xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Sunday, July 31, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့

ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလိုbedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲနေပြီးညာဖက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက်နံတောင်းနဲ့စောင်းအိပ်လိုက် နဲ့သာ နေရတာကိုး။
 

စိတ်ပူရှာကြ
ရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံကစာ ဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။ ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး အရောက်အလာများတယ်။ နေမကောင်း ဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက်ရောက်ရောက်လာ ကြတယ်။ တချို့များဆို ၀ီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြား က ပြုံးတောင်ပြုံးမိသေးတယ်။ စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့ သူကို ထောင့်မျိုးစုံကလှည့်ပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ဗီဒီယိုရိုက်သူကရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲဘယ်နေပါ့မလဲ။

မဂိုးသေးပါဘူး

လူငယ်လေးတွေမို့ ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ ''မဂိုးသေးပါဘူးကွယ်၊ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး ကျောင်းသားလူငယ်တွေ၊ ဆရာတော်သံဃာတော်တွေ၊ တပ်မတော်သားတွေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ အားလုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို နေသွား ဦးမှာပါ''လို့ ပြောနေမိတယ်။ အနိစ္စမသိ၊ တရားမရှိလို့ ပြောတာမဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကြီး မှာမွေးပြီး နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း စစ်ကြီးနဲ့ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အုပ်ချုပ်မှုအောက် မှာ နှစ်ပေါင်း ၅၀ နီးပါး နေထိုင်ခဲ့ရသူတစ်ဦးအနေနဲ့ ဒါလောက်ကလေး လိုလားတောင့်တတာဟာ မလွန်လောက်ဘူးထင်လို့ပါ။

ဒါကြောင့်
 
''စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင်စစ်မသောက်ချင်ဘူး'' လို့ ရှေးလူကြီးတွေ ပြောကြသလိုတောင် တစ်ခါတစ်ခါ ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီးအတွင်းမှာ တပ်ထဲဝင်သွားတဲ့ ဦးလေးသားချင်းစစ်ဗိုလ်တွေ တိုက်ပွဲမှာကျဆုံးသွားတာရှိသလို၊ ရဲဘော်ဖြူတွေထဲ ကွန်မြူနစ်တွေထဲ ရောက် သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။ ကိုယ်ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့ ကျဆုံးသွားကြသလို တောထဲတောင်ထဲရောက်သွားပြီး တိုက်ပွဲမှာ ကျသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။


အဆုံးအဖြတ်ပြုနိုင်လောက်တဲ့သတင်း
 
ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အ၀င်အထွက် ပိုများလာတယ်။ နည်းနည်း သက်သာသလိုမြင်ရရင် စကားပြောလာကြတယ်။ ရူးပတ်မားဒေါ့ရဲ့ မီဒီယာအင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာ ကြတယ် ''ဇူလိုင်နောက်ဆုံးပတ်ရောက်တော့ မားဒေါ့ကိစ္စတုန်းက အလိုက်သိစွာနဲ့ ဘာမှမမေးဘဲ နှုတ်ဆိတ်နေခဲ့ကြတဲ့ မိတ်ဆွေတချို့တောင် မမေးဘဲမနေနိုင်ကြတော့ဘဲ ''ထင်မြင်ချက်လေး ပေးပါဦး''လို့ ပြောလာကြတယ်။ မားဒေါ့ကိစ္စလိုမဟုတ်ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်တော့ အရေးကြီးဆုံး ထိပ်တန်းသတင်းကြီး မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး အဆုံးအဖြတ်ပြုနိုင်လောက်တဲ့အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရသစ်ရဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြတဲ့ သတင်းပေကိုး။

Saturday, July 30, 2011

အစိုးရ၏ဆောင်ရွက်ချက်များအားပျက်ရယ်ပြုထားသည့် ကာတွန်းဆရာအော်ပီကျယ်၏ ကာတွန်းများပျံ့နှံ့နေ

ကာတွန်း အော်ပီကျယ်

ယခုရက်ပိုင်းအတွင်းတွင်  နိုင်ငံတော်အစိုးရ ၏ လတ်တလောဆောင်ရွက်ချက် များအား လှောင်ပြောင် သရော်သည့် အော်ပီကျယ်၏ကာတွန်းများ Facebook စာမျက်နှာများ မှတစ်ဆင့် ပျံ့နှံ့လျက် ရှိကြောင်း သိရှိရပါသည် ။ 

အဆိုပါကာတွန်းပုံများအား ကာတွန်းဆရာအော်ပီကျယ်က သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် လတ်တလော ကာတွန်းများအမည်ဖြင့် တင်ထားရာမှ စတင်ပျံ့နှံ့လာခြင်း ဖြစ်ကြောင်းလည်းသိရပါသည်။

" အစိုးရလုပ်ဆောင်ချက်တွေကို ဝေဖန်တယ်ဆိုတာတော့ လွယ်တာပေါ့ဗျာ တကယ်လုပ်ကြည့်ရင်တော့ မလွယ်တာကိုတွေ့ရမယ် ဘောလုံးကန်သလိုပေါ့ ဟိုလိုကန်ပါလား ဒီလိုဖြတ်တင်လိုက်ပါလား .. နောက်က လူ လွတ်နေတယ်လေ ဒါတောင်မမြင်ဘူးလား ၊ ကန်ချက်ပျော့လိုက်တာ  အစရှိသဖြင့်ပေါ့ဗျာ ဝေဖန်တာ ကတော့ အင်မတန်လွယ်တယ်ဗျ ၀င်ကန်ဘို့ကတော့ ဘယ်လွယ်မလဲ ဒီသဘောပေါ့ဗျာ အခု ဒီကာတွန်းတွေကတော့ ဝေဖန်တယ်ဆိုတာထက် လှောင်ပြောင်သရော်ထားတယ် ဆိုရင်ပိုမှန်မယ်  " ဟု အဆိုပါကာတွန်းများကို ကြည့်ရှုခဲ့သူတစ်ဦးက ဆိုပါသည် ။

Thursday, July 28, 2011

အပစ်အခတ်ရပ်စဲရေးအတွက်ဒေါ်အောင်ဆန်းစုကြည်၏ အိပ်ဖွင့်ပေးစာ

၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်
အိတ်ဖွင့်ပေးစာ
(၁)
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
(၂)
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)
(၃)
ကရင်အမျိုးသားအစည်းအရုံး(KNU)
(၄)
မွန်ပြည်သစ်ပါတီ(NMSP)
(၅)
ရှမ်းပြည်တပ်မတော်(SSA)
ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၂၈) ရက်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့် ပေါင်းစပ်ဖွဲ့စည်း ထားသော နိုင်ငံ ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား အားလုံးသည် နှစ်ပရိစ္ဆေဒ များစွာကပင် တမြေတည်းနေ တရေတည်းသောက် အတူနေထိုင် ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းသား လူမျိုးစုများ အားလုံး ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန် အရေးကြီးပါသည်။
ယခုအခါ ကချင်၊ ရှမ်း၊ ကရင် နှင့် မွန် စသည့် ပြည်နယ်များတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိ နေရပါသည်။ ယင်း ပဋိပက္ခ များကြောင့် သေကြေဆုံးရှုံး ပျက်စီးမှုများ ဝမ်းနည်းဘွယ်ရာ ဖြစ်ပွားလျက် ရှိသည့်အပြင် တန်ဖိုး ကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်း လုပ်ငန်းများ၊ ယိုယွင်း ပျက်စီးမှုများ ကြုံတွေ့နေရ ပါသည်။ ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြ သည့်အပြင် အိမ်နီးချင်း နိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ် ရှိနေပါသည်။
ယင်းပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းကြမည် ဆိုလျှင် နှစ်ဦးနှစ်ဘက် အကျိုးဆုတ်ယုတ် မှုများသာ ဖြစ်ပေါ်ပါမည်။ အမျိုးသား ရင်ကြားစေ့ရေးကို စစ်ရေးနည်းများဖြင့် တည်ဆောက်၍ မရနိုင်ပါ။ နိုင်ငံရေး နည်းလမ်း ဖြစ်သော ဆွေးနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံရေး အရ ညှိနှိုင်း ဖြေရှင်း နိုင်ကြမှသာလျှင် ပြည်ထောင်စုကြီး အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသာ သွေးစည်းညီညွတ်မှုကို ရရှိမည် ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ဟူသည် ကျယ်ပြန့် သွားနိုင်သည့် အန္တရာယ် ရှိတတ်ပါသည်။

လစ်ဗျား သူပုန်ကို ဗြိတိန်က အစိုးရအဖြစ်အသိအမှတ်ပြု

 
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရထဲက သံတမန်တွေ အားလုံးကို ဗြိတိန်က တရားဝင် လုံးဝ လက်မခံတော့ဘဲ လစ်ဗျားသူပုန်တွေ ဖွဲ့စည်းထားတဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ လို့ သူ့ကိုယ်သူအမည်ပေးထားတဲ့အဖွဲ့ကိုပဲ လစ်ဗျားနိုင်ငံရဲ့ တရားဝင်မှုရှိတဲ့ အစိုးရအဖြစ် အသိအမှတ် ပြုလိုက်ပြီလို့  ပြောကြားလိုက်ပြီး သူပုန်ဘက်ကနေပေါ်ပေါ်တင်တင် ရပ်တည်ကြောင်း ပြသလိုက်ပါတယ်။
 
အတိုက်အခံတွေရဲ့ တရားဝင်မှုက လစ်ဗျားနိုင်ငံတ၀န်းမှာ ပိုပြီး တိုးမြင့်လာနေ တယ်၊ အောင်မြင် မှုတွေလည်း ပိုရလာနေတယ်ဆိုတဲ့ အချက်တွေပေါ်မှာ အခြေခံပြီး အခုလို လုပ်ဆောင်ရတာလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံ ဟိခ် (William Hague) က အကြောင်းပြပါတယ်။

Wednesday, July 27, 2011

ဆရာကိုဆိတ်ဖွားနှင့်တွေ့ဆုံခြင်း


ဒီတစ်ပတ်တော့ အခြားသောပုဂ္ဂိုလ်များနှင့်တွေ့ဆုံခြင်းမပြုတော့ပဲ Voice Of Myanmar ၏ ပင်တိုင်စာရေးသူ ဆရာကိုဆိတ်ဖွားနှင့်တွေ့ဆုံ၍ လတ်တလောနိုင်ငံရေးအခြေအနေများအပေါ် သူ၏အမြင်များ ကို မေးမြန်း ခဲ့ပါသည် ။

မေး ။  ။ ခုဒီရက်ပိုင်းအတွင်းရေပန်းစားနေတာကတော့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်စုတို့ တွေ့တဲ့ သတင်းပေါ့ ဗျာ.. တချို့ကလည်း အရင် ၉ ကြိမ်တွေ့ထားတယ် ဘာမှထူးလာမှာမဟုတ်ဘူး ၊ တချို့ကတော့ ထူးခြားမှုရှိတယ်ပေါ့လေ..ဒီအပေါ်ဆရာ့အမြင်လေး..ပြောပေးပါဦး..

ဖြေ။   ။ တိုတိုပြောရရင်တော့ ထူးတယ်လို့ပြောရမှာပေါ့....ဘာထူးလဲမေးရင်တော့ ဖြေစရာတွေကအများ သားလားမောင်ရင်ရ ၊ ဥပမာတစ်ခုပြောရရင် သူတို့ဘယ်နေ့တွေ့မယ် ဆိုတာကြိုပြီးပြောတယ်၊ ပြီးတာနဲ့ ဘာဆွေးနွေးတယ်ဆိုတာ ချက်ချင်းသတင်းထုတ်တယ် သတင်းသမားတွေကိုကြိုပြီးဖိတ်ကြားထားတယ် ၊ မေးခွန်းတွေအနည်းအကျဉ်းဖြေသွားတယ်..ဒါကိုက အရင်ကထက်စာရင်ထူးခြားနေတာပဲမဟုတ်လား..

မေး ။   ။ ဒါကတော့ အသွင်သဏ္ဍာန်အပိုင်းပေါ့ဆရာရယ် တကယ့်အနှစ်သာရပိုင်းမှာရော ထူးခြားလာနိုင်ပါ့မလား...

ဖြေ ။     ။ ဒီနေရာမှာ အနှစ်သာရဆိုတာဘာလဲဆိုတာ မောင်ရင့်ကိုပြန်မေးရမလိုဖြစ်နေတယ်..မောင်ရင် ဆိုလိုတာက အစိုးရနဲ့ NLD ပေါင်းစည်းသွားရင် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဖြစ်မယ် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်တွေရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရမယ် ၊ မြန်မာပြည်ကြီးနေ့ချင်းညချင်းတိုးတက်သွားမယ် ဒါတွေဖြစ်မဖြစ်ကို ဆိုလိုတာလား... ဒါကိုဆိုလိုတာဆိုရင်တော့ မောင်ရင်ထင်တာတွေမှားနေပြီ..ခါးတောင်းကျိုက်တခြား ဟိုဟာတခြားဆို သလိုဖြစ်နေပြီလို့ပဲပြောချင်တယ်ကွာ.....

မေး ။   ။ ဘာလို့လဲဆရာ

Monday, July 25, 2011

ဦးအောင်ကြည်အကြောင်း သိထားသမျှ


မြန်မာ့နိုင်ငံရေးစာမျက်နှာတွင် အစိုးရနှင့်ဒေါ်စုကြည်အကြား ဆက်ဆံရေးဝန်ကြီး အဖြစ်တာဝန်ယူဆောင် ရွက်နေသော ဦးအောင်ကြည် သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သူတစ်ဦး ဖြစ်လေသည်။ ထိုဦးအောင်ကြည်၏ ဘ၀တစ်လျှောက်ဖြတ်သန်းဆောင်ရွက်ခဲ့သော ဘ၀အဖုံဖုံကို သိရှိနိုင်ပါရန် ဖေါ်ပြ အပ်ပါသည် ။

ရန်ကုန်သားဦးအောင်ကြည်

ဦးအောင်ကြည်ကို အဘ ဦးဘကြည် ၊ အမိဒေါ်ကြည် တို့မှ ၁.၁၁.၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဖဆပလ တွင် မွေးဖွားခဲ့ပြီး ဗုဒ္ဒဘာသာဝင်ဗမာလူမျိုးတစ်ဦး ဖြစ်ပါသည် ။

ကျောင်းဆရာဦးအောင်ကြည်

အခြေခံပညာရေးကို ရန်ကုန်မြို့ စိန်ပေါ ကျောင်းနှင့် စိန့်အန်ထော်နီကျောင်းတို့တွင် သင်ကြားအောင်မြင်ခဲ့ပြီး ၁-၄-၆၄ နေ့မှစတင်၍ စိန့်အန်ထော်နီကျောင်း (ယခု အထက ၄ ၊ မင်္ဂလာတောင်ညွန့်) တွင်မူလတန်းပြ ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၆၇ တွင်လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီး ထိုနှစ်နိုဝင်ဘာလမှ ၁၉၆၉ ခုနှစ် စက်တင်ဘာလထိ အထက (၁) တာမွေတွင် အထက်တန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။

ဗိုလ်ချုပ်အောင်ကြည်

 
ဦးအောင်ကြည်သည် ၁၉၆၉ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄၀) သို့တက်ရောက်အောင်မြင်ခဲ့ ပြီး တပ်မတော်တွင် တပ်စုမှူး ၊ တပ်ခွဲမှူး ၊ တပ်ရင်းမှူး ၊စစ်ဗျူဟာမှူး ၊ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ၊ တိုက်ခိုက်ရေးကျောင်းအုပ်ကြီး ၊ လေ့ကျင့်ရေးညွှန်ကြားရေးမှူး ၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တာဝန်များဖြင့် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည် ။

Myanmar, Burma နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး

ပြဿနာအစ
ဒီကနေ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေထဲမှာ မြန်မာနိုင်ငံရဲ့ အမည်ကို အင်္ဂလိပ်လို ရေးတဲ့၊ ပြောတဲ့အခါ Myanmar လား Burma လား ဆိုတဲ့ ကိစ္စဟာလည်း အတော် ရှေ့တန်း ရောက်ပါတယ်။ ဒီပြဿနာဟာ န၀တ လက်ထက်မှာ မြန်မာစကား အသံထွက်များကို အင်္ဂလိပ်လို အသံထွက်နဲ့ ရေးထားတဲ့ စာလုံးပေါင်းတွေ ပြင်တယ်။ ဒီအခါမှာ အင်္ဂလိပ်က Burma လို့ ရေးတာကို မြန်မာ အသံထွက်နဲ့ အညီဖြစ်အောင် Myanmar လို့ပြင်တယ်။ ဒီလိုပဲ ရန်ကုန်ကို အင်္ဂလိပ်က Rangoon လို့ စာလုံး ပေါင်းခဲ့တာကို Yangoon လို့ပြင်တယ်။ အဲဒီလို ပြင်လိုက်တဲ့ မြို့အမည်၊ နေရာဒေသ အမည်တွေ အများကြီးပါပဲ။ ဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရက ဒီလိုပြင်တာကို လက်မခံဘူး၊ သူကတော့ Burma လို့ပဲ သုံးမယ်လို့ လူသိရှင်ကြား ပြောခဲ့တယ်။ နိုင်ငံတကာ သတင်း ဌာနတွေနဲ့ တွေ့တဲ့ အခါမှာလည်း Burma လို့ပဲ သုံးပြီး ပြောတယ်။ အဲဒီ အခါမယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အမေရိကန်နဲ့ အနောက်အုပ်စု နိုင်ငံများ၊ သြစတေးလျ၊ ကနေဒါလို နိုင်ငံများကလည်း Burma လို့ဆက်သုံးပြီး စစ်အစိုးရကို အသိအမှတ် မပြုဘူးဆိုတဲ့ Political Message ကို ဖော်ထုတ်လာ ကြတယ်။ ဒီလိုနဲ့ Myanmarလား Burma လား ဆိုတာဟာ စစ်အုပ်စုကို ထောက်ခံသလား၊ ဆန့်ကျင်သလား ဆိုတဲ့ ပေတံတစ်ခု ဖြစ်လာခဲ့တယ်။
အသံထွက်ပြဿနာ
ကျွန်တော်ဟာ ဘာသာစကား ပညာရှင် မဟုတ်သလို၊ သမိုင်း ပညာရှင်လည်း မဟုတ်ဘူး။ ဒါ့ကြောင့် Myanmar လား Burma လား ဆိုတဲ့ကိစ္စကို လက်တွေ့ လက်လှမ်းမီတဲ့ အခြေအနေနဲ့ လက်တွေ့ကျတဲ့ ရှုထောင့်ကပဲ သုံးသပ်ချင်ပါတယ်။ တကယ်တော့ Burma ဆိုတာဟာ အသံထွက် ပြဿနာသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်တွေက နိုင်ငံခြား တိုင်းပြည်တွေရဲ့ အမည်တွေ၊ အခေါ်အဝေါ်တွေကို မြန်မာ ဘာသာနဲ့ ရေးတဲ့အခါ ကိုယ်အသံလှယ်ပြီး ထွက်တတ်သလို ထွက်ခဲ့ကြတာပဲ။ ဥပမာ Paris ကို ပဲရစ်လို့ရေးခဲ့ ( အခုတော့ ပါရီ ဖြစ်ပြန်ပေါ့) Newyork ကို နယူးယောက် (တကယ့် အသံထွက်က နူးယော့ ဆိုရင် ပိုနီးစပ်ပါတယ်။) လို့ရေးခဲ့ကြတာပါ။ ဒီလိုပဲ အင်္ဂလိပ် ရောက်လာတော့ ဗမာလူမျိုးကို ကုလားတွေက ဗရမာလို့ခေါ်တာကို စွဲပြီး Burma လုပ်ခဲ့ပါတယ်။ (ဂျပန်ကတော့ ဘိရုမာပေါ့) ဒါ့ကြောင့်လည်း ပုသိမ် ကို Bassein ပဲခူး ကို Pegu ပြည်ကို Prome ၊ အင်းဝကို Ava စသည်ဖြင့် သူတို့ ခေါ်တတ်သလို ခေါ်ပြီး မြေပုံတွေ ထုတ်ခဲ့တာပါ။ နောက်ပြီး အုပ်ချုပ်ရေး လုပ်တဲ့အခါမှာ ဗမာလူမျိုး အများစုနေတဲ့ မြေပြန့် ဒေသတွေကို Proper Burma ( နောင် Ministerial Burma) လို့ ခေါ်ပြီး တောင်တန်း ဒေသတွေကိုတော့ (Frontier Areas) သို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီတုံးက ရုံးသုံး ဘာသာ စကားဟာ အင်္ဂလိပ် ဘာသာစကား ဖြစ်လို့ တရားဝင် စာတွေမှာလည်း Burma လို့ပဲ သုံးခဲ့ပါတယ်။
မြန်မာနိုင်ငံကို မသိမ်းခင်ကတော့ အင်္ဂလိပ်တွေက မြန်မာဘုရင်များနဲ့ ဆက်ဆံရာမှာ နန်းမြို့ တည်ရာနေရာကိုပဲ အစွဲပြုပြီး ခေါ်ပါတယ်။ အိန္ဒိယ မဟာရာဂျာ စော်ဘွားတွေကို ခေါ်တဲ့ပုံစံမျိုးပါ။ ဒါ့ကြောင့် Kingdom of Ava, Kings of Ava, Kingdom of Amarapura လို့ပဲ သုံးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်ကြည် ဒေါ်စုကြည်နှင့်တွေ့ဆုံ အစိုးရသစ်လက်ထက်ပထမဆုံးတွေ့ဆုံမှုဖြစ်

" ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့ အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်တော့ ပြောနိုင်ပါတယ် "
 
 သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည်တို့သည် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင်  တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းသတင်းရရှိပါသည်။

''တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်တွေကို မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကား ပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊
ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။ ဒါပဲ မျှော်လင့်ပါတယ်''
 
 ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် မွန်းလွဲ ၁ နာရီ မှ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မီဒီယာများနှင့် ဆက်လက် တွေ့ဆုံခဲ့ပါသည်။ ယခုတွေ့ဆုံမှုသည် မြန်မာအစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရထိပ်တန်း တာဝန်ရှိသူတို့၏ ပထမဆုံး တွေ့ဆုံမှုလည်းဖြစ်ပါသည် ။

Friday, July 22, 2011

ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် တွေ့ဆုံခြင်း

(၂၀၁၁ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ထုတ် ပြည်သူ့ ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွေ့အကြုံ ဖြစ်ပါတယ်။)
ဦးခက်ထိန်နန်ဟာ ကချင်ပြည်နယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပါတယ်။ ဒါတင်မက ဥပဒေကြမ်း ကော်မတီဝင် တစ်ဦလည်း ဖြစ်သလို ပြည်ခိုင်ဖြိုး ပါတီနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ မြစ်ကြီးနား အခြေစိုက် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ၊ ကချင်ပြည်နယ် (စဒက) ပါတီရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ လတ်တလော မြန်မာ့ တပ်မတော်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေတို့ အကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ မြန်မာ အစိုးရဘက်က သွားရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင် လိုက်ပါ သွားခဲ့သူလည်း ဖြစ်ပါတယ်။ ယခု အင်တာဗျူးမှာတော့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရရှိနိုင်ရေး ကိစ္စတွေကို မေးမြန်း တင်ပြထားပါတယ်။
မေး - လက်ရှိ မြန်မာ့ တပ်မတော်နဲ့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကေအိုင်အေ ၊ ကေအိုင်အို ဆိုတာ ဘယ်တုန်းက ပေါ်ပေါက် လာလဲ၊ ဘယ်လို အဖွဲ့အစည်းမျိုးလည်း ရှင်းပြပေးပါလား။
ဖြေ - KIO (Kachin Independent Organization) ကချင် လွတ်မြောက်ရေး အဖွဲ့၊ KIA (Kachin Independent Army) ကချင် လွတ်လပ်ရေး တပ်မတော် ဆိုတာ ၁၉၆၁ ခုနှစ် ကတည်းက စရှိခဲ့တာ။ ဒီတစ်ခေါက် ပဋိပက္ခ ဖြစ်ရတာဟာ လူကြီးပိုင်းက ပုံမှန် အနေအထား ရှိနေတဲ့ အချိန် အောက်ခြေမှာ တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲကြပြီး ပစ်ကြ ခတ်ကြရင်းနဲ့ ဖြစ်သွားတာ။ အရင်တုန်း ကတော့ သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး၊ ကိုယ့်ယုံကြည်ချက်၊ သူ့ယုံကြည်ချက်နဲ့ ပဋိက္ခ ဖြစ်ကြတာ။ အခုလို ပစ်တာ ခတ်တာဟာ အားလုံးကို ဒုက္ခ ဖြစ်စေတယ်၊ သေကြေ ပျက်စီးစေတယ်၊ အားလုံးလည်း အကျိုးမရှိဘူး ဆိုတာကို စစ်ပွဲဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာလာတော့ နှစ်ဖက်စလုံးက နားလည်ကြတယ်။ ကြားက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက ဦးဆောင်ပြီး ညှိနှိုင်းကြရင်းနဲ့ နှစ်ဖက်စလုံး အပစ်အခတ် ရပ်စဲပြီး ၁၉၉၄ မှာ ငြိမ်းချမ်းရေး ယူလိုက်ကြတာ။ အဲ့ဒီတုန်းကတော့ ဘုန်းတော်ကြီးတွေ ဖာသာကြီးတွေ သင်းအုပ် ဆရာကြီးတွေနဲ့ မြို့မိ မြို့ဖတွေက ဦးဆောင်ပြီး ဆောင်ရွက် ခဲ့ကြတာ။ ကချင် ပြည်နယ်ထဲမှာ စစချင်း တုန်းကတော့ KIO တစ်ဖွဲ့တည်းပဲ။ ဦးဆခုန်တိန့်ယိန်း ဦးဆောင်တဲ့ NDA (K) အဖွဲ့နဲ့ ရှမ်းပြည်နယ်ဘက်က ဦးမထုနော် အဖွဲ့ဆိုတာဟာ နဂိုမူလ ကေအိုင်အို ကနေ ကွဲထွက်လာတဲ့ အဖွဲ့တွေ။

Thursday, July 21, 2011

Eleven Media Group ၏အွန်လိုင်းစာမျက်နှာတွင် အစိုးရတာဝန်ရှိသူများအားပုတ်ခတ်သည့် comment များကို Admin များကိုယ်တိုင်ရေးသားမှုများရှိနေဟု သတင်းများထွက်ပေါ်

 
 ပြည်တွင်းထုတ်ဂျာနယ်တစ်ခုဖြစ်သည့် Eleven Media Group ၏အွန်လိုင်း စာမျက်နှာများတွင် နိုင်ငံတော်အစိုးရနှင့် အစိုးရတာဝန်ရှိသူများအား ပုတ်ခတ်၊ စွပ်စွဲ ၊ ဆဲဆိုသည့် comment များအား Admin များကိုယ်တိုင် ရေးသားမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါသည်။
 
အဆိုပါဂျာနယ်သည် စာပေစိစစ်ရေးမှရေးသားခြင်းမပြုရန်ကန့်သတ်ထားသည်များကို သတင်းတွင်ရေးသားဖေါ်ပြခြင်းမရှိပဲ comment များအဖြစ် အခြားစာဖတ်သူတစ်ဦးဦးက ရေး သားနေသယောင်ဖန်တီးကာ Admin များကိုယ်တိုင်ရေးသားမှုများရှိနေကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက ပြောကြားပါသည်။

" comment တွေကို သက်ဆိုင်ရာ အယ်ဒီတာတွေ Admin တွေကထိန်းချုပ်ပြီး ဖေါ်ပြသင့်တာတွေကိုဖေါ်ပြ ၊မဖေါ်ပြသင့်တာတွေကိုဖယ်တာတို့ဘာတို့လုပ်ရတယ် ဒီ Eleven ကလည်းလုပ်တာပဲ..မယုံရင်သူတို့ ဂျာနယ်ကတာဝန်ရှိသူတွေရဲ့ ပုဂ္ဂိုလ်ရေးထိခိုက်တာတွေသွားရေးကြည့်ပါလား ဘယ်တော့မှမရဘူး ..အစိုးရကို ပုတ်ခတ်တာတွေဆိုရင်တော့ ပါလာတော့တာပဲ...ဒါကိုက ဒီလူတွေ မရိုးသားဘူးဆိုတာရှင်းနေတာပဲ.." ဟု အဆိုပါ ပြည်တွင်းသတင်းထောက်တစ်ဦးကပြောကြားသွားပါသည် ။

" ထိုင်းမှာတောင် သတင်းဌာနတစ်ခုရဲ့ online စာမျက်နှာမှာ ထိုင်းဘုရင်ကိုပုတ်ခတ်ရေးသားတဲ့ comment တစ်ခုကိုမိနစ်ပိုင်းလောက်လေး ဖျက်ဘို့နောက်ကျသွားတာနဲ့ သက်ဆိုင်ရာက အရေးယူတာတွေရှိတယ် တကယ်တော့ အွန်လိုင်းစာမျက်နှာတစ်ခုလုံးဟာ နိုင်ငံတော်ကချမှတ်ထားတဲ့ မူနဲ့ကိုက်နေရပါမယ်..မကိုက်ရင် သက်ဆိုင်ရာသတင်းဌာနမှာတာဝန်ရှိပါတယ်.. " ဟု အမည်မဖေါ်လိုသူ ၀ါရင့်သတင်းထောက်တစ်ဦးကပြောပါသည် ။

"စည်းကမ်းအတိုင်းလိုက်နာနေတဲ့ အခြားပြည်တွင်းသတင်းဌာနတွေအများအပြားရှိနေပါတယ် သူတို့လုပ်တာနဲ့ကျန်တဲ့သူတွေပါထိခိုက်လာနိုင်တယ် ခုကျွန်တော်တို့ Screen shoot တွေစုပြီးအချက်လက် စုနေပါတယ် တော်တော်များများလည်းရနေပါပြီ  ပြီးရင်တော့ သက်ဆိုင်ရာအထက်ဌာနတွေကိုတင်ပြပါမယ် " ဟုအဆိုပါဝါရင့်သတင်းထောက်ကပြောကြားခဲ့ပါသည် ။