင်စင်အရွေ့ သို့မဟုတ် နေညိုချိန် တိမ်တောက်ခြင်း



အတင်း တိုးဝှေ့လိုက်သော လူအုပ်ရဲ့ အရှိန်ကြောင့် သူယိုင်လဲ တော့မလို ဖြစ်သွား သည်။ ဒါပေမဲ့ သံဆန်ခါကို ဆုပ်ကိုင် ထားသော သူလက်တို့ ပြုတ်မသွား။ တွဲကျနေသော အရေပြား၊ အရိုးသက် သက် သူလက်တို့မှာ ဒီလောက် အားမာန် ကျန်နေဦးမည် (သို့မဟုတ်)ဒီလောက် ခွန်အား သစ်ထုတ် ရမည့် အချိန် ရောက်လာဦးမည်ဟု မတွေးဖူး ခဲ့ပါ။ လက်ထဲ ရောက်လာ သော လျှောက်လွှာ စာရွက်ကို ကျစ်ကျစ် ဆုပ်ရင်း မိတ္တူ ဆိုင်ရှေ့က သူ့လိုပင်သက်တူရွယ်တူ ပင်စင်စား တွင်းဆုံးကျ လူအုပ်ထဲက တွန်းတိုက် ထွက်လာ ခဲ့သည်။
မိုးတဖွဲဖွဲကျနေသော မှိုင်းညှို့ညှို့ ရန်ကုန်မနက်ခင်းအောက်တွင် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ စာရွက် ကိုယ်စီဖြင့် ထီးဆောင်းရန်ပင် မေ့လျော့နေကြသော နိုင်ငံ ဝန်ထမ်းဟောင်းအဖိုးအို၊ အမယ်အို များမှာ သူတို့ ကံကြမ္မာအား မည်သူ့လက်ဝကွက်အပ်ရဦးမည် မသိဟူသော ခံစားချက်များကို ဖော်ပြ နေသလိုပင်။”ဒီလိုမျိုး မျှော်လင့်မထားဘူး။ ပိုက်ဆံရမယ့်ကိစ္စ ပဲ။ ပျော်တာပေါ့။ ၁၉၇၇ မှာပင်စင်ရတယ်။ တစ်ဝက်ကို ရောင်းထားတာ။ အခု ၁၁၈ ကျပ် ပြား ၅ဝ ပေါ့။ အဲဒါကို တစ်နှစ် တစ်ခါစု ထုတ်နေရ တာ။ လမ်းစရိတ်ပါပဲ။ ခုလိုအမိန့်ထွက်လာတော့ ဘဝမှာ တစ်ခါမှအများ ကြီး မရဖူးတဲ့ ပိုက်ဆံ ကိုင်ရပြီပေါ့လေ” ဟု တုန်ရင်တိုးလျစွာ ပြောနေသော ပန်းဘဲတန်းမြို့နယ်မှ အသက် ၈၆နှစ်အရွယ် ကုန်သွယ်ရေးဝန်ထမ်းဟောင်းအဖိုးအို၏ စကားသံ ချည့်နဲ့မှုက အသက်အရွယ် ကြောင့် ဖြစ်မည်ထင်ပါသည်။
၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်ထုတ် နိုင်ငံ ပိုင်သတင်းစာနှင့် ရုပ်သံများ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနဝန်ကြီးရုံး၊ အမိန့်ကြော်ငြာစာ အမှတ် (၁ဝ၆/၂ဝ၁၁) ၂ဝ၁၁ ခုနှစ်ဇွန်လ ၃ဝ ရက် ရက်စွဲပါ နိုင်ငံဝန်ထမ်းများ၏ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် နိုင်ငံရေးပင်စင်လစာများအား တိုးမြှင့်သတ်မှတ်ခြင်း၊ ထုတ်ပြန် ချက်များ ဖော်ပြပါရှိလာပြီးနောက် တစ်ကြိမ်တစ်ခါမှ အလေးထားအာရုံစိုက်ခံရခြင်းမရှိခဲ့သည့် ပင်စင်စားလောကအတွင်း ဆူပွက်လှုပ်ခတ် သွားခဲ့သည်။ ယင်းကြော်ငြာ စာနှင့် ပူးတွဲပါရှိသည့် ပင်စင်လစာစာအုပ်နှင့် ယခင်ပင်စင်လစာခွင့်ပြုခဲ့သည့် အမိန့်စာများယူဆောင်၍ သက်ဆိုင်ရာရုံးဌာနများသို့ ကိုယ်တိုင်အမြန်ဆုံး ဆက်သွယ် သတင်းပို့ ဆောင်ရွက်သွားကြရန် နှိုးဆော်ထားသည့်အတွက် သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် ကုန်သည်လမ်းပေါ်ရှိ ပင်စင်ရေးရာ ဌာနများတွင် ဇူလိုင်လ ၄ ရက် နံနက်ခင်းမှစ၍ အဖိုးအို၊ အမယ်အိုများ စုရုံးလာရောက်ခဲ့ကြသည်။ တချို့ကတစ်ဦးတည်း၊ တချို့ကသားသမီးများဖြင့် ကူကာတွဲကာ။ ပုံစံစာရွက်များ အခမဲ့ ထုတ်ယူနိုင်ပါသည်ဟု သက်ဆိုင်ရာရုံးဌာန အဝင်တံခါးတွင် စာကပ်ထားသော်ငြား ရန်ကုန်မြို့၏လာဘ်မြင်သော မိတ္တူဆိုင်များတွင် အဖိုးအဖွား များမှာ အသက်အရွယ်နှင့်မမျှ တိုးကြိတ်ဝယ်ယူနေကြသည်။

မှန်ကန်ဖြောင့်မတ်တည်ကြည် Licence for Honesty

ကချင်ပြည်နယ် ဘက် KIA အဖွဲ့နဲ့ တပ်မတော် စစ်ကြောင်းတွေ နည်းနည်း ကလေး ထိတွေ့ကြတာကို အရပ်မျိုးစုံက ရောက်လာတဲ့ သတင်းတွေအရ ကြားရပါရဲ့။ သတင်းရလာတဲ့နေရာတွေ မျိုးစုံ သလောက် သုံးသပ်ချက် မျိုးစုံကလည်း ပိန္နဲသီးတစ်လုံးက ဆူးတွေ များသလောက်ကို များပါ့ဗျား။ သတင်းရပ်ကွက် တစ်ခုကတော့ ပြောလာရဲ့။ မြန်မာစစ်တပ်က အရည်အသွေး ညံ့လို့ ဖြစ်လိုက်တိုင်း တပ်ကချည်းပဲ ကွဲသွား သတဲ့လေ။ ဒီလိုနဲ့ ကျုပ်မလည်း ရပ်ကွက်ထဲ ခြေလှမ်း ကျဲကျဲနဲ့ တပ်ထဲကနေ ဆေးရုံတက်ရင်း ခွင့်ပြန်လာတဲ့ လက်မောင်းမှာ ပတ်တီးနဲ့ ရဲဘော်လေးကို အပြေးကလေး စကား ဆိုမိပါရဲ့။ သူ့စကားထဲ ပါတဲ့ အတိုင်းဆို နိုင်ငံတော်က ကိုယ့်တိုင်းရင်းသားချင်း သဘောထား မရှင်းလို့ မပြေမလည် ဖြစ်ကြရတာ ခဏတာမို့ ရေအားလျှပ်စစ် စီမံကိန်းလေး ဘေးကင်းရုံ လောက်သာ လုပ်တာ ဖြစ်သမို့ ရှိသမျှ အစွမ်းနဲ့ အကုန် မကြမ်းခိုင်းဘဲ ကန့်သတ်စစ်ပဲ ဆင်နွှဲခိုင်းတယ် တဲ့ဗျား။ ရှိသမျှ လက်နက်ကြီးတွေ အကုန် မသုံးခိုင်းတာမှ အမြောက်တပ်ကဆို ပစ်ဖို့ကို အမိန့်မရဘူး တဲ့လေ။ အင်း---ကျုပ်လည်း စစ်အကြောင်း နည်းနည်းလေး လေ့လာဖူး လေတော့ နားလည်ခဲ့ရပါ ပေါ့ဗျား။ ပြောက်ကျားစစ်မှာ အင်အား အကုန် မသုံးဘဲ ကန့်သတ်လိုက်ပြီ ဆိုတာနဲ့ အင်အား များတဲ့ဘက်က ထိခိုက်မှု ပိုတတ်တာ မျိုးလေ။ ရှိစေတော့၊ နိုင်ငံတော်ရဲ့ ကိုယ့်တိုင်းရင်းသားတွေ အပေါ် သက်ညှာတဲ့ စေတနာကြောင့် ယာယီမှာ နည်းနည်းပါးပါး အထိအခိုက် ပိုတာမျိုးကိုး။ သို့သော် ဒါကိုပဲ တပ်မတော်က လုံးဝ ရှုံးနိမ့်သလိုမျိုး မရိုးမသား သတင်းတွေ ထုတ်လို့ မခံချင်စိတ်ကိုဆွ၊ အကွဲအပြဲကို ပိုဟစေဖို့ လုပ်နေတာ ကတော့ ယုတ်လှပါပေါ့ဗျား။ သို့သော် နိုင်ငံတော် ကတော့ ဒီအဆင်တွေကို မြင်လို့ ငြိမ်းချမ်းရေး ရင်ခွင်ထဲကို အယူလွဲသူတွေ အယူ ပြန်တည့်လို့ ဝင်လာနိုင်ရေး စိတ်အေးအေး ထားလို့ ကြိုးစားနေတုန်း ပါပဲဗျား။
သူ့ထက် ဆိုးတာကတော့ ထုံးစံနဲ့ အညီ VOA BBC RFA စတဲ့ စကားမညီ သွားမညီ အဖွဲ့တွေ ရဲ့ အာပုပ်ရည် စီးကြောင်းမှာ ပလုပ်ပလောင်းနဲ့ အလိမ်အညာ လောင်းလှေကိုစီး အကြီးအကျယ် လိမ်ညာနေတဲ့ ထိုင်းနိုင်ငံ အခြေစိုက် KWAT ခေါ် ကချင် အမျိုးသမီး အဖွဲ့ပါတဲ့။ ကျုပ်တို့ သိဖူးသလောက် ပေါင်းဖူးသလောက် ကချင် တိုင်းရင်းသား တွေဟာ ရိုးသား လိုက်တဲ့အမျိုး ပါးစပ်ထဲ စားစရာ ထိုးထည့်တာတောင် မစားခင် အရင်ကြည့်လို့ ပိုင်ရှင်သိမှ စားကြတဲ့ အမျိုးပါဗျ။ အခုတော့ဗျာ။ တပ်မတော်က အခု ထိတွေ့မှု ဖြစ်နေတဲ့ နေရာတွေမှာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေကို စနစ်တကျ ကျူးလွန်နေပါ သတဲ့ဗျား။ သူတို့ခမျာ ပလီစိချောက်ချက် အရှက်မရှိ ပြောနေတဲ့ ဟာများ ကချင် တိုင်းရင်းသူမှ ဟုတ်ပါလေစ တွေးရခက်ရ လောက်အောင်ပါ။ ထုးခြားတာက သူတို့စကား ယုံစားသူ နည်းလွန်းသမှ သူတို့ကလွဲလို့ ပြည်တွင်းမှာ ဘယ်သူမှမရှိ။ အဲ--- မြန်မာကို ထိပါးစကား ပြောမှ စားရ သောက်ရမယ့် အနောက်က လွှတ်တော် အဖွဲ့တွေကသာ ကြားသမျှ စကား မြန်မာအစိုးရကို ထိပါးတာ မှန်သမျှ ကိုယ်တိုင်ပဲ သိသလိုလို ဟန်မူပိုပိုနဲ့ ဝိုင်းအုံဖဲ့ ကြတော့တာ။ ဒါမှသာ ခေတ်စား သတဲ့လေ။

Tuesday, July 5, 2011

ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရးမှူးရွေးချယ်ရေးဆိုင်ရာ မူကြမ်းပြည်သူ့လွှတ်တော်ရေးဆွဲနေ

 အိမ်ထောင်စုတစ်စုလျှင် အဆိုပြု ဆန္ဒမဲ တစ်မဲနှုန်းဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ် ခန့်အပ်ရမည့်  မူကြမ်း တစ်ရပ်ကို ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ရေးဆွဲပြုစုနေပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆိုင်ရာ မူကြမ်းတစ်ရပ်ကို လာမည့်လွှတ်တော်အစည်းအဝေးအမီ ရေးဆွဲလျက်ရှိကြောင်း၊ အစည်းအဝေးတွင် ဆုံး ဖြတ်အတည်ပြုသွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဥာဏ စိုးက အတည်ပြု ပြောကြားသည်။
"မေ ၂၃ရက်ကစပြီးကျင်းပတဲ့ ရေးရာကော်မတီတွေဝင်နဲ့ တိုင်းဒေသကြီး၊ ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ လွှတ်တော်လုပ် ငန်းဆိုင်ရာဆွေးနွေးပွဲမှာ မူကြမ်းရေးဆွဲနေတာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကိုယ်တိုင် ဦးဆောင်ရေးဆွဲနေပါတယ်။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီကတော့ တည်ဆဲ သူကြီးလက်စွဲလို့ခေါ်တဲ့ ကျေးရွာအုပ်ချုပ်ပုံ ဥပဒေအပေါ် ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ဖို့ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန ကို မှတ်ချက်ပေးဖို့ရှိပါတယ်။ ဥပမာ- ဧည့် စာရင်းလိုမျိုး။ ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးအရ ဧည့်စာရင်းလိုအပ်ပါတယ်လို့ လွှတ်တော်မှာတင်ပြလာရင် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူရမှာဖြစ် ပါတယ်"ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

သံမှူးကြီးဦးကျော်ဝင်းသတင်း အမေရိကန်အစိုးရကန့်သတ်

ဦးကျော်ဝင်း

သတင်းလွတ်လပ်ခွင့်အပြည့်အ၀ရှိပါသည်ဆိုသောအမေရိကန်ပြည်ထာင်စုတွင် မြန်မာအကြီးတန်းသံတမန် တစ်ဦးဖြစ်သည့် ဦးကျော်ဝင်း၏ နိုင်ငံရေးခိုလှုံသည့် သတင်းကို နိုင်ငံရေးခိုလှုံခဲ့သည်ဆိုသည့် သတင်းဖေါ်ပြ ချက်နှင့် နောက်ကြောင်းပြန်ဖေါ်ပြချက်များမှလွဲ၍ ဖေါ်ပြခွင့်မရကြောင်းသတင်းရရှိပါသည် ။

ဦးကျော်ဝင်းနဲ့ပတ်သက်ပြီးတွေ့ဆုံမေးမြန်းခြင်း အပါအ၀င် မည်သည့်သတင်းကိုမျှ အစိုးရ၏ ခွင့်ပြုချက်မရမချင်း ထုတ်လွှင့်ချင်းမပြုရန် ကန့်သတ်ထားကြောင်း သိရပါသည်။ ယခုအခါ နိုင်ငံရေး ခိုလှုံခွင့်တောင်းထားသူ သံမှူးကြီးဦးကျော်ဝင်းအား အမေရိကန်အစိုးရမှ ပဏာမ စုံစမ်းမေးမြန်း မှုများ  ပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိပါသည် ။

Monday, July 4, 2011

ယနေ့နံနက်ပိုင်း မန္တလေးမြို့၌မီးလောင်

 
မန္တလေးမြို့ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ ၈၃လမ်းနှင့် ၈၄လမ်းအကြား ဦးကျားကြီး ၀န်းအတွင်းရှိ စက်ဘီးနှင်တာယာများ သိုလှောင် ရာ ဂိုဒေါင်တခုတွင် ယနေ့ နံနက် ၉နာရီ ခွဲ ၀န်းကျင် က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အိမ်(၇) အိမ် မီးလောင်ရာတွင် ပါဝင်ကြောင်း၊ ၁၀း ၃၀ နာရီခန့်၌ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့သော် လည်း မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရသေးကြောင်း သတင်းရရှိပါသည် ။

အတွေးများပြီး အရေးမမှားစေလို

(NLDပါတီကိုအစိုးရကသတိပေးသည့်စာထုတ်ပြန်ပြီးနောက်NLDမှ ဒေါ်စုကြည်လက်မှတ်ရေးထိုးထုတ်ပြန်သည့် စာတစ်စောင် အား ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ပါသည် ထိုစာအပေါ် အစိုးရ၏သဘောထားကိုထင်ဟတ်စေသော ဇူလိုင်လ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများပါ ဆောင်းပါးရှင်ကိုကိုအောင်၏ ဆောင်းပါးဖြစ်ပါသည်။)

ယနေ့ မြန်မာနိုင်ငံသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ဆောင်ရွက်နိုင်ရန် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နိုင်ငံတော်၏ ဥပဒေပြုရေး အာဏာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပြည်သူများက ရွေးကောက် တင်မြှောက်လိုက်သော ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော် အသီးသီးက လည်းကောင်း၊ အုပ်ချုပ်ရေး အာဏာကို လွှတ်တော်က အတည်ပြု တင်မြှောက်လိုက်သည့် အစိုးရအဖွဲ့အသီးသီးက လည်းကောင်း၊ တရားစီရင်ရေး အာဏာကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်း လိုက်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော် အသီးသီးတို့က လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက် ရှိပေပြီ။ ထို့ပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များကို အနက် အဓိပ္ပာယ် ဖွင့်ဆိုရန်နှင့် အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို စိစစ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို အခြေခံ ဥပဒေအရ ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။ အလားတူ နိုင်ငံတော်၏ နိုင်ငံသားတိုင်း လွှတ်တော်များသို့ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်တို့ကို ကျင့်သုံးကြ ရာတွင် ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ပေးရန်နှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေး ပါတီများ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်နိုင်ရေး၊ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးရေး တို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း လွှတ်တော်၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်း ပေးထားပြီးဖြစ်သည်။
တစ်နည်း ဆိုရသော် နိုင်ငံတော် အချုပ်အခြာ အာဏာသုံးရပ်ကို တာဝန်ယူ ဆောင်ရွက်ကြမည့် ဤ အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များ အရသာ ဖွဲ့စည်း ပေါ်ပေါက်ခဲ့ခြင်းကြခြင်း ဖြစ်ပေသည်။
 
သို့သော် ယခုအချိန်အထိ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာဖတ်ရှုမှု အားနည်းသည်လား၊ မိမိ၏ စိတ်ဆန္ဒစွဲဖြင့် အဓိပ္ပာယ်ဖွင့်ဆိုမှုလွဲမှား သည်လား မဆိုနိုင်။ ထင်ကြေးဖြင့် ကောက်ချက်ဆွဲကာ အတွေးများပြီး အရေးမှားသူများ ရှိနေသည်ကို တွေ့မြင်နေရသည်။

သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်နိုင်ငံတွင်နိုင်ငံရေးခိုလှုံ

 ဦးကျော်ဝင်း
ဝါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ကြောင်းသတင်းရရှိပါတယ် ။ 
သူဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၈၀ ခုနှစ်တည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန် ၊ စပိန် ၊ အိန္ဒိယ ၊ ဘရာဇီးနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခုအမေရိကန်ပြည်ထောင်စုမှာ သံမှူးကြီးအဆင့်နဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ် ။
အမည်မဖေါ်လိုသူနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကတော့ " ခုသူ့အသက်က ၆၀ ပြည့်တော့မယ်ဗျာ..ပြန်လာရင်အငြိမ်းစားယူရတော့မယ်..ခုအမေရိကန်မှာတာဝန်ထမ်းဆောင်တာ သူ့ရဲ့နောက်ဆုံး Assgiment ပဲ ..ဒီတော့သူ့ဘ၀သူကျောင်းပြီး အမေရိကန်မှာနေချင်လို့ လုပ်တာပါ ..အစိုးရနဲ့ဘာမှမဆိုင်ပါဘူး "ဟု ပြောကြားသွားပါသည် ။
" နောက်တစ်ခုက ခုဝန်ကြီးဖြစ်နေတဲ့ ဦးဝဏ္ဏမောင်လွင် ၀န်ကြီးမဖြစ်ခင် UNမှာတာဝန်ထမ်းဆောင်ရင်း  ၀ါရှင်တန်ဒီစီမှာနေတုန်းက သူမရိုးမသားလုပ်ခဲ့တာတွေရှိတယ် ဥပမာဗျာ..ဦးဝဏ္ဏမောင်လွင်ရဲ့အသုံး စရိတ်တွေကို တမင်ညစ်ပြီး စစ်တာမျိုး မလိုအပ်ဘဲဖိအားပေးတာမျိုးတွေလုပ်ခဲ့တယ် ခု ဟိုက၀န်ကြီးဖြစ်နေပြီဆိုတော့ သူ့လိပ်ပြာသူမလုံဘဲ ခုလိုလုပ်သွားတာပါ..အဖြေကဒါပါဘဲ.. ဘာမှအမျိုးချစ်လို့ တိုင်းပြည်ချစ်လို့မဟုတ်ပါဘူး..ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကတော့ သူလုပ်စားတာ ခံရဦးတော့မှာပေါ့ဗျာ.. " ဟု အဆိုပါ အရာရှိက ပြောဆိုသွားပါသည် ။