xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: May 2012

Monday, May 28, 2012

စိုးရိမ်စွာနဲ့ တွေးနေမိတယ်


လျှပ်စစ်ဓါတ်အားတိုင်တွေ ဖေါက်ခွဲခံရပြီးတဲ့နောက်ဆက်တွဲ အဖြစ်နဲ့ မြန်မာပြည်တစ်ဝှမ်းမှာ ဖယောင်းတိုင်နဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်တယ် ၊ ရိုးရိုးဆန္ဒပြကြတဲ့ ပြည်သူတွေအများစုပါသလို အချို့သောဦးဆောင်သူတွေကတော့ နိုင်ငံရေးပယောဂမကင်းဘူးဆိုတာ သိသာပါတယ် ၊ ဒီကြားထဲ မီးမှန်မှန်မရလို့ ဆူးလေဘုရားမှာဖယောင်းတိုင်ထွန်း ဆန္ဒပြဘို့လုပ်နေပါတယ်ဆိုမှ နေမျိုးဝေလို ငကြောင်တွေကလယ်သမားတွေကို တူတွေတံစဉ်တွေ ကိုင်ပြီးကား ၄စီးနဲ့ခေါ်လာတဲ့အတွက် ရိုးရိုးဖယောင်းတိုင်ထွန်းဆန္ဒပြကြမယ့်သူတွေဟာ အတော်စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ် ၊  ထားပါတော့ ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိအစိုးရကို အတော်ဖိအားဖြစ်သွားတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်ဖြစ်တယ် ။

ဒီတော့ဖေါက်ခွဲသူတွေဟာ မဟာဓါတ်အားလိုင်းတွေကို ဖေါက်ခွဲတိုက်ခိုက်ရင် အစိုးရကို အကြီးအကျယ်ဖိအားဖြစ်စေတယ်ဆိုတဲ့အချက်ကို အခိုင်အမာ စွဲယူသွားလောက်ပြီ ၊  နောက်ထပ်အစိုးရကို ဖိအားပေးလိုတဲ့အခါတိုင်း စေ့စပ်ညှိနှိုင်းမှုတွေမှာ အသာစီးမရမတိုင်း ဒီမဟာဓါတ်အားလိုင်းကြီးကိုဖေါက်ခွဲတဲ့ နည်းနဲ့ ဖိအားပေးလာတော့မှာသေချာတယ်၊ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တဲ့ နောက်ထပ်ဓါတ်တိုင်ဖေါက်ခွဲမှုတွေက ဒီအတွေးကိုပိုပြီးခိုင်မာစေခဲ့တယ် ။

လုံခြုံရေးတာဝန်ယူရသူတွေကလည်း မြန်မာပြည်တစ်လွှားမိုင်ထောင်ချီရှိတဲ့ မဟာဓါတ်အားလိုင်းတစ်လျှောက် တိုင်ပေါက်စေ့ ကွက်ပြည့်လုံခြုံအောင်လုပ်ဘို့ဆိုတာကလည်း မဖြစ်နိုင်တဲ့အနေအထားဖြစ်တယ် ၊  အဓိကကျတဲ့ဓါတ်အားခွဲရုံတွေ ရန်သူဖေါက်ခွဲနိုင်တယ်လို့ မျှော်မှန်းနိုင်တဲ့နေရာတွေလောက်သာ လုပ်နိုင်မှာဖြစ်တယ် ။

ဒီတော့တွေးနေမိတာက ပြည်သူတွေခုလိုဆန္ဒပြတာဟာ နောင်အခါတွေမှာ ဖေါက်ခွဲတဲ့အဖွဲ့အစည်းတွေကို မဟာဓါတ်အားလိုင်းကြီးတွေကို ဗုံးခွဲကြပါ လို့များ တိုက်တွန်းမိသလိုဖြစ်နေမှာတော့စိုးမိတယ် ။

ဒေါက်တာဆိတ်ဖွား

Wednesday, May 23, 2012

ခလောက်ဆန် အကောက်ကြံနေသော Eleven Media


ဒီနေ့ ပြည်တွင်းက Eleven မီဒီယာရဲ့ အွန်လိုင်းစာမျက်နှာမှာ " လျှပ်စစ်မီးမရရှိမှု ပြဿနာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် များပြားလာ အိမ်နီးချင်းနိုင်ငံများအား လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရောင်းချသော ရေအားလျှပ်စစ် စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်သင့် " ဆိုတဲ့ သတင်းကိုဖတ်လိုက်မိတယ် ဒီသတင်းခေါင်းစဉ်မှာ စိတ်ဝင်စားဘို့ကောင်းတာက ၉၀% ထိရောင်းစားနေတယ်ဆိုတဲ့ ကိန်းဂဏန်းဖေါ်ပြချက်ဖြစ်တယ် ။


ဒီကိန်းဂဏန်းကို ဒီ Eleven က ဘယ်ကရတာလည်း ၊ ခိုင်မာတဲ့ သတင်းအရင်းမြစ်ဖေါ်ပြချက် အပေါ် အခြေခံထားသလားဆိုတာ ဆက်ဖတ်လိုက်တော့ ဘယ်ခိုင်မာတဲ့သတင်းအချက်အလက်ပေါ်မှာ မှအခြေခံထားတာမရှိဘဲ  အထင်နဲ့ ရေးထားတာကိုတွေ့ရတယ် သူအထင်နဲ့ရေးထားတာကို သတင်းရဲ့ဟိုးအောက်ဆုံးမှာ ဒီလိုဖေါ်ပြထားတယ် ။


 
ခုလိုလျှပ်စစ်မီးတွေအခက်အခဲဖြစ်ပေါ်နေချိန် ၊ နိုင်ငံတစ်ဝှမ်းက မြို့ကြီးအချို့မှာ ဆန္ဒဖေါ်ထုတ်ပွဲတွေ ဖြစ်ပေါ်နေချိန်မှာမှာ ဒီသတင်းကိုအချိန်ကိုက်ထည့်တာဟာ ရိုးသားမှုရှိပါရဲ့လား ၊ ပြီးတော့ ၉၀%ထိ ရောင်းစားနေတယ်ဆိုတဲ့ မသေချာမရေရာတဲ့ကိန်းဂဏန်း ဖေါ်ပြချက်နဲ့ အစိုးရအပေါ်ပြည်သူတွေ အကြည်ညိုပျက်သည်ထက်ပျက်အောင်လုပ်တာ ၊ ဆန္ဒပြပွဲတွေကိုအရှိန်တက်လာအောင်လုပ်တာ မဟုတ်ဘူးလား ဆိုတာမေးခွန်းထုတ်စရာဖြစ်လာတယ် ။

ဒီနေရာမှာကြုံတုန်း ရေအားလျှပ်စစ်ဆိုတာ တစ်ခါတလေ မရောင်းရင်မရတဲ့အခြေအနေမျိုး ရှိတယ်ဆိုတာလေး ပြောချင်ပါတယ် ၊ ဥပမာရွှေလီရေအားလျှပ်စစ် စီမံကိန်းတွေဆိုပါစို့  ရွှေလီမြစ်ဟာ တရုတ်ပြည်ထဲကနေမြန်မာပြည်ထဲကိုစီးတယ် ဆည်လုပ်လို့ရမယ့် မြေအခြေအနေတွေကလည်း ဒီတရုတ်မြန်မာနယ်စပ်နားတွေမှာ အခြေအနေပေးတယ် တရုတ်က သူ့ဘက်မှာသူ့ပိုက်ဆံနဲ့သူ ဆည်ဆောက်လိုက်ပြီးသူ့ဖာသူလျှပ်စစ်ထုတ်သွားတယ်ဆိုပါစို့ မြစ်အောက်က မြန်မာတွေဘာမှမရတော့တဲ့ အပြင် ကိုယ့်ဘက်က မြစ်ကြောင်းတစ်လျှောက်မှာပါ သဘာဝပတ်ဝန်းကျင်အခြေအနေတွေ ပျက်ယွင်းလာမယ် ၊နောက်ပြီးကိုယ်ကလည်း သူ့ဘက်မှာ ဒေါ်လာဘီလီယံချီအကုန်ခံပြီး ဆည်သွားဆောက်ပြီးတော့ကိုယ့်နိုင်ငံအတွက်ပြန်ဝယ် (ခုတရုတ်လုပ်သလို) ဒီလိုလည်းလုပ်နိုင်တာ မဟုတ်ဘူး   ဒီတော့နှစ်နိုင်ငံညှိရတယ်  ကိုယ့်ဘက်မှာတရုတ်က ဒေါ်လာဘီလီယံချီပြီး အကုန်ခံဆည်ဆောက် ပြီးတော့ထွက်လာတာကို တ၀က်ယူ ကျန်တစ်ဝက်ကိုရောင်း သူ့ကိုရောင်းတဲ့အထဲကမှကိုယ်ကအပြည့်ရတာမဟုတ်ဘူး သူရင်းနှီးထားတဲ့အတွက် သူ့ကိုဒီအတိုင်းပေးရတဲ့အချိုးလေးတွေပေး ကိုယ်ကရတာလည်းယူ ၊ ပြန်တွင်းမှာလျှပ်စစ်လိုရင် ဒီရတဲ့ပိုက်ဆံနဲ့ပြန်ဝယ် ဒီလိုလုပ်ထားတာ  ဒါကို လျှပ်စစ်တွေ ပြည်ပရောင်းနေပါတယ်ရောင်းနေပါတယ်ဆိုပြီး မျက်စိစုံမှိတ် အော်နေလို့ ဖြစ်တာမဟုတ်ဘူး။ ဒီလိုဖြစ်နေတယ်ဆိုတာအခြေခံက တိုင်းပြည်ဆင်းရဲလို့ ဖြစ်နေတာ ချမ်းသာရင်ဒါတွေဖြစ်စရာအကြောင်းမရှိနိုင်ဘူး ။


အောက်မှာလည်း သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့တစ်ခုလုံးကို အရူးတွေလို့ရေးထား တဲ့ ကော့မန့်တွေ ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့တစ်ခုလုံးကို အကြည်အညို ပျက်စေမယ့် ကော့မန့်တွေကို ဖေါ်ပြထားတယ် ၊ ဒါပြည်သူတွေရေးတာပဲလို့ပြောလို့မရဘူး သန်းထွဋ်အောင်အကြောင်းခုရေးကြည့် ရမလားမရဘူးလားဆိုတာ ၊ ရေးရင်ရေးတဲ့ အိုင်ပီကို ဘန်းတယ် ၊ ဖျက်တယ် အမျိုးစုံလုပ်ပါတယ် ဒါလူတိုင်းသိတဲ့ကိစ္စပါ ဘာမဟုတ်တဲ့ သန်းထွဋ်အောင်ကိုအကြည်ညိုပျက်စေမယ့် ကော့မန့်ကျတော့ဖျက်တယ် ၊ သမ္မတနဲ့ အစိုးရအဖွဲ့တစ်ခုလုံးကိုအကြည်ညိုပျက်စေမယ့် ရေးသားချက်တွေကိုကျတော့ဖေါ်ပြထားတယ် ဆိုတာ ရိုးသားမှုတစ်ခုမဟုတ်ပါ ။


သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာများမှ တရာစွဲဆိုသင့်သောကိစ္စဖြစ်ပါသည် ၊ ဒီအတိုင်းဆက်လွှတ်ထား လျှင် ရောင့်တက်လာပါတော့မည် အပ်နှင့်ထွင်းရမည့်နေရာ ကို ပေါက်ဆိန်နှင့် ပေါက်ရပါတော့မည် ။ 
 
ဒီလိုရေးတော့ ဒေါက်တာဆိတ်ဖွားဟာ Eleven ကိုတိုက်ခိုက်တယ် ဘာညာဆိုပြီး တောင်ရေးမြောက်ရေးရေးတယ် လုပ်နေတာကျတော့တစ်ခုမှမဟုတ်ဘူး ၊ မဟုတ်ရင်တော့ရေးမှာပဲ အရေးမခံချင်ရင် ဟုတ်အောင်နေ မှန်အောင်နေ သိပ်မှန်နေတယ်ထင်ရင် အာကြီးတို့ ပုံနှိပ်စက်မှာ မင်းတို့ရှင်းထားတဲ့စောင်ရေနဲ့ အစိုးရကိုအခွန်ဆောင်ထားတဲ့စောင်ရေတွေ အရင်တိုက်ကြည့် ပြီးတော့မှ မှန်တယ်ဆိုတဲ့စကားကိုမရှက်တတ်ရင်ဆက်ပြော ဟုတ်ပြီလား ။


ဒေါက်တာဆိတ်ဖွား



Monday, May 21, 2012

ပေးဆပ်သူတို့ရဲ့နှလုံးသား


ဒီရက်ပိုင်းမှာ မီးပျက်တာနဲ့ပတ်သက်ပြီး ပြည်သူတွေဟာ ဖယောင်းတိုင်ကလေးတွေထွန်းပြီး ဆန္ဒပြနေကြတာကိုတွေ့ရပါတယ် ၊ အစိုးရဘက်ကလည်း လေးလေးစားစားဆိုသလို တာဝန်ရှိသူ အကြီးအကဲတွေ ကိုယ်တိုင် ပြန်လည်ရှင်းလင်းတင်ပြနေတာတွေ တွေ့နေရပါတယ် ၊ လုံခြုံရေးထိန်းသိမ်းသူတွေကလည်း အေးအေးဆေးဆေးပါဘဲ ၊ ပြည်သူ နဲ့ အစိုးရ ဟာ ဒီမိုကရေစီ စနစ်ဆီကို တည်တည်ငြိမ်ငြိမ် ချီတက်နေကြပြီဆိုတာ ပြနေပါတယ် ။

ပြည်သူတွေဘက်ကကြည့်မယ်ဆိုရင်လည်း ဆန္ဒပြမယ်ဆိုရင် ပြချင်စရာပါဘဲ ၊ မီးမှန်မှန်မှမလာတာကိုး ၊ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေကမီးတွေမှန်အဆင်ပြေ ကိုယ်ကအမှောင်ထဲမှာဆိုတော့လည်း ဆန္ဒပြယုံတင် မဟုတ် ဒေါသချောင်းချောင်း ထွက်မယ်ဆိုရင်လည်းထွက်စရာပေါ့ ဒါပေမယ့်ဒီဒေါသ ကိုဖြေဖျောက်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ကြတယ် ။

အစိုးရဘက်ကကြည့်မယ်ဆိုရင်လည်း ရုရှားနဲ့ ညူကလီးယား ဓါတ်အားပေး စက်ရုံဆောက်မယ် ဆိုတုံးကလည်း အစိုးရနဲ့ ဆန့်ကျင်ဘက်သဘောထားရှိသူတွေနဲ့ သဘာဝပတ်ဝန်းကျင်သမားတွေက ကန့်ကွက်လို့ ရပ်ပေးလိုက်ရတယ် ၊ ရေအားလျှပ်စစ်တွေလည်းဒီအတိုင်းပဲ ရပ်ပေးလိုက်ရတယ် ( မြစ်ဆုံကိုမဆိုလိုပါ ) ၊ ထားဝယ်မှာဆောက်မယ့် မီဂ္ဂါဝပ် ၄၀၀၀ ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်းတွေလဲ ဒီသဘာဝပတ်ဝန်းကျင်သမားတွေ ထကန့်ကွက်လို့ပဲ ရပ်ပေးလိုက်ရပြန်တယ် ၊ ခုမီးပျက်တော့ သဘာဝပတ်ဝန်းကျင်သမားတွေ ဘယ်ရောက်ကုန်လဲလို့ မေးချင်မှာပဲ ဒါပေမယ့် ဒီလိုမလုပ်ကြဘူး အေးအေးဆေးဆေး ပြည်သူကို လေးလေးစားစားပြန်ပြီးတင်ပြတယ် ။

ပြီးခဲ့တာတွေပြီးပြီ တစ်ဘက်နဲ့တစ်ဘက်အပြစ်တွေတင်နေလို့ မဖြစ်တော့ဘူး အစိုးရရော ပြည် သူရော ဖြစ်သင့်တာကိုဦးစားပေးပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရမယ့်အချိန်ရောက်နေ ပါပြီ တောကြောင်တွေကတော့ ချောင်းနေမှာပါဘဲ ခုပဲကြည့်လေ.. လျှပ်စစ်ဝန်ကြီးဦးဇော်မင်း ရဲ့စကားတွေကို ပြန်တင်ပြီး ပွဲဆူအောင်လုပ်နေတဲ့ မီဒီယာအမည်ခံ နိုင်ငံရေးတောကြောင်တွေ လက်ခမောင်းခတ်နေကြတယ် ၊ ဆန္ဒဖေါ်ထုတ်သူတွေနဲ့ အစိုးရကြားပဋိပက္ခမဖြစ်ဖြစ်အောင် လုပ်နေကြတယ် ။

တကယ်သာမျှတတဲ့မီဒီယာသမားတွေဆိုရင် သွားလေ ဓါတ်တိုင် ပေါက်ကွဲတဲ့နေရာကို ၊ ဖေါ်ပြလေ အစိုးရဘာတွေလုပ်နေတယ်ဆိုတာ ၊ မလုပ်ရင်ပြောလေ ၊ ခုတော့မဟုတ်ဘူး ဆန္ဒပြသူတွေထဲမှာပါလာတဲ့ သူတို့တောကြောင်အချင်းချင်း လက်ဝါးရိုက် ပြည်သူကိုခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဘို့ ကြံနေကြတယ် ဆိုတာသိပ်သိသာနေတယ် ။

ဖေါက်ခွဲရေးသမားတွေဟာ တစ်ခုခုဖေါက်ခွဲပြီဆိုရင် နောက်ဆက်တွဲတိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ် ၊ ဥပမာ ခု တာဝါတိုင်ဆိုပါတော့ သူတို့ဖေါက်ခွဲလိုက်ရင်အစိုးရက လာပြင်မယ်ဆိုတာသိတယ် ဒီတော့ လာပြင်တဲ့အခါ အစိုးရတာဝန်ရှိသူတွေထပ်ထိအောင်ဆိုပြီး ချိန်ကိုက်ဗုံးတွေ ထောင် လက်နက်ငယ်တစ်ကမ်းလောက်ကနေစောင့်ပြီး ဆွဲမိုင်းတို့ အဝေးထိန်းမိုင်းတို့နဲ့ တိုက်ခိုက်လေ့ရှိတယ် ။
 
 ဒီတော့ ဒီတာဝါတိုင်ကြီးရှိတဲ့နေရာကို သွားရတာ သိပ်ပြီးအန္တရာယ်ကြီးတယ် သွားချင်တဲ့သူမရှိဘူး ၊ ဒါကြီးမပြင်ခင် အဲဒီနေရာတစ်ဝိုက်ကို လုံခြုံရေးအရ အသေးစိတ် အရင်ရှင်းရတယ် ပြီးမှ ပြင်မယ့်ဆင်မယ့်အင်ဂျင်နီယာတွေ လုပ်သားတွေကိုခေါ်ရတာမျိုးဖြစ်တယ် စစ်သားတွေကတော့ သူတို့အလုပ်ဆိုတော့ သွားကြတယ် မိုင်းထောင်ထားနိုင်ပါတယ်ဆိုတဲ့နေရာကို သိသိကြီးနဲ့ အသက်ကို စတေးပြီး စွန့်စွန့်စားစားလုပ်နေရတဲ့ ရဲဘော်လေးတွေရဲ့ အခန်းကဏ္ဍကပျောက်နေတယ် အစိုးရမီဒီယာကလည်းတာဝန်မယူဘူး ပုဂ္ဂလိကမီဒီယာကလည်း တာဝန်မယူဘူး  ဖယောင်းတိုင်သမားတွေကရှေ့ရောက်နေတယ် ။

ဒါ့အပြင် နောက်ထပ်တာဝါတိုင်တွေ ဒီလိုဖေါက်ခွဲမှုမျိုး ထပ်မလုပ်နိုင်အောင်ဆိုပြီး ဒီလောက်ရှည်တဲ့ မဟာဓါတ်အားလိုင်းကြီးတစ်လျှောက် ဖေါက်ခွဲမှုတွေလုပ်နိုင်တဲ့နေရာတွေကို လုံခြုံရေး ယူနေရတယ် တောကြိုတောင်ကြား ရေမရှိဘာမရှိ အဆောက်အဦမရှိနဲ့ မဖြစ်ဖြစ်အောင်လုပ်နေကြတယ် ဒါတွေလည်းဘယ်သူမှမသိဘူးဖြစ်နေတယ် ဒီရဲဘော်လေးတွေကရော ပြည်သူတွေဘဲမဟုတ်ဘူးလား...။

 ဖယောင်းတိုင်ကိုင်တဲ့ ပြည်သူတွေ လျှပ်စစ်မီးနဲ့နေချင်သလို သေနတ်ကိုင်တဲ့ပြည်သူတွေ လည်း နေချင်ကြမှာပါဘဲ ဒါပေမယ့် ဖယောင်းတိုင်ကိုင်တဲ့ ပြည်သူတွေ မီးပြန်လာနိုင်အောင် မဟာဓါတ်အားလိုင်းကြီးအောက်က အမှောင်ထဲမှာ သေနတ်ကိုင်တဲ့ ပြည်သူတွေ ဖယောင်းတိုင်လေးတွေနဲ့ပြုံးပြီးနေနေကြတယ် ဟိုးအဝေးကြီးကမြို့ပြတွေမှာမီးတွေ လင်းနေမှာပဲဆိုတဲ့ စိတ်ကလေးနဲ့ ကျေနပ်နေရတဲ့ ပေးဆပ်သူတွေရှိနေသေးတယ်ဆိုတာသိရင်တော်ပါပြီ...........။

ဒေါက်တာဆိတ်ဖွား


Thursday, May 17, 2012

ပြောင်းလဲပေးရမည့် အရပ်ဘက်အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ



အလုပ်သမားဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတယ် ဒီလိုခဏခဏ ဖြစ်နေတာဟာ အစိုးရအတွက်ရော အလုပ်သမားတွေအတွက်ရော အလုပ်ရှင်တွေအတွက်ရော နောင်ရောက်လာ လတံ္တ့သော ရင်းနှီးမြှုတ်နှံမှု အလားအလာတွေအတွက်ရော မကောင်းတဲ့ဘက်ကများတယ် ။

အလုပ်သမားတွေ ဆန္ဒထုတ်ဖေါ်တိုင်း အဓိကပြဿနာက လုပ်ခနည်းတဲ့ပြဿနာဖြစ်တယ် ၊ လုပ်ခကလည်း ဘယ်လိုနည်းနဲ့တွက်တွက် အလွန်အင်မတန်နည်းတဲ့ ပမာဏဖြစ်တယ်ဆိုတာကလည်း အငြင်းပွားစရာ မလိုတဲ့ကိစ္စဖြစ်တယ် ၊ ကမ္ဘာ့အနည်းဆုံးဖြစ်တယ် ။

ဒီနေရာမှာခုဆန္ဒထုတ်ဖေါ်နေရှာတဲ့အလုပ်သမားတွေဟာ အရင်က အလုပ်ရှင်အလုပ်သမား နှစ်ဦးသဘောတူ လုပ်ခဲ့ပြီးမှ ခုမှ ဘာလို့ဆန္ဒပြနေရတာလည်းလို့မေးစရာရှိတယ် ၊ ဒီလိုမေးလာရင် အဖြေက အရင်ကလည်းလစာနည်းမှန်းသိတယ် ၊ စားစရာမရှိလို့လုပ်တာ ၊အရင်က ပြောလို့မရလို့ဆန္ဒပြရင် ဖမ်းလို့ ဆီးလို့မပြောတာ ၊ အခုအစိုးရသစ်လက်ထက်မှာ အတိုင်းတာတစ်ခုထိ ပြောလို့ရလာလို့ အားကိုးတကြီးနဲ့ ဆန္ဒထုတ်ဖေါ်ကြရှာတာ လို့ဖြေရမယ် ၊ နေ့စဉ်စားနေရတဲ့ အခြေခံစားကုန်ဈေးနှုန်းနဲ့ လူမှုအသုံးစရိတ်တွေကလည်း တစ်နေ့နဲ့တစ်နေ့ မတူတော့ဘူး ။

ခုတလော မှာဆန္ဒထုတ်ဖေါ်လာတာတွေ ပိုပြီးစိတ်လာတဲ့အဓိက အကြောင်းရင်းက အစိုးရက နိုင်ငံဝန်ထမ်းတွေကို ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်စီ တိုးပေးလိုက်တဲ့အတွက် အစိုးရရဲ့ လစာအနည်းဆုံးဝန်ထမ်း တစ်ယောက်ဟာ ကျပ် ၆၀၀၀၀ နီးပါးလောက်ဖြစ်လာတယ် ၊ အရပ်ဘက်စက်ရုံတွေမှာ အလုပ်လုပ်တဲ့အလုပ်သမားတွေအကုန်လုံးဟာ သူတို့ရဲ့လုပ်ခလစာကို အစိုးရရဲ့ လစာအနည်းဆုံးဝန်ထမ်းလောက်တော့ ရချင်ကြတဲ့ အခြေခံစိတ်ရှိကြတယ် ၊ဒီ့အတွက် ခုလိုဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ပေါ်နေတာဖြစ်တယ်၊ ဒီနေရာပြေလည်သွားရင်လည်း နောက်တစ်နေရာ ထပ်ပေါ်လာဦးမှာဘဲ ၊ နောက်တစ်နေရာပြေလည်သွားရင်လည်း အရင်နေရာကပြန်ဖြစ်မှာဘဲ ။

ဒီတော့အဖြေက အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အရပ်ဘက်အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ပတ်သက်တဲ့ အမိန့်တစ်ရပ်ကို ဥပဒေနဲ့အညီ အမြန်ထုတ်ပြန်သင့်တယ် ၊ဒီလိုလုပ်ခလစာတွေမြှင့်လိုက်လို့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုမသိလို့ ဒီလိုပြောတာမဟုတ် သိပါ၏ ၊ မပြောင်းရင်မဖြစ်တဲ့ ၊ လုပ်ခလစာမတိုးရင်မဖြစ်တော့တဲ့ နောက်ဆုံး အမှတ်ကိုရောက်နေလို့ ပြောတာဖြစ်တယ် ။

ခုအခြေခံအလုပ်သမားတစ်ယောက်ကို ၃၀၀၀၀ လောက်ပေးနေရာကနေ ၆၀၀၀၀ လောက်ရုတ်ချည်း တိုးပေးရမယ်ဆိုရင်အလုပ်ရှင်တွေဘက်မှာလည်း အခက်အခဲတွေ ရုတ်တရက်ဖြစ်ကြမှာပါ ၊ တစ်ဘက်ကဈေးကွက် အခြေအနေကလည်းရှိသေးတာကိုး ၊ ဒီတော့ အလုပ်သမားတွေရဲ့ လစာကို ရုတ်ချည်းတိုးမပေးဘဲ နှစ်ဘက်အဆင်ပြေအောင် တစ်နှစ်အတွင်း ဒါမှမဟုတ် ၁၈လအတွင်း အခြေခံလစာမည်၍မည်မျှ အနည်းဆုံး ဖြစ်အောင်လုပ်ကြရမယ် ၊ ဒီလိုတိုးရာမှာလည်း ၃လတစ်ကြိမ်တော့ဘယ်လိုတိုးရမယ် ဆိုတာမျိုး ထုတ်ပြန်ပြီး ဖြေရှင်းရင် နှစ်ဘက် အဆင်ပြေမယ့်အနေအထားမျိုး ဖြစ်နိုင်ပါတယ် ။

သေချာတာကတော့ အရပ်ဘက်အခြေခံအလုပ်သမားလုပ်ခလစာ မတိုးလျှင်မရတော့ တိုးကိုတိုးမှရတော့မယ် ဆိုတဲ့ အခြေခံအချက်ဖြစ်တယ် ။

ဒေါက်တာဆိတ်ဖွား




Wednesday, May 16, 2012

ဆေးလိပ်သောက်သူများဖတ်ရန်

ဆရာတင်မိုးရဲ့ လက်ရေးမူရင်းနဲ့ ကဗျာလေးပါ ထိထိမိမိရှိလှပါသည် ၊ရည်ရွယ်ချက် ကောင်းလှပါသည် ၊ တိုရှင်းသော်လည်း လိုရင်းရောက်လှပါသည် ၊ မလေးစားပဲမနေနိုင်အောင်ဖြစ်ရပါသည် ။

ဒေါက်တာဆိတ်ဖွား

Monday, May 14, 2012

" ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ်


ယနေ့မြန်မာ့ပညာရေးလောကတွင် အလွန်ကမောက်ကမနိုင်လှသော အမိန့်ဆန်းတစ်ရပ်ရှိလေသည် ၊ ထိုအမိန့်မှာ " ဆရာ  ဆရာမများ ကျူရှင်မသင်ရ "  ဟူသောအမိန့် ဖြစ်လေသည် ၊ သင်ကြားရေးအလုပ်သည် ဆရာတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည် ၊ ကျူရှင်သင်သည်ဆိုသည်မှာလည်း စာသင်သည့်အလုပ်ပင်ဖြစ်သည် ၊ သင်ကြားရေးအလုပ်ဖြင့် အသက်မွေးရသူများက စာသင်တာအပြစ်ဟု ဆိုကြပါမည်လား..ဆိုလျှင်ကော တရားမျှတပါမည်လား ၊အမှန်နှင့်နည်းစပ်ပါမည်လား ဟုမေးစရာ များဖြစ်လာပါသည် ။
 
နိုင်ငံ့ဝန်ထမ်းဆရာဝန်များလည်း ပြင်ပဆေးခန်းများဖွင့်ကာ ဆေးဝါးကုသကြသည် ၊ နိုင်ငံ့ဝန်ထမ်း အင်ဂျင်နီယာများကလည်း ပြင်ပတွင်အင်ဂျင်နီယာလုပ်ငန်းများ ပူးတွဲလုပ်ကာ ၀င်ငွေရှာကြရသည်  ၊ ဆရာကကျူရှင်သင်သည်  ဘာများ ဆန်းပါသနည်း ဘာဆိုဘာမှမဆန်းပါ ၊ ရိုးရှင်းလှပါသည် ။
 
 အထက်တန်းပြဆရာတစ်ယောက်၏ မူရင်းလစာသည် ၄၀၀၀၀ ကျပ်မျှသာဖြစ်သည် ၊ ကျောင်းကိုအသွားအပြန်လုပ်ရသည့် ခရီးစရိတ်မျှသာရှိသည် ၊ ဆရာတို့ဘ၀စားဝတ်နေရေးအတွက် မလောက်ငှကြ ၊ ဒီတော့ကျောင်းချိန်ပြင်ပတွင် စာသင်ပြီး အပိုဝင်ငွေရှာကြရင်း ဘ၀ရပ်တည်ရေး ဆောင်ရွက် နေကြခြင်းသာဖြစ်သည် ။
 
 လစာမလောက်သောကြောင့် ဘယ်ကျောင်းကဆရာများကမှ စု၍ဆန္ဒပြကြသည်ဟူ၍ မကြားဘူးပါ ၊ နိုင်ငံတော်၏ အခက်အခဲကိုနားလည်ပေးကြသူများဖြစ်သည် ၊ နိုင်ငံတော်ကိုအပူမကပ်ကြ ကိုယ့်ဖာသာကိုယ် ကျူရှင်သင်ပြီး ဖြေရှင်းကာ နိုင်ငံတာဝန်ထမ်းနေကြသော သားကောင်းရတနာ နိုင်ငံ့ဝန်ထမ်း များဖြစ်ကြသည် ၊ ထိုဆရာများကို ကျုရှင်မသင်ရဟု အမိန့်ထုတ်ပြန်ထားခြင်းသည် မှန်ကန်သော စီမံခန့်ခွဲမှု ဟုတ်ပါရဲ့လားဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်သုံးသပ်သင့်သော အချိန်ကာလလည်းဖြစ်ပါသည် ။
 
 ကျူရှင်သင်သောအလုပ်သည် လွယ်လှသည်မဟုတ် ကျူရှင်သင်သောဆရာသည် မနက် ၅နာရီမတိုင်ခင်အိပ်ယာမှထရသည် ၊ မနက် ၆နာရီမှ ၈ နာရီအထိ ကျူရှင်တွင်စာသင်ရသည် ၊ ၈ နာရီနှင့် ၉ နာရီအကြားတွင် ကျောင်းကို အပြေးသွားကြရသည် ၊ ကျောင်းတွင် ညနေ ၄နာရီအထိ စာသင်ကြရသည် ၊ ညနေ၅နာရီမှ ည ၈နာရီခန့်ထိကျူရှင်တွင်တစ်ဖန် စာသင်ကြရပြန်သည် ၊ အိမ်အရောက်တွင် မနားရသေး ကျောင်းမှကလေးများ၏ အိမ်စာများကို စစ်ရဆေးရပြန်သည် ၊ ၁၀နာရီကျော်မှနားရသည် ၊ ထိုအချိန်တွင် တစ်နေကုန်မတ်တပ်ရပ်နေရသော ဆရာတို့၏ခြေထောက်အစုံ သည်တောင့်တင်း ညောင်းညာလှပါပြီ မျက်ဝန်းတို့သည် ရီဝေ၍နေပါပြီ အိပ်ယာပေါ်တွင်လှဲလိုက်သည်နှင့် တုံးကနဲအိပ်ပျော်ခြင်းသို့ ရောက်သွားကြပါတော့သည် ။ ထိုဆရာတို့သည်အိပ်ရေး၀၀မအိပ်ရ မနက် ၅နာရီပြန်ထရသည် ၊စနေ၊ တနင်္ဂနွေဟူ၍ မရှိ သင်ကြားနေရသည် ၊ ထိုသို့နေ့မအိပ်ညမအိပ်ကြိုးစား ရုန်းကန်နေကြရသော ဆရာတို့ကို   အသပြာဆရာ များဟု ကျွန်တော်တော့ကင်ပွန်းမတတ်ရက်ပါ.... ..။
 
 ရိုးရိုးကလေးစဉ်းစားကြည့်လျင်ပင် အဖြေကရှင်းနေပါသည် စာတစ်ပုဒ်ကို ကျူရှင်မှာတစ်ခါသင် ကျောင်းမှာတစ်ခါသင် သောကလေးက ကျောင်းတွင် တစ်ခါသာသင်သောသူထက် ပို၍ တော်နေ ၊ ပို၍တတ်နေမည်မှာ ယေဘူယျ အမှန်တရားဖြစ်သည် ၊ ကျူရှင်သင်သောကလေးသည် အထက်တွင်ဆိုခဲ့သော ဆရာများနည်းတူ မနက် ၅ နာရီမှသည် ည ၁၀ နာရီကျော်ထိ သူတို့၏ ဘ၀ကို ပညာရေးတွင် မြှုတ်နှံထားရသည် ၊ ထိုသို့ပညာရေးကို အချိန်များစွာပေးထားသောကျောင်းသားကျောင်းသူ များသည် ၊ ကျောင်းသွားခါနီးမှအိပ်ယာထ အမေအဆင်သင့်လုပ်ထားသောထမင်းကိုစား ထမင်းချိုင့်ကိုဆွဲ ကျောင်းကိုသွား၊ ညနေကျောင်းဆင်းလျင် ဆော့ ၊ ညကြတော့မောပြီး အစောကြီးအိပ် သွားကြကုန်သော သူများထက် စာပေအရာတွင် အစစသာကြသည်မှာ ဘာများဆန်းပါသနည်း ။
 
  ထိုစာညံသောကျောင်းသား ကျောင်းသူများသည် လူငယ်သဘာဝ ညံ့သည်ဟု ၀န်မခံ ကြ ၊ " အမေတို့ကသားတို့ကို ကျူရှင်မှမထားတာကိုး ...ကျူရှင်ထားရင်သားလဲတော်မှာပေါ့ ၊ ဆရာမက မေးခွန်းကို ကျူရှင်မှာသင်ထားတာနေမှပေါ့ " စသောစကားများကို ခံတပ်သဖွယ်အသုံးပြုကာ မိဘတို့ကိုစိတ်ဆင်း ရဲအောင်လုပ်ရင်း မိမိတို့ အပြစ်ကို ဖုံးကွယ်ကြသည်မှာ ထိုစာညံ့ကြသူများ၏ လုပ်ရိုးလုပ်စဉ် အလုပ်မျိုးသာဖြစ်လေသည် ။
 
 ထူးခြားချက်အနေဖြင့် တစ်ခါသင်ယုံမျှဖြင့်ပင် နှစ်ခါသင်ထားသူအချို့ထက် ပိုပြီးသိလွယ် တတ်လွယ်သော ကျောင်းသားမျိုးလဲရှိတတ်ပေရာ ဆရာတို့သည် ထိုကျောင်းသားမျိုးကို မိမိထံတွင်ကျုရှင်ယူသူများထက်ပင် ချီးမွမ်းခန်းထုတ်ကာ မိမိတို့ကျူရှင်သင်ရာနေရာ များသို့ ခေါ်ဆောင်သွားပြီး အခမဲ့သင်ကြားပေးရင်းမြေတောင်မြှောက်ပေး မှုကြောင့် အောင်မြင်ပေါက်မြောက်သွားကြသူများ မရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်ပါသည် ။ ဒီလို ရိုးရှင်းသော အဖြေမှန်တွေရှိနေပါလျှက် မိမိတို့သားသမီး ညံ့တိုင်း ဆရာများကို ပုံချ လက်ညိုးထိုးနေကြမည် ၊ အပြစ်ဆိုနေကြမည်ဆိုပါလျင်  တရားနည်းလမ်း ကျနိုင်ပါမည်လား ဟုမေးစရာ ဖြစ်လာပါသည် ။

အစိုးရက ဤအမိန့်ထုတ်ပြန်ရခြင်းမှာလည်း အချို့သောသူများသည် ဆရာတို့၏ခက်ခဲပင်ပန်းစွာဖြတ်သန်းနေရမှုကို ဃနသချာစွာမသိ ကြပဲ  ဆရာတို့သည် ကျောင်းတွင်သေချာမသင် ၊ ကျူရှင်တွင်သာ သေချာသင်ကြသည် ၊ ကျူရှင်တက်သောကလေးကို အမှတ်ပိုပေးသည် ၊ မတက်သောခလေးကို အမှတ်လျော့သည် ၊ ထိုကြောင့် ထိုအသပြာဆရာများသည် မြန်မာ့ပညာရေးလောက ကိုအရုပ်ဆိုးအောင် လုပ်နေကြသူများဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများမကြာခဏဆိုသလိုပြုလုပ်နေကြသောကြောင့် သားသမီးများအား ကျုရှင်မထားနိုင်သူမိဘများ ၊ ထားနိုင်သော်လည်းမထားကြသူ မိဘများ ကဆရာများအပေါ် တဖြည်းဖြည်း အမြင် စောင်းလာသည် ကြာလာတော့ အထက်ဌာနများသို့ မကြာခဏဆိုသလို တိုင်ကြ တောကြ ဖြစ်လာသဖြင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း ဆရာများကျူရှင်မသင်ရ ဟူသောအမိန့် ကိုထုတ်ပြန်ထားရခြင်းဖြစ်သည်ဟု အကောင်းဘက်မှမြင်ပေးနိုင်ပါသည် ။
 
သို့သော်လည်း ထိုအမိန့်ကြောင့် မိမိကလေးကို ထူးချွန်ထက်မြက်စေလိုသောမိဘများ၏ တောင်းဆိုမှုနှင့် ဆရာတို့၏၀င်ငွေမလောက်ငှမှု တို့ကြောင့် နောက်ဆုံးတွင် အနန္တဂိုဏ်းဝင် ဆရာများသည် မိမိတို့ ခင်မင်နီးစပ်ရာအိမ်များတွင် စာသင်သည့် အလုပ်ကိုပင် မူးယစ်ဆေးဝါးရောင်းဝယ်သကဲ့သို့ တိတ်တိတ်ပုန်း ခိုးလုပ်ရသော အဖြစ်သို့ ရောက်ရှိသွားနေသည်ကိုမူ သတိပြုသင့်ပါသည် ။
 
 နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် ဥပဒေဘောင်အတွင်းနေထိုင်လိုသော အတွေ့အကြုံရှိ လုပ်သက်ရင့် ဆရာများ ဘ၀ရပ်တည်ရေးအတွက် မိမိတို့ချစ်ခင်လှစွာသော ကျောင်းစာသင်ခန်း များကို ကျောခိုင်း၍ အငြိမ်းစားယူကာ ပြင်ပစာသင်ခန်း များသို့ ရောက်သွားကုန်ကြပါသည် ၊ ယခင်ကအစိုးရစာသင်ကျောင်းများတွင် အခမဲ့ရနိုင်နေသော ဆရာတို့၏ သင်ကြားမှုကို ပြင်ပဘော်ဒါ စာသင်ခန်းများတွင် အခကြေးငွေများစွာပေးမှရနိုင်တော့သည့် အဖြစ်ကိုနေ့ချင်းညချင်း ရောက်သွားကြပါတော့သည် ။ ဆရာများဘက် ၊ မိဘများဘက် ၊ ကျောင်းသားများဘက် စသည့်အဘက်ဘက်မှ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြပါသည် ။
 
ဤကဲ့သို့အဘက်ဘက်မှ အားနည်းချက်များလှသော "ဆရာ ဆရာမများ ကျုရှင်မသင်ရ" ဟူသောအမိန့်ကို ယနေ့ကဲ့သို့သော ပြုပြင်ပြောင်းလည်းရေး ကာလတွင် ပြန်လည် ပယ်ဖျက်ခြင်းအားဖြင့် နိုင်ငံသစ်တည်ဆောက်ရေးတွင် ဆရာတို့၏ အားကိုရယူသင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည် ။
ဆရာတို့ဘ၀တောက်ပကြပါစေ.........
ဒေါက်တာဆိတ်ဖွား


( မှတ်ချက် ။   ။ စာရေးသူသည် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာဆရာမများ၏ အခက်အခဲများကို မီးမောင်းထိုးပြလိုသော ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများမှ မူလတန်း ၊ အလယ်တန်း ။ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၁၂ ဦး ဆရာ ဆရာမ ၆၇ ဦးတို့အားတွေ့ဆုံမေးမြန်းကာ  "အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ " ဟူသော ဆောင်းပါးနှင့် " ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ် ဟူသော ဆောင်းပါးနှစ်ပုဒ်ကို ရေးသားခဲ့ပါသည် ၊ ဆောင်းပါး၂ ခုပါ အချက်အလက်များသည် မျက်မှောက်ခေတ် ကျောင်းဆရာ ၊ ဆရာမတို့၏ ရင်တွင်းဖြစ် ခံစားမှုများကို ကိုယ်စားပြုကြောင်း တာဝန်ယူပါသည် ။

ထူးခြားချက်တစ်ခုမှာ စာရေးသူ မေးမြန်းခဲ့သော  ကျောင်းအုပ်ကြီး ၁၂ ဦးအပါအ၀င် ဆရာဆရာမ ၆၇ ဦးတို့တွင် အသက်အရွယ်ကြီးသူ လုပ်သက်ရင့်များ ၊ လုပ်သက်အလယ်အလတ်ရှိသူများ ၊ လုပ်သက်နုသေးသူများ ၊ ဆရာအတတ်သင် ကျောင်းအမျိုးမျိုးမှ ပုံစံအမျိုးမျိုးဖြင့် ဆရာဖြစ်လာကြသူများ ၊အမျိုးသားဆရာများ အမျိုးသမီးဆရာမများ ၊ မူလတန်း အထက်တန်း ၊အလယ်တန်း စသော မျိုးမတူအစုများ ၊ မြို့ကြီး ၊ မြို့လတ် ၊ မြို့ငယ်  ၊ ကျေးလက်ဒေသများ တွင်တာဝန်ထန်းဆောင်နေကြကုန်သော အလွှာပေါင်းစုံပါဝင်ပါသည် ထိုနေရာဒေသပေါင်းစုံ အလွှာပေါင်းစုံ အသက်အရွယ်မျိုးစုံသော ဆရာ၊ ဆရာမများ အားလုံးတို့သည် ဆရာများ ကျုရှင်မသင်ရဟူသော အမိန့်ကိုမူ တညီတညွတ်တည်း မနှစ်သက်ကြပါ ၊ သဘောမတူကြပါ ၊ မထောက်ခံကြပါ ။

ဤဆောင်းပါးများသည် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ဆရာတို့၏အခန်းကဏ္ဍ ပါဝင်လာစေရန် ရည်ရွယ်ပါသည် မည်သူတစ်စုံတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုသော ဆန္ဒ စိုးစဉ်းမျှမရှိပါ ဤမှန်သောသစ္စာစကားကြောင့် ဆရာတို့ဘ၀ တောက်ပပါစေ.....။

ဆရာတို့၏ကျေးဇူးကိုဆပ်လိုသူတိုင်းက ဤဆောင်းပါးများကို ဖြန့်ဝေပေးကြလျှင် ကျွန်တော် ပင်ပန်းရကျိုးနပ်ပါပြီ ..... စာဖတ်သူများရော ကူညီဖြန့်ဝေပေးကြသူအားလုံးကို လေးလေး စားစား ကျေးဇူးတင်ပါသည် ။ )

Saturday, May 12, 2012

အခြေခံပညာကျောင်းအုပ်ကြီးများကို ကယ်တင်ပါ.......

လာမယ့် ၂၅ ရက်နေ့ဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းအခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံရပါတော့မယ် အစိုးရဘက်ကလည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ မည်သည့်အလှူငွေ မှ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်များထုတ်ပြန် တားမြစ်သံတွေကြားနေရ ပါပြီ  ကျောင်းအပ်နှံရာမှာ  မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ် ၊အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမည်ဖြစ်ပြီး မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း အမိန့်တွေထုတ်နေပါပြီ ၊သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့် ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာအခြေခံပညာကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ မကောက်ဘို့ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ ထိုးနေရတဲ့နေရာတွေလည်း ထိုးနေရပါပြီ ။

အစိုးရ ပညာရေးဌာနတာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်းအထက်တန်း မိဘဆရာအသင်းကြေး သာကောက်ရမယ်လို့ ဆိုပါတယ် မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာဖြစ်ပါသည် ။ဒါကလွဲရင်ဘာမှမကောက်ရဘူးလို့ အစိုးရရဲ့ အမိန့်ကဆိုနေပါတယ် ၊ဒါကိုမီဒီယာတွေမှာ လည်းဖေါ်ပြနေတော့ ကျောင်းသားမိဘတွေကလည်း ဒီအတိုင်းသိနေကြပါပြီ ၊ ဒါမကောင်းဘူးလား လို့မေးရင် သိပ်ကောင်းတာပေါ့ဗျာ လို့ ပြောရမည်သာဖြစ်ပါသည် ။ သို့သော် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူများရော မိဘပြည်သူများရော စဉ်းစားရပါတော့မည် ။

သူငယ်တန်းမှ ၈တန်းအထိ တစ်တန်းလျှင်ကျောင်းသားဦးရေ ၁၀၀ နှုန်းဖြင့် ၉၀၀ ဦး  ၉တန်း ၁၀ တန်း တစ်တန်းလျှင် ၂၀၀ ဦးနှုန်းဖြင့် ၄၀၀ဦး စုစုပေါင်း ကျောင်းသားဦးရေ ၁၃၀၀ ရှိသော အထက်တန်းကျောင်းတစ်ကျောင်း ဆိုပါစို့ ထိုကျောင်းအတွက် ပညာရေးဌာနကသတ်မှတ် ထားသော ကျောင်းသားဆရာအချိုး ၊ ဘာသာရပ်သင်ဆရာနှင့်ကျောင်းသားအချိုး များနှင့်တွက်ချက်ပါက အနည်းဆုံးဆရာ ၁၀၀ ဦးရှိရပါမည် ။ စာသင်ခန်းတစ်ခန်း ပျမ်းမျှ ၃၃ ဦးနှုန်း ဖြင့်ထားပါက တစ်ကျောင်းလုံးစာသင်ခန်း ၄၀ ရှိပါမည် ။ထိုကျောင်းသား ၁၃၀၀ ဆရာ ၁၀၀ စာသင်ခန်း ၄၀ ရှိသော ကျောင်းတစ်ကျောင်း၏ တစ်နှစ်ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရအောင်ပါ ။

ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းအပ်ခံနိုင်ဘို့ ကျောင်းဝင်ခွင့်လျှောက်လွှာများ ၊ မိဘဆရာအသင်းကြေး များလက်ခံရရှိကြောင်းငွေပြေစာများပုံနှိပ်ခြင်း  ( ကျောင်းသားမိဘပေးရန် ၊ ကျောင်းလက်ခံ ၊ စာရင်းအစစ်ခံရန်အတွက် ) ၊ ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုဆိုင်းဘုတ်များ  ပြုလုပ်ခြင်း (အချို့တိုင်းများတွင် တိုင်းပညာရေးမှူးရုံးကဗီနိုင်းများ ပုံနှိပ်၍ရောင်းပါသည် ၊ မ၀ယ်လို့လဲမရပါ ) ကျောင်းအပ်နှံရေးနေ့အတွက် ငွေကောက်မကောက် လာစစ်ကြကုန်သော အမျိုးမျိုးသော စစ်ဆေးရေးအဖွဲ့များ ဧည့်ခံခြင်း ၊ ပုံနှိပ်စာအုပ်များကို သတ်မှတ်နေရာများမှ ကျောင်းအရောက် အကြိမ်ကြိမ် ကားဖြင့်သယ်ယူခြင်း (တစ်ကြိမ်တည်းနှင့်အကုန်အပြည့်အစုံမရပါ ကျောင်းဖွင့်ပြီး ၂ လလောက်အထိ အကြိမ်ကြိမ်ထုတ်ယူရပါသည် ) အစရှိသော ကိစ္စအ၀၀ များအတွက် မြန်မာငွေ ၂သိန်း မရှိလျှင်မရပါ ။

ဆရာဆရာ ၁၀၀ အတွက် Teaching Notes ရေးရန်အတွက် လယ်ဂျာစာအုပ် ၁၀၀ ( ထိုစာအုပ်မရှိ၍မရပါ ကျောင်းစစ်လာလျှင် စစ်ပါသည် ) ၊ စာသင်ခန်း ၄၀အတွက် ကျောင်းခေါ်ကြိမ်မှတ်တမ်းစာအုပ် ၄၀ ၊ အမှတ်စာရင်းစာအုပ် ၄၀ ၊ ဆရာစာသင်ကြားမှုမှတ်ပုံတင် စာအုပ် ၄၀ ၊ ကျောင်းတစ်ကျောင်းလုံး၏ စာရင်းချုပ်များပြုလုပ်ရန် ၊ အထက်ဌာနများ၏စစ်ဆေးချက်များပြုလုပ်ရန်ကျောင်းအုပ်ကြီးရုံးအတွက် လယ်ဂျာစာအုပ် ၄၀ ၊ စုစုပေါင်းလယ်ဂျာစာအုပ်  ၂၆၀ ၊ (ထိုစာအုပ်များအညံ့စားဝယ်၍မရပါ ကျောင်းစစ်များလာတိုင်းစစ်ပါသည် စုတ်ပြတ်နေလျှင်လွှင့်ပစ်ပါသည် ) ၊ အလတ်တန်းစားဝယ်ရင် တစ်အုပ် ၅၀၀ ၊ ထို့ကြောင့် ၅၀၀ x ၂၆၀ = ၁၃၀၀၀၀ ဖြစ်ပါသည် ။ ကျောင်းသားတစ်ဦးစီအတွက် ပညာရည်တိုးတက်မှုမှတ်တမ်း ( Report Card ) အတွက် ၂၀၀၀၀ ကျပ် စုစုပေါင်းမြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။

စာသင်ခန်း ၄၀အတွက် သင်ပုံးများကို ပြည်တွင်းဖြစ်စိန်တံဆိပ် အညံ့စားသင်ပုန်းဆေးသုတ်ခြင်း ၊ ဘောဖျက် ( Duster ) ၊တစ်နှစ်စာ  မြေဖြူ (ရေးဖြစ်ရုံ အမျိုးအစား ) ၀ယ်ယူရန်အတွက်လည်း မြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။ မြေဖြူပုံးသေးသေးလေး ၁၀၀ ပါသော ပုံးကြီးတစ်ပုံးကို မြန်မာငွေ ၇ သောင်းပေးနေရပါသည် ။ 

နောက်တစ်ခုက စာသင်ခုံဖြစ်ပါသည် ၊ မူလကစာသင်ခုံများ အပြည့်အစုံရှိနေသည့်တိုင်အောင် တစ်နှစ်လျှင် စာသင်ခန်း တစ်ခန်းအတွက် အနည်းဆုံးစာသင်ခုံတစ်လုံးနှုံးအစားထိုး ဖြည့်တင်းပေးရပါသည် ၊ မည်သို့ပင် ဖင်ငြိမ်အောင်ထိုင်ထိုင် ၊ မည်သို့ပင် မကျိုးခင်ကသံရိုက်ရိုက် ၊ ဒီထိုင်ခုံကပျက်တာကို ဟိုဘက်အကျိုးကကောင်းတာနဲ့ဘယ်လိုပေါင်းပေါင်း တစ်နှစ်ကို တန်းခွဲတစ်ခုအတွက် စာသင်ခုံတစ်လုံးနှုံး ပျမ်းမျှအစားထိုးရပါသည် ၊ ဒီခေတ်မှာ အညံ့စားသစ်နဲ့လုပ်ထားတဲ့ နှစ်ယောက်ထိုင် စာသင်ခုံတစ်လုံးကို မြန်မာငွေ ၂သောင်းခွဲမပေးလျှင်မရပါ  ဒီတော့ ၂၅၀၀၀ x ၄၀ = ၁၀၀၀၀၀၀ ( ၁၀ သိန်း) ဖြစ်ပါသည် ။ ဒါမြို့မှာ မီးမလောင်မှ ၊ ရေမကြီးမှ ပါ ၊ မီးလောင်လို့ ရေကြီးလို့များ ကယ်ဆယ်ရေးစခန်းကျောင်းမှာလာဖွင့်လိုက်လို့ကတော့ ရှိတဲ့ခုံအကုန် အေးချမ်းမေ ဖြစ်ကုန်ပါသည် ။မြို့မှာအခမ်းအနားရှိတိုင်းကျောင်းကခုံတွေလာယူပါသည် ၊ တင်လိုက်ချလိုက်နဲ့ ပြန်လာတော့ခုံပို လာသည်ဟူ၍ မရှိပါ ၊ နဲ့လာတာကျိုးလာတာ ၊ ပါမလာတာသာရှိပါသည် ။မည်သို့ပင်ဖြစ်စေကျောင်းအုပ်ကြီးသည် သာမန်အခြေအနေတွင် တစ်နှစ် ( ၁၀ ) သိန်းဘိုးလောက်တော့ အနည်းဆုံးကုန်မှ နောက်နှစ်ကျောင်းဖွင့်လျှင် ကျောင်းသားများထိုင်စရာရှိပါသည် ။ဒီကြားထဲ ငွေမကောက်၇န်အမိန့်ထုတ်ထားသူများက ကျောင်းကိုလာစစ်ရင် ကျောင်းအုပ်ကြီး ခင်ဗျားကျောင်းက ကျောင်းသားနဲ့ စာသင်ခုံအချိုးမကျဘူး နည်းနေတယ် လုပ်ဦးလေ ကျောင်းသားတွေကြပ်နေမှာပေါ့ဗျ ၊ ဒီစာသင်ခုံနဲ့ ကျောင်းသားအချိုးမ ကိုက်ရင် ကျောင်းအုပ်ဆရာကြီးရဲ့ စွမ်းဆောင်ရည်အကွက်မှာ အမှတ်လျော့မယ် ဒါဆိုရင်ခင်ဗျား ပရိုမိုးရှင်မ၇တော့ဘူးဗျ ဟု ညွှန်ကြားသွားတော်မူသည်များလည်း ရှိပါသည် ။

နောက်တစ်ခုက ရေမိလ္လာ ကိစ္စ ဖြစ်ပါသည် ၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအိမ်သာနှင့် ပတ်သက်သော သောညွှန်ကြားချက်မှာ ကျောင်းသား ၅၀ ဦးလျှင် အိမ်သာ တစ်လုံးနှုန်းအနည်းဆုံး ရှိရမည်ဟုဆိုပါသည် ။ ဒီတော့ကျောင်းသားဦးရေနဲ့ တွက်လိုက်ရင် ယောကျားလေးအိမ်သာ ၁၄လုံး မိန်းခလေးအိမ်သာ ၁၄ လုံး ဆရာဆရာမအိမ်သာ ၂လုံး  စုစုပေါင်း အိမ်သာ ၃၀ ရှိပါမည် ။ ကျောင်း၏သဘောမှာ တစ်ချိန်တည်းတက် ၊ တစ်ချိန်ထဲဆင်း စနစ်ဖြစ်သောကြောင့် ပါလျှင်လည်းတစ်ချိန်တည်းဖြစ်ပါသည် ။ထို့အတွက်ကြောင့် အိမ်သာအလုံး ၃၀ သည် ကျောင်းဆင်းချိန်များတွင် ပြည့်ကျပ်နေပါသည် ၊ လူ ဦးရေ ၁၄၀၀ ခန့် နေ့စဉ်သုံးသော အိမ်သာတို့ကို ၂ လလျှင် ၃ ကြိမ်ခန့် စုပ်ထုတ်ရပါသည် ၊ တစ်ကြိမ်စုပ်ထုတ်လျှင် ယောကျားလေးအိမ်သာဘက် ၂သောင်းခွဲ ၊ မိန်းခလေးအိမ်သာဘက် ၂သောင်းခွဲ စုစုပေါင်းတစ်ကြိမ်လျှင် မြန်မာငွေ ၅၀၀၀၀ ကျပ်ကုန်ကျပါသည် ။စာသင်လ ၈ လအတွင် ၁၆ ကြိမ်  တစ်ကြိမ်လျှင် ၅၀၀၀၀ ဆိုတော့ ၈သိန်း ကျပါသည် ။ဒါတောင်ကျောင်းမို့လို့ စည်ပင်က အကူအညီပေးတဲ့ ဈေးပါ ၊ ထိုအိမ်သာ အလုံး ၃၀ အတွက် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအနည်း ဆုံးငှားထားရပါသည် ၊ မငှားလို့မရပါ ၊ ကျောင်းသားများအသင်းလိုက်တာဝန်ကျလုပ်တာလည်း လုပ်တာသာဖြစ်ပါသည် တကယ်တမ်း ပိတ်ပြီဆို့ပြီဆိုရင်ကျောင်းသားတွေမလုပ်တတ်တော့ပါ ၊ ကျောင်းအိမ်သာများနေကတိုင်းပိတ်ဆို့ပါသည် ။ စက္ကူများဖြင့်ပိတ်ဆို့ပါသည် ၊ ရေကျအောင်မလောင်းပါ ၊ နောက်လူတစ်ယောက်ကလည်းဝင်လာပြီးဒီအတိုင်းဆက်သွားလိုက်ပါတယ် ၊ ၃ယောက်လောက်လည်းသွားပြီးရောမ၇တော့ပါဘူး ပိတ်ဆို့ကုန်ပါတယ် ၊ မိန်းခလေးအိမ်သာ ဘက်မှာလည်း အပျိုဖေါ်ဝင်စကျောင်းသူများရဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အိမ်သာထဲထည့်ပါသည် ၊ ဘယ်လောက်ပြောပြော ၊ ဘယ်လောက် ဘေးမှာထည့်စရာထားထားမရ ပါ အိမ်သာထဲကိုထည့်ဖြစ်အောင် ထည့်ပါသည် ၊ခက်လှပါသည် ၊ ကျောင်းဖွဲ့စည်းပုံတွင်ထိုသန့်ရှင်းရေးဝန်ထမ်းမပါရှိပါ ၊ သပ်သပ်ငှားရပါသည်  တစ်လကို မြန်မာငွေ ၅၀၀၀၀ ပေးပြီးတောင်းတောင်းပန်ပန် ငှား၇ပါသည် ။ တစ်လ ၅၀၀၀၀ ဆိုတော့ ကျောင်းဖွင့်လ ၈ လအတွက် ၄ သိန်း ၊ ကျောင်းပိတ်ရက်နှင့်စာမေးပွဲရာသီ ၄ လအတွက်တစ်လလျှင် ၂သောင်းခွဲနှုံးဖြင့် ၁ သိန်း စုစုပေါင်း ၅ သိန်းကုန်ပါသည် ။ ဒီကြားထဲ မီးပျက်လို့ရေမတင်နိုင်ရင်ဖြစ်ဖြစ် ၊ မြို့ရေပေးရေးက ရေမလာရင်ဖြစ်ဖြစ် ထို လူ ၁၄၀၀ ပါတော်မူရေးအတွက် ကျောင်းအုပ်ကြီးတို့သည် ၊ စည်ပင် ၊ မီးသတ်တို့မှ တာဝန်ရှိသူတို့ထံမျက်နှာငယ်ငယ်ဖြင့်သွားကာ  ရေကားအကူအညီတောင်းခံရပါသည် ၊ ဒီမှာဆရာကြီးရ ဆရာကြီးကိုတော့ကူညီချင်ပါတယ် ဒါပေမယ့် မီးသတ်ကားဆရာကြီးဆီ သွားတုန်းမြို့မီးလောင်ရင် ကျွန်တော် ပြုတ်ပြီဗျ ၊နောက် တစ်ခုက မီးသတ်ဆိုတာလည်း မီးမလောင်ရင်ဆီတင်တောင်းလို့ မရဘူးဗျ စက်နှိုးဆီလောက်ပဲရှိတာ ...ဟုဆိုကာ စကားကိုဖြတ်ထားသဖြင့် ဟုတ်ကဲ့ပါ ဦးစီးမှူးကြီးရယ် ဆီဘိုး တစ်ခေါက်ကိုတစ်သောင်းပေးပါ့မယ်ခင်ဗျာ ရေရရင်ပဲတော်လှပါပြီ ကျောင်းအုပ်ကြီးကတောင်းပန်ရ သည့်အပြင် ထိုမီးသတ်ကားကျောင်းကိုလာနေတုန်း မြို့မီးမလောင်အောင်လည်း ဂါထာပေါင်းစုံရွတ်ကာ ဆုတောင်းပေးရသေးလေသည် ၊ မီးသတ်ကတမင်ညစ်သည်မဟုတ် ၊ သူ့တွင်လည်းထိုအခက်အခဲ အမှန်ပင်ရှိပါသည် ။ မခက်လှပါလား....။ဒီကြားထဲ ငွေမကောက်ရန် ညွှန်ကြားထားသူများက ကျောင်းကိုလာစစ်ရင် အိမ်သာကိုအရင်စစ်ပါသည် ၊ ခင်ဗျားကျောင်းအိမ်သာတွေက သန့်ရှင်းရေးတော့မဆိုးပါပါဘူး ...ဒါပေမယ့် ဒက်တောပိုးသတ်ဆေးနဲ့မရဘူး ဒါဖြန်းဘို့လိုတယ် များများဖြန်းရမယ် ၊ ၀မ်းရောဂါဆိုတာဒီလိုအများသုံးအိမ်သာတွေကဖြစ်တာဗျ ... ဟိုနောက်က မိလ္လာကန်ပတ်လည်မှာလည်း ထုံးမဖြူးထားပါလား ... ဆရာကြိးပေါ့တယ်နော်... သေချာလုပ်ဘို့လိုမယ် ၊ ဟင်.... ဒီမှာ အိမ်သာကထွက်လာရင် လက်ဆေးဘို့ဆပ်ပြာလည်းမရှိပါလား.... ဟာ... ခက်တော့တာပဲ ခင်ဗျား ကျောင်းကျန်းမာရေး ကို့စ်တွေ ဘာတွေမတက်ဘူးဘူးထင်တယ် ...ဒီကို့စ်တွေမှာဒါတွေပါတယ်ဗျ ဟု လေဖြင့်လမ်းညွှန်သွားသူများလည်းရှိရာ ကျောင်းအုပ်ကြီးများက ခင်ဗျားလည်းကျောင်းအုပ်ကြီး မလုပ်ဖူးဘူးထင် တယ်ဟု ပြန်မေးချင်သော်လည်း မမေးလိုက်ရပဲ ငြိမ်၍ နေလိုက်၇သော အဖြစ်များလည်း အမှန်ပင်ရှိပါသည် ။

နောက်တစ်ခုက စာမေးပွဲစစ်ဆေးခြင်းဖြစ်ပါသည် ၊ ငွေမကုန်ပဲစာမေးပွဲစစ်နည်းဟူ၍ ကမ္ဘာမှာမရှိပါ စာမေးပွဲတို့သည် မေးခွန်း ၊ အဖြေလွှာ  အစရှိသည်တို့အတွက် အတိုင်းတာတစ်ခုအထိ ကုန်ကျမည်သာဖြစ်ပါသည် အလကားစစ်သော စာမေးပွဲသည် အလကားစာမေးပွဲသာဖြစ်ပါမည် ။ဤနေရာတွင် ယခုခေတ်ကျောင်းများ၏ စာမေးပွဲစစ်နည်းများကို အကျဉ်းတင်ပြလိုပါသည် တစ်လတစ်ခါစစ်သော Chapter End Test ဟုခေါ်သော အခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများ ၊ ပထမနှစ်ဝက်ဆုံး စာမေးပွဲ ၊ ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ ဟူ၍ အကြိမ်များစွာစစ်ရပါသည် ။အတန်းငယ်များသည် မေးခွန်းကို ကျောက်သင်ပုန်းတွင်ရေး၍  ဖြေခိုင်းလျှင်ရနိုင်သော်လည်း အတန်းကြီးလျှင်မရပါ ၊ နောက်ပြီး Chapter End Test ကစာအုပ်ထားရပါသည် ၊ တစ်ဘာသာလျှင်တစ်အုပ်ထားရပါသည် ၊ ထိုစာအုပ်များကိုလည်း ကျောင်းစစ်ဆေးရေးများက စစ်ပါသည် ပုံစံတူထားရပါသည်  ၊ ပုံစံတူစေရန် ကျောင်းက၀ယ်ပြီးရောင်းလျှင်လည်း အတိုင်ခံရပါသည် ၊ ကျောင်းကပုံစံသတ်မှတ်၍ ဒီပုံစာအုပ်တွေကိုယ့်ဖာသာဝယ်ခဲ့ကြဟေ့ ဆိုပြီးမှာလိုက်လျှင်လည်း ပုံစံမျိုးစုံဝယ်လာပါသည်...... ကျောင်းအုပ်ကြီးဘ၀ခက်လှပါသည် ။ ကျောင်းသား ၁၃၀၀ ခန့်ရှိသောကျောင်းတစ်ကျောင်း၏ စာမေးပွဲတစ်ကြိမ်ဖြစ်၇န် အနည်းဆုံး ၂သိန်းခန့်ကုန်ပါသည် ၊လစဉ်စစ်၇သောစာမေးပွဲများ နှင့် စာမေးပွဲကြီး ၂ ကြိမ်အတွက် တစ်နှစ် ၅သိန်းခန့်အနည်းဆုံးကုန်ပါသည် ။
နောက်တစ်ခုက ကျောင်းသားစုံညီပွဲတစ်ခါလုပ်ရင် ဆုပေးတာနဲ့ဘာနဲ့ဆို မြန်မာငွေ ၁၀ သိန်းလောက် မကုန်ရင် စုံညီပွဲမဖြစ်ပါ မစုံမညီပွဲတော့ဖြစ်ချင်ဖြစ်ပါမည် ။ အတန်း ၁၁ တန်းအတွက် တစ်တန်းကို ပ ဒု တ ၊ နဲ့ ၃၃ ယောက် ၊ နောက်အထိမ်းအမှတ်ပွဲတွေမှာ စာစီစာကုံးတို့ ကဗျာတို့ ဆိုကရေးတီးတို့ ၊ အားကစားတို့ စတဲ့ပွဲတွေမှာ ထူးချွန်တဲ့ကလေးတွေ စုပေါင်းလိုက်ရင် ၅၀ လောက်ဆုပေး၇ပါတယ် ၊ နောက်ဆရာဆရာမများ ကို ခွင့်မယူဆုတို့ ၊ ဘာသာရပ်သင်ထူးချွန်ဆုတို့ ၊ အစရှိသဖြင့် ၁၀ ဦးလောက်ပေး စုစုပေါင်း လူ ၆၀လောက်ကိုဆုပေး ၊ နောက်အခမ်းအနားလုပ် ဖိတ်ကြားသူတွေကိုဧည့်ခံ ၊ ကျောင်းကပွဲအတွက်ကုန်ကျစရိတ်တွေ ၊အသံပိုင်းဆိုင်ရာစက်ငှားတာတွေ ပေါင်းရင် ၁၀သိန်းဆိုတာ ခပ်မွဲမွဲကျောင်းမှာကုန်တာပါ ။

နောက် အထိမ်းအမှတ်နေ့တွေမှာ စာစီစာကုံးတွေ ၊ ကဗျာတွေပြိုင်တာ ၊ နောက်အားကစားတွေပြိုင်တာ ၊ နောက်ဆိုကရေးတီးပြိုင်တာတွေဟာ ကိုယ့်ကျောင်းသားက ထူးချွန်ရင်ထူးချွန်သလောက် ပိုက်ဆံကုန်ပါတယ် ၊ ဆိုလိုတာက တိုင်းအဆင့်ထိပါရင် တိုင်းကို ကျောင်းသားတွေရယ် ၊အုပ်ထိန်းသူမိဘတွေရယ် ၊ ကြီးကြပ်သူဆရာတွေရယ် တပြုံတမကြီးကို ကျောင်းကနေစရိတ်ခံပြီး လွှတ်၇တာပါ သိန်းချီကုန်ပါတယ်  ၊ နိုင်ငံတော်အဆင့်များထပ်ပါသွား လို့ကတော့ သေပြီဆရာ ဆိုတာလို ဖြစ်ပါတယ် ။ ကျောင်းအုပ်ဆရာကြီးတွေဟာ ကိုယ့်ကျောင်းသားဒဏ် ကိုယ်သာခံ ဆိုတာလိုဖြစ်နေတော့ ၊ နိုင်ငံအတွက်ထူးချွန်သူတွေမွေးထုတ်ပေးရမယ့် ကျောင်းအုပ်ကြီးတွေဟာ ကိုယ့်ကျောင်းသား ထူးချွန်မှာကို ကြောက်နေရတဲ့ဘ၀ဖြစ်နေပါတယ် ။

ပြောရင်ကုန်မှာမဟုတ်လို့ ဒီလောက်နဲ့နိဂုံးချုပ်ပါမယ် ၊ အထက်ကတင်ပြခဲ့တဲ့ ကဏ္ဍအသီးသီးမှာ ကုန်ကျတာတွေကို ပေါင်းလိုက်ရင် ကျောင်းသား ၁၃၀၀ လောက်ရှိတဲ့ကျောင်းတစ်ကျောင်းဟာ အနည်းဆုံး မြန်မာငွေ သိန်း ၆၀ လောက်ကုန်မှ ရပ်တည်နိုင်ပါတယ် ဒီထက်ပိုဘို့ပဲရှိပါတယ် လိုဘို့မရှိပါဘူး ၊ အဲဒီကျောင်းကိုအစိုးရက တရာဝင်ခွင့်ပြုလို့၇တဲ့ကောက်ခံငွေစုစုပေါင်းဟာ တစ်နှစ်စာ ၄သိန်း ၆ သောင်းပဲ ရှိပါတယ်  ကဲ စာဖတ်သူတို့သာကျောင်းအုပ်ဆရာကြီးနေရမှာဆို ဘယ်လိုလုပ်ကြမလဲ ၊

ကျောင်းသား ၁၃၀၀ ၊ ဆရာဆရာမ ၁၀၀ ၊ စာသင်ခန်း ၄၀ ရှိတဲ့ ပညာရေးယန္တယားကြီးကို မောင်းနှင်ဘို့အတွက် တစ်နှစ်ကို ၄သိန်း ၆သောင်းပဲပေးမယ် အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၅၅၀ ပဲပေးမယ် မင်းပိုက်ဆံလုံးဝထပ်မကောက်နဲ့တော့ ဒါနဲ့ရအောင်လုပ် ကောက်ရင်အရေးယူမယ်ဆိုတာ တရားမျှတပါရဲ့လားမိတ်ဆွေတို့ ၊ မိတ်ဆွေတို့သားသမီးတွေ ပညာသင်ဘို့အတွက် ဆရာကြီးတွေဟာ နိုင်ငံတော်မူဝါဒနဲ့လည်း မဆန့်ကျင်အောင် ခလေးတွေလည်း ပညာရေးအဆင်ပြေအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတယ် ၊ စေတနာရှင်ပြည်သူတွေရဲ့အလှူငွေလေးတွေကိုမျက်နှာငယ်ငယ်နဲ့အလှူခံပြီး မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့ကြတယ်လေ.... ဒီဆရာကြီးတွေ ဆရာမကြီးတွေကို ပိုက်ဆံပိုကောက်ရကောင်းလားဆိုပြီး တိုင်လားတောလားလုပ်ရက်ကြပါသလားခင်ဗျာ ၊ ငါတို့အမိန့်အတိုင်းမလိုက်နာရင် အရေးယူလိုက်မဟဲ့ ဆိုတဲ့သူတွေကရော အရေးယူရက်ပါသလား ခင်ဗျာ....မီဒီယာတွေကရော... အစိုးရကပိုက်ဆံမကောက်နဲ့ အမိန့်ထုတ်ထားပြီ ကောက် တဲ့ကျောင်းအုပ်တော့ မီဒီယာကနေ ဆော်ထည့်လိုက်ဦးမဟဲ့လို့ ဆိုရင်မှန်ပါ့မလားဗျာ ။

ပုထုဇဉ်ဘာဝ အဂတိလိုက်စားသူအချို့တော့ရှိကောင်းရှိမှာပေါ့ဗျာ အများစုက ဒီလိုမဟုတ်ပါဘူး ဆရာစိတ်ဆိုတာ ဆရာဖြစ်ဘူးမှသိတာပါ...ကျောင်းသားတွေအပေါ်မှာ ဘယ်တော့မှ ဖေါက်လွှဲဖေါက်ပြန် မရှိပါဘူး ဆိုတာကျွန်တော်ယုံပါတယ် ။

ဒီဆောင်းပါးလေးနဲ့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာတွေကို ရိုသေစွာကန်တော့ပါတယ် ဆရာတို့ဘ၀ တောက်ပကြပါစေ............

ဒေါက်တာဆိတ်ဖွား


( ဒီဆောင်းပါးလေးကို လက်ဆင့်ကမ်းပေးခြင်းဖြင့် ဆရာတို့ဘ၀ကို ကယ်တင်ကြပါ ခင်ဗျား... )

Friday, May 11, 2012

မီဒီယာကိုခုတုံးလုပ်၍စီးပွားရှာနေသာ သန်းထွဋ်အောင် (သို့) Eleven Media

အစိုးရရဲ့ ကားတင်သွင်းခွင့်မူဝါဒနဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မီဒီယာကိုပြပါဆိုရင် ပွကြီး Eleven မီဒီယာကိုပြရမှာပါဘဲ ၊ အစိုးရက ၂၀၀၇ မော်ဒယ်အထက်ကားတွေကို ကားဝယ်ဘို့လုံလောက်တဲ့ နိုင်ငံခြားငွေအကောင့်တစ်ခုရှိတာနဲ့ တင်သွင်းခွင့်ပြုလိုက်တာကို ပြည်သူအများ စုကကြိုဆိုကြပေမယ့် Eleven မီဒီယာကတော့ ကားတွေကျပ်လာမယ် ၊ ထိခိုက်သူတွေရှိတယ် ၊ အစိုးရဟာ ၈ လအတွင်းမူဝါဒ ၆ ခါပြောင်းနေတယ် အစရှိသဖြင့် အစိုးရကိုတိုက်ခိုက်ဝေဖန်ပြီး သူကတော့ ပြည်သူတွေနစ်နာမှာစိုးသလိုလို ကားတွေကျပ်လာပြီး လမ်းတွေပိတ်လာမှာပဲစိုး သလိုလို ပြည်သူ့ဘက်ကပဲရပ်တည်နေတဲ့စေတနာ မီဒီယာကြီးလိုလို လုပ်နေတာကို အမြင်ကပ်လို့ ဒီဆောင်းပါးကိုရေးပါတယ် ။

ဒီပုံကို ဦးမင်္ဂလာရဲ့ ဖေ့စ်ဘုတ်ကနေယူထားတာပါ

ပထမဦးဆုံးသိထားရမှာက အမှတ် ၈၂ မြန်မာ့ဂုဏ်ရည်လမ်း သာကေတ မှာရှိတဲ့ Paing Paing Auto ကား Showroom ဟာ Eleven က CEO သန်းထွဋ်အောင်ရဲ့ မိန်းမ ဒေါ်ယဉ်မွန်ဦး ပိုင်ပါတယ် တန်ဘိုးကြီးကားပေါင်းစုံကို ဒီ Showroom မှာရနိုင်ပါတယ် ၊ပါမစ်ပေါင်းစုံကိုလည်း ၀ယ်ပါတယ် ၊ ဒီနေရာမှာကြုံတုန်း သန်းထွဋ်အောင်ရဲ့မိန်းမ ဒေါ်ယဉ်မွန်ဦး အကြောင်းကို ပြောချင်ပါတယ် သူဟာ တိုက်ပွဲမှာကျဆုံးသွားတဲ့ ဗိုလ်မှူးဟောင်းတစ်ဦးရဲ့သမီးဖြစ်ပါတယ် ၊ မြို့မကျောင်းထွက်ဖြစ်ပြီး အရင်က ဗိုလ်ချုပ်ဈေးမှာ ဆိုင်ဖွင့်ထားပါတယ် ။ ၁၀ တန်းအောင်ပြီးကာလမှာပဲ မြန်မာပြည်က နာမည်ကျော် သရုပ်ဆောင်ဒါရိုက်တာကြီး တစ်ဦးရဲ့ သား ( ယခုအမေရိကားတွင်နေထိုင်သူ) နဲ့ လူငယ်သဘာဝ ချစ်ကြိုက်နေရာကနေ သန်းထွဋ်အောင်က ယောက္ခမကို ငွေလမ်းခင်းပြီး ရုပ်ရှင်ထဲကလို ဗီလိန်ဆန်ဆန် ရယူထားတာဖြစ်ပါတယ် ။ဒီလိုပြောနေတာဟာ ကာယကံရှင်တွေကိုပုဂ္ဂိုလ်ရေး ထိခိုက်စေလိုတဲ့ အတွက်ကြောင့်မဟုတ်ပါဘူး ခုစာရေးသူဟာ သန်းထွဋ်အောင်အကြောင်း အူမချေးခါးကအစ သိနေတဲ့သူဆိုတာကို စာဖတ်သူများသိစေချင်တာပါ ။ထပ်ပြီးတိတိကျကျပြောရရင် သူမဟာ ဗေဒင်ယတြာတွေကို ယုံကြည်သူဖြစ်ပြီး ၁၉၇၄ အောက်တိုဘာ ၂ ၇က်နေ့ဖွား ဖြစ်တယ် ဆိုတာတွေပါ သိပါတယ် ။

အစိုးရက ကားတွေစသွင်းခွင့်ပြုလိုက်တဲ့ ပထမအသုတ်မှာပဲ သန်းထွဋ်အောင် မိန်းမရဲ့ ကားတွေပါလာပါတယ် ။ ဒီမှာတင်ပြဿနာကစတော့တာပါဘဲ ၊ သူတို့သွင်းလာတဲ့အထဲမှာ ပါမစ်သတ်မှတ်ချက်နဲ့မကိုက်တဲ့ကားတွေပါလာတယ် ပထမသူတို့က ကာစတန်ကိုညှိတယ် ၊ မအောင်မြင်တော့ ဒီအောက်ကသတင်းကို Eleven မှာရေးချလိုက်ပါတယ် ။


ဒီသတင်းမှာ Highlight လုပ်ပြီး ရေးထားတာက .....


ဒီစာသားကိုကြည့်လိုက်တာနဲ့ သန်းထွဋ်အောင်ဟာ  မိန်းမပြောတာတွေ တပည့်တွေပြောတာတွေကို အကြောင်းပြုပြီး သူတို့အကျိုးစီးပွားအတွက် မီဒီယာကိုအသုံးချနေတယ်ဆိုတာ ထင်ရှားနေပါတယ် ၊ ဒီနောက် သူတိုတွေဟာ Custom က တားဆီးထားတဲ့ကားတွေအတွက် Custom ကို အဆက်မပြတ်လိုက်ပါတယ် ၊  တာဝန်ရှိသူတွေ က Customs  ဥပဒေအရဆိုပါရင် သိမ်းဆည်းခြင်းထက် ကားအများစုမှာ ဒဏ်တပ်ရိုက်ခြင်းသာ အမြင့်ဆုံး ခံရနိုင်ကြောင်း ပြောတာကို  ကားသိမ်းမခံရပဲ ဒဏ်ကြေးနဲ့တင်သူ့ကားတွေထုတ်လို့ရအောင်နဲ့ Custom တာဝန်ရှိသူတွေလည်း ကို ချီပြီးတုတ်ပြီးဖြစ်အောင် ဒီအောက်ကသတင်း ကို ၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထပ်ထည့်လိုက်ပြန်ပါတယ် ။



Eleven က CEO သန်းထွဋ်အောင်ဟာသူ့ကိုယ်ကျိုးအတွက် မီဒီယာကိုသုံးပြီး လုပ်ခဲ့တဲ့အတွက် အကောက်အခွန်ဌာန တာဝန်ရှိသူတွေဟာ အတော်အလုပ်ရှုပ်ခဲ့ခေါင်းရှုပ်ခဲ့ရပြီး အစိုးရသတင်းစာတွေ အကောက်ခွန်ဌာနပိုင် ၀က်ဘ်ဆိုဒ်တွေကနေ ရှင်းရလင်းရအထိဖြစ်ခဲ့ရပါတယ် ။

ဒီလို အစိုးရနဲ့ ဌာနဆိုင်ရာ တွေကိုအမျိုးမျိုးဖိအားပေးပြီးရလာတဲ့ကားတွေရော နောက်ထပ်ရောက် လာလတံ္တ့သော ကားတွေရော ဟာ အစိုးရရဲ့ ပါမစ်မလိုပဲ ကားသွင်းခွင့်ပြုခဲ့တဲ့မူဝါဒကြောင့် ဈေးတွေထိုးကျ ၀ယ်မယ့်သူမရှိဖြစ်သွားခဲ့ရတဲ့အပြင် ၊  ပြည်ပကနေအချိန်လုပြီးပြန်လာလုပ်တဲ့ သင်္ဘောသားတွေဆီကနှိမ် ၀ယ်ထားတဲ့ ပါမစ်တွေ အခြားနိုင်ငံခြားဝင်ငွေရှိသူတွေ ထံကအောက်ကြေးနဲ့ဝယ်ထားတဲ့ ပါမစ်တွေဟာ အစိုးရရဲ့အခုမူဝါဒကြောင့် တစ်ပြားမှမတန်ဘူးဖြစ်သွားခဲ့တယ် ဒီလိုမိအေး ၂ခါ ၃ ခါနာဖြစ်သွားတဲ့သန်းထွဋ်အောင်ဟာ အစိုးရရဲ့ ဒီမူဝါဒကို အတိုက်အခံလုပ်ဘို့ကြိုးစားတဲ့အနေနဲ့ လမ်းတွေမကောင်းသေးဘူး ၊ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်မယ် ၊ ကားသွင်းခွင့်ပြုသော်လဲ ပြည်သူများ အကျိုးမခံစားရသေး ဘတ်စ်ကားစုတ်များဖြင့်သာသွားနေရ ၊ အစရှိတဲ့ သတင်းတွေကို ဆက်တိုက်ရေးပြီး အစိုးရကိုဝေဖန်နေတာဖြစ်တယ် ။

ဒီခေတ်မှာမီဒီယာအများစုဟာ ကိုယ့်ထမင်းကိုယ်အနိုင်နိုင်စားပြီး ပြည်သူ့အကျိုးဆောင်ရွက်နေကြတာ များပါတယ် သတင်းထောက်လေးတွေဆိုရင် တော်တော့်ကို အပင်ပန်းဆင်းရဲခံပြီး သတင်းတွေရယူနေတာ တွေ့နေရပါတယ် ၊ ဒါပေမယ့် ကျိကျိတက်ချမ်းသာပြီး ပြည်သူ့အကျိုးပဲလုပ်နေ သလိုလိုနဲ့ ကိုယ်ကျိုးလုပ်နေတဲ့ သန်းထွဋ်အောင်လို လူမျိုးက သူတော်ကောင်းယောင်ဆောင်ပြီး မြန်မာ့ မီဒီယာလောကထဲမှာပါနေတော့ မီဒီယာနာတယ် ။ မြန်မာ့မီဒီယာ တစ်လှေလုံးမပုတ်ချင်ရင် ငခုံးမသန်းထွဋ်အောင်ကို မြန်မြန် ဖယ်ထုတ်ပစ်ရမယ် ။

ပြည်သူအပေါင်း Eleven ရဲ့ရန်တိုက်ခြင်းဘေးမှ ကင်းဝေးပါစေ 

ဒေါက်တာဆိတ်ဖွား

Wednesday, May 9, 2012

ခပ်ကြောင်ကြောင် Eleven မီဒီယာသို့ .........

ခုရက်ပိုင်းအတွင်းမှာ ပြည်တွင်းက Eleven မီဒီယာရဲ့ သတင်းစာမျက်နှာတွေမှာ အစိုးရရဲ့ ကားတင်သွင်းမှု ဆိုင်ရာ မူဝါဒတွေကို ခပ်ကြောင်ကြောင်ဝေဖန်ထားတဲ့ သတင်းဆောင်းပါးလိုလို အတင်းလိုလို စာတွေကို ဖတ်နေရတာ ကျက်သရေတုံးတာနဲ့ ဒီဆောင်းပါးကိုရေးလိုက်ပါတယ် ။ သူတို့က ဘယ်လိုဝေဖန်လည်းဆိုတော့ အစိုးရသစ်ဟာ ကားတင်သွင်းတဲ့မူဝါဒနဲ့ပတ်သက်ပြီး ၈ လအတွင်းမှာ ၆ ကြိမ်ပြောင်းတယ် ဒီတော့ မူဝါဒတွေဟာ စမ်းတ၀ါးဝါးဖြစ်နေသလိုလို ပညာရှင်တွေပဲမပါလို့ ဒီလိုဖြစ်နေသလိုလို စီမံခန့်ခွဲတဲ့သူတွေကပဲညံ့ပြီး သူတို့ မီဒီယာကပဲအလွန်တော်နေ အမြော်အမြင်ရှိနေသလိုလို ရေးထားတာတွေ တွေ့ရပါတယ် ။

ဒီနေရာမှာ Eleven မီဒီယာက မောင်တွေဟာ Change ဆိုတဲ့ စကားနဲ့  update ဆိုတဲ့ စကား ကို နားလည်ပုံမရပါဘူး ၊ အရင်အစိုးရလက်ထက်တုန်းကလို အခုတင်သွင်းခွင့်ပြုလိုက် ၊ တော်ကြာသွင်းခွင့် ပိတ်လိုက် ၊ တော်ကြာပြန်ဖွင့်လိုက်ဆိုရင်တော့ မူဝါဒ ခဏခဏ ပြောင်းတယ် လို့ ပြောမယ် ဆိုရင် ပြောလို့ရပါတယ် ၊ တင်သွင်းခွင့်ပြုတယ်ဆိုတဲ့မူဝါဒတစ်ခုတည်းကိုပဲ ကောင်းသည် ထက်ကောင်းအောင် ပြုပြင်သွားတာကို update လုပ်တယ်ခေါ်ပါတယ် ။ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ် ။

ပညာရှင်တွေအများကြီးရှိပါတယ် ၊ စီမံခန့်ခွဲမှုစံနစ်ကျလှပါတယ် ကမ္ဘာပေါ်မှာ အောင်မြင်ကျော်ကြား လှပါတယ် ဆိုတဲ့ အမေရိကန် နည်းပညာကုမ္မဏီကြီး Apple ဟာ  သူ့ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ iPad , iPhone တွေမှာသုံးတဲ့ ios ကို ၂လအတွင်းမှာ ၃ ကြိမ် update လုပ်သွားတာကိုတွေ့ရပါတယ် ။ user တွေရဲ့အသံကို အဆက်မပြတ်လေ့လာပြီး အားနည်းချက်တွေကို ဆက်တိုက်ဆိုသလို update လုပ်နေရတာကိုတွေ့ရပါတယ် ။ဆိုလိုတာက ကောင်းသည် ထက်ကောင်းအောင် လုပ်နေတာဖြစ်လို့ ဘယ်သူမှ ဝေဖန်တယ်လို့မကြားဘူးပါဘူး ၊ ခင်ဗျားတို့အစကတည်းက သေချာလုပ်မထားဘူးလို့ ကဲ့ရဲ့တာမျိုးလဲ မကြားမိပါဘူး ။ ဒီလိုကဲ့ရဲ့တဲ့ သတင်းမျိုး သူတို့ဆီမှာရေးတာလည်းမမြင်မိပါဘူး update လုပ်တဲ့သတင်းတွေကိုပဲ အားရ၀မ်းသာ ဖေါ်ပြနေကြတာပဲတွေ့ပါတယ် ၊ ဘာလို့လဲ ဆိုတော့ သူတို့မီဒီယာတွေက ပညာတတ်တာကိုး.......ငတုံးတွေစုထောင်ထားတဲ့မီဒီယာရယ်လို့မှမရှိတာကိုး....။

မြန်မာပြည်က ကားသွင်းခွင့်ပြုတဲ့ မူဝါဒဟာ ၈ လအတွင်းမှာ ဘာပါမစ်မှမလိုပဲ သွင်းခွင့်ပြုတဲ့အထိ အလျှင်အမြန် တိုးတက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ် ၊ အရင်အစိုးရလက်ထက် ပါမစ်ကိုရွှေလိုရှားတဲ့ ဘ၀ကနေ ခုလိုဖြစ်လာတာဖြစ်ပါတယ်၊ ဒါကိုမှမကောင်းဘူးဆိုရင်ဘာကိုကောင်းတယ်ပြောရ မလဲစဉ်းစားလို့ကိုမရတော့ပါဘူး ဥာဏ်ကြီးရှင်တို့ရယ် .....။

အရင်အစိုးရလက်ထက်က ကားပါမစ်ကိုဘာလို့ပိတ်ထားလဲ ဆိုတော့ ကားတွေတင်သွင်းလိုက်ရင် ပြည်တွင်းမှာစက်သုံးဆီလိုအပ်ချက် ရုတ်တရက် မြင့်တက်ပြီး အခက်အခဲဖြစ်မှာစိုးတဲ့အတွက် ကန့်သတ်ထားခဲ့တာဖြစ်ပါတယ် ၊ နိုင်ငံတော်ကနေ ပြည်ပကတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံဘိုးလောက်တင်သွင်း နေရာတာကနေ မြင့်တက်သွားရင် အခက်ခဲဖြစ်မှာစိုးလို့ ကန့်သတ်ထားခဲ့တာဖြစ်ပါတယ် ၊ ဒီကိစ္စဟာအခြား ငွေကြေးကိစ္စတွေလို အခြားသောစီးပွားရေးဆိုင်ရာ မူဝါဒတွေနဲ့လည်းဆက်စပ်နေတာမို့ အစိုးရသစ်ဟာ သူတက်လာခါစ ငွေကြေးမူဝါဒတွေ အကောင်အထည်ပေါ်မလာခင်မှာ ပြည်တွင်းက အင်ဂျင်ကျ ဆီစားနေတဲ့ကားအိုကားဟောင်းတွေကို အပ်ခိုင်းပြီး ကားသစ်တွေကိုတင်သွင်းခွင့်ပြုလိုက်တဲ့အတွက် စက်သုံးဆီပိုပြီးတင်သွင်းစရာလည်းမလို အန္တရာယ်ရှိနေတဲ့ ကားဟောင်းတွေလည်းသိမ်းပြီးသားဖြစ် ၊ ကားတင်သွင်းချင်နေတဲ့ ပြည်သူတွေလည်း အဆင်ပြေဖြစ်ခဲ့လို့ ပြည်သူတွေက အားရ၀မ်းသာ ကြိုဆိုခဲ့ကြပါတယ် ။


ဒီလို သောင်းနဲ့ချီတဲ့ကားတွေတင်သွင်းခွင့်ပြုရာမှာ မော်ဒယ်မြင့်ကားတွေချည်းတင်သွင်းခွင့်ပြုလိုက်ရင် ကုန်သွယ်မှုမှာ တစ်ဘက်စောင်းနင်းဖြစ်မှာစိုးတဲ့အတွက် တန်ဘိုးနည်းကားတွေကိုပဲ တင်သွင်းဘို့စီစဉ်ခဲ့တာဖြစ်ပါတယ်  ။ ဒိလိုတင်သွင်းနေရာကနေ ကားရောင်းတဲ့ နိုင်ငံတွေမှာ ကားတွေရှားလာတယ် ၊ ဒီတော့မြန်မာပြည်က ဒီမော်ဒယ်တွေပဲသွင်းခွင့်ပြုထားတယ်ဆိုတာ သိတော့ ပြည်ပဈေးကွက်မှာ မြန်မာအကြိုက်မော်ဒယ်နိမ့်ကားတွေဟာ အခြားမော်ဒယ်မြင့်ကားတွေ နီးပါးလောက် ဈေးတက်လာတယ် ၊ ဒီတော့ဈေးချင်းအတူတူ ကောင်းတာရစေချင်တဲ့စေတနာ နဲ့ မော်ဒယ်ကန့်သတ်ချက်ကို အစိုးရက အချိန်နဲ့တပြေးညီ ပြင်ပေးခဲ့တယ် ။မကောင်းဘူးလို့ပြောရမှာလားဗျာ ။

နောက်ပြီး ဒီလိုတင်သွင်းနေရာကနေ ၁၃၀၀ စီစီအောက်ကားတွေဆိုရင် ဆီစားသက်သာတယ် ဒါဆိုရင် ပြည်တွင်းစက်သုံးဆီလိုအပ်ချက်ကို အတိုင်းတာတစ်ခုထိ ထိန်းနိုင်မယ် ၊ ဒါကြောင့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် ဆိုရင် မော်ဒယ်အမြင့်တွေ သွင်းခွင့်ပြုခဲ့ပြန်တယ် ၊ ဒါလည်းကောင်းတာပဲမဟုတ်ဘူးလားဗျာ.....။

နောက်တစ်ခုက ဒေါ်လာဈေးအတက်အကျဟာ တိုင်းပြည်ရဲ့ စီးပွားရေးကြီးတစ်ခုလုံးကို ထိခိုက်နိုင်တာကြောင့် ဒီဒေါ်လာဈေးကိုလည်း ထိန်းရသေးတယ် ၊ အားလုံးကိုကားတွေတင်သွင်းခွင့်ပြုလိုက်ရင် ဒေါ်လာဈေးရုတ်တရက်တက်လာမှာ ဖြစ်တဲ့အတွက် အားလုံးကို တင်သွင်းခွင့်မပြုသေးပဲ နိုင်ငံခြားငွေ ၀င်ငွေရှိတဲ့ သင်္ဘောသားတွေလို ပြည်ပမှာတရားဝင် ၀င်ငွေရနေတဲ့ပြည်သူတွေ ၊ သံတမန်တွေ ကိုနောက်တစ်ဆင့်ခွင့်ပြုခဲ့တယ် ၊ ဒီတော့လည်း အားလုံးဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတာပဲ ၊ပါမစ်တွေများလာတော့ ကားဈေးတွေလည်းအတော်ကျလာ တာပေါ့ ဗျာ... ဒီလိုပြောင်းတာကို မကောင်းဘူးလို့ပြောရဦးမှာလား အလဲဗင်းက ငတုံးတွေရယ် ။

၈ လလောက်လည်းကြာရောပြည်ပက စီးပွားရေးပိတ်ဆို့တာတွေလည်းအတန်အသင့် ရပ်လိုက်ပြီ  ပြည်ပကရင်းနှီးမြှုတ်နှံမှုတွေလည်းဝင်လာပြီ ၊ ပြည်ပက ကားကုမ္ပဏီကြီးတွေကလည်း အိမ်နီးချင်းနိုင်င့တွေလို ပြည်တွင်းမှာ Show Room တွေဖွင့်ပြီး ရောင်းချင်လာနေပြီ ၊ ဒီလိုအချိန်မှာ အစိုးရက ကားမော်ဒယ်တွေ ၊ ငွေတွေ အကန့်အသတ်တွေများနေရင် ပြည်ပကုမ္ပဏီကြီးတွေ ၀င်လာဘို့ အကန့်အသတ်တွေ ဖြစ်နေတယ် ဒီလိုဆိုရင် ပြည်သူတွေ ပွဲစားကတစ်ဆင့်ဝယ်ရတဲ့အဆင့်က တက်တော့မှာမဟုတ်ဘူး ဒီတော့အစိုးရက ကန့်သတ်ချက်တွေကို ရုတ်သိမ်းခဲ့တယ် ၊ ဒါဘာဖြစ်လဲဗျာ...မကောင်းဘူးလားဗျာ နစ်နာသူတွေအနည်းငယ်ရှိနိုင်ပေမယ့် အများစုအတွက် ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောင်းနေတာပဲမဟုတ်ဘူးလားဗျာ ။ တစ်ခုတော့ရှိတာပေါ့လေ... မင်းတို့ CEO သန်းထွဋ်အောင်ကို Max ဇော်ဇော် လက်ဆောင်ပေးထားတဲ့ကားကြီးကတော့ အရင်ကလို သိန်း ထောင်ချီမတန်တော့ဘူးပေါ့ .... ၊ ဒါကိုနစ်နာတယ်ဆိုရင်လည်း နာပေါ့...။

နေ့စဉ်သတင်းစာတွေထုတ်ရတော့မယ်ထင်ပြီး ပတ်လည်ပုံနှိပ်စက်တွေဘာတွေထောင်ပြီး စောင့်နေ ရာကနေ အစိုးရက ဒီနေ့ထိခွင့်မပြုသေးလို့ ဒါကိုခွင့်မပြုရကောင်းလားဆိုပြီး အစိုးရကိုဖိအားပေးတဲ့အနေနဲ့ အစိုးရလုပ်သမျှကောင်းကောင်းမကောင်းကောင်း အလေနတ်တော ဝေဖန်တာတွေ ရပ်တန်းကရပ်ဘို့လိုပြီလို့ Eleven က ငတုံးတွေ ကိုပြောရင်း အဆုံးသတ်လိုက်ပါတယ် ။

ပြည်သူအပေါင်း Eleven ရဲ့ ရန်တိုက်ခြင်းဘေးမှ ကင်းဝေးကြပါစေ

ဒေါက်တာဆိတ်ဖွား

Thursday, May 3, 2012

မှန်တဲ့ဘက်ကိုလိုက်မယ်

ခုတစ်လော မကြာခဏဆိုသလိုကြားနေတဲ့အကြောင်းအရာတစ်ခုကတော့ " မီဒီယာတွေဘက်မလိုက်ဘို့ " ဆိုတဲ့အသံတွေ ဖြစ်ပါတယ် ကျွန်တော်ကတော့ ဒီကိစ္စသဘောမတူပါဘူး မီဒီယာဆိုတာ ဘက်လိုက်ရပါမယ် ဟိုလိုလို ဒီလိုလို လုပ်နေလို့မရပါဘူး ဘယ်ဘက်ကိုလိုက်ရမလဲဆိုတော့ အကြောင်းအရာတစ်ခုချင်းပေါ်မှာ မှန်တဲ့ဘက်ကိုလိုက်ရပါ့မယ် ကိုယ့်ဘက်လိုက်စေချင်ရင် ကိုယ်ကမှန်အောင်နေလိုက်ယုံပါဘဲ .....

ဒေါက်တာဆိတ်ဖွား