(အစိုးရအဖွဲ့အတွင်း သဘောထားပျော့ပျောင်းသူ အုပ်စုနှင့် သဘောထားတင်းမာသူအုပ်စု ဟူ၍ အုပ်စု ၂ စု ကွဲပြားနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အစိုးရသတင်းစာတွင် ဖေါ်ပြလာသော ငါးမင်းဆွေ၏ ဆောင်းပါးဖြစ် သည် ၊ ဆောင်းပါးရှင်ငါးမင်းဆွေသည် ဒေါ်စုကြည် လွတ်လာပြီးနောက်ပိုင်းတွင် ဒေါ်စုကြည်အား ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည့်ဆောင်းပါးများကိုရေး သားခဲ့သူဖြစ်သည် ။)
ယခုတလော
ပြည်ပအသံလွှင့် ဌာနတို့က မြန်မာ့နိုင်ငံရေး လောကတွင် သဘောထား တင်းမာသူ
(Hard Liner) များနှင့် သဘောထား ပျော့ပျောင်းသူ(Soft Liner)များဟူ၍
နှစ်ဖွဲ့ရှိနေကြောင်း၊ မည်သည့် ပုဂ္ဂိုလ်တို့သည် သဘောထား တင်းမာသူများ
ဖြစ်ကြောင်း၊ မည်သည့်ပုဂ္ဂိုလ်တို့သည် သဘောထား
ပျော့ပျောင်းသူများဖြစ်ကြောင်း အမည်နာမနှင့်တကွ ပြောဆို လာကြသည်။ သဘောထား
တင်းမာသူကို သဘောထားမှားယွင်းသူ၊ သဘောထားပျော့ပျောင်းသူကို သဘောထား
မှန်ကန်သူဟု မီဒီယာများက ရှုမြင်ဇောင်းပေး ရေးသားလေ့ရှိကြပါသည်။
ပါလီမန်
ဒီမိုကရေစီ နိုင်ငံရေးခေတ်က သန့်ရှင်း ဖဆပလ ခေါင်းဆောင် ဦးနုအား သဘောထား
ပျော့ပျောင်းသူဟု ရှုမြင်ခဲ့ကြသည်။ ဦးနုသည် မဲဆန္ဒရှင် အများစုဖြစ်သော
ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတို့၏ ထောက်ခံမှုကို ရရှိစေရန် မြန်မာနိုင်ငံကို
ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် သတ်မှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ ထိုသို့
ပြောဆိုခဲ့ခြင်းကြောင့် ပြည်သူလူထု အများစုက ဦးနုကို ထောက်ခံခဲ့ကြသည်။
ပမညတ ခေါင်းဆောင် ဦးသိန်းဖေမြင့်က မြန်မာနိုင်ငံ ကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ်
သတ်မှတ်ခြင်းသည် အခြားဘာသာများ ကိုးကွယ် သော တိုင်းရင်းသားတို့နှင့်
ပဋိပက္ခဖြစ်ပေါ်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို
ထိခိုက်စေခြင်းကြောင့် မြန်မာနိုင်ငံအား ဗုဒ္ဓဘာသာနိုင်ငံ အဖြစ်
သတ်မှတ်ခြင်းကို လက်မခံခဲ့ပါ။ ထိုစဉ်က ဦးသိန်းဖေမြင့်ကို သဘော ထားတင်းမာသူ
အဖြစ်သတ်မှတ်ပြီး ပြည်သူအများစုက ထောက်ခံမှု မပေးခဲ့ကြပါ။ စာရေးဆရာကြီး
ဦးသိန်းဖေမြင့်သည် သာသနာ တည်တံ့သန့်ရှင်းရန် ရည်ရွယ်ပြီး ''တက်ဘုန်းကြီး''
ဝတ္ထုကို ရေးသားခဲ့သောကြောင့် ရဟန်းရှင် လူအများစုက ဆရာကြီး
ဦးသိန်းဖေမြင့်ကို မုန်းတီးခဲ့ကြသည်။ ရွေးကောက်ပွဲတွင်
ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး
ဦးသိန်းဖေမြင့် ခေါင်းဆောင်သော ပမညတ ပါတီသည် အကြီးအကျယ်
ရှုံးနိမ့်ခဲ့ပါသည်။
ဦးနု၏
မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် သတ်မှတ်ပေးမည် ဆိုသော
ပြောကြားချက်ကြောင့် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသော ကချင်
တိုင်းရင်းသားအချို့ လက်နက်ကိုင် တောခိုသွားခဲ့ကြသည်။ သို့အတွက် ကြောင့်
ကချင်တိုင်းရင်းသားတို့၏ လက်နက်ကိုင်သောင်းကျန်းမှု စတင် ပေါ်ပေါက်ခဲ့ရသည်။
ဤဖြစ်ရပ်ကြောင့် တိုင်းရင်းသား ပြည်သူတို့၏ အသက် အိုးအိမ်များစွာ
ဆုံးရှုံးခဲ့ရသည်မှာ ယနေ့ထိတိုင်အောင် ဖြစ်ပါသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင်
သဘောထား ပျော့ပျောင်းသည်ဟု ထင်မှတ်ခဲ့သော ဦးနု၏ နိုင်ငံရေး သဘောထား
လုပ်ဆောင်မှုသည် မှန်ကန်ခြင်းမရှိခဲ့ပါ။ သဘောထား တင်းမာသည်ဟု
ထင်မှတ်ခံခဲ့ရသော ဦးသိန်းဖေမြင့်၏ နိုင်ငံရေး သဘောထား လုပ်ဆောင်မှုသည်
ရိုးသား ဖြောင့်မတ်မှန်ကန်သည်ဟု အသေအချာ ပြောဆိုနိုင်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၊
ဦးသိန်းဖေမြင့်နှင့် သခင်သန်းထွန်းတို့သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင်
ဗမာပြည် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းတည်ထောင် ခဲ့ကြသည်။ လွတ်လပ်ရေး
ရပြီးသောအခါ သခင်သန်းထွန်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ အာဏာရရှိစေရန်
လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။ ဦးသိန်းဖေမြင့်က
ငြိမ်းချမ်းသော၊ အကြမ်း မဖက်သော နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်း
လုပ်ကိုင်ခဲ့သည်။ သခင်သန်းထွန်း က ဦးသိန်းဖေမြင့်အား ရွှေပြည်အေး
ကိုယ်တော်ဟု ခေါ်ဝေါ် သမုတ်ခဲ့သည်။ သခင်သန်းထွန်းသည် သဘောထား တင်းမာသော
ကွန်မြူနစ်ဝါဒီဖြစ်ပြီး ဦးသိန်းဖေမြင့်သည် သဘောထား ပျော့ပျောင်းသော
ကွန်မြူနစ်ဝါဒီဖြစ်သည်။ နောက်ဆုံးတွင် သခင်သန်းထွန်း၏ သဘောထားတင်းမာသော
လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်သည် မအောင်မမြင်ဖြစ်ခဲ့ပြီး
သခင်သန်းထွန်းသည် ပဲခူးရိုးမတောတွင်း တစ်နေရာတွင် တပည့်ဖြစ်သူ၏
လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုပြည်တွင်း သောင်းကျန်းမှုများကြောင့်
နိုင်ငံနှင့်လူမျိုးလည်း များစွာအထိနာခဲ့ရသည်။ တင်းမာသော သဘောထားရှိသည့်
သခင်သန်းထွန်း၏ နိုင်ငံရေး သဘောထားသည် ရိုးသားဖြောင့်မတ် မှန်ကန်ခြင်း
မရှိခဲ့ပါ။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျင့်သုံးသော သဘောထား
ပျော့ပျောင်းသည့် ဦးသိန်းဖေမြင့်၏ နိုင်ငံရေး သဘောထားသည် ရိုးသားဖြောင့်
မတ်မှန်ကန်ခဲ့သည်ကို ကျွန်တော်တို့ရှင်းလင်းစွာ တွေ့မြင်သင်ခန်းစာ
ရခဲ့ကြပြီး ဖြစ်ပါသည်။