Friday, December 24, 2010

အမေရိကန်လေတပ် ၀ီကီလိခ် ပိတ်ပင်

အမေရိကန်လေတပ်က ၀န်ထမ်းတွေကို ၀ီကီလိခ်က ဖော်ကောင်လုပ်ထားတဲ့ အမေရိကန် စစ်ရေးနဲ့ သံတမန်ရေး လျှို့ဝှက်သတင်း တွေ ကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းမီဒီယာ ၂၅ ခုရဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်အသုံးမပြုဖို့ ပိတ်ပင်လိုက်တယ်လို့ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြော ကြားခဲ့ပါတယ်။
ဒီလို ပိတ်ပင်လိုက်တယ်ဆိုတာဟာ ကေဘယ်အွန်လိုင်းတွေမှာလည်း သတင်းတွေ လွှင့်တင်ထားတဲ့ နယူးယော့ခ်တိုင်း(မ်)၊ ဂါးဒီးယန်း သတင်းစာနဲ့ Der Speigel အပါအ၀င် သတင်း ၀က်ဘ်ဆိုက်တွေကို ကွန်ပျူတာအသုံးပြုသူ လေတပ်ဝန်ထမ်းတွေ အသုံးပြုလို့ မရအောင် ရည်ရွယ်တာပါလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဒေးဗ်လာ ပန်က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။
ဒီဝက်ဘ်ဆိုက်တွေကို ကြည့်ခွင့်ပိတ်လိုက်ရတာဟာ သက်ဆိုင်သူကိုပဲ သိခွင့်ပေးထားတဲ့ ရုံးတွင်း ကန့်သတ်ထားတဲ့ သတင်းအချက် အလက်တွေကို ဖော်ပြထားတဲ့အတွက်ဖြစ်တယ် လို့ ဆိုပါတယ်။
ဒီလို ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ဆိုက်ဘာလုံခြုံရေးနဲ့ ၀က်ဘ်ဆိုက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တာဝန်ယူထားရတဲ့ လေတပ် အမှတ်(၂၄)တပ်ရင်းက ချမှတ်ခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုလုံးက တခြား ကြည်းတပ်၊ ရေတပ်တွေမှာတော့ အလားတူ ပိတ်ပင်မှုတွေ မရှိဘူးလို့ လာပန်က ဆိုပါ တယ်။
ဆိုက်ဘာကျွမ်းကျင်သူ တချို့ကတော့ အခုလို ပိတ်ပင်လိုက်တာကို ပြင်းထန်တဲ့ တုံ့ပြန်မှု တစ်ရပ်လို့ ဆိုကြပြီး "တစ်ကမ္ဘာလုံးက လူတိုင်းနီးပါး အသုံးပြုကြည့်ရှုလို့ရနေတဲ့ ၀က်ဘ်ဆိုက်တွေကို အမေရိကန်လေတပ်က ၀န်ထမ်းတွေ ၀င်ရောက်ကြည့်ရှုခွင့်မရတာဟာ စိတ်မကောင်းစရာပဲ" လို့ နယူးယော့ခ်တိုင်း(မ်)က ဆိုပါ တယ်။
ဝီကီလိခ်မှာ စစ်ရေးနဲ့ သံတမန်ရေး လျှို့ဝှက်ဖိုင်တွေကို တစ်ခုပြီးတစ်ခုဖော်ပြနေတဲ့အတွက် သတင်းပေါက်ကြားမှုတွေ နောက်ထပ် မပေါ် ပေါက်ရအောင် ကာကွယ်ဖို့နဲ့ ဒီလျှို့ဝှက်ဖိုင်တွေကို လုံခြုံအောင် ထိန်းသိမ်းဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အမေရိကန်စစ်ဌာနချုပ် က ကြေညာထားပါတယ်။
အမေရိကန် ပြည်ထောင်စုအစိုးရအဖွဲ့က ၀န်ထမ်းတွေမှာ ကန့်သတ်ဖိုင်တွေကို အသုံးပြုခွင့်မရှိပါက ၀ီကီလိခ်က လွှင့်တင်ထားတဲ့ အစိုးရ ကန့်သတ်သတင်းတွေကို ဖတ်ခွင့်မပေးဖို့ အိုဘားမားအစိုးရအဖွဲ့ကလည်း အကြံပြုထားပါတယ်။