Tuesday, March 1, 2011

၂၀၁၀နိုင်ငံခြားခရီးသည်ဝင်ရောက်မှု သမိုင်းတစ်လျောက် စံချိန်တင်

၂၀၁၀ ပြည့်နှစ်တစ်နှစ်လုံး မြန်မာ နိုင်ငံသို့ နိုင်ငံခြားဧည့်သည်အ၀င်မှာ စံချိန်တင် မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားအရ သိရှိရပြီး ယခုနှစ်တွင်လည်း ကမ္ဘာလှည့်ခရီးသည်အ၀င် ပိုမိုတိုးတက် လာနိုင်ကြောင်းသိရသည်။
စာရင်းအရ ၂၀၁၀ တစ်နှစ်လုံးတွင် နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ၂၉၅,၁၇၄ ဦးသည် ရန်ကုန်မှတစ်ဆင့် ၀င်ရောက်ခဲ့ရာ ၂၀၀၉ တစ်နှစ်လုံး ဧည့်သည်အ၀င်နှင့် နှိုင်းယှဉ်ပါက ၂၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်သွားသည်ကို တွေ့ရှိရသည်။ ထို့ပြင် ၂၀၁၀ တစ်နှစ် လုံးအတွင်း နယ်စပ်မှဝင်ရောက်သော နိုင်ငံခြား ခရီးသွားဧည့်သည် အရေ အတွက် ၁၂,၀၆၂ ဦးနှင့် ထပ်ပေါင်းလိုက်ပါက တစ်နှစ်လုံးအနေဖြင့် နိုင်ငံခြား၊၊ခရီးသွားဧည့်သည်အ၀င်မှာ ၃၀၇,၂၃၆ ဦးဖြစ်ပြီး မြန်မာ့ခရီးသွား သမိုင်းတစ်လျှောက် ဧည့်သည်အ၀င် အများဆုံးနှစ် ဖြစ်သည်။

"၂၀၁၀ တစ်နှစ်လုံးမှာ မြန်မာနိုင်ငံ ကို နိုင်ငံခြား ခရီးသွားဧည့်သည် စံချိန်တင် ၀င်ခဲ့ကြပါတယ်။ အရင်တုန်းက ၂၀၀၆ ခုနှစ်က စံချိန် တင်နှစ်ဖြစ်ပြီး အခုတော့ ၂၀၁၀ မှာ ပိုများသွားပါတယ်"ဟု ရန်ကုန်မြို့ရှိ အိတ်ဇိုတစ်စမို ခရီးသွားလုပ်ငန်း၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ ဒေါ်စုစုတင်က ပြောသည်။
"အခုဒီ ၂၀၁၁ ခုနှစ်မှာလည်း ၂၀၁၀ ထက် ဧည့်သည်အ၀င် ပိုများလာနိုင်ပါတယ်။ နောက် ဒီနှစ်အတွက် ခရီး ဘွတ် ကင်အတော် များများကိုလည်း လက်ခံ ရရှိထားပါတယ်။ နောက် နိုင်ငံခြား ဧည့်သည်အ၀င်ဆိုလည်း ဒီနှစ်မှာ ၃၀ ရာခိုင် နှုန်းလောက်ပိုမြင့်တက်လာ မယ်လို့ မျှော်လင့်ပါတယ်"ဟု ဒေါ်စုစုတင်က ပြောသည်။
ဧည့်သည်အ၀င် နိုင်ငံများအနက် ၁၉၈,၀၄၀ မှာ အာရှတိုက်နိုင်ငံများမှ ဖြစ်ပြီး စုစုပေါင်း ဧည့်သည်အ၀င်၏ ၆၇ ဒသမ ၀၉ ရာခိုင်နှုန်း ဖြစ်သည်။ ဧည့်သည်အများဆုံးမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး ၅၉,၀၁၀ နှင့် ဒုတိယ အများဆုံး မှာ တရုတ်နိုင်ငံမှဖြစ်ကာ ၃၂,၇၅၇ ဦး ဖြစ် သည်။ ထို့ပြင် ဥရောပ ဧည့်သည်အ၀င် စုစု ပေါင်းမှာ ၆၅,၃၆၇ ဦး ၀င်ရောက်ခဲ့ပြီး ပြင်သစ်ဧည့်သည်အ၀င်မှာ ၁၃,၁၀၂ ဦး ဖြင့် အများဆုံးဖြစ်သည်။ ဂျာမနီ ဧည့် သည်အ၀င်မှာ ၇,၁၉၅ ဦးဖြင့် ဥရောပတိုက်မှ ဒုတိယအများဆုံး လာရောက်ခဲ့သော နိုင်ငံဖြစ်သည်။
"၂၀၁၁ ခုနှစ်ကို ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရှင်တွေက အများကြီး မှန်းထားပါတယ်။ ခရီးသွားလုပ်ငန်းအတွက် အကျိုးပြုမယ့် ပြောင်းလဲလာမယ့် နိုင်ငံတော်သစ်ကိုလည်း ကြိုဆို စောင့်မျှော်နေပါတယ်။ မြန်မာနိုင်ငံကို ဈေးကွက်မြှင့်တင်ရာမှာလည်း အရင်လို သဘာဝနဲ့ ယဉ်ကျေးမှု ခရီးသွား လုပ်ငန်းအတွက်ပဲ မဟုတ်ဘဲ တကယ့် အားလပ်ရက် အပန်းဖြေ ခရီးသွားနိုင်ငံ တစ်နိုင်ငံအဖြစ် မြှင့်တင် ဆောင်ရွက်သွားမှာပါ"ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ကော်မတီ (အမ်အမ်စီ)၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ အောင်မြတ်ကျော်က ပြောသည်။
"၂၀၁၁ ခုနှစ်က မြန်မာ့ခရီးသွား လုပ်ငန်းအတွက် စိတ်လှုပ်ရှားဖွယ် နှစ်တစ်နှစ် ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ဧည့်သည်အ၀င်စာရင်းအရ တစ်ကိုယ်ရေ ခရီးသွားဧည့်သည်အ၀င်မှာလည်း ၁၇၃,၀၄၃ ဦးရှိခဲ့ရာ ၂၀၀၉ ခုနှစ် အ၀င်စာရင်းနှင့် နှိုင်းယှဉ်ပါက ၄၉ ဒသမ ၃၀ ရာခိုင်နှုန်းအထိ အ၀င် တိုးတက်လာခဲ့သည်။ အလားတူခရီးစဉ်ဖြင့် လာရောက် သည့် ဧည့်သည်အ၀င် အရေအတွက် မှာ ၂၁,၉၉၆ ဦးရှိပြီး စီးပွားရေးဗီဇာဖြင့် ၀င်ရောက်ခဲ့သော ဧည့်သည်အရေ အတွက်မှာ ၂၈,၂၄၀ ရှိခဲ့သည်။
၂၀၁၁ ခုနှစ် မြန်မာ့ခရီးသွားနှစ် အတွင်း ဧည့်သည်အ၀င်မှာ ၂၀၁၀ ပြည့်နှစ်ထက် ပိုမိုများပြားလာနိုင်ရာ ခရီးသွားလုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်သော အခြေခံလိုအပ်ချက်များကြောင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင် ဖွယ်ရှိကြောင်း ခရီးသွားလုပ်ငန်းရှင် အချို့က ဆိုသည်။
"နိုင်ငံခြား ခရီးသွားဧည့်သည်အ၀င် တဖြည်းဖြည်း များလာတဲ့အလျောက် ခရီးသွားလုပ်ငန်းရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဟိုတယ်၊ ပြည်တွင်း လေကြောင်းလိုင်းထိုင်ခုံအခက်အခဲ ၊ တခြား ပို့ဆောင်ရေးတွေနဲ့ ကျွမ်းကျင် ဧည့် လမ်းညွှန် လိုအပ်ချက်တွေက ၂၀၁၁ ခရီးသွားလုပ်ငန်းအတွက် စိန်ခေါ်မှုတွေ ဖြစ်နိုင်ပါတယ်။ အခု ၂၀၁၁-၁၂ ခု ခရီးသွားနှစ်တွေမှာ ဧည့်သည်အ၀င် တော်တော်များ လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု အမ်အမ်စီမှ ဒုဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးဝေရာဇာက ပြောသည်။
အင်းလျားလိတ်ဟိုတယ်၏ အထွေ ထွေမန်နေဂျာဖြစ်သူ မစ္စတာ Frank Janmaat ကလည်း ဦးဖြိုးရာဇာ၏ အမြင်အား ထောက်ခံ ပြောဆိုရာ ၀န်ဆောင်မှုဆိုင်ရာ အရည်အသွေးတွင် စိန်ခေါ်မှုများနှင့် ကြုံတွေနိုင်ကြောင်း ပြောသည်။
"မြန်မာနိုင်ငံက ဘာလို့ လာအိုလို နိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် ဧည့်သည်အ၀င် ငါးဆလောက် ကွာနေသလဲဆိုတာ တကယ်တော့ အကြောင်းပြချက်မရှိ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံကို ဧည့်သည်အ၀င် များလာတာနဲ့အတူ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့၊ဟိုတယ်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးပိုင်းတွေက ဖြည့်တင်း မြှင့်တင်ပေးဖို့ လိုအပ်နေပါတယ်"ဟု ၎င်းက ပြောသည်။
"အရင်တုန်းက နိုင်ငံခြားမီဒီယာတွေရဲ့ မြန်မာနိုင်ငံပေါ် အပြုသဘော မဆောင်တဲ့သတင်းတွေ ဖော်ပြခဲ့ကြပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာလ ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံကို ကမ္ဘာက သတိထားမိသွားပါတယ်။ အဲဒီနောက် ဧည့်သည်အ၀င်လည်း အရင်ထက်ပို များလာ ပါတယ်။ ဒီ ၂၀၁၁ တစ်နှစ်လုံးမှာလည်း အ၀င်ပိုများလာမယ်လို့ မျှော်လင့်ထားပါတယ်" ဟု မစ္စတာ Frank Janmaat က ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် မဟာမဲခေါင်နိုင်ငံများ မြှင့်တင်ရေးအပိုင်းတို့တွင်လည်း ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Time