Tuesday, February 1, 2011

လွှတ်တော်အစည်းဝေးများစတင်ကျင်းပ

 ပြည်သူ့လွှတ်တော်အစည်းဝေးကျင်းပနေစဉ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းဝေးကို ဇန်န၀ါရီ (၃၁) ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နေပြည်တော် လွှတ်တော် အဆောက်အဦ ပြည်သူ့ လွှတ်တော်ခန်းမ၌ စတင် ကျင်းပခဲ့ ပါသည်။ အဆိုပါ ပုံမှန် အစည်းအဝေးသို့ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ခဲ့ကြသည်။ စုစုပေါင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၄၃၅) ဦး တက်ရောက်ခဲ့သည်။
၎င်းအစည်းအဝေး၏ သဘာပတိအဖြစ် ဦးဌေးဦး အားလည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် သူရဦးရွှေမန်း အားလည်းကောင်း၊ ဒုတိယဥက္ကဌအဖြစ် ဦးနန္ဒကျော်စွာ အားလည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ် တင်မြှောက် ခဲ့ကြသည်။ ထို့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးပွဲများ ကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြ ကြောင်းသတင်းရရှိပါသည်။