Wednesday, April 13, 2011

EU မှ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်အချို့ လျှော့ချခဲ့

ဧပြီလ ၁၂ ရက်နေ့က ဥရောပသမဂ္ဂ ကောင်စီ COUNCIL OF THE EUROPEAN UNION အစည်းအဝေး ပြုလုပ်ပြီး မြန်မာ နိုင်ငံအပေါ် အရေးယူထားမှုကို တစ်နှစ် သက်တမ်းတိုးဖို့ ကိစ္စ ဆွေးနွေးခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲက အရေးကြီးတဲ့ အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ အီးယူက မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ အများကြီး ရှိတာကို အသိအမှတ် ပြုပြီး မြန်မာ ပြည်သူများရဲ့ လူမှုရေးနဲ့ စီးပွားရေး အခြေအနေတွေ ပိုကောင်းလာဖို့ အတွက် အကူအညီတွေ တိုးပေးမယ်။
၂။ အခြေခံ ဥပဒေသစ်အရ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ဟာ အပြောင်းအလဲတွေ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ပေါ်အောင်နဲ့ ဗဟုဝါဒ ပိုထွန်းကားအောင် လုပ်နိုင်မယ့် အခြေအနေ ရှိတယ်။ ဒါ့ကြောင့် အစိုးရသစ် အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပိုမိုထွန်းကားတဲ့ အခြေအနေ တစ်ရပ်ကို ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်အောင် ဆောင်ရွက်ဖို့ တာဝန်ရှိတယ်။

၃။ အီးယူ အနေနဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အဖမ်းခံ ထားရသူတွေ အားလုံး လွှတ်ပေးဖို့ တောင်းဆိုတယ်။
၎။ အီးယူက အစိုးရသစ်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အခြေခံ လူမှု ဖူလုံရေးများ တိုးမြှင့် ဆောင်ရွက်ရေး မူဝါဒများကို စောင့်ကြည့် လေ့လာသွားမယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပက အတိုက်အခံများနဲ့ ဆွေးနွေးဖို့ တိုက်တွန်းတယ်။
၅။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ရှိ ကန့်သတ်ချက်များကို နောက်ထပ် ဆယ့်နှစ်လ သက်တမ်းတိုးမယ်။
၆။ ဒါပေမယ့် အစိုးရသစ်ရဲ့ နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် အရပ်သား ၀န်ကြီးများ အပေါ် ဗီဇာ ကန့်သတ် ထားချက်ကို တစ်နှစ် ဆိုင်းငံ့ထားမယ်။ အီးယူ နိုင်ငံတွေက အဆင့်မြင့် အရာရှိများ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ထားမှု အပေါ် တားမြစ်ထားမှု ကိုလည်း ပယ်ဖျက်မယ်။
၇။ အီးယူက မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်များ အပေါ်မှာ အကဲဖြတ်ပြီး ကန့်သတ် ထားချက်များကို အဲဒီ တိုးတက်မှုတွေ အပေါ် မူတည်ပြီး ပြန်လည် သုံးသပ်သွားမယ်။
၈။ အခု ချဉ်းကပ်ပုံ အသစ်ကို ဆုံးဖြတ်နိုင်ဖို့ အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာက လုပ်ဖော်ကိုင်ဘက်များ၊ အာဆီယံ နိုင်ငံများ၊ ပြည်တွင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံများ၊ အသစ် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံးရဲ့ အမြင်ကို နားထောင်ခဲ့တယ်။
၉။ မြန်မာနိုင်ငံ ဆိုင်ရာ အီးယူ ကိုယ်စားလှယ် Mr. Piero Fassino ရဲ့ လုပ်ငန်းတွေကို ဆက်လက် ကူညီသွားမယ်။ မြန်မာနိုင်ငံကို အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်နိုင်ဖို့ ဆောင်ရွက်မယ်။ မြန်မာအစိုးရ ကိုလည်း Mr. Piero Fassino နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဖိတ်ခေါ်တယ်။ 
Credit : ပိတောက်မြေ