xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Sunday, January 20, 2013

တောင်းပန်ခြင်း


ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည်  ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ  ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း  အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့်  နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။

ကျွန်ုပ်အား ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းအရေးယူပေးပါရန် အရေးကြီးအဆိုတင်သွင်းနေသော ကြံ့ခိုင်ရေးပါတီမှ  ပြည်သူ့ကိုယ်စားလှယ်တော်ကြီး ဒေါက်တာဦးစိုးရင်  ( ဓါတ်ပုံ - ပြည်သူ့လွှတ်တော် )

 ဒေါက်တာဆိတ်ဖွား

Wednesday, January 16, 2013

ပြည်ထောင်စုဝန်ကြီး ၂ ဦး ရာထူးမှနှုတ်ထွက်ခွင့်ပြု


နည်းတောင်နည်းသေးတယ် မောင်ထင်ကျော်

၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ ခေါင်းဆောင် လို့ သူ့ကိုယ်သူရာထူးပေးထားတဲ့ ထင်ကျော်ရဲ့ သတင်းစာရှင်းလင်းပွဲ ဆိုတဲ့ Video လေးကို Burma VJ ရဲ့ကျေးဇူးနဲ့ ကြည့်လိုက်ရပါတယ် "တရား ဥပဒေ စိုးမိုးရေးကို စိန်ခေါ် နေမှုများ " ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ ဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေကို ဘယ်လို အတွေးအမြင်တွေနဲ့ ထောက်ပြမလဲ ၊ ဒီလိုစိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ဘယ်လိုနိုင်ငံတကာအမြင်တွေနဲ့သုံးသပ်ဆွေးနွေးမလဲ ၊ ပညာရပ်ဆိုင်ရာရှုထောင့်တွေကနေ ဘယ်လိုသုံးသပ်ပြမလဲ ဆိုပြီးစိတ်ဝင်တစားရှိခဲ့ပါတယ် ၊ဒီကြားထဲ သူသတင်းစာရှင်းလင်းပွဲလုပ်မှာကို ရိုးရိုးလေးကုမ္မဏီပိုင်ရှင် ဦးသိန်းနိုင်ဆိုသူက ၀င်ရိုက်သွားလို့သတင်းစာရှင်းလင်းပွဲက ပျက်သွားသေးတယ်ဆိုတော့ စိတ်ဝင်စားမှုကိုပိုစေခဲ့ပါတယ်။
 အောက်ကဗီဒီယိုကို ကြည့်ပြီးတဲ့အချိန်မှာတော့ သေအောင်ရိုက်မသွားတဲ့ ရိုးရိုးလေး ဦးသိန်းနိုင်ကိုပဲ အပြစ်တင်နေမိတော့တယ် ......ရှေ့ကပြောချင်တာပရမ်းပတာပြောနေတာကို နောက်က၀န်းရံပေးနေတဲ့ ဘုရားသားတော်တွေကိုလည်း နားမလည်နိုင်အောင်ဖြစ်မိတယ်....။
ဒေါက်တာဆိတ်ဖွား

Tuesday, January 15, 2013

ELEVEN မီဒီယာက နိုင်ငံ့ဝန်ထမ်းများအား အသရေဖျက်မှုကျူးလွန်ပြန်

မီဒီယာလောကတွင် မီဒီယာသမားချင်းလည်းမတဲ့ ၊ ဌာနဆိုင်ရာနဲ့လဲအဆင်မပြေ ၊ သွားဆက်ဆံမိသူ မည်သူနှင့်မဆို အဆင်မပြေမှုများလွန်းသဖြင့် ဆူးလှည်းကြီးဟုသတင်းကြီးသော ELEVEN MEDIA ၏ အင်တာနက်စာမျက်နှာများအား RED ARMY TEAM ဟု အမည်ပေးထားသော အင်တာနက် ဟက်ကာများက တိုက်ခိုက်သွားသဖြင့် ၄င်းတို့၏ အင်တာနက်စာမျက်နှာများ ယနေ့နေ့လည်ပိုင်းမှစ၍ ၀င်ရောက်ဖတ်ရှု၍ မရတော့ကြောင်းသိရှိရပါသည် ။

ထိုသို့တိုက်ခိုက်မှုသည် မည်သူမည်ဝါက တိုက်ခိုက်သည်ကို မသိရှိရသော်လည်း နိုင်ငံ့ဝန်ထမ်းများအား အသရေပျက်စေလိုသောရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများက တိုက်ခိုက်ထားသယောင် အများ ပြည်သူမှအထင်မှားစေရန် တမင်ရည်ရွယ်၍ အောက်ပါအတိုင်း  စွပ်စွဲရေးသားခဲ့ပြန်ပါသည် ။

"သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်း အကြီးအကဲများ၊အရာရှိကြီးများ အနေဖြင့် မိမိလက်အောက်ရှိ အရာရှိငယ်များ၊၀န်ထမ်းများ၏ ဥပဒေမဲ့ ကျူးလွန်မှုများကို သတိပေး ထိန်းသိမ်းတားဆီးရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက ယင်းအဖွဲ့အစည်းများ အနေဖြင့် ထိုသို့လုပ်ဆောင်မှုများအတွက် နိုင်ငံတကာတွင် အရှက်သိက္ခာ ကျဆင်းစရာများ ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးအပ်ပါသည်။"

သို့ဖြစ်ပါ၍ ဤသို့ မည်သည့်အထောက်အထားတစ်စုံတရာမရှိပဲ နိုင်ငံဝန်ထမ်းများအား အကြည်ညိုပျက်စေလိုသောရည်ရွယ်ချက်ဖြင့် တမင် စွပ်စွဲဖေါ်ပြခဲ့သော ELEVEN MEDIA အား အသရေဖျက်မှုဖြင့် တာဝန်ရှိသူများက အမြန်အရေးယူဆောင်ရွက်သင့်ပါကြောင်း ။

Voice Of Myanmar

Monday, January 14, 2013

လွှတ်တော်အမတ်များ ဖတ်မိစေဖို့

 ၁၅-၁-၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ပြည်ထောင်စုလွှတ်တော် သတင်းဖော်ပြချက်(၁)

နေပြည်တော် ဇန်နဝါရီ ၁၄

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့တွင် ကျင်း ပရာ ရှေး ဦး စွာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က  နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် နှစ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ် မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတက်ရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း သည့် သဝဏ်လွှာကိုတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ဆက်လက်၍ အာမေးနီးယားသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ရေးကိစ္စ နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ် (၃) ဦး တို့က ဆွေးနွေးကြသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများတွင် မြန်မာသံရုံး(၃၃)ရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံး (၃)ရုံး နှင့်  မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၄) ရုံး စုစုပေါင်း ဖွင့်လှစ်ထား ရှိပြီးဖြစ်ကြောင်း၊ အဆိုပါ ရုံးများ၌ သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များကို တာဝန်ပေးစေလွှတ် ခန့်အပ်ထားကြောင်း၊ ယင်းနိုင်ငံများမှတစ်ဆင့်လည်း ဥရောကော်မရှင်နှင့် ဥရောပယူနီယံ အပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်း(၃၈) ခုကို ဌာနေရုံး သွားရောက်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ပူးတွဲ၍ တာဝန် ထမ်းဆောင်စေလျက်ရှိကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် လွှတ်တော်၏ သဘောထားကို ရယူရာ သဘောမတူသူ မရှိသည့်အတွက် အာမေးနီးယးသမ္မတနိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ရန် နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို လွှတ်တော်က အတည်ပြုသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များအပေါ် ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို မဲခွဲဆုံးဖြတ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် အတိုင်း အတည်ပြုသည်။

ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်  ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များအပေါ် ဆွေးနွေးကြသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကျမ်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် နာယကထံ ပေးပို့သည့် သဘောထား မှတ်ချက်များမှာ “ဥပဒေကြမ်း ပုဒ်မ(၂)၊ ပုဒ်မခွဲ(က) နှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၁ ၌ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကို လည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ်  တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကို လည်းကောာင်း၊ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။ လွှတ်တော်၏ ပြင်ဆင်ပြဋ္ဌာန်းလိုချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်လျက်ရှိရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ (၂၂)  ခုတွင် ဖွဲ့စည်းပုံ ဥပဒေအား မဆန့်ကျင်သော ပြဋ္ဌာန်းချက် သာလျှင် အတည် ဖြစ်သည်ဟုပုဒ်မ ၄၄၆ တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ ဆန့်ကျင်ပြဋ္ဌာန်းလျှင် အလိုအလျောက်ပျက်ပြယ်မည် ဖြစ်ပါကြောင်း။

ဥပဒေကျမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)နှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ပုဒ်မ ၁၂ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၂ နှင့် ၃၂၃တို့၏ ပြဋ္ဌာန်းချက်များတွင် ပါရှိသော ခုံရုံး၏ လုပ်ငန်းတာဝန်များအား စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။  ဖြည့်စွက်သည့် ပုဒ်မခွဲ(ဈ) ပါ ဖော်ပြချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  ပါဝင်ခြင်းမရှိသည့်အပြင် ထိုသို့ ဖြည့်စွက်ပြဋ္ဌာန်းပါက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အမြင့်ဆုံးတရားရုံးဖြစ်သည့် ထိုခုံရုံး၏ လွတ်လပ်စွာတရား စီရင်ရေး ဆုံးဖြတ်ခွင့်ကို ထိခိုက်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တရားစီရင်ရေးကဏ္ဍအား ဝင်ရောက်စွက်ဖက်မှုဖြစ်လာပါမည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ လွတ်လပ်စွာတရားစီရင်ရေးမူကိုလည်း ဆန့်ကျင်နေပါသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အား ဆန့်ကျင်လျက်ရှိရာ  ဒီမိုကရေစီအနှစ်သာရ ပီပြင်စေရေး အထူးစောင့်ထိန်းရမည့် အချက်ဖြစ်သဖြင့် ဖြည့်စွက်ပြဋ္ဌာန်းရန် မသင့်ကြောင်း တွေ့ရှိရပါကြောင်း။

ဥပဒေကျမ်း၏ ပုဒ်မ ၃ နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေပုဒ်မ ၂၃ နှင့် ၂၄ကို ပြင်ဆင်အစားထိုး ပါက အပြီးအပြတ် အတည်ဖြစ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ)ပါ တရားရုံးတစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စအပေါ် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တစ်ခုနှင့်သာ သက်ဆိုင်စေ မည် ဖြစ်ပါသည်။ ကျန်အကြောင်း ကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက် များသည် အပြီးအပြတ်ဖြစ်မည် မဟုတ်သဖြင့် အယူခံပြင်ဆင် တက်ရောက်နိုင်ခွင့်ရှိသော ဆုံးဖြတ်ချက်အဖြစ်သို့ သက်ရောက်စေပါသည်။ ယင်းပြင်ဆင်ချက်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၄ ပါပြဋ္ဌန်းချက်ဖြစ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်သည် ဆိုသည့် ပြဋ္ဌာန်းချက်အား ဆန့်ကျင် သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၆ ပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ်မည်သာ ဖြစ်ပါကြောင်း။

ဥပဒေကြမ်း၏ ပုဒ်မ ၄ နှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေ ပုဒ်မ ၂၅ မှာ ခုံရုံးဆုံးဖြတ်ချက်များသည် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် များသို့လည်ကောင်း၊ သက်ဆိုင်ရာ နေရာ ဒေသအသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းချက်ဖြစ်ပါသည်။ ပုဒ်မ ၂၅ ၏ အနှစ်သာရမှာ ခုံရုံး၏ ဆုံးဖြတ်ချက် အကျိုးသက်ရောက်မှုအပေါ် အငြင်းပွားမှု မရှိစေရန်  ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ ယင်းသို့ပြဋ္ဌာန်းထားခြင်းမရှိပါက ခုံရုံး၏ အကျိုးသက်ရောက်မှုအပေါ် အငြင်း ပွားခြင်း ၊ အဓိပ္ပာယ်ဖွင့်ဆိုရခြင်းများ ရှိလာနိုင်သဖြင့် မူလဥပဒေပြဋ္ဌာန်းချက် ပုဒ်မ ၂၅ ကို ပယ်ဖျက်၍ မရကြောင်း တွေ့ရှိရ ပါကြောင်း” ဟူ၍ ဖြစ်သည်။

ထို့နောက်နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ သီပေါ မဲဆန္ဒနယ်မှ ဦးရဲထွန်းက ဆွေးနွေးရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အချက်တစ်ချက်ချင်း အလိုက် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆွေးနွေးသည့်အခါ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဌာနစွဲ မထားဘဲ မှန်သည်ဟု မိမိထင်မြင် ယူဆထားသည့်အတိုင်း ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ နောက်တစ်ချက် အရေးတကြီးပြောလိုသည်မှာ မိမိဆွေးနွေးပြောဆိုချက် များသည်  လက်ရှိ ဖွဲ့စည်းပုံဥပဒေကို ကြိုက်ခြင်း- မကြိုက်ခြင်း၊ ပြင်ဆင်လိုခြင်း- မပြင်ဆင်လိုခြင်းများနှင့် သက်ဆိုင်မှုမရှိဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးထားရှိသည့် နိုင်ငံရေး စနစ်တစ်ရပ်တွင် ရှိသင့်ရှိထိုက်၊ အလေးအနက် ထားသင့်ထားထိုက်သော မူဘောင်များဘက်မှ ရပ်တည်ပြီး ဆွေးနွေးသွားမည်ဖြစ်၍ မိမိသည် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် မပြောင်းလဲလို သည့်သူဟု မထင်မှတ်ကြရန် ဖြစ်ပါကြောင်း၊ မိမိတို့တစ်တွေ ဥပဒေများ ပြုကြသည့်အခါ ထိုဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်၍ မရဘူးဆိုသည်ကို အားလုံးသိရှိ လက်ခံကြပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုအကျိုးစီးပွားကို မဖော်ဆောင်နိုင်ခြင်း၊ ဆန့်ကျင်နေခြင်းကို တွေ့ရှိလာလျှင် ထိုမူလအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်ကိုသာ ပြင်ဆင်ရန် ကြိုးစားကြရ မည် ဖြစ်ပါကြောင်း၊ ထိုသို့ မကြိုးစားဘဲ  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည့် ဥပဒေများကို ဇွတ်အတင်း ရေးဆွဲပြဋ္ဌာန်းရန် သာ ကြိုးစားကြမည်ဆိုလျှင် နောင်အနာဂတ် ဥပဒေပြုရေးတွင် ထုံးစံတစ်ခုကဲ့သို့ ဖြစ်သွားပြီး မဖြေရှင်းနိုင်အောင် ရှုပ်ထွေးလှသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာများ တသီတတန်းကြီး ပေါ်ထွက်လာမည်မှာ အသေအချာပင် ဖြစ်ပါကြောင်း၊ ထိုအခါ အရည်အချင်းပြည့်ဝပြီး အဂတိတရားလေးပါးကင်းစင်သည့် လွတ်လပ်မှု အပြည့်အဝ ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း မရှိ၊ ခုံရုံး၏ဆုံးဖြတ် ချက်များကလည်း ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်လျှင် နောက်ဆုံးအဆုံးအဖြတ် မဖြစ်ရာ ဘယ်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို နာခံရမှန်းမသိ ဖြစ်ပြီး ပြဿနာများ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပါလိမ့်မည် ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  အတိအကျ ပြဋ္ဌာန်းထားချက်များကိုအဓိပ္ပာယ်  အနည်းငယ် ကွဲလွဲအောင် ပြင်ဆင်ရေးသားလိုက်ခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်သည်ဟု ဆိုလိုခြင်းပင်ဖြစ်ပါကြောင်း၊  ယခုလည်းဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၂၁ တွင်  အတိအကျ ပြဋ္ဌာန်းထားသည့် ''နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့်  အဖွဲ့ဝင်သုံးဦး၊    ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက    ရွေးချယ်ထားသည့်  အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးစုစုပေါင်းကိုးဦး၏ အမည်စာရင်းကိုလည်းကောင်း၊ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက်  သဘောတူညီချက် ရယူရမည်''ဟု အတိအကျ ပြဋ္ဌာန်းထားခြင်းကြောင့်  ထိုပြဋ္ဌာန်းချက်ကိုပြန်လည် ပြင်ဆင်ရေးသား ထားသည့်ဥပဒေကြမ်း၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(က)သည် ဒီမိုကရေစီကျင့်စဉ်များနှင့် ပိုမိုညီညွတ်ပါသည်ဟု မှန်ကန်သည့် အကြောင်းပြစေ ကာမူ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်နေသည့် အတွက် မိမိအနေဖြင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်ကို မထောက်ခံနိုင်ပါကြောင်း၊ အကယ်၍သာ ဤပြင်ဆင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၁ ကို အစားထိုးပြင် ဆင် ပြဋ္ဌာန်းခြင်းလုပ်ခြင်း ဆိုပါက မိမိထောက်ခံမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်  ယခုကိစ္စတွင်  ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ပြဋ္ဌာန်းရာ ရောက်သည့်အတွက်   သမ္မတ၏သဘောထားမှတ်ချက်ကသာ မှန်ကန်သည်ဟု ယူဆထောက်ခံအပ် ပါကြောင်း။

ဥပဒေအထက်မှာ လွှတ်တော် ရှိနေသလား


ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းဝေးတွေမှာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကိစ္စ ဆွေးနွေးကြတယ် အခြေခံဥပဒေ ပုဒ်မ ၃၂၁ မှာ မူလပြဌာန်းထားတာက -

“နိုင်ငံတော်သမ္မတက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖြစ် ပါဝင်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်ကိုသော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည် " လို့ဖြစ်တယ် ။

ဒါကိုလွှတ်တော်က အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌအဖြစ် ဘယ်သူ့ကို ခန့်မယ်ဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံတော် သမ္မတက ညှိနှိုင်းရွေးချယ်ပြီးတော့မှသာ နာမည်စာရင်း တင်ရမယ်လို့ ပြင်ထားတာ။

ဒါကိုသမ္မတက ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာနဲ့ ဆန့်ကျင်တာကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုပ်ထုံးလုပ်နည်းနဲ့အညီပြင်ပါ  လို့ မှတ်ချက်ပြုထားတာ ။ဒါကိုလုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ပဲနဲ့ လွှတ်တော်မှာမဲခွဲပြီးပြင်တာ ။

 အလားတူပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း နိုင်ငံတော်သမ္မတရဲ့သဘောထား မှတ်ချက် ကိုမဲခွဲဆုံးဖြတ်ပြီး ပယ်ပစ်လိုက်ကြပါတယ် ။

ဒီလုပ်ရပ်တွေဟာ ဥပဒေစကားနဲ့ပြောရရင် အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ကျမ်းကျိန်ထားသူများက အခြေခံဥပဒေနှင့် မညီမှန်းသိလျှက်နှင့်တမင် အခြေခံဥပဒေကိုဖေါက်ဖျက်ကျူးလွန်လိုက်ကြတာပါ ...။

ခုလိုလုပ်နေရတာရှုပ်ပါတယ် ... အခြေခံဥပဒေထဲမှာ " အခြေခံဥပဒေကမည်သို့ပင်ဆိုစေ၊ မည်သို့ပင်ပြဌာန်းထားစေကာမူ လွှတ်တော်ဥက္ကဌများနှင့် အပေါင်းပါများက လွှတ်တော်တော်တွင်းမဲခွဲဆုံးဖြတ်ချက်သည် အတည်ဖြစ်သည် " ဆိုတာလေးပါ တခါတည်း ထည့်ပြင်လိုက်ကြပါလားဗျာ....

ဒေါက်တာဆိတ်ဖွား

မှတပါး အခြားမရှိပြီ

KIA က အရပ်သားပစ်မှတ်တွေဖြစ်တဲ့ လမ်း တံတား ၊ ရထား စတာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာက အဲဒီလိုထိခိုက်မှုတွေမကြာခဏဖြစ်ပြီး အစိုးရအပေါ် ပြည်သူလူထု အယုံအကြည်မရှိအောင် ၊ ငါတို့ကိုလာလုပ်ရင် မင်းတို့ပြည်တွင်းမှာဒီလိုဖြစ်သွားမယ် ဘာမှတ်လဲ ဆိုပြီး ကချင်ဒေသမှာအစိုးရဘက်က ထိုးစစ်တွေရပ်ဖို့ ဖိအားတစ်ရပ်ဖြစ်အောင် ၊ တရားဥပဒေစိုးမိုးရေးကို မကိုင်နိုင်မတွယ်နိုင်တဲ့အစိုးရဆိုပြီး နိုင်ငံတကာအလယ်မှာ နိုင်ငံရေးအရ သိက္ခာကျအောင် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လုပ်နေတာပါ ။

ဒီလိုလုပ်တာကို ရပ်တန့်သွားဖို့အတွက် အကောင်းဆုံးနဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ လိုင်ဇာနားကို များများ ပြန်ပစ်လိုက်တဲ့နည်းပါပဲ....... လိုင်ဇာဆိုတာမြန်မြန်မရှိလေ မြန်မြန်အေးလေပါပဲ....လိုင်ဇာဆိုတာ KIA ဌာနချုပ်ကိုဆိုလိုတာပါ တခြားနည်းမရှိပါဘူး... တခါတလေမှာ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ စစ်ကိုရှည်အောင်လုပ်နေတာနဲ့အတူတူပါဘဲ... ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုရင် ခွဲထုတ်ရမယ့်အနားမျိုးကို ဆေးသောက်ပြီးမြုံအောင် လုပ်နေတာနဲ့တူပါတယ် ...... ငြိမ်းချမ်းရေးအတွက် မတိုက်မဖြစ်လို့ စစ်တိုက်နေကြတာလို့မြင်လိုက်တာ အကောင်းဆုံးပါပဲ...

 “War is peace.
Freedom is slavery.
Ignorance is strength.”
― George Orwell

ဒေါက်တာဆိတ်ဖွား

နတ်တွေများ သတင်းထောက်လုပ်နေပြီလား ELEVEN MEDIA


ELEVEN မီဒီယာရဲ့ ကချင်ဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းပါ ၊ KIA က တံတားချိုး ၊ လူနေရပ်ကွက်ထဲမိုင်းခွဲ ၊ ရထားလမ်းမိုင်းထောင် သတင်းတွေရေးရင်တော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်တို့ ၊ ဒီသတင်းနဲ့ပတ်သက်ပြီး KIA ကိုအတည်ပြုမေးမြန်းသော်လည်း ယခုထိဆက်သွယ်လို့မရသေးတို့ ၊ မြန်မာအစိုးရကစွပ်စွဲထားပါတယ်တို့ ဆိုတဲ့အသုံးအနှုံးတွေရေးပြီးတော့ ၊ ခု လိုင်ဇာလဲ ဗုံးကျရော............

 "  ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ " ဆိုပါလား ....

တပ်မတော်ရဲ့ ဘယ်စခန်းက ၊ လိုင်ဇာရဲ့ ဘယ်နေရာကို ၊ ဘာလက်နက်အမျိုးအစားနဲ့ ၊ ဘယ်အချိန် ၊ ဘယ်နှစ်ချက်ပစ် ၊ ဘယ်နှစ်လုံးကွဲ .....ဟား..ဟ နတ်တွေများ မင်းတို့ သတင်းဌာနမှာ သတင်းထောက်ခန့်ထားလားကွာ.... KIA ကပြဿနာကြီးအောင် တရုတ်ပြည်ထဲပစ်ထည့်တာတို့ ၊ လူနေရပ်ကွက်တွေဘက်ကို ပြန်ပစ်တာတို့ ရော မဖြစ်နိုင်ဘူးလား ......


သူ့ပထွေး လူစီးရထားကိုမိုင်းခွဲတဲ့သတင်းကျတော့ ဟိုလိုလို ဒီလိုလိုနဲ့  ဘယ်သူခွဲတယ်ဆိုတာမပါဘဲ ရေးထားတယ် ၊ ဘာစစ်ရေးအမြင်မှမရှိတဲ့ အောက်တန်းစား သတင်းမီဒီယာတွေမင်းမူနေသ၍ ဒီတိုင်းပြည်ကြီးပွားစရာအကြောင်းမမြင်ပါ ။

ဒေါက်တာဆိတ်ဖွား

Tuesday, January 8, 2013

မြင့်မြတ်သူတို့ရဲ့နှလုံးသား

ဒီရက်ပိုင်းသတင်းတွေထဲမှာထိပ်တန်းရောက်နေတဲ့သတင်းကတော့ ကချင်ပြည်နယ်တိုက်ပွဲ သတင်းတွေ ပါပဲ.....၊ ဒီသတင်းတွေထဲမှာမှ ထပ်ပြီးလူစိတ်ဝင်စားနေတာက KIA ကတပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ ၀င် သုံ့ပန်း ၃၀ ကို ၈၈ မျိုးဆက်ကျောင်းသားတွေကနေတဆင့် လွှဲပေးမယ် ဆိုတဲ့သတင်းပါပဲ ...ဒီသတင်းကိုကြားရသူတွေအပေါင်းကလည်း လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို အမျိုးမျိုးတွေးကြတယ် ။ပြည်တွင်းကစစ်ပွဲတွေရဲ့သဘောကိုနားလည်သဘောပေါက်ပြီး အဖြစ်မှန်ကိုတွေးနိုင်တဲ့သူအနည်းစု ရှိပေမယ့် အများစုကတော့ အဖမ်းခံရတဲ့ တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ အရေအတွက်ကိုကြည့်ပြီး တပ်မတော်ဘက်က စစ်ရေးကျွမ်းကျင်မှုမရှိပဲ KIA ဘက်ကပဲ စစ်ရေးအသာစီးရနေသယောင် ထင်သွားကြတယ် ၊ စစ်တပ်ဖြစ်ပြီးဒီလောက်တောင်အဖမ်းခံရလားကွာဆိုပြီးမချိတင်ကဲ ဖြစ်သူတွေ လည်းရှိသလို ၊ စစ်တပ်ကကောင်တွေခံရတာကောင်းတယ် ဆိုပြီး အားရ၀မ်းသာဖြစ်သူတွေလည်းရှိတယ် ၊ စိတ်မကောင်းစရာကောင်းတာက အဲဒီနောက်ဆုံးအမျိုးအစားထဲမှာ မီဒီယာအချို့လည်းပါနေတယ် ။


ပုလင်းတူဗူးဆို့
တပ်မတော်သားတွေကို KIA ကဘာလို့ အလွယ်တကူဖဖ်းသွားနိုင်တာလဲ ဆိုတာပြန်သုံးသပ်ကြည့်ရင် အဓိက အကြောင်း  ( ၃ ) ခုတွေ့ရတယ် ။ ပထမဦးဆုံးတစ်ခုကတော့ အရင်စစ်အစိုးရ လက်ထက် KIA နဲ့ ငြိမ်းချမ်းရေးယူထားတုန်းက စစ်သားတွေနဲ့ KIA တပ်ဖွဲ့တွေဟာ အကောက်အတူတူကောက် ၊ အတူတူခွဲယူ ၊ အတူတူသောက် အတူတူစား ၊ တစ်ယောက်နဲကတစ်ယောက် ယောက်ဖချင်း ထပ်အောင်ခေါ်ပြီး ပုလင်းတူဗူးဆို့ဆိုသလို နေခဲ့ထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ် ။ ခု လိုင်ဇာကိုသွားတဲ့လမ်းက ရွှေညောင်ပင် ဆိုတဲ့အရပ်မှာ တာဝန်ကျတဲ့ တပ်ဟာ အင်မတန် ကိုဝင်ငွေကောင်းတယ်လို့ ကြားဘူးတယ် ၊ တချို့အရာရှိတွေဆိုရင် အဲဒီမှာတာဝန်ကျဘို့ ကကထူးကို ငွေအမြောက်အများဆိုသလို ပေးကမ်းပြီး လဘ်ထိုးရတယ်လို့ ဆိုတယ် ။ ဘယ်လောက်ပဲကုန်ကုန် အဲဒီမှာ တာဝန်ကျလိုက်ရင် ၂ လလောက်ဆို အကုန်ကျေဆိုပဲ ၊ငြိမ်းချမ်းရေးယူထားတာကလည်း ၁၇ နှစ်တောင်ဆိုတော့ စစ်ဗိုလ် စစ်သားတွေနဲ့ ဒေသခံတွေလည်း အိမ်ထောင်တွေဘာတွေကျပေါ့ ၊  ဆိုလိုချင်တာက အဲဒီနယ်မြေထဲမှာ KIA နဲ့စစ်တပ်ဟာ လုံးထွေးနေတယ် ၊ အဲဒီလိုအခြေအနေကနေ ရုတ်တရက် ဆိုသလို စစ်တပ်နဲ့ KIA ဟာ အခြေအနေတင်းလည်းတင်းမာလာရော အဲဒီပုလင်းတူဗူးဆို့ချင်း ဖမ်းသွားလို့ သေနတ်တစ်ချက်မှမဖေါက်ရပဲ ပါသွားတဲ့သူတွေ အများအပြားရှိတယ် ။

သူ့ကိုယ်မသိ ကိုယ့်သူသိ
အခြေအနေတင်းမာလာပြီး မကြာခင်မှာ စစ်တပ်ဟာ တပ်နေရာအရွှေ့အပြောင်းတွေ လုပ်တယ် ၊ ပြည်မက တပ်တွေကိုအင်အားထပ်ဖြည့်တယ် ၊   ကချင်ဒေသမှာရှိတဲ့ ရွာတွေအကုန်လုံးဟာ KIA တပ်ဖွဲ့တွေနဲ့  တချို့မိသားစုဝင်တွေ ၊ တချို့ ဆွေမျိုးသားချင်းတွေ စသည်ဖြင့် တနည်းမဟုတ်တနည်းဆက်စပ် ပတ်သက်နေကြတယ် ၊ ပြောချင်တာက ခုမှ ပြည်မကတက်လာတဲ့ တပ်တွေဟာ KIA သတင်းဘယ်လိုမှမရနိုင်ဘူး ကိုယ့်ဆွေမျိုးသားချင်း မိသားစုဝင်တွေကို ဘယ်သူက သေတွင်းထဲပို့ပါ့မလဲလေ.... ။ KIA ဆိုတာကလည်း ဂြိုလ်ပါတာ မဟုတ်တော့ သေနတ်မကိုင်ထားရင် ကိုယ့်အနားရောက်နေတာတောင် KIA မှန်းမသိနိုင်ဘူး ၊ ဒီလိုနဲ့ အခြားတစ်ဘက်မှာကျတော့ တပ်ကသတင်းတွေကို KIA က ဒီရွာသားတွေ သူ့အထောက်တော်တွေကနေတဆင့်အတိအကျသိနေပြန်တယ် ၊ တပ်ကစခန်းချရင် စစ်ကြောင်းရဲ့ပတ်လည် ၀င်လမ်းထွက်လမ်းလေးတွေမှာ အဖွဲ့ငယ်လေးတွေနဲ့ လုံခြုံရေးချလေ့ရှိတယ် ၊ လက်ရှိတပ်အင်အားအခြေအနေအရ အဲဒီအဖွဲ့ငယ်လေးတွေဟာ ၅ ယောက်ထက်မပိုဘူး ၊ အဲဒီလို ကင်းစခန်းငယ်လေးနေရာကိုအတိအကျသိနေတဲ့ KIA ကအလစ်အငိုက်မှာဝင်စီးပြီး ဆွဲသွားလို့ ပါသွားတာတွေရှိတယ် ။ဒီလိုပါသွားပြီဆိုတာနဲ့ တပ်ကဒီရွာကလက်ထောက်ချတာပဲဆိုပြီး ရွာမှာရှိတဲ့လူတွေကို အတင်းစစ်လားဆေးလားလုပ်ပြီး မိမိတပ်ဖွဲ့ဝင်တွေကယ်တင်ဘို့လုပ်လေ့ရှိတာမို့ ရွာနားမှာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ရွာသားတွေဟာ ပြေးတော့တာပဲ ဒီလိုနဲ့ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတာနဲ့အမျှဒုက္ခသည်စခန်းတွေမှာလူတွေများလာတာဖြစ်တယ် ။ ဒါဒုတိယအချက်ဖြစ်တယ် ။

တတိယတစ်မျိုး
တတိယ တစ်မျိုးကတော့ တိုက်ပွဲတွေမှာ အဖမ်းခံရတာဖြစ်တယ် ၊ ဒါကလည်း ဒုတိယအချက်နဲ့ ဆက်စပ်နေတယ် ၊ တပ်တွေရဲ့ အင်အား ၊လက်နက် ၊ ခေါင်းဆောင် ၊တပ်လှုပ်ရှားမှုတွေကို အတိအကျသိနေတဲ့ KIA တပ်ဖွဲ့တွေဟာ သူတို့ကျွမ်းကျင်လှတဲ့နယ်မြေထဲမှာ ဘယ်နားကစောင့်တိုက်ရင် ဘယ်လိုဆိုတာ အသေအချာစီစဉ်ပြီးတိုက်ဖို့ အခွင့်အရေး  အသာစီး၇နေတာမို့ ဒီလိုချုံခိုတိုက်ခိုက်မှုတွေကနေ အဖမ်းခံရတာဖြစ်တယ် ။ စစ်ကြောင်းတစ်ခုဟာ တစ်ဘက်ကအပိုင်စောင့်ပြီးအတိုက်ခံရပြီဆိုရင် ရုတ်တရက် ပြန်ခုခံဘို့ဆိုတာ တကယ့်မြေပြင်မှာ လွယ်တာမဟုတ်ဘူး ၊ ရုပ်ရှင်တွေထဲမှာလို ဗိုလ်လုပ်တဲ့သူက ရဲဘော်တို့ တက် ၊ ရှေ့ကိုက် ၂၀၀ ဟိုသစ်ပင်မှာရန်သူ ၊ ဟိုနေရာကို 40mm နဲ့ပစ် ၊ ဒီနေရာကိုတော့ BA 100 နဲ့ထောက် ၊ စက်လတ်က ဒီနေရာကနေ ကာပစ်ပစ်ပေး ဘာညာ လုပ်နိုင်တာမဟုတ်ဘူး ၊ စစ်ကြောင်းကိုခါးလည်လောက်က အတိုက်ခံရပြီဆိုတာနဲ့ အများအားဖြင့်အဲဒီစစ်ကြောင်းကြီးဟာ သူ့သဘောသူဆောင် ကိုယ့်သဘောကိုယ်ဆောင်ဖြစ်ကုန်ကြတာ ၊ သေနတ်သံကြားတဲ့ဘက်ကို စွတ်ပြီးပြန်ပစ်ကုန်ကြတာ ၊ ဘယ်သူ့အမိန့်မှစောင့်နေတာမဟုတ်ဘူး ၊ နီးစပ်ရာအကာအကွယ်ရှိတဲ့နေရာတွေကို အလိုလိုရောက်ကုန်ကြတာ  ၊ အဲဒီလိုကစဥ့်ကလျား ဖြစ်နေချိန်မှာ တစ်ဘက်က အပိုင်စောင့်နေတဲ့သူက အသာစီးရပြီး ကျွံထွက်လာတဲ့သူတွေ ၊ ကွဲထွက်လာတဲ့သူတွေကို ဖမ်းမိကုန်တာဖြစ်တယ် ။

ဒီလိုဖြစ်ဖြစ်နေတော့ ဒါမျိုးကို ဘယ်လိုမှမတတ်နိုင်တော့ဘူးလားလို့မေးရင် နည်းတွေတော့ရှိတာပေါ့လေ ထင်ရှားပြီးလူသိများတာကတော့ လူသားတံတိုင်းတွေပေါ့ ၊ ရွာတစ်ရွာကိုအခြေပြုမိပြီဆိုတာနဲ့ ရွာထဲကလူတွေ အ၀င်အထွက်ပိတ်လိုက် ၊ ပြီးရင် အဲဒီလူတွေကို တပ်တွေနဲ့ရောထားလိုက် ၊ ဘယ်သူမှလာမပစ်တော့ဘူး ၊ နောက် တနေရာကနေတစ်နေရာကိုကူးရင် ဒီဘက်ရွာကလူတွေကိုစစ်ကြောင်းတွေ ကြားမှာညှပ်ခေါ်သွား ဟိုဘက်ရောက်မှပြန်လွှတ်  ဒီလိုလုပ်ရင် ရသားပဲ.... ၊ ကိုယ့်တပ်တစ်ခုခုအပစ်ခံရပြီဆို ရန်သူဘက်ကခေါင်းဆောင်စုံစမ်း ၊ရပြီဆိုတာနဲ့ သူ့ဆွေမျိုးတွေရှိတဲ့ရွာတွေဝင် ၊ မ၀င်ရင်လဲလက်နက်ကြီးနဲ့ထု ဘယ်မှာလာနောက်ချောင်းပစ်ရဲမလဲ ၊ ဘာမဆိုင်ညာမဆိုင်ဒေသခံတွေ ခံနေရမှာစိုးလို့ တပ်ကကိုယ့်တပ်တွေချည်းပဲ လှုပ်ရှားနေရာကနေ ခုလိုဖြစ်နေတယ်ဆိုတာ သိရုံလောက်လေး ရေးလိုက်ပါတယ် ။ 

တခြားသူတွေအသက်အတွက် ကိုယ့်အသက်ကိုပေးရဲတဲ့သူတွေကိုမှ မြင့်မြတ်တဲ့သူတွေလို့မခေါ်ရင် ကျွန်တော်တို့ ဘယ်သူ့ကိုခေါ်ကြမလဲဗျာ..... 

ရဲဘော်တို့ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ...........

ဒေါက်တာဆိတ်ဖွား


နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးရဲထွဋ်အား တာဝန်ပေးအပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
အမိန့်ကြော်ငြာစာ (အမှတ်၊၆/၂၀၁၃)
၁၃၇၄ခု၊ နတ်တော်လပြည့်ကျော် ၁၁ ရက်
၂၀၁၃ခု ၊ ဇန်န၀ါရီလ ၈ ရက်

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ပေးအပ်ခြင်း  
 
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ(က) ပါ ပြဌာန်းချက်အရ ''နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ'' အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်အား တာဝန်ပေးအပ်လိုက်သည်။
အမိန့်အရ 
ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့
ဦးရဲထွဋ်