xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Friday, April 13, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ



 ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာပြီး နေ့လည် ၁၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည် ၊ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည် ။

မစ္စတာဒေးဗစ်ကင်မရွန်း၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သော ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည် ။

Voice Of Myanmar

Tuesday, April 10, 2012

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန်တွေ့ဆုံဆွေးနွေးမည်

 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့ မှာ နေပြည်တော် တွင်တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ၊ ဆွေးနွေးမည့်အကြောင်းအရာအသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးကြောင်း အမည်မဖေါ်လိုသူ အစိုးရအဆင့်မြင့်အရာရှိကြီး တစ်ဦးကပြောပါသည် ။

မြန်မာ့အပြောင်းအလဲများကို ဦးဆောင်သူနှစ်ဦးအဖြစ် ထင်ရှားသော သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ်သြဂုတ်လ အတွင်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး နောက် မြန်မာနိုင်ငံ၏အပြောင်းအလဲများ အကောင်းဘက်သို့ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ဒေသတွင်းနှင့်ကမ္ဘာနိုင်ငံအသီးသီးကပါ ထောက်ခံချီးကျူးခဲ့ကြရသဖြင့် ယခုတစ်ကြိမ်တွေ့ဆုံမှုကိုလည်း ပြည်သူအများက စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါသည် ။
Voice Of Myanmar

Friday, April 6, 2012

အမေရိကန်က ဘာတွေလုပ်မှာလဲ

ဧပြီလ ၄ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာမှာ တိုးတက်မှုများ ရရှိခဲ့တဲ့ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ခဲ့ အခြေအနေ နှစ်ခုကို တုန့်ပြန်တဲ့ အနေနဲ့ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူထားမှု တစ်ချို့ကို ဖယ်ရှား ပေးမယ်လို့ ပြောခဲ့တယ်။ နောက် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတွေက သတင်းစာ ဆရာများကို တယ်လီ ကွန်ဖရင့် လုပ်ပြီး အသေးစိတ် ရှင်းပြပါတယ်။ အဲဒီ သတင်းနှစ်ခုကို အခြေခံပြီး အမေရိကန် နိုင်ငံရဲ့ တုန့်ပြန်မှုဟာ ဘယ်လို အကျိုး သက်ရောက်မှု ရှိမယ် ဆိုတာ လက်လှမ်း မီသလောက် ရှင်းပြချင်ပါတယ်။
ကလင်တန်ရဲ့ ပြောကြားချက်မှာ အမေရိကန်ဘက်က လုပ်ဆောင်မယ့် အစီအစဉ် ၅ ခုပါတယ်။
ပထမ လုပ်ငန်းက သံအမတ် ပြန်ထားဖို့ ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို ဇန်နဝါရီလ အကျဉ်းသားတွေ ပြန်လွှတ်ကထဲက ကြေညာ ထားပါတယ်။ အခုတော့ အမေရိကန်ဘက်က ခန့်ချင်တဲ့လူကို မြန်မာဘက်ကို အဆိုပြုမယ်လို့ ဆိုပါတယ်။ မြန်မာဘက်က လက်ခံရင် အမည်စာရင်း တင်သွင်းမှုကို တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ အမေရိကန် အခြေခံ ဥပဒေအရ အဲဒီ သံအမတ် ခန့်အပ်မှုကို အထက် လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အမေရိကန် ကွန်ဂရက် အနေနဲ့လည်း မြန်မာနိုင်ငံက တိုးတက်မှုများကို အသိအမှတ် ပြုထားပြီး ဖြစ်လို့ အတည်ပြုနိုင်ဖို့ အချိန် သိပ်လိုမယ် မထင်ပါဘူး။ သံအမတ် ခန့်အပ်မှုဟာ ၁၉၈၈ နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်တဲ့အတွက် နိုင်ငံရေးအရ အဓိပ္ပါယ် ကြီးမားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ဒုတိယ လုပ်ငန်းကတော့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အေဂျင်စီ UNDP ကို မြန်မာနိုင်ငံ အတွင်းမှာ ပုံမှန်လုပ်ငန်း လုပ်ဆောင်ခွင့်တွေ ပေးအပ်မှာ ဖြစ်ပြီး အမေရိကန် နိုင်ငံရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ကိုလည်း မြန်မာနိုင်ငံမှာ တရားဝင် ရုံးဖွင့် ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံဟာ ကုလသမဂ္ဂကို ရန်ပုံငွေ အများဆုံး ထည့်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်က UNDP ကို အစိုးရနဲ့ တိုက်ရိုက် ပူးပေါင်း ဆောင်ရွက်ခြင်း မလုပ်ဖို့၊ UNDP အကူအညီနဲ့ နိုင်ငံတကာ၊ ပြည်တွင်း အင်န်ဂျီအိုများက ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်တဲ့ အခါမှာလည်း အစိုးရဌာနတွေ၊ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်း မလုပ်ဖို့၊ အစိုးရ လုပ်ငန်းတွေကို အကူအညီပေးရာ ရောက်မယ့် ကိစ္စတွေမှာ မလုပ်ဖို့ တားမြစ် ထားပါတယ်။ နှစ်စဉ်လည်း UNDP က မြန်မာနိုင်ငံထဲက သူတို့ လုပ်ငန်းတွေဟာ အစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး အကျိုး သက်ရောက်မှု မရှိပါဘူး ဆိုတာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို အာမခံရတယ်။ ဒါ့ကြောင့် အခု ဒီကန့်သတ်ချက်ကို ဖယ်ရှားပြီး ပုံမှန် လုပ်ဆောင်ခွင့် ပြုတဲ့အတွက် UNDP ဟာ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမှု လျှော့ချရေးတွေမှာ အစိုးရ ၀န်ကြီးဌာနများနဲ့ သဘော တူညီချက် ရယူပြီး နိုင်ငံတွင်း အစီအစဉ်များကို အကောာင်အထည် ဖော်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ ပြည်သူတွေ အတွက် အင်မတန် အကျိုးရှိတဲ့ အချက်ပါပဲ။ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ဟာ တော်လှန်ရေး ကောင်စီ မတက်ခင်က မြန်မာနိုင်ငံမှာ ရုံးဖွင့်ပြီး အကူအညီ ပေးခဲ့တယ်။ တော်လှန်ရေး ကောင်စီ လက်ထက်မှာ ရုံးပိတ်ခိုင်း လိုက်ပါတယ်။ အခုမှ ပြန်ဖွင့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ USAID က အရင်တုံးက ဘန်ကောက်ရုံးကနေ အကူအညီ ပေးခဲ့တာ ဖြစ်ပြီး မနှစ်က ဒေါ်လာ ၃၅ သန်း အကူအညီ ပေးခဲ့တယ်။ ဒါပေမယ့် အင်န်ဂျီအိုတွေကို ပေးတာဖြစ်ပြီး အစိုးရကို တိုက်ရိုက် မပေးပါဘူး။ အခုတော့ အခြေအနေ ပြောင်းသွား တော့မယ် ထင်ပါတယ်။ ဒီအကူအညီတွေကို အများဆုံး ရနိုင်တာတော့ ပညာရေး၊ ကျန်းမာရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားရေး အတွက် အထောက် အကူ ဖြစ်မယ့် လုပ်ငန်းများ ဖြစ်ပါတယ်။
တတိယ လုပ်ငန်း ကတော့ အမေရိကန် နိုင်ငံက ပုဂ္ဂလိက အဖွဲ့အစည်းများကို မြန်မာနိုင်ငံ အတွင်းမှာ ပရဟိတ အကျိုးအမြတ် မယူတဲ့ လုပ်ငန်းများမှာ ပါဝင် ကူညီ ဆောင်ရွက် ခွင့်ပြုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတွေက အသေးစိတ် ရှင်းပြရာမှာ အမေရိကန် ဖောင်ဒေးရှင်းတွေ၊ ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံထဲက ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ တစ်ခြား စီးပွားရေး အကျိုးအမြတ် မယူတဲ့  လုပ်ငန်းများမှာ ကူညီခွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းက လူမှု အဖွဲ့အစည်းတွေ ပိုပြီး တိုးတက်ဖို့ အခြေအနေပေးတဲ့ အပြင် မြန်မာ လူငယ်တွေ ပညာတော်သင်ဆုတွေ ပိုရနိုင်မယ့် အခွင့်အရေး၊ တက္ကသိုလ်တွေ အနေနဲ့ နိုင်ငံတကာ အကူအညီများ ပိုရနိုင်မယ့် အခွင့်အရေးတွေကို လမ်းပွင့် သွားစေမှာ ဖြစ်ပါတယ်။
စတုတ္ထ လုပ်ငန်းကတော့ မြန်မာ အဆင့်မြင့် အစိုးရ အရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များကို အမေရိကန် နိုင်ငံကို လာရောက် ခွင့်ပိတ်ပင်ထားတာကို ပယ်ဖျက်ပြီး နှစ်ဘက်ကြား ပိုမိုထိတွေ့ ဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကလင်တန်က select government officials and parliamentarians လို့ သုံးသွားတော့ အားလုံးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။ အရင်က ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းထဲမှာ ပါနေတဲ့ လူတွေထဲက ပြုပြင် ပြောင်းလဲရေးကို ဆက်လက် ဆန့်ကျင် နေတယ်လို့ ယူဆသူများကိုတော့ လာခွင့်ပြုမှာ မဟုတ်ဘူးလို့ နားလည်မိပါတယ်။ အမေရိကန် အရာရှိတွေက ရှင်းလင်းရာမှာလည်း ဒီသဘောကို ရှင်းပြ သွားပါတယ်။
ပဉ္စမ လုပ်ငန်းကတော့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ၊ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ဖို့ အကန့် အသတ်နဲ့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကလင်တန်က a targeted easing of our ban on the export of U.S. financial services and investment လို့ သုံးပြီး ပြောသွားပါတယ်။ ဒါ့ကြောင့် တစ်ချို့ ကန့်သတ်ချက်တွေ ကတော့ ဆက်ရှိနေဦးမယ့် သဘောပါပဲ။ အမေရိကန် အရာရှိတွေက ငွေကြေး ၀န်ဆောင်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုအပေါ် ကန့်သတ်ချက်တွေကို အဆင့်ဆင့် လျှော့ပေါ့ ပေးသွားမယ်လို့ ဆိုတယ်။ သူတို့က မြန်မာနိုင်ငံမှာ အကြွေး ၀ယ်ယူခွင့်ကဒ် သုံးတာ အပါအ၀င် အီလက်ထရောနစ် ငွေကြေး ၀န်ဆောင်မှု ကိစ္စတွေ ထွန်းကား လာအောင် ကူညီမယ်၊ အမေရိကန် ဘဏ်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးဖွင့်ခွင့် ရမယ်လို့ ဆိုတယ်။ ဒီတော့ အရင်က ပိတ်ထားတဲ့ ဒေါ်လာ အသုံးပြုပြီး နိုင်ငံတကာ  အရောင်း အ၀ယ်တွေမှာ ငွေချေခွင့် မပြုတာ၊ နောက်ပြီး အမေရိကန် ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ခွင့် မရတာတွေ မရှိတော့ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လူတိုင်းရမှာ မဟုတ်ဘူး။ အမေရိကန် အရာရှိတွေက ပြုပြင် ပြောင်းလဲရေးကို ဆန့်ကျင်နေသူတွေ၊ နောက်ပြီး မြန်မာနိုင်ငံထဲက နံမည်ပျက် စာရင်း သွင်းထားတဲ့ ဘဏ် တစ်ချို့နဲ့တော့ လုပ်ငန်း ဆက်စပ်ပြီး လုပ်ခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပြည်သူ အများကို တိုက်ရိုက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးမယ်။ စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းမျိုးတွေ ဖြစ်တယ်လို့ ဥပမာ ပေးသွားပြီး သတ္တုနဲ့ ကျောက်မျက် ကဏ္ဍကတော့ အားမပေးဘူးလို့ ဆိုတယ်။
အမေရိကန် အရာရှိတွေက အခု လျှော့ပေါ့ ပေးမှုများဟာ အခြေခံ နှစ်ချက်ပေါ်မှာ မူတည်ပြီး လုပ်တာ ဖြစ်တယ်။ ပထမ အခြေခံမူက အစိုးရထဲက ပြုပြင် ပြောင်းလဲရေး သမားများနဲ့ သူတို့ရဲ့ မူဝါဒများကို ထောက်ခံ အားပေးကြောင်း ပြသဖို့ ဖြစ်တယ်။ နောက်အခြေခံမူက ပြုပြင် ပြောင်းလဲရေးကို ဆန့်ကျင် နေသူတွေ ရှိနေသေးတဲ့ အတွက် သူတို့ကို နောက်ကြောင်း ပြန်လှည့်ရင် ဘာတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သတိပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ပိတောက်မြေ

Thursday, April 5, 2012

နိုင်ငံတော်သမ္မတကြီး ဖတ်မိစေလိုပါသည်

 
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်တစ်လွှားမှာ ဒီလို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီး ၂၀ ကျော်နဲ့ တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၇၀ ကျော် ထုတ်လုပ်ကာ လူနေအဆောက်အဦးနဲ့ စက်ရုံအလုပ်ရုံပေါင်း ၄ သန်းကျော်ကို လျှပ်စစ် ဓါတ်အားထုတ်ပေးနေတဲ့ First Energy ကုမ္ပဏီကြီးရဲ့ ကျောက်မီးသွေးသုံးစက်ရုံအလုပ်လုပ်ပုံနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ထိန်းသိမ်းထားနိုင်ပုံကို သရုပ်ဖေါ်ထားတဲ့ 3D animated coal plant tour လေးပါခင်ဗျား...။


  
ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကထွက်လာတဲ့ စွန့်ပစ်ထွက်ကုန်တွေနဲ့ အဆင့်မြင့်ကွန်ကရစ်တွေဖေါ်စပ်ပြီး နိုင်ငံရဲ့ လမ်းဖေါက်လုပ်ရေး လုပ်ငန်းတွေ ၊ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျား ။ 


၂၀၁၁ခု စာရင်းဇယားများအရ တစ်ကမ္ဘာလုံးလျှပ်စစ်ထုတ်လုပ်မှုရဲ့ ၄၁ % ၊ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ ၄၅% ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၉% ၊ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့၆၉%ဟာ ကျောက်မီးသွေးက ထုတ်လုပ်ပါသည်ခင်ဗျား ။ ကမ္ဘာကလက်ခံသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသည့် နည်းစဉ်များ ရှိနေပြီးဖြစ်ပါသည်ခင်ဗျား ။


တစ်ဘက်တွင် သဘာဝပတ်ဝန်းကျင်အတန်အသင့်ထိခိုက်သည်မှာမှန်သော်လည်း အခြားတစ်ဘက်တွင် လျှပ်စစ်ရရှိမှုကြောင့် သန်းနှင့်ချီသောပြည်သူလူထုနေ့စဉ်စားဝတ်နေရေး အတွက် လောင်စာအဖြစ် သုံးနေရသော ထင်းမီးသွေးများ သုံးစရာမလိုတော့သဖြင့် သစ်တောပေါင်းများစွာကို အကာအကွယ်ပေးနိုင်မည့်အပြင် ထိုမီးဖိုများမှနေ့စဉ်ထုတ်လွှတ်သော ကာဘွန် တန်ပေါင်းများစွာ ကိုလည်းလျှော့ချနိုင်မည် ဖြစ်ပါသောကြောင့် တစ်ဘက်ကဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင်ကို အခြားတစ်ဘက်တွင်  ပြန်လည် ထိန်းသိမ်းနိုင်မည်သာ ဖြစ်ပါသည် ။


ကမ္ဘာ့စံနှုံးများအရ ၁၀၀၀ မီဂါဝပ်ရှိသော ကျောက်မီးသွေးသုံးစက်ရုံတစ်ရုံမှ တစ်နှစ်ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏသည် ကီလိုဝပ်နာရီပေါင်း ( ၇ ) ဘီလီယံ ခန့်ထွက်ရှိမည်ဖြစ်ရာ ၁၀၀ ၀ပ်မီးချောင်း ၈ သန်းခန့်ကို ၂၄ နာရီ တစ်နှစ်ပတ်လုံး မီးလင်းစေနိုင်သော ပမာဏဖြစ်ပါသည် ။ ထိုပမာဏသည်ပင်လျှင် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း သုံးနေသော ပမာဏထက်ပိုပါသည် ။ ၄၀၀၀ မီဂါဝပ်ကို ရပ်ဆိုင်းမိပါသောကြောင့်လျှင် ထိုထက် ၄ ဆ ဆုံးရှုံးသွားပြီးဖြစ်ပါသည် ။ 


ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်းသည် ဆည်တမံများတည်ဆောက်ခြင်းကဲ့သို့ ဆယ်စုနှစ်ချီ၍ ကြာသော စီမံကိန်းများ မဟုတ်သဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို ရေတိုကာလအတွင်း ပြည်သူများခံစားနိုင်မည့် အရေးလည်း မြန်မာတို့ လက်လွှတ်ခဲ့ရပြီ ဖြစ်ပါသည် ။


သို့ဖြစ်ပါ၍  အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်းအား ရပ်ဆိုင်းလိုက်ခြင်းအပေါ် ပြန်လည်သုံးသပ်ပေးစေလိုပါသည်ခင်ဗျား ။ ၄၀၀၀ မီဂါဝပ်စက်ရုံစီမံကိန်းသည် တစ်နေရာတည်းတွင် ကြီးမားသောပမာဏဖြစ်ပါက  မိမိနိုင်ငံသုံးအတွက် သင့်တင့်သောပမာဏ ကိုခွင့်ပြုပေးစေလိုပါသည်ခင်ဗျား ။


သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်လိုသူများ အနေဖြင့်လည်း အမျိုးသားအကျိုးစီးပွားကိုရှေးရှုကာ ပူးပေါင်းပါဝင်ကြစေလိုပါသည် ။
 
မီဒီယာများအနေဖြင့် တစ်ဘက်နိုင်ငံကပြည်သူများ လက်မခံသောစက်ရုံကြီး မိမိနိုင်ငံဘက်မှာ လာဆောက်ခြင်းအပေါ် မချင့်မရဲဖြစ်ပြီး မျိုးချစ်စိတ်အရင်းခံ ကာ စေတနာဖြင့် ထောက်ပြခြင်းဖြစ်နိုင် ပါသည် ။ အကယ်၍သာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပြီး တိုင်းပြည်အတွက် အကျိုးရှိပါမူ သို့တည်းမဟုတ် မိမိတိုင်းပြည်၏ သဘာဝပတ်ဝန်းကျင် အတန်အသင့်ထိခိုက်ခြင်းသည် သန်း၆၀ သော ပြည်သူ့အတွက်သက်သက်သာ ဖြစ်ပါမူ  မီဒီယာသမားများသည်လည်း မြန်မာနိုင်ငံသား များ တိုင်းပြည်ချစ်သူများသာ ဖြစ်ကြပါကြောင်း တင် ပြအပ်ပါသည် ။
 
လာမည့်လွှတ်တော်အစည်းအဝေးများတွင်   အဆိုပါ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံကိန်းများအား  တင်ပြဆွေးနွေးကာ ပြည်သူ့ကိုယ်စားလှယ်များ၏ ထောက်ခံမှုရရှိမည် ဆိုပါက ပြည်လည် တည်ဆောက်စေခြင်းဖြင့် မြန်မာပြည်သူတို့၏ လူမှုဘ၀မြင့်မားလာရေး ကို စောင့်ရှောက်ပေးစေလိုပါသည်ခင်ဗျား။




Voice Of Myanmar

အားလုံးပျော်နိုင်ဖို့

ရွေးကောက်ပွဲကြီး ပြီးသွားပါပြီ။ ပြည်သူတွေလည်း ပျော်၊ နိုင်ငံတကာ ကလည်း ကျေနပ်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ သမ္မတကြီး အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာက ပိုပြီး ယုံကြည်မှု ရအောင် လုပ်နိုင်ခဲ့ပါပြီ။ အားလုံးနိုင်တဲ့ ပွဲလို့ ပြောရမှာပဲ။ ဒါပေမယ့် ပွဲပြီးမီးသေ ဖြစ်လို့လည်း မရသေးပါဘူး။ ဒီတော့ ဒီရွေးကောက်ပွဲ ကနေ ဘာတွေ ဆက်လုပ်ဖို့ လိုမလဲ စဉ်းစား ကြည့်ရအောင်။
ပထမဆုံးကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းတွေ ပိုပြီး ထိရောက်အောင် လုပ်ဖို့ပါပဲ။ အခုဟာက ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု အဆင့်မှာပဲ အမြဲတမ်း ဖွဲ့စည်းထားပြီး ပြည်နယ်၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ်၊ ကျေးရွာ အဆင့်တွေမှာ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဘ တွေနဲ့ ဖွဲ့စည်း ထားတာကို တွေ့ရပါတယ်။ ကော်မရှင် အမြဲတမ်း ဝန်ထမ်း၊ ကော်မရှင်ပိုင် ပစ္စည်း ဥပမာ ကွန်ပျူတာ စသည်ဖြင့် မရှိဘူး။ ဒါ့ကြောင့် သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကော်မရှင်ဟာ ထိပ်ပိုင်းပဲရှိပြီး အောက်ခြေ အဆင့်မှာ ကျန်တဲ့ ဌာနတွေကို မှီခို လူပစ္စည်းတွေ သုံးနေရတယ်လို့ ဆိုတယ်။ ဒါဟာ မဲစာရင်းတွေ မပြည့်စုံခြင်း၊ မှတ်ပုံတင် နံပါတ်တွေ လွဲနေခြင်း များရဲ့ အဓိက အကြောင်း တစ်ချက်လည်း ဖြစ်တယ်။ အခု ၂၀၁၄ မှ သန်းခေါင်စာရင်း ကောက်မယ်၊ ၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် မဲစာရင်းတွေ ပိုပြီး ပြည့်စုံအောင် စာရင်း ထိန်းသိမ်းဖို့၊ ရွေးကောက်ပွဲ ရလဒ်တွေကို အမြန်ဆုံး ပေးပို့နိုင်ဖို့ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ Software တွေ လိုမှာ အမှန်ပဲ။ ကုလသမဂ္ဂနဲ့ အီးယူမှာ ဒါမျိုးတွေ အကူအညီ ပေးတဲ့ အတွေ့အကြုံတွေ ရှိပြီး ဖြစ်လို့ အခုထဲက ရွေးကောက်ပွဲ ကော်မရှင်ကို စတင် ကူညီ ပေးသင့်ပါပြီ။
နောက်ကိစ္စ တစ်ခုကတော့ အခု ရွေးကောက်ပွဲဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ဖြစ်စဉ်ထဲ ဝင်ပါလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး  အတွက် အလားအလာကောင်းပဲ။ ဒါပေမယ့် ဒီနိုင်ငံရေး ဖြစ်စဉ်ထဲမှာ ဝင်မပါသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေ အများကြီး ရှိသေးတယ်။ ဒီအဖွဲ့တွေ အနေနဲ့ ဝင်လာ ပါလာအောင် နိုင်ငံရေးအရ စည်းရုံး ဆွဲဆောင်တဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အားတစ်ခု ဖြစ်လာနိုင်တယ်။ ဒီလိုသာ လုပ်နိုင်ခဲ့ရင် နိုင်ငံရဲ့ အနာဆွေးကြီး ဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီအောင်မြင်မှုကို ဘယ်လို အသုံးချမလဲ ဆိုတာပါပဲ။ အောက်ခြေပါတီ ထောက်ခံသူတွေ အနေနဲ့ မန္တလေးမှာ အလွန်အကျွံ အောင်ပွဲခံမှုတွေ ရှိခဲ့ပြီး ဒါကို ဒေါ်အောင်ဆန်းစုကြည်က သတိ ပေးခဲ့ရတယ်။ လွှတ်တော် ထဲကို ရောက်လာမယ့် အင်န်အယ်လ်ဒီ အမတ်များ အနေနဲ့လည်း ကျန်ပါတီများ၊ အထူးသဖြင့် ပြည်ခိုင်ဖြိုး အမတ်များ၊ တပ်မတော်သား အမတ်များနဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးကိုသာ တည်ဆောက်နိုင်မယ် ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေက ပိုပြီးမြန်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်ထဲ ရောက်တာနဲ့ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးကို အရင် စလုပ်မယ် ဆိုတဲ့ အယူအဆ ရှိသူများနဲ့ လက်ရှိ အခြေခံ ဥပဒေက အချက်တွေ၊ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ အင်စတီကျူးရှင်း တွေကို အသက်ဝင်အောင် အရင် လုပ်ပြီးမှ ပြုပြင်ရေးကို လုပ်သင့်တယ် ဆိုတဲ့ အယူအဆ ရှိသူများလို့ တွေ့နေရ ပါတယ်။
မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ အခွာ၊ အကူး၊ အခိုင် ဆိုတဲ့ အဆင့် သုံးဆင့်မှာ အခုအချိန်က အခွာ အဆင့်ပြီးလို့ အကူးအဆင့်ကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ အပြီး အခြေအနေဟာ ပီပြင်တဲ့ အသွင် ကူးပြောင်းရေးကို စလိုက်တာပဲလို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေမှာ ပါဝင်သူတွေ အားလုံး လက်ဆမှန်ဖို့ လိုတယ်လို့ ထင်ပါတယ်။ အခြေခံ ဥပဒေထဲက အချက်တစ်ချို့ ကတော့ ပြောင်းရမှာပဲ။ သမ္မတကလည်း မိန့်ခွန်းထဲမှာ ပြောပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ Timing အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်တဲ့ အဖွဲ့ အစည်းများက ခြိမ်းခြောက်မှု အဖြစ် မမြင်စေဘဲ ကူးပြောင်းရေးကို လုပ်နိုင်ဖို့ လိုပါတယ်။
အင်္ဂလိပ် ဝန်ကြီးချုပ် ချာချီကတော့ အောင်မြင်မှု ရတဲ့အချိန်ဟာ အန္တရာယ် အများဆုံး အချိန်ပဲလို့ ဆိုတယ်။ အောင်မြင်မှု ကြောင့် အချိန်အဆ၊ အဆုံးအဖြတ် မှားတတ်တာကို ဆိုတာပါ။ မြန်မာ့ နိုင်ငံရေးမှာလည်း အားလုံး ပျော်ချင်တယ် ဆိုရင် အဲဒီ အဆိုအမိန့် လေးကို နှလုံးသွင်းဖို့လိုမယ် ထင်ပါတယ်။
ပိတောက်မြေ

အမှောင်လှိုင်းထဲက ငမွဲတို့တိုင်းပြည်

  (ဇန်န၀ါရီလ ၉ ရက်နေ့က ရေးထားတဲ့ ဆောင်းပါးလေးကို ခုလိုမီးတွေပျက်နေချိန်မှာ သတိရလာလို့ ပြန်တင်ပေးလိုက်ပါတယ်)

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားတဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ် ။

အကြောင်းကတော့ အဲဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည့် အပြင်  ကျောက်မီးသွေး စီမံကိန်း၏ ဆိုးကျိုးများကို  မီဒီယာများက ထောက်ပြ၀ိုင်းဝန်းရေးသားမှုများ စသော အကြောင်းများကြောင့် အစိုးရက စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

တစ်ခုပေးမှတစ်ခုရတဲ့ လောကကြီးမှာ ဘာမှမပေးပဲလိုချင်လို့ကတော့ ဘာမှမရနိုင်ပါဘူး ၊ အသက်ရှည်ချင်လား အိုရပါ့မယ် ၊ မအိုချင်ဘူးလား အူဝဲဆိုတာနဲ့ ခေါက်ကနဲသေလိုက် မအိုရတော့ပါဘူး ၊ ခုလဲဒီလိုပါဘဲ လျှပ်စစ်စွမ်းအင်လိုချင်လား သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုတစ်ခုခု အနည်းနဲ့အများပေးရပါ့မယ် ၊ ဘာမှမပေးချင်ဘူးလား အမှောင်ထဲမှာငုတ်တုတ် နေလိုက် ဒါဘဲရှိပါတယ် ။ဘာမှလဲမပေးချင်ဘူး မီးလဲလင်းချင်တယ် ခေတ်လဲမီချင်တယ်ဆိုလို့ကတော့ရကိုမရပါဘူး။

ရုရှားနဲ့ ညူကလီးယားဓါတ်ပေါင်းဖိုလုပ်ပြီး လျှပ်စစ်ထုတ်မယ်ဆိုတုန်းကလဲ ၀ိုင်းကန့်ကွက်လို့ ရုရှားနဲ့မျက်နှာပျက်ပြီး အစိုးရကရပ်ပေးလိုက်ရတယ် ။ ဒီတော့ ရေအားကထုတ်မယ်လုပ်တယ် ဒီတော့လဲ သဘာဝပတ်ဝန်းကျင် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုလို့ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့မျက်နှာပျက်ပြီး အစိုးရက ရပ်ပေးလိုက်ရတယ် ။ ခုကျောက်မီးသွေးကနေ ထုတ်မယ်ဆိုတော့လဲ လာပြန်ပြီ ဒီသဘာဝပတ်ဝန်းကျင် ကြောင့် ထိုင်းနဲ့မျက်နှာပျက်ပြီး ရပ်ပေးလိုက်ရပြန်ပြီ ။

  Data from the BP Statistical Review 

ဒီပုံက ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ကျောက်မီးသွေးက ထုတ်လုပ်နေတယ်ဆိုတာကို ပြနေပါတယ် ၊ အခုမြန်မာပြည်မှာလုပ်သလိုသာ  ကျောက်မီးသွေးကလျှပ်စစ် ထုတ်တာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လို့ တစ်ကမ္ဘာလုံးရပ်လိုက်ကြမယ်ဆိုရင် ကမ္ဘာကြီးတစ်ဝက် အမှောင်ကျသွားပါ့မယ်။ဒီအထဲမှာ ညူကလီးယားစွမ်းအင်တွေနဲ့ ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ % ၊ တရုတ်ပြည်ရဲ့ ၇၉% ၊ အိန္ဒိယရဲ့ ၆၉ %ဟာ ချက်ချင်းအမှောင်ထဲကိုရောက်သွားပါ့မယ် ။

 
ကျောက်မီးသွေးကထုတ်မယ်ဆိုတိုင်း ငယ်ငယ်က ကျောက်မီးသွေးသုံးမီးရထားကြီးလို မီးခိုးတွေတလူလူထွက်ပြီး တလောကလုံး ဒုက္ခရောက်ကုန်တော့မယ်လို့ ဒီနေ့လို နည်းပညာတွေ တိုးတက်လှတဲ့ ခေတ်ကြီးမှာ တွက်လို့ မ၇တော့ပါဘူး clean coal technology ဆိုတာ ပေါ်နေပါပြီ ဒီနည်းပညာမှာ ကျောက်မီးသွေးကို raw Material အဆင့်မှာသန့်စဉ်လို့ရပါတယ် ၊ 


ဒါ့အပြင် လောင်ကျွမ်းတဲ့အဆင့် coal burning stage မှာလည်း totally burning process တွေကိုသုံးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချလို့ရပါသေးတယ် ၊ ဒီလိုအခြေအနေမျိုးနဲ့ နိုင်ငံအတွက် လျှပ်စစ်လဲရ သဘာဝပတ်ဝန်းကျင်လဲ ထိခိုက်မှုသက်သာ ဆိုတဲ့ win - win အခြေအနေမျိုးကို ရနိုင်ပါတယ် ။

ဒီလိုပြောလိုက်တိုင်း မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် တစ်ခုတည်းကိုပဲ တရားသေဆုတ်ကိုင်ပြီး ပြောနေဆိုနေတဲ့ သဘာဝပတ်ဝန်းကျင်ဝါဒီတွေက ဘာကိုထောက်ပြသလဲဆိုရင် GAS ကနေထုတ်ဘို့ ထောက်ပြတတ်ကြပါတယ် ။ သဘာဝဓါတ်ငွေ့ကနေထုတ်လုပ်တာတဲ့နေရာမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလဲ အများကြီးရှိပါတယ် ။ဥပမာဆိုပါတော့ဗျာ ထားဝယ်ရေနက်ဆိပ်ကမ်း မှာ gas နဲ့လျှပ်စစ်ထုတ်ပြီဆိုပါစို့ သဘာဝဓါတ်ငွေ့ကို source တစ်ခုကနေယူရပါ့မယ် ၊ ဒီ source က သတ်မှတ်ကာလတစ်ခုထိ ၁၀၀ % ရနေမယ်လို့မသေချာပါဘူး ၊ အချိန်မရွေး မြေအောက်လှုပ်ရှားမှုကြောင့် pressure ကျပြီး ပိတ်လိုက်ရတဲ့ ဓါတ်ငွေ့တွင်းတွေကမ္ဘာပေါ်မှာ အများကြီးပါ ၊ ဒိလိုအခြေအနေမျိုးရုတ်တရက် ဖြစ်လာပြီဆိုရင် ထားဝယ်စက်မှုဒေသကြီးတစ်ခုလုံး ခဏရပ်ပြီးနောက်ထပ် GAS တစ်တွင်းရှာလိုက်ဦးမယ်ဆိုပြီး လုပ်လို့မရပါဘူး ။

နောက်တစ်ခုက သဘာဝဓါတ်ငွေ့ထွက်တဲ့နေရာကနေ ပိုက်လိုင်းအရှည်ကြီးတွေနဲ့ သွယ်တန်းရတာ ဖြစ်လို့ ဒီပိုက်လိုင်းတစ်လျှောက် တစ်စုံတစ်ယောက်က နှောက်ယှက်ဖျက်ဆီးလို့ပဲဖြစ်ဖြစ် ၊ သဘာဝဘေး အန္တရယ်တစ်ခုခုကြောင့် ဖြစ်ဖြစ် တစ်ခုခု ဖြစ်တိုင်း ဒီစက်မှုဒေသကြီးတစ်ခုလုံးဟာ တော်ကြာရပ်လိုက် ၊ တော်ကြာပြန်ကောင်းလိုက် ဖြစ်လို့မရပါဘူး ။


တစ်ခြားအခြေအနေတွေ အများကြီးရှိပါသေးတယ် ၊ ဒါမြင်သာတဲ့ဥပမာ ၂ ခုကို ထုတ်နှုတ်တင်ပြတာသာဖြစ်ပါတယ် ။ ကျောက်မီးသွေးစက်ရုံက ဒီလိုမဟုတ်ပါဘူး ကျောက်မီးသွေး အရင်းအမြစ်သာရှိနေ ပါစေ သူဟာ ၁၀၀% ထုတ်လုပ်နိုင်ဘို့သေချာပါတယ် ၊ စက်ချွတ်ယွင်းရင် အရန်ထားတဲ့ စက်က ထပြီးလည်လိုက်ရုံပါဘဲ ၊ ဒါကြောင့်ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုလိုနိုင်ငံမျိုးဟာ ဘယ်လောက်ပဲ သဘာဝဓါတ်ငွေ့တွေ ရှိနေပါစေ ၊ ဘယ်လောက်ပဲ ညူစွမ်းအင်တွေ ရှိနေပါစေ ကျောက်မီးသွေးကနေထုတ်တဲ့ စနစ်ကို လက်မလွှတ်တာဖြစ်ပါတယ် ။

 
 ကျောက်မီးသွေးစက်ရုံကိုလည်း မီဂါဝပ် အတန်အသင့်လျော့ချ ၊ သဘာဝဓါတ်ငွေ့စက်ရုံလည်း တည်ဆောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက် ခြင်းသည်သာလျင် အကောင်းဆုံးဖြေရှင်းနည်းဖြစ်နိုင်ပါသည် ။

သဘာဝပတ်ဝန်းကျင်ကြောင့်သာ အရာရာကို လိုက်ရပ်ပေးနေရင် ကျွန်တော်တို့ တိုင်းပြည်ဟာ အမှောင်လှိုင်းထဲက ငမွဲတို့ တိုင်းပြည် ဘ၀ကနေ တက်တော့မှာကို မဟုတ်ပါဘူး....

အခြားဆက်စပ်မှုရှိသောဆောင်းပါး

ဒါဖတ်ပြီးမှ ထားဝယ်ရေနက်ဆိပ်ကမ်းက ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်ပါ

Wednesday, April 4, 2012

စိတ်တိုလွန်းလို့ရေးလိုက်တယ်

ဒီရက်ပိုင်းပြည်သူတွေကြားမှာ စိတ်အနှောက်အယှက်ဖြစ်နေရတဲ့ အကြောင်းကိုပြောပါဆိုရင် မီးပျက်တဲ့ကိစ္စဟာ ထိပ်ဆုံးကပါနေမှာပါဘဲ မီးပျက်တဲ့အတွက် နောက်ဆက်တွဲတွေကတော့ အများကြီးပေါ့ဗျာ ပြောရင်ဆုံးမှာမဟုတ်ပါဘူး စီးပွားရေး၊ လူမှုရေး ၊ ပညာရေး ၊ ကုန်ထုတ်လုပ်ရေး အကုန်လုံး ကျွဲကူးရေပါဆိုသလို အကုန်ထိခိုက်ကုန်တာပါဘဲ ဒါဘာမှ ထူးပြီးတွက်ပြနေစရာမလိုပါဘူး ။
 

  Data from the BP Statistical Review 

ဒီပုံကိုကြည့်ပါ ကမ္ဘာကျော်  BP ကုမ္ပဏီကြီးရဲ့  Statistical Review မှာဖေါ်ပြထားတဲ့ ကမ္ဘာတစ်လွှားမှာ လျှပ်စစ်ထုတ်လုပ်မှု အရင်းအမြစ်တွေကို လေ့လာတင်ပြထားတဲ့ အချက်အလက်တွေပါ ကျောက်မီးသွေးကနေ ၄၁% ထိ ထုတ်လုပ်နေပါတယ် ရေအားက ၁၆% ၊ သဘာဝဓါတ်ငွေ့က ၂၁% ထုတ်နေရပါတယ် ။အမေရိကန်ပြည်ထောင်စုရဲ့ ၄၅% ၊ တရုတ်ပြည်ရဲ့ ၇၉% ၊ အိန္ဒိယရဲ့ ၆၉% ဟာ ကျောက်မီးသွေးကနေထုတ်ရပါတယ် ။

မြန်မာပြည်မှာကတော့ သဘာဝပတ်ဝန်းကျင်ကို လေနဲ့ကာကွယ်နေတဲ့ ဦးအုန်းတို့လို နာဂစ်ကို သောက်တလွဲမှန်းခဲ့တဲ့ ထွန်းလွင်တို့လို သဘာဝပတ်ဝန်းကျင်သမားလိုလို ဘာလိုလိုလူတွေက သဘာဝပတ်ဝန်းကျင်ရှုထောင့် တစ်ခုတည်းကနေကြည့်ပြီး တောင်ပြောမြောက်ပြော ပြော ၊  အစိုးရက တစ်ခုခုလုပ်မယ်ဆိုရင် ထိုင်ကန့်ကွက် တဲ့ အလုပ်ကလွဲလို့ ဘာအလုပ်မှမရှိတဲ့ လူတွေက များနေတော့ ၊ နောက်ဆုံးမှာအစိုးရက ထားဝယ်မှာလုပ်မယ့် မီဂါဝပ် ၄၀၀၀ ကျောက်မီးသွေးစက်ရုံစီမံကိန်း ရပ်ပေးလိုက်ရတယ် ဒီတော့ ခုမီးပျက်ပြီ ဒီကောင်တွေ ဘာလုပ်ပေးနိုင်လဲ ၊ ဘာမှမလုပ်ပေးနိုင်ဘူး အရင်ကမီးပျက်ရင် ဟိုစီမံကိန်းပြီးရင် ကောင်းလာနိုး ၊ ဒီစီမံကိန်းပြီးရင်ကောင်းလာနိုး မျှော်လို့၇သေးတယ် ခုမျှော်စရာတောင်မရှိတော့ဘူး ။သိပ်စိတ်ပျက်ဘို့ကောင်းတယ် ။

ရိုင်းရိုင်းပဲပြောလိုက်မယ် လင်လိုချင်ရင် အပျိုရည်ပျက်ရမယ် ၊ အပျိုရည်မပျက်ချင်ရင် လင်မယူနဲ့ ဒါပဲရှိတယ် လင်လဲလိုချင် အပျိုရည်လည်းမပျက်ချင်ဘူးဆိုတဲ့ အချိုးမျိုးလာချိုးနေတဲ့ ဒီသဘာဝပတ်ဝန်းကျင်သမားလိုလို ဘာလိုလို ငကြောင်တွေရယ် ဒီငကြောင်တွေနဲ့ရောယောင်ကြောင်နေတဲ့ ဖလဖခ မီဒီယာတွေရယ်ကို တွေ့တဲ့နေရာမှာ နုတ်နုတ်စဉ်းပစ်ချင်တဲ့စိတ်တွေ တဖွားဖွားပေါ်နေတယ် ။


ဆိတ်ဖွား



Tuesday, April 3, 2012

TIME မဂ္ဂဇင်းကြီးမှာ မဲဆက်ပေးကြပါစို့

 
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမှတ်စဉ် ၁၃ ၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမှတ်စဉ် ၅၄ မှာ အသီးသီးရပ်တည်လျှက်ရှိပါတယ် ။ မဲပေးလိုသူများ တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ အင်တာနက်စာမျက်နှာမှာ မဲပေးနိုင်ကြောင်းသိရှိရပါတယ် ။အပြီးသတ်ရွေးချယ်မှုကို ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာမှာ ဖြစ်ကြောင်းလည်းသိရပါတယ် ။


သမ္မတကြီးဦးသိန်းစိန်ကို မဲပေးလိုသူများ ဒီနေရာ ကိုနှိပ်ပြီးမဲပေးနိုင်ပါတယ် ။


ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိုသူများ ဒီနေရာ ကိုနှိပ်ပြီးမဲပေးနိုင်ပါတယ် ။

အဆင့်လိုက် မဲရရှိမှုအခြေအနေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ် ။

တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ ၊ မြန်မာကိုကမ္ဘာကသိစေလိုသူများ မြန်မာနိုင်ငံသား ထင်ရှားကျော်ကြားပုဂ္ဂိုလ်များအား တက်ညီလက်ညီ မဲပေးကြပါရန် Voice Of Myanmar မှ တိုက်တွန်းရေးသားအပ်ပါတယ် ။

Voice Of Myanmar

Monday, April 2, 2012

တိုက်စစ်မှူးကောင်းတစ်ယောက် လက်ရွေးစင်အသင်းသို့ ရောက်ရှိခြင်း



 မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကား အောင်မြင်စွာနှင့် ပြီးဆုံးခဲ့ပေပြီ ၊ အများမျှော်လင့်တောင့်တနေသော NLD ပါတီလည်း နေရာတိုင်းလိုလိုတွင် အနိုင်ရရှိသွားခဲ့ပေပြီ ၊ NLD ပါတီအနိုင်ရသဖြင့် ရွေးကောက်ပွဲကြီးမတရား ဟူသောအသံများလည်း ခလုပ်ပိတ်လိုက်သကဲ့သို့ ရပ်၍သွားခဲ့ပေပြီ ၊ NLD ပါတီဝင်များနှင့် ထောက်ခံကြသူများ အောင်ပွဲခံနေကြသည်မှာလည်းကြားဖြတ် ရွေးကောက်ပွဲ နှင့်မတူပဲ ၂၀၁၂  ဧပြီ ၁ ရက်နေ့မတိုင်မီကတည်းက သင်္ကြန် ကျသကဲ့သို့ ဖြစ်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တားယူရသည်အထိဖြစ်ခဲ့၏ ၊ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ ။

ရှုံးနိမ့်သွားသူတို့ရော အနိုင်ရသွားသူတို့ရော မြန်မာနိုင်ငံသားများသာဖြစ်ကြသည် ထူး၍ ၀မ်းနည်းရန်မလိုသလို အလွန်အမင်း ၀မ်းသာရန်လည်းမလိုအပ်ပါပေ ၊ ဘောလုံးစကားနှင့်ပြောရပါမူ နိုင်ငံတကာ ပွဲများကန်ရန်အတွက် တစ်သင်းတည်းကို နှစ်ဘက်လူခွဲကန်ကာ လူရွေးသည့်အဆင့်၏ အစိတ်အပိုင်းတစ်ခု ပြီးဆုံးသွားခြင်းမျှသာဖြစ်လေသည် ၊  မိမိရွေးချယ်လိုက်သော PLAYER များ ပွဲလယ်တင့်စေရန် PLAYER များကိုယ်တိုင် လေ့ကျင့်ပြင်ဆင်သွားရန်လိုအပ်သလို အဘက်ဘက်မှ ပံ့ပိုးထောက်ပံ့မှုများလိုနေဦးမည်သာ ဖြစ်ပေသည် ၊ အရှိန်တံ့သွား၍မဖြစ် ၊ စိတ်ဝမ်းကွဲ၍မဖြစ် ပွဲပြီးမီးသေဖြစ်၍မရ ၊ တကယ်က အခုမှ စရမည်သာဖြစ်ပါသည် ။

မြန်မာ့နိုင်ငံရေး လက်ရွေးစင်အသင်းတွင် ခေတ်အဆက်ဆက် အားနည်းလှသော ရှေ့တန်းတိုက်စစ်မှုးနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ဟူသော ပါရမီရှင်တိုက်စစ်မှူးကောင်း တစ်ဦးကို မြန်မာပြည်သူတို့ ရွေးချယ်ပေးလိုက်နိုင်ပြီဖြစ်ပါ၍ အနာဂတ် မြန်မာ့နိုင်င့ရေးလက်ရွေးစင်အသင်းကြီးသည် အင်အားအတော်တောင့်လာသည်မှာကား အမှန်ပင်ဖြစ်ပါသည်  ။ မြန်မာ့နိုင်ငံရေးလက်ရွေးစင် အသင်းကြီး၏ ပိုင်ရှင်အစစ်ကား မြန်မာနိုင်ငံသားမိဘပြည်သူများသာ ဖြစ်ကြပါသည် ၊ဤသို့ဆိုသော် ဖာဂူဆန် ၊ မော်ရင်ဟိုတို့ကဲ့သို့ အသင်းကြီးကိုအဓိကမောင်းနှင်မည့်သူမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးသမားကြီးဟုကမ္ဘာကပင်သတိထားမိလာနေသော သမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်ပါလိမ့်မည် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆုံးအဖြတ်ဂိုးများကို ကိုယ်တိုင်လည်းသွင်း သူများကို လည်း ဖန်တီးနိုင်ခဲ့ပါသော် မြန်မာတို့သည် ကမ္ဘာ့ဖလားနှင့် အဘယ်မှာဝေးပါတော့မည်နည်း၊ အဘယ်မှာ မအောင်နိုင်ပဲရှိပါတော့မည်နည်း ၊ အဘယ်မှာပွဲလယ်မတင့်ပဲရှိပါတော့မည်နည်း ။

မင်းထက်