လူ့ဘ၀သည်
ရခဲလှပါ၏။ လူ့ပြည်နှင့် နတ်ပြည်မှ အပ်နှစ်စင်းတို့ ထိပ်တိုက်တွေ့ရန်ထက်
ခက်ခဲလှသည်ဟု ဆိုပါသည်။ ထို့ထက် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူသော ကာလနှင့်
ကြုံကြိုက်ရန် ပို၍ခဲယဉ်းလှပါသည်။ မြတ်စွာ ဘုရားရှင်နှင့် မကြုံကြိုက်
သည့်တိုင် ဘုရားသာသနာ ထွန်းကားချိန်တွင် လူဖြစ်ရလျှင်ပင် လူဖြစ်ကျိုး
နပ်လှပါသည်။ ယခုအခါ ထေရ၀ါဒ ဗုဒ္ဓသာသနာ အမွေအနှစ်နှင့် အလေ့အကျင့်တို့
ထိန်းသိမ်းတည်တံ့ ထွန်းကားရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့
ဗုဒ္ဓမြတ်စွယ်တော် သည် စတုတ္ထအချီ ဒေသစာရီ ကြွချီ လာပြီဖြစ်ပါသည် ။
နိုင်ငံတော်
သမ္မတကြီး ၂၀၁၁ခုနှစ် မေလက သွားရောက်ခဲ့သော တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်
အတွင်း မြန်မာပြည်သူများ အတွက် ပုဗ္ဗစေတနာ သဒ္ဓါထက်သန်စွာဖြင့်
အစပျိုးစီစဉ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်-မြန်မာ နှစ်ပြည်ထောင် ချစ်ကြည်ရေးကို
အကြောင်းပြု၍ မိုင်ပေါင်း ရာထောင်ချီပြီး ဝေးကွာလှသည့် အရပ်မှ
တန်ဆောင်တိုင် ခါတော်မီ ကြွချီလာမည့် မြတ်စွယ်တော်နှင့် ပတ်သက်၍
ကြိုတင်ကြည်ညို သဒ္ဓါပွားများ နိုင်ကြစေရန် ဤဆောင်းပါးဖြင့် ဓမ္မဒါနပြု
တင်ပြအပ်ပါသည်။
သဗ္ဗညုတ
ဉာဏ်တော်ရှင် ဗုဒ္ဓဘုရားသခင်၏ မြတ်စွယ်တော်ကို ကိုယ်တိုင်ဖူးမြော်
ကြည်ညိုရသည့်အခါ သက်တော် ထင်ရှား သုံးလူ့ရှင် ဘုရားရှင်
ကိုယ်တော်မြတ်ကြီးအား စိတ်ဝယ်ထင်ထင် ယုံကြည်ကြိမ်ကြိမ် သဒ္ဓါရှိန်ဖြင့်
အာရုံပြုနိုင်ရန်လည်း ရည်သန်ပါသည်။ မျိုးဆက်သစ် လူငယ် လူရွယ်များကိုလည်း
ပထမ တစ်ကြိမ်ပင် ဖူးမြင်ရခြင်း ဖြစ်လင့်ကစား၊ အသိဉာဏ် ထက်မြက်သော အရွယ်တွင်
ဗုဒ္ဓဂုဏ်တော်ကို နှလုံးသွင်း၍ နှလုံးသားဝယ် ဘုရားတည် နိုင်ကြစေရန်နှင့်
ဗုဒ္ဓအဆုံးအမ (Buddha Thoughts) များကို နှလုံးသွင်း နိုင်ကြစေရန်လည်း
ရည်သန်နှိုးဆော် အပ်ပါသည်။
ဗုဒ္ဓစွယ်တော်မြတ် သမိုင်းအကျဉ်း
လူ
နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော
ဗုဒ္ဓမြတ်စွာ ဘုရားသခင်သည် ၄၅ ၀ါပတ်လုံး လောက(၃)ပါးအား တရားဖြင့်
စောင့်ရှောက်ပြီး နေစဉ် သက်တော် ၈၀ အရောက် ကဆုန် လပြည့်နေ့တွင်
ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော်
မူခဲ့ပါသည်။ မြတ်စွာ ဘုရားပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင်
ကျွမ်းပြီးနောက် မကွဲမပြား တစ်သားတည်း တည်သော အသမ္ဘိဓာတ်တော်များ ဖြစ်သည့်
စွယ်တော်လေးဆူ၊ ညှပ်ရိုးတော် နှစ်ဆူ၊ နဖူးသင်းကျစ်တော်တစ်ဆူ စုစုပေါင်း
ခုနစ်ဆူနှင့် ဓာတ်တော်မွေတော်များ ကျန်ရစ်တော် မူခဲ့ပါသည်။
ကြွင်းကျန်ခဲ့သော
စွယ်တော် အရွယ်ပမာဏမှာ ၁၉၅၉ ခုနှစ်တွင် ဆရာတော် ဦးအာလောက ရေးသားသော
တစ်ဆယ့် ခြောက်ဌာန ဘုရားရှိခိုးတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
- စွယ်တော်လုံးပတ်၊ မြဲ မှတ်ကြစေ၊ အချင်းထိပ်ဦး၊ ခြောက်မူးခန့်ပေ၊ နှစ်ကျပ်မူးယွန်း၊ အ၀န်းမှန်ပေ၊ အလျားမှတ်၊ နှစ်ကျပ်မတ်တင်းနေ။
- အမြစ်လုံးပတ်၊ ငါးမတ် ခန့်သာ၊ အောက်ထိပ် အမှူး၊ သုံးမူးပမာ၊ ရောင်ခြည်လောဟိ၊ နီဘိဖြူဝါ၊ နီဖန်များ၊ နည်းငြားဖြူအဝါ။
တေဇောဓာတ်
လောင်ကျွမ်းသဖြင့် ရရှိလာသော ဓာတ်တော် မွေတော်များအား ရယူလိုသဖြင့်
တိုင်းပြည်(၈)ပြည်ထောင်မှ ဘုရင်များ စစ်တပ်ချီ၍ စုဝေး ရောက်ရှိခဲ့ကြသည်။
မြတ်စွာဘုရားသခင်၏ ဓာတ်တော်များအား ငြိမ်းချမ်းစွာဖြင့် အညီအမျှ
သုံးပုံစုပုံပြီး လူ့ပြည်၊ နဂါးပြည်၊ နတ်ပြည်တို့ ခွဲဝေယူခဲ့ကြသည်။
လူ့ပြည်အတွက် ဝေစုကို ရှင်ဘုရင် ရှစ်ပါးတို့ အညီအမျှ ထပ်မံခွဲဝေ ယူကြရာတွင်
စွယ်တော် နှစ်ဆူလည်း ပါဝင်သည်။ ကျန်စွယ်တော် နှစ်ဆူမှာ နတ်ပြည်နှင့်
နဂါးပြည်တို့သို့ ပင့်ဆောင်သွားခဲ့ကြကြောင်း မှတ်သားရ ပါသည်။ လူ့ပြည်ရှိ
စွယ်တော် နှစ်ဆူအနက် တစ်ဆူမှာ သီရိလင်္ကာ နိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး
ကျန်တစ်ဆူမှာ တရုတ်နိုင်ငံ လင်ကွမ်းကျောင်းတော်၌ မူရင်းအတိုင်း စံပယ်လျက်
ရှိပါသည်။ သီရိလင်္ကာရှိ စွယ်တော်မှာ လက်ဝဲအောက်စွယ်တော် ဖြစ်ပြီး
တရုတ်နိုင်ငံရှိ စွယ်တော်မှာ လက်ဝဲအထက် စွယ်တော် ဖြစ်ပါသည်။