Thursday, December 30, 2010

ရေတွင်းတူးစ ရေကြည်မရနိုင်သည်က သဘာဝ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တွင် ပါတီစုံ ရွေးကောက် ပွဲကြီး တစ်ခု ပြီးသွား ပြီး ရလဒ် များ အပေါ် ဝေဖန်မှု ရှိများ ရှိခဲ့ သည်။ မဆန်းပါ။  “တွင်းဟောင်းရေကြည် အေးမြသည်" ဟု မြန်မာစကားပုံ တစ်ခု ရှိသည်။ သို့နှင့်တိုင် အမေရိကန် ပြည်ထောင်စု ကဲ့သို့ ဒီမိုကရေစီ အသားကျ ပြီးသော နိုင်ငံ၏ ရွေးကောက်ပွဲ ရလဒ်များကို ပင်လျှင် ဝေဖန်ခံရမှုများ ရှိနေ ဆဲ ဖြစ်သည်။
ကျွန်တော်တို့ နိုင်ငံကဲ့သို့ ယခုမှ ရွေးကောက်ပွဲဟူသော ရေတွင်းကို တူးရသူ တို့ အဖို့ ဒီမိုကရေစီ တည်းဟူသော ရေကြည်ရေသန့် ချက်ချင်း မရနိုင်ခြင်း က မဆန်းပေ။ ရေတွင်းတူးစ ရေကြည်မရသည်က သဘာဝဟု ပင် ကောက်ချက် ချရပေမည်။ “ရေတွင်းတူးဖို့ ခက်သည်ကို သာမက ရေကောင်း ရေသန့်ရဖို့ ပိုခက်သည်ကိုပါ တွေ့ရသည်။ သို့သော် သေချာသည်က ရေ လိုချင်လျှင် ရေတွင်းတော့ မဖြစ်မနေတူးရန် လိုပေသည်။
ရေတွင်းမတူးဘဲ ရေမရနိုင်၊ ရေကောင်းရေသန့် မရနိုင်ပေ။ရေတွင်း တစ်ခုတူးရန် မြေပြင်စစ်ဆေးမှု များစွာလုပ်ရသည်။ ထိုသို့ အဆင့်များစွာ ပြုလုပ်ပြီးမှ တူးသည့်တိုင် တစ်ခါတစ်ရံ မြေလွှာကြော အပြောင်းအလဲကြောင့် နေရာသစ် ပြောင်းရွှေ့ရှာဖွေ၍ တွင်းသစ်တူးရသည်။ ထို့ပြင် တွင်းတူးပြီးမှ ထွက်လာသောရေက သုံး၍၊ သောက်၍မရသော အဆင့်ဖြစ်နေသဖြင့် ထပ်တူးရသည်လည်း ရှိသည်”ဟု The Voice Weekly Vol 6, No 24 တွင် “ရေကြည်သောက်ချင်လျှင် ရေတွင်းတူးသည်ကို စောင့်ရပါသည်” ဟူသည့် ဆောင်းပါးဖြင့် ရေးသားခဲ့သည်ကို ပြန်ကောက် ယူရပေဦးမည်။
ရေကြည် သောက်လိုလျှင် ရေတွင်းတူးသည် အထိတော့ ကျွန်တောတို့ စောင့် ရပေဦးမည်။ ရေမကြည်လျှင်လည်း နောက်တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ် တူးနိုင်ရန် ကြိုးစားရပေဦးမည်။ ရေခံမြေခံ မကောင်း၍ ရေမကြည်လျှင် ရေခံမြေခံကို ကောင်းအောင် ဖန်တီးယူရမည်။ ပြုပြင်ယူရမည်။ ရပ်နေ၍ မရပါ။ ရွေးကောက်ပွဲသည် ဘုရားပွဲ ကဲ့သို့ နီးမှကပ်၍ အလှူခံ၊ ပွဲလုပ် ပွဲပြီး၊ မီးသေ၊ ဖျာလိပ်၊ ပြန်၊ နောက်ပွဲချိန်ကျ ပြန်စ ဤမျှဖြင့် ပြီးလို့ မရပေ။
ဘုရားပွဲ ကြည့်သူ များကဲ့သို့ပင် ပွဲကြည့်ချိန်တွင်သာ စိတ်ဝင်စား အိမ်ပြန်တော့ ပွဲကိုမေ့ပြီ။ ဤသို့လည်းဖြစ်၍ မရပေ။ ရွေးကောက်ပွဲ ပြီးချိန်တွင် နိုင်ငံရေး ရေချိန်ကျ၍ မရပေ။ နောက်တစ်ကြိမ်အတွက် ပြင်ရဦးမည်။ ရွေးကောက်ပွဲပြီးရုံဖြင့် ဒီမိုကရေစီ မရပေ။ ရွေးကောက်ပွဲ၏ ရလဒ်များအရ ပေါ်ထွက်လာသည့် အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီ စံနှုန်းတွေအတိုင်း ကျင့်သုံးရမည်။ ကျွန်တော်တို့ ပြည်သူတွေက အစိုးရ ဒီမိုကရေစီ စံနှုန်းအတိုင်း သွားဖို့ တာဝန်ရှိနေကြောင်း တည့်မတ်ပေး ဖို့လိုမည်။ လွှတ်တော် ခေါ်ရတော့မည်။ ဥပဒေ အတည်ပြုရတော့မည်။ ဥပဒေ အတိုင်း လိုက်နာ ကျင့်သုံးရတော့မည်။ နိုင်ငံသား အခွင့်အရေး တို့ကို အသိအမှတ် ပြုရတော့မည်။ နိုင်ငံရေးကို အကြောက်အရွံ့ ကင်းကင်းလုပ်ခွင့် ပြုရတော့မည်။
အစိုးရသည် ဒီမိုကရေစီ စံနှုန်းများ အတိုင်း လူ့အခွင့်အရေးကို လေးစားလိုက်နာသူ၊ လယ်သမား အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ ကျောင်းသား စသည် စသည် နိုင်ငံသားတို့၏ အခွင့်အရေး များကို ထိန်းသိမ်းသူ၊ စောင့်ရှောက်သူ ဖြစ်လာရတော့မည်။ ယင်း အခွင့်အရေးများကို တားမြစ်သူအဖြစ်မှ ရုပ်သိမ်းရတော့မည်။ အစိုးရကလည်း ဤသို့လုပ်ရမည်။ ကျွန်တော်တို့ ပြည်သူတွေကလည်း အစိုးရ ဤသို့လုပ်အောင် တွန်းအား ပေးနိုင်ရမည်။ သို့မှသာ ဒီမိုကရေစီခရီး မြန်မြန်ပေါက်မည်။ ရေမကြည်သည်ကို ထိုင်ကြည့်နေရုံဖြင့် မရ။ ရေမကြည်ရကောင်း လားဟုဆိုကာ ရေတွင်းတူးသူ၊ ရေတွင်းတူးဖို့ အားပေးသူများကို အပြစ်ဖို့နေရုံဖြင့် မရပေ။ ရေသန့်စက် တပ်သင့်တပ်ရမည်။ ရေစစ်ဖြင့် စစ်သင့်စစ်ရမည်။ ကလိုရင်း ခတ်သင့်ခတ်ရမည်။ အနိမ့်ဆုံး ကျောက်ချဉ် ထည့်သုံးနိုင်ရမည်။ ဤသို့ လုပ်နိုင်အောင်လည်း ကြိုးစားရမည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးသွားပြီ။ ရေတွင်းတစ်တွင်း တူးပြီးသွားပြီ။ သို့ဆိုလျှင် ထပ်တူးဖို့လည်း ပြင်ရမည်။ တတ်နိုင်သလောက် ရေကြည်ဖို့လည်း ကြိုးစားရမည်။ ထိုင်နေရုံမျှဖြင့် ဖြစ်လာသောအရာ မရှိပါ။ ရေတွင်း တူးစမှာတော့ ရေမကြည်နိုင်ပါ။
                                                                                                              ကျော်ကျော်မင်း