xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Sunday, March 18, 2012

Voice ပြဿနာအဖြေရှာ

ဒီအပတ်ထုတ် Voice ဂျာနယ်မှာ ၀န်ကြီးဌာန အချို့က ငွေအလွဲသုံးစား လုပ်မှုတွေဆိုတဲ့ သတင်းပါလာတော့ အတော်လေး ဂယက် ရိုက်သွားပါတယ်။ အစိုးရ သတင်းစာတွေမှာ သတ္တုတွင်း ၀န်ကြီးဌာနက သတင်းမှားတဲ့ အတွက် ဂျာနယ်ကို ဥပဒေအရ ဆောင်ရွက်မယ်လို့ ဖော်ပြလိုက်တဲ့အခါ ဂယက်က ပိုကြီးလာပါတယ်။ ရေးဖော်လည်းဖြစ်၊ ပရိသတ်လည်း ဖြစ်တဲ့ ကိုစစ်အောင်က ဒီအကြောင်းကို ကျင့်ဝတ်အရ သုံးသပ် ရေးစမ်းပါ ဆိုပြီး တိုက်တွန်း လာပါတယ်။ ဒါ့ကြောင့်လည်း ဒီကိစ္စအပေါ် လေ့လာ မိသလောက် ရေးပြချင်ပါတယ်။
ပထမဆုံး ပြောချင်တာက ကျွန်တော့် အနေနဲ့ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာကို ပြောမှာ မဟုတ်ပါဘူး။ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဥပဒေအရ လက်လှမ်း မီသလောက် လေ့လာ တင်ပြခြင်းသာ ဖြစ်တယ်ဆိုတဲ့ အချက်ပါ။ 
 
ဒီပြဿနာမှာ အဓိက စဉ်းစားရမယ့် အချက်နှစ်ခု ရှိပါတယ်။
ပထမအချက်က သတင်း အရင်းအမြစ် ဖြစ်ပါတယ်။ Voice ဂျာနယ်က ဒီသတင်းကို ရေးတဲ့အခါ စာရင်းစစ်ချုပ်ရုံးက လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ပါတယ်ဆိုပြီး ကိုးကား ထားပါတယ်။ ဒါပေမယ့် သတင်းရေးတဲ့ သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာ ကိုယ်တိုင်က ဒီအစီရင်ခံစာကို ဖတ်ရသလား၊ ဒါမှမဟုတ် အဲဒီ အစီရင်ခံစာကို ဖတ်ရတဲ့ ဒါမှမဟုတ် အဲဒီ အစီရင်ခံစာ အကြောင်းကြားရတဲ့ လွှတ်တော် အမတ် တစ်ဦးက ပြောတာကို ကိုးကားတာလား ဆိုတဲ့ အချက်ကို တိတိ ပပ ပြောမထားဘူး။ ဒါပေမယ့် ရေးထားတဲ့ အရေး အသားကို ကြည့်ရတာကတော့ လွှတ်တော် အမတ်ရဲ့ ပြောကြားချက်ကိုပဲ တဆင့် ကိုးကား ထားတဲ့ပုံ ပေါက်နေပါတယ်။ 
 
ဒုတိယ အချက်က အဲဒီ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ သတ္တုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်ပြီး ဘယ်လို ဖော်ပြထားသလဲ ဆိုတဲ့ အချက် ဖြစ်ပါတယ်။ သတင်းထောက် အနေနဲ့ အစီရင်ခံစာကို ကိုယ်တိုင် ဖတ်ရတယ် ဆိုရင်တောင် သူ့ရဲ့ ပြန်လည် ရေးသားချက်ဟာ အစီရင်ခံစာမှာ ပါတဲ့ ဆိုလိုရင်းနဲ့ ကွဲလွဲမှုမရှိဖို့ လိုပါတယ်။ အခု သတင်းမှာ ကျန်တဲ့ ၀န်ကြီး ဌာနတွေရဲ့ ကိစ္စကို ရေးတဲ့အခါမှာ ငွေကြေး အလွဲသုံးစား လုပ်မှု ပီပြင်တဲ့ သဘော တွေ့ရပေမယ့် သတ္တုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်ရင် ဦးပိုင်က ပေးရမယ့်ငွေကို ပြည်ပ ကုမ္ပဏီတစ်ခုက ဦးပိုင် ကိုယ်စား ပေးခဲ့တာကိုပဲ ဖော်ပြထားတာ တွေ့ရပါတယ်။ လေ့လာမိ သလောက်ပြောရရင် စာရင်းစစ်ရုံးက စစ်တဲ့အခါ ယျေဘူယျအားဖြင့် နှစ်မျိုး ရှိပါတယ်။ တစ်ခုကတော့ အလွဲသုံးစား လုပ်တာပေါ့ဗျာ၊ ဒါကတော့ ရှင်းတယ်၊ နိုင်ငံတော်က ရရမယ့်ငွေကို ဖြတ်စားတာမျိုးပေါ့။ နောက်တစ်မျိုးက လုပ်ထုံး လုပ်နည်း မှားတာ။ ဒါက ရတဲ့ငွေကို သွင်းရမယ့် ခေါင်းစဉ်အောက်ကို မသွင်းပဲထား တစ်ခြား ငွေစာရင်းမှာသွင်းတာ၊ ဒါမှမဟုတ် ငွေသုံးတဲ့ အခါ မဆိုင်တဲ့ ငွေစာရင်း အောက်က ယူသုံးတာမျိုး ဖြစ်ပါတယ်။ အခု သတင်းမှာ သတ္တုတွင်း ကိစ္စကို အလွဲသုံးစားမှုလို့ ရေးထားတယ်။ ဒါမှမဟုတ် ငွေကြေး အလွဲသုံးစားမှု ဖြစ်တဲ့ ၀န်ကြီးဌာနများနဲ့ ယှဉ်တွဲ ရေးထားတဲ့ အတွက် သတ္တုတွင်း ၀န်ကြီးဌာနက အဖြစ်အပျက်ဟာ ငွေကြေး အလွဲသုံးစား လုပ်မှု ဖြစ်တယ် ဆိုတဲ့ သဘော သက်ရောက် နေပါတယ်။ တကယ်လို့ အစီရင်ခံစာမှာက လုပ်ထုံး လုပ်နည်း မှားတယ်လို့ ရေးထားတယ် ဆိုရင်တော့ Voice သတင်းက မှားနေတယ်လို့ ဆိုရမှာ ပါ။ 
 
ဒါ့ကြောင့် Voice အနေနဲ့ သူတို့ သတင်းဟာ စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာပါ အတိုင်း ဖြစ်တယ် ဆိုတာ တရားရုံးမှာ သက်သေပြဖို့ လိုတယ် ဆိုတာတော့ မြင်သာပါတယ်။ ဒီနေရာမှာ Voice ဘက်က ကာကွယ် ပြောဆိုနေတဲ့ စာနယ်ဇင်း သမားတစ်ချို့က ဒီသတင်း ရေးတာဟာ စာနယ်ဇင်း ကျင့်ဝတ် အတိုင်း လုပ်တာဘဲ ဆိုပြီး ပြောတာလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာမှာ အများက လက်ခံထားတဲ့ စာနယ်ဇင်း ကျင့်ဝတ်များက ဘယ်လို ရှိသလဲ ဆိုတာလေး ကြည့်ရ အောင်။ 

Friday, March 16, 2012

ဘတ်ဂျက်အရေး တွေးမိသမျှ

 
နှစ်ငါးဆယ် အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ်နဲ့ အစိုးရ ဘတ်ဂျက်ကို လူသိရှင်ကြား ထုတ်ပြန်ပြီး လွှတ်တော်မှာ ဆွေးနွေးခွင့် ရတာဟာ ၂၀၀၈ အခြေခံ ဥပဒေရဲ့ အသီးအပွင့် တစ်ခုပါပဲ။ လွှတ်တော် အမတ်တွေကလည်း အတော်လေး တက်တက် ကြွကြွ ဆွေးနွေး ကြတာကိုလည်း သတိပြုမိပါတယ်။
 
  သို့သော် သတင်းစာထဲက ဆွေးနွေးချက်တွေကို ဖတ်ရင်း လွှတ်တော်ရဲ့ဘတ်ဂျက် ရေးရာ ဆွေးနွေး မှုတွေနဲ့ ပတ်သက်ပြီး ထောက်ပြ စရာတွေလည်း တွေ့လာရပါတယ်။ ပထမဆုံး တွေ့ရတာကတော့ လွှတ်တော် အမတ်တွေ အနေနဲ့ နိုင်ငံရဲ့ မိုက်ခရိုနဲ့ မက်ခရို စီးပွားရေး အခြေအနေ (Micro- economics and Macroeconomics) အခြေအနေတွေကို ထည့်သွင်း စဉ်းစားခြင်း မရှိဘဲ ၀န်ကြီးဌာနများ၊ စီမံကိန်းများ အပေါ် မိမိတို့ရဲ့ ကိုယ်ပိုင် အမြင်များကို အခြေခံပြီး ပြောဆို ဆွေးနွေးတာက အများစု ဖြစ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံ စီးပွားရေးကို ပြောရင် တုန့်ဆိုင်းနေတယ်လို့ ပြောရမှာ ဖြစ်တယ်။ ဒါဟာ ၂၀၀၈ ငွေကြေး အကျပ်အတည်း နောက်ပိုင်း နိုင်ငံအားလုံး ရင်ဆိုင်နေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကို ကုစားတဲ့အခါ နိုင်ငံအများစုက စီးပွားရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အခွန် လျှော့ပေးတယ်။ နောက်ပြီး စီးပွားရေး ပြန်လည် နှိုးဆွတဲ့ ရန်ပုံငွေကို ထူထောင်ပြီး အတိုး သက်သာတဲ့ စက်မှု လုပ်ငန်း ချေးငွေတွေ ပေးတာ၊ အစိုးရ တည်ဆောက်ရေး လုပ်ငန်း Publci Work တွေ လုပ်ပေးတယ်။ တရုတ် သည်ပင်လျှင် ၂၀၀၈ အကျပ်အတည်း ကနေ ရုန်းထွက်ဖို့ အတွက် ဒေါ်လာ ၅၈၆ ဘီလီယံ ရန်ပုံငွေ ထူထောင်ပြီး လုပ်ပေးခဲ့ရတယ်။ အမေရိကန်က ဒေါ်လာ ၇၈၇ ဘီလီယံ ရန်ပုံငွေ ထူထောင်ပေးရတယ်။
 
မက်ခရို စီးပွားရေး သဘော အရ စီးပွားရေး နလံ ပြန်ထူချင်တယ် ဆိုရင် ကုန်ထုတ် လုပ်ငန်းတွေ လည်ပတ်အောင်၊ လူတွေ ငွေပို သုံးနိုင်အောင်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာအောင် လုပ်ရတယ်။ ဒါက အခြေခံ သဘောတရားပါ။ ဒါ့ကြောင့် အဲဒီအချိန်မှာ လိုငွေပြ ဘတ်ဂျက်နဲ့ သွားရပါတယ်။
 
ဒီကနေ့ လွှတ်တော် အမတ်များရဲ့ ဆွေးနွေးချက်တွေကို ခြုံကြည့်လိုက်ရင် အခုလို တွေ့ရတယ်။
စီမံကိန်းကြီးတွေ အပါအ၀င် ၀န်ကြီး ဌာနတွေရဲ့ အသုံးစရိတ်ကို ဖြတ်တောက်ဖို့။
စီးပွားရေး ဦးမော့လာအောင် လုပ်ဖို့။
အခွန်အကောက်တွေ လျှော့ချဖို့။
အစိုးရ ၀န်ဆောင်မှုတွေ အရည်အသွေး တိုးမြှင့်ပေးဖို့။
သူတို့ လွှတ်တော် နယ်မြေတွေမှာ လိုအပ်နေတဲ့ ကျောင်း၊ ဆေးခန်း၊ လမ်း၊ တံတား၊ ရေသွယ်မြောင်း၊ ဆည်တွေ လုပ်ပေးဖို့။
ဘတ်ဂျက် လိုငွေမပြဖို့။
ဝန်ထမ်းတွေကို အနည်းဆုံး လစာ တစ်သိန်း ပေးဖို့။
ဒါတွေကို ချကြည့် လိုက်ရင်ပဲ  ဘယ်လိုမှ အဆက်အစပ် မညီတာ တွေ့ရမှာပါ။ အဲဒါဟာ လွှတ်တော် အမတ်တွေ အတွင်းမှာ မက်ခရို စီးပွားရေး သဘောတရားကို ဆုပ်ကိုင်ပြီး တူညီတဲ့ ချဉ်းကပ်မှုနဲ့ ဆွေးနွေးရမယ့် အစား မိမိ သန်ရာသန်ရာ ဆွေးနွေး နေတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်တစ်ခါ အမတ်တစ်ချို့က အခြေခံ ဥပဒေမှာ ပါတဲ့ ဥပဒေပြုရေး အခန်းကဏ္ဍကို တိတိပပ မသိတာလည်း တွေ့ရတယ်။ လွှတ်တော် အမတ် တစ်ချို့က ၀န်ကြီးဌာန အသုံးစရိတ်ကို ဆွေးနွေးတဲ့ နေရာမှာ အဆောက်အဦ တစ်ခုကို ဒီနေရာမှာ မဆောက်ဘဲ ဟိုနေရာမှာ ဆောက်သင့်တယ်လို့ ဆွေးနွေး တာတောင် ရှိတယ်။ တကယ်တော့ ဥပဒေ ပြုရေးဟာ အသုံးစရိတ်ကိုပဲ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဆောက်သင့်လို့ ငွေခွင့်ပြုတယ် ဆိုရင် အရှေ့လှည့်၊ အနောက်လှည့် ဆောက်တာ၊ စီမံကိန်း နယ်မြေထဲမှာ ဘယ်နေရာမှ အဆောက်အဦ ဆောက်မယ် ရွေးတာဟာ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ အလုပ်သာ ဖြစ်ပါတယ်။

Thursday, March 15, 2012

ဒါဖတ်ပြီးမှ မြန်မာ-ဘင်္ဂလားရေပိုင်နက်ကိစ္စ ဆက်ဆွေးနွေးကြပါ

အများစိတ်ဝင်စားနေတဲ့ မြန်မာ ဘင်္ဂလား ရေပိုင်နက်အကြောင်းကို လွယ်လွယ်ရှင်းရှင်းလေးမြင်သာအောင် တင်ပြလိုက်ပါတယ် ။ဒီဆောင်းပါးလေးပြီးတဲ့အချိန်မှာ ဒီပြဿနာမှာပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA က ဘယ်လိုဆုံးဖြတ်ခဲ့တာလည်း ၊ ဘင်္ဂလားတွေပြောနေသလို သူတို့နိုင်တာရော ဟုတ်ရဲ့လား ၊ မြန်မာရှုံးတယ်လို့ပြောရင်ရော မှန်ပါ့မလားဆိုတာတွေကို ကိုယ်တိုင် တွေးနိုင်ဘို့ဖြစ်ပါတယ် ။

 ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစ္စဟာ တစ်ကယ်တော့ အင်မတန် ရှုပ်ထွေးနက်နဲလှတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပင်လယ်ပြင်ပိုင်နက်ဆိုင်ရာအငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် ဥပဒေပညာရှင်များ၊ ပင်လယ်ရေကြောင်းတိုင်းတာရေးဆိုင်ရာ ပညာရှင်တွေ၊ ဘူမိဗေဒပညာရှင်တွေ နိုင်ငံခြားရေးဝန်ကြီးဌာနက UN Convention တွေကိုကျွမ်းကျင်တဲ့ သံတမန်တွေ ၊ သမိုင်းပညာရှင်တွေ အားလုံးပူးပေါင်း ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
တိုင်းတာသည့် အခါမှာလည်း ရှုပ်ထွေးလှတဲ့ ကုန်းမြေပိုင်ဆိုင်မှုနဲ့ ကမ်းဦးရေတိမ်ပိုင်းနယ် နမိတ် သတ်မှတ်ချက်တွေ နဲ့အခြားထူးခြားတဲ့အခြေအနေတွေ ပေါ်တည်ပြီး တိုင်းတာနည်းအမျိုးမျိုးရှိပါတယ် ။ ယခုတိုင် ၀ိဝါဒကွဲပြားမှုရှိနေသေးတဲ့ ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on The Law of The Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင် မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့ အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့ ခက်ခဲလှပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အငြင်းပွားမှုကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ ၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက် ခံယူခဲ့တာဖြစ်ပါတယ် ။

မြန်မာ ဘင်္ဂလား ရေပိုင်နက်ပြဿနာအကြောင်းကိုပြောမယ်ဆိုရင် မြန်မာကမ်းရိုးတမ်းကနေ ရေမိုင် ၈ မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ မြေပုံမှာ စိန့်မာတင်ကျွန်း ( St.Martin's Island ) ၊ မြန်မာအခေါ် ရှင်မဖြူကျွန်းအကြောင်း အရင်ဆုံးသိထားဘို့လိုပါတယ် ။ ရှင်မဖြူကျွန်းဆိုတာနဲ့ ငယ်ငယ်ကသင်ဘူးတဲ့ အင်္ဂလိပ်မြန်မာပထမစစ်ပွဲက ရှင်မဖြူကျွန်းအရေးအခင်းကို သွားသတိရကြမှာပါ ၊ ဒီရှင်မဖြူကျွန်းကို သူပိုင်တယ်ငါပိုင်တယ် အငြင်းပွားရာကနေ အင်္ဂလိပ်မြန်မာပထမစစ်ဖြစ်ပြီး ရခိုင်ဒေသကိုမြန်မာတို့ လက်လွှတ်ခဲ့ရပါတယ် ။ အင်္ဂလိပ်က အိန္ဒိယကို လွတ်လပ်ရေးပေးတော့ ဒီကျွန်းကို အိန္ဒိယ ပိုင်ထဲထည့်ပေးခဲ့တယ် ၊ နောက် ဘင်္ဂလားကအိန္ဒိယကနေခွဲထွက်တော့လဲ ဒီကျွန်းဟာ သူတို့ဘက်မှာပါနေတာပေါ့ ၊ ၁၉၄၈ လွတ်လပ်ရေးရကတည်းက ဒီကျွန်းဟာ မြန်မာ့ပိုင်နက်ထဲမှာ မပါတော့ဘူး ၊ ဒါကိုပထမဆုံးသိထားရပါမယ် ။


ဒီကျွန်းနဲ့ ခုဖြစ်နေတဲ့ မြန်မာဘင်္ဂလားရေပိုင်နက်ကိစ္စနဲ့ ဘာဆိုင်လို့လည်းလို့ မေးစရာရှိလာတယ် ။ဆိုင်ပါတယ်...  ဘာလို့လည်းဆိုတော့ ဒီကျွန်းဟာ နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ Equidistance Law အရ မြန်မာ့ရေပိုင်နက်ကို စတိုင်းရမယ့်နေရာ ထိပ်တည့်တည့်ကြီးမှာ ဒီကျွန်းကြီးကလာခံနေလို့ဖြစ်တယ် ။ဒီတော့မြန်မာတွေက စတာထွက်တိုင်းကတည်းက ဒီကျွန်းကြီးကိုကွေ့ပြီးစတိုင်းရတယ် ။ပြီးမှ မူလလမ်းကြောင်းပေါ်ကို ပြန်ကွေ့ပြီးတောင်းဆိုထားတာတွေ့ရပါမယ်။ဒီအောက်က ပုံကိုကြည့်ပါ ။



အနီရောင်ပြထားတဲ့လိုင်းက မြန်မာက အဆိုပြုထားတာဖြစ်ပြီး အစိမ်းရောင်ပြထားတဲ့ ချော်တောငေါ့ တိုင်းထားတဲ့လိုင်းကတော့ ဘင်္ဂလားဒေ့ရှ်က အဆိုပြုထားတာဖြစ်ပါတယ် ။ မြင်သာအောင်ပြောရရင် စမှတ်ဖြစ်တဲ့ A အမှတ်ကနေ E အမှတ်ဘက်ကို အဖြောင့်တိုင်းရမယ့်အစား စိန့်မာတင်ကျွန်း ( ရှင်မဖြူကျွန်း ) ခံနေတဲ့အတွက် B, C, D အမှတ်တွေကနေတစ်ဆင့် E အမှတ်ဘက်ကို ကွေ့ပြီး တိုင်းရတာဖြစ်ပါတယ် ။



ဒီပုံမှာတော့မြန်မာက ကိုယ်အားသာမဲ့ equidistance method ကို သုံးပြီး အဆိုပြုထားသလို ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့ equity method /angle-bisector ကို သုံးပြီး အဆိုပြုထားတဲ့ ပုံပါ ။ အနီရောင်လိုင်းက မြန်မာဘက်က အဆိုပြုထားတဲ့နယ်နမိတ်ဖြစ်ပြီး ၊ အစိမ်းရောင်နဲ့ပြထား တဲ့လိုင်းကတော့ ဘင်္ဂလားဘက်က အဆိုပြုထားတဲ့နယ်နမိတ်ပါ ။ဒီပုံအရဆိုရင် မြန်မာဘက်ကလည်း ကိုယ်တောင်းဆိုထားတဲ့  equidistance method အရဆိုရင်ကို အမှတ် E,F ကနေဆက်ဆွဲလို့ ရမယ့်မျဉ်းဖြောင့်အတိုင်း သာရနိုင်ပေမယ့် ၊ အခြားအကြောင်းတွေပြပြီး Gအမှတ်ကနေ ဘင်္ဂလားအပြည်ပြည်ဆိုင်ရာရေပိုင်နက်ထိပ်  Z အမှတ်အထိ ခပ်ယိုင်ယိုင်လေး ပိုပြီးတောင်းဆိုခဲ့တာ ကိုတွေ့ရမှာ ဖြစ်သလို ဘင်္ဂလားဘက်ကလည်း မြန်မာ့ရေပိုင်နက်ထဲကိုတော်တော်လေး တိုးပြီးတောင်းဆိုထား တာကိုတွေ့ရမှာ ဖြစ်ပါတယ် ။
ပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA (ITLOS) ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊ ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်က တရားမျှတမှုရှိတယ်လို့ မှတ်ယူလို့ရနိုင်သလို လက်တွေ့ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာလည်း သမာသမတ်ကျတယ်လို့ပြောနိုင်တာ ကိုတွေ့ရပါတယ် ။

ဒီပုံမှာ အလယ်က အနက်ရောင်မျဉ်းဟာ နိုင်ငံတကာခုံရုံးက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်ဆုံးဖြတ်ချက်ပါ ။ဒီဆုံးဖြတ်ချက်ကိုကြည့်ရင် နိုင်င့တကာခုံရုံးဟာ မြန်မာဘက်က အဆိုပြုတဲ့  equidistance method ကို သုံးပြီး ဆုံးဖြတ်ထားတာတွေ့ရပြီး ဘင်္ဂလားဒေ့ရှ်က အဆိုပြုခဲ့တဲ့ equity method /angle-bisector ကို ပယ်ချခဲ့ပြီး ဆုံးဖြတ်ထားတာကို တွေ့ရမှာဖြစ်ပါတယ် ။ဘင်္ဂလားကတောင်းဆိုထားတာ မရသလို မြန်မာက ယိုင်ပြီးတောင်းဆိုခဲ့တာလည်း မရခဲ့ပါဘူး ။ဒါပေမယ့် ခုလိုယိုင်ပြီးတောင်းဆိုခဲ့တဲ့အတွက်  နိုင်ငံတကာရေပိုင်နက်အစပ်မှာ မြန်မာ ဘင်္ဂလား ၂နိုင်ငံအတူတကွ ပိုင်ဆိုင်တဲ့ နေရာတစ်ခုထပ်ရလိုက်ပါသေးတယ် ။ ဒီအောက်ကပုံကိုကြည့်ပါ အညိုရောင်ပြထားတဲ့ အပိုင်းကို နှစ်နိုင်ငံပိုင်ရလိုက်ပါသေးတယ် ။


ဒီဆုံးဖြတ်ချက်အရကြည့်မယ်ဆိုရင် မြန်မာဘင်္ဂလား နှစ်နိုင်ငံတို့ဟာ ဘယ်သူနိုင် ဘယ်သူရှုံး ဆိုတာမျိုးမဟုတ်ဘဲ နှစ်ဘက်ကျေနပ်ရမယ့် ရလဒ်ကောင်းတစ်ခုကို နိုင်ငံတကာ တရားရုံးက ချမှတ်လိုက်တယ် လို့ပဲ မှတ်ယူလက်ခံရမှာဖြစ်ပါတယ် ။

ဒါဆိုရင် ၂၀၀၉ ခုနှစ်လောက်တုန်းက မြန်မာဘက်က ဒေ၀ူးကုမ္ပဏီနဲ့ ကမ်းလွန်ရေနံစမ်းသပ်တူးဖေါ်နေတာကို ဘင်္ဂလားရေတပ်က လာရောက်ဟန့်တားခဲ့ လို့ ပြဿနာ ဖြစ် ခဲ့ရတဲ့ ကိစ္စကို မှတ်မိကြဦးမယ်ထင်ပါတယ် ။ဒီအောက်ကပုံကိုကြည့်ပါ ။



ဒီပုံဟာ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE က ကမ်းလွန်လုပ်ကွက် လျာထားတဲ့ပုံပါပုံမှာ အရောင်လေးတွေနဲ့ပြထားတဲ့လုပ်ကွက်တွေက စမ်းသပ်တူးဖေါ် လုပ်နေတဲ့အကွက်တွေဖြစ်ပြီး အဖြူရောင်အကွက်တွေကတော့ ဘာမှမလုပ်သေးပဲလျာထားရုံ လျာထားတဲ့ အကွက်တွေဖြစ်ပါတယ် ။ဘင်္ဂလားရေတပ်နဲ့ပြဿနာဖြစ်တဲ့အကွက်က ပုံမှာ AD-7 လို့ပြထားတဲ့အကွက်ဖြစ်ပါတယ် ၊ ခုတရားရုံးကဆုံးဖြတ်တဲ့ နယ်နမိတ် (အနီလိုင်း ) အရဆိုရင် ဒီပြဿနာဖြစ်ခဲ့တဲ့နေရာကို မြန်မာပိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။ ဒီလောက်ဆိုရင်တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ဘင်္ဂလားက သူနိုင်တယ်လို့အော်နေတာ ဟုတ်မဟုတ် ဆုံးဖြတ်လို့၇လောက်ပါပြီ ။

မြန်မာ ဘင်္ဂလားရေပိုင်နက် ကိစ္စနဲ့ပတ်သက်လို့ နိုင်င့တကာဥပဒေခုံရုံးက ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးတဲ့နောက်မှာ ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဒီကိစ္စမှာ တက်တက်ကြွကြွလုပ်နေတယ် ၊ မြန်မာဘက်က ၀န်ကြီးတွေဘာလုပ်နေလဲ ၊ ရှေ့နေကောင်းတွေမငှားဘူး  ၊ ပညာရှင်တွေကိုမတိုင်ပင်ဘူး စတဲ့ဘူးပေါင်းများစွာနဲ့ အစိုးရအကြည်အညိုပျက်ရေးသမားတွေက စွပ်စွဲလုပ်ဆောင်လာတာကို စိတ်ပျက်စရာတွေ့၇တယ် ။


ဒီနေရမှာပြောချင်တာက အစိုးရရဲ့ protocol မှာ ပြည်ထောင်စုရှေ့နေချုပ်ဟာ ၀န်ကြီးအဆင့်ဖြစ်တယ် ဆိုတာကို ပထမဆုံးသိထားဘို့လိုတယ် ၊ နောက်တစ်ခုက ဥပဒေတွေကိုနားလည်တဲ့ပညာရှင် ၀န်ကြီးအဆင့်ရှိသူ ပြည်ထောင်စုရှေ့နေချုပ်ကို ရွေးချယ်တာဝန်ပေးတာဟာ မှန်ကန်တဲ့လူရွေးချယ်မှုဖြစ် တယ်ဆိုတာ ပါဘဲ ၊မြန်မာနိုင်ငံဘက်က နှုတ်ထွက်လျှောက်လဲချက်များ တင်သွင်းသူအဖြစ် လိုက်ပါဆောင်ရွက်တဲ့ အမေရိကန်ပြည်ထောင်စု မီယာမီတက္ကသိုလ်မှ ပါမောက္ခ ဘားနပ်အော့စမန် ဟာဒီလိုပင်လယ်ပြင်ဆိုင်ရာအငြင်းပွားမှုတွေမှာ ကမ္ဘာကျော်တဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကိုလည်း သိထားမှဖြစ်မယ် ။မြန်မာဘက်က လိုက်ပါဆောင်ရွက်ခဲ့ကြသူတွေစာရင်း ကိုအောက်မှာဖေါ်ပြပေး လိုက်ပါတယ် ။

Myanmar is represented By
H.E. Dr Tun Shin (Mr), Attorney General of the Union, Union Attorney General’s Office,
as Agent;
Ms Hla Myo Nwe, Mr.Kyaw San and
1) Professor Mathias Forteau, Professor at the University of Paris Ouest,Nanterre La Défense, France,
2) Mr Coalter Lathrop, Attorney-Adviser, Sovereign Geographic, Member of the North Carolina Bar, United States of America,
3) Mr Daniel Müller, Consultant in Public International Law, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest,Nanterre la Défense, France,
4) Professor Alain Pellet, Professor at the University of Paris Ouest, Nanterre La Défense, Member and former Chairman of the International Law Commission,Associate Member of the Institut de droit international, France,
5) Mr Benjamin Samson, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest, Nanterre La Défense, France,
6) Mr Eran Sthoeger, LL.M., New York University School of Law, New York, United States of America,
7) Sir Michael Wood, K.C.M.G., Member of the English Bar, Member of the International Law Commission, United Kingdom,as Counsel and Advocates;
8) H.E. U Tin Win, Ambassador Extraordinary and Plenipotentiary to the Federal Republic of Germany, Embassy of the Republic of the Union of Myanmar, Berlin, Germany,
9) Captain Min Thein Tint (Mr), Commanding Officer, Myanmar Naval
Hydrographic Center, Yangon,
10) Dr Thura Oo (Mr), Pro-Rector, Meiktila University, Meiktila,
11) Mr Maung Maung Myint, Counselor, Embassy of the Republic of the Union of Myanmar, Berlin, Germany,
12) Mr Mang Hau Thang, Assistant Director, International Law and Treaties Division, Consular and Legal Affairs Department, Ministry of Foreign Affairs,
13) Ms Khin Oo Hlaing, First Secretary, Embassy of the Republic of the Union of Myanmar, Brussels, Belgium,
14) Mr Kyaw Htin Lin, First Secretary, Embassy of the Republic of the Union of Myanmar, Berlin, Germany,
15) Ms Tin Myo Nwe, Attaché, International Law and Treaties Division, Consularand Legal Affairs Department, Ministry of Foreign Affairs,E/11 v 21/09/2011 p.m.
16) Mrs Héloise Bajer-Pellet, Lawyer, Member of the Paris Bar, France,
17) Mr Octavian Buzatu, Hydrographer, Romania,
Ms Tessa Barsac, Master, University of Paris Ouest, Nanterre La Défense,France,

18) Mr David Swanson, Cartography Consultant, United States of America,
 



ဒါလောက်ဆိုရင် မြန်မာဘင်္ဂလား ရေပိုင်နက်အငြင်းပွားမှုမှာ  ပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA ရဲ့ဆုံးဖြတ်မှုဟာ နှစ်ဘက်ကျေနပ်လောက်စရာဖြစ်တယ် ၊ မြန်မာတာဝန်ရှိသူတွေလည်း ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ အကောင်းဆုံး ပါဝင်ဆောင်ရွက်ခဲ့ကြတယ် ဆိုတာ ထင်ရှားပါတယ် ၊ဘင်္ဂလားကသတင်းထုတ်ပြန်နေသလို သူတို့အနိုင်ရသွားတာမဟုတ်သလို  မြန်မာတွေလည်း ရှုံးမသွားပါဘူး ဆိုတာတင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ် ။



အားလုံးကိုကျေးဇူးတင်ပါတယ်



ဒေါက်တာဆိတ်ဖွား

Wednesday, March 14, 2012

နိုင်ငံဝန်ထမ်းများအတွက် သတင်းကောင်းတစ်ပုဒ်

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ၁၃၇၃ ခုနှစ် တပေါင်းလပြည့်ကျော် (၇) ရက် ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက် ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၁၀၀/၂၀၁၂ ဖြင့် နိုင်ငံတော် အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ၊ တပ်မတော် ကြည်း၊ရေ၊လေ ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင် လည်မှုရှိစေရန် အတွက်အပိုထောက် ပံ့ကြေးထောက်ပံ့မည့် ကြေငြာချက်တစ်ရပ်ထုတ်ပြန် လိုက်ကြောင်းသတင်းရရှိပါသည် ။
အဆိုပါအမိန့်ကြေငြာစာတွင် လက်ရှိလစာ အပြင်အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် သုံးသောင်း တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း၊ အစိုးရဌာနများနှင့် အဖွဲ့စည်း များရှိ နေ့စား အလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈)နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၁၁၀၀ အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိတိ ကို ထပ်မံခံ စားခွင့်ပြုမည် ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၂၁၀၀ တိတိ ခံစားခွင့်ပြုရန် ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီ (၁)ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်သည်ဟု ဖေါ်ပြပါရှိပါသည် ။
သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ ရက်နေ့ မိန့်ခွန်းတွင် ၀န်ထမ်းများအား လစာတိုးခြင်း အစား ထောက်ပံ့မှုများ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နှစ်ပတ်အကြာ ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
VOM

သိချင်တာလေးတွေ ( ၃ )



ဒီရက်ပိုင်း အွန်လိုင်းစာမျက်နှာတွေနဲ့ လူမှုကွန်ယက်တွေမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နယ်ခရီးစဉ်တစ်ခုမှာ သက်ဆိုင်ရာဟိုတယ်က ကြိုဆိုရေးအဖွဲ့တွေက လက်အုပ်ချီပြီးကြိုဆိုတာကို ကဲ့ရဲ့ရှုံ့ချတဲ့အရေးအသားတွေနဲ့ ရေးသားဖေါ်ပြလာတာကိုတွေ့ရတယ် ၊ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွေမှာလည်း သက်ဆိုင်ရာဟိုတယ်တွေက ကြိုဆိုရေးနဲ့ ယဉ်ကျေးမှုအဖွဲ့တွေဟာ ဒီလိုပဲကြိုခဲ့ကြတုန်းကတော့ အမေစုကိုဒေသခံတွေက ကြည်ညိုလေးစားလို့ လို့ ဆိုခဲ့ကြတယ် ။

ဒူးထောက်ခစားစေမောင်မင်း........။
 
ကဲဒီလိုဆိုရင် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီ စည်းရုံးရေးခရီးစဉ်တွေမှာ ပါတီဝင်တွေဟာ တင်ပြစရာရှိရင် ခုလို ဒူးထောက်ပြီး တင်ပြခဲ့ကြတာကိုရော..ခင်ဗျားတို့ဘာပြောကြမလည်း ။

လက်စုံမိုး၍ ရှိခိုးပူဇော်


ဒီလိုထိုင်ကန်တော့ခဲ့ကြရတာကိုရော ဘယ်လိုပြောကြမလည်း ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အခါအားလျှော်စွာ ကြီးသူကိုငယ်သူက ကန်တော့တာမျိုးမဟုတ်ဘူးနော် ပါတီစည်းရုံးရေးခရီးမှာ ဒီလိုကန်တော့နေရတာမျိုးကိုကျတော့ ဘယ်လိုအမွှန်းတင်ဦးမလည်းဆိုတာသိချင်လှတယ် ။

ဒေါက်တာဆိတ်ဖွား

Tuesday, March 13, 2012

THE VOICE ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက ဥပဒေကြောင်းအရ အရေးယူမည်

ဒေါက်တာနေ၀င်းမောင် ကွယ်လွန်ပြီးနောက်ပိုင်း သတင်းတင်ဆက်ပုံလမ်းကြောင်း သိသိသာသာပြောင်း လဲသွားသော THE VOICE WEEKLY အပတ်စဉ်ထုတ်ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက သတင်းမမှန်မကန်ဖေါ်ပြမှုဖြင့် ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်ကိုတွေ့ရပါသည် ။

 THE VOICE ၏မူရင်းသတင်းမှာ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပါသည်။ 

 


အဆိုပါသတင်းကို THE VOICE ဂျာနယ်တွင်သာမက ပြည်တွင်းထုတ် WEEKLY ELEVEN ၏ online စာမျက်နှာတွင်လည်း အလားတူဖေါ်ပြထားကြောင်းသဖြင့် အဆိုပါ ELEVEN ဂျာနယ်ကိုလည်း ဥပဒေကြောင်းအရ ဆောင်ရွက်သွားဘွယ်ရှိကြောင်း သတင်းရရှိပါသည် ။ 



VOM


 

ကြိုတင်ရေးထားတဲ့ ဇတ်ညွှန်းလေးတစ်ပုဒ်

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဝင်ဘို့ ပါတီတွေပြင်ကြဆင်ကြတဲ့ အထဲမှာ ပြာယာအခတ်ဆုံးပါတီ ကို ပြပါဆိုရင် ကမ္ဘာကျော် NLD ပါတီကိုပြရမှာပါဘဲ.....။ဘာလို့လဲဆိုတော့ ပထမဆုံးရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းရွေးတာကိုပဲကြည့် တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြစ်အောင်အချိန် ယူပြီးရွေးလို့ရနိုင်ပါရက်နဲ့ ပြာယာခတ်ပြီး အစောတလျှင်ရွေးခဲ့တယ် ၊ သတ်မှတ်ရက်ထက် အစောကြီးစောပြီး သွားတင်တယ် ၊ ဒီတော့ပြိုင်ဘက် တစ်ဘက်ပါတီက ပြင်ဆင်ချိန်ရသွားတယ် NLD ကဒီလူပြိုင်မယ့်နေရာကို တို့က ဒီလူနဲ့ပြိုင်မယ် ၊သူနဲ့ဆိုရင် သူနဲ့ပြိုင်မှရမယ် စသည်ဖြင့် ပြင်ဆင် ချိန်ရသွားပြီး စံနစ်တကျပြင်ဆင် ထွက်လာနိုင်တာကိုတွေ့ရတယ် ။

ဒီလိုပြာယာခတ်ပြီးလုပ်တဲ့အတွက် အမှားတွေပါလာတယ် ၊ အောက်ခြေကမကျေနပ်မှုတွေ ဖြစ်လာတယ် ၊ ခုပဲ ကသာခရိုင်ကနေပြိုင်မယ့် ဦးစောလှိုင်ဟာ ဒေလီမှာ အသည်းအစားထိုးကုနေတယ် တစ်ချိန်တည်းမှာပဲ ကော်မရှင်ကလည်း သူမွေးတဲ့အချိန်မှာ သူ့အဖေဟာ မြန်မာနိုင်ငံသားမဟုတ်လို့ ကိုယ်စားလှယ်လောင်းစာရင်းကပယ်ဖျက်ခံထား၇တဲ့အတွက် မပြိုင်ခင်ထဲက တစ်နေရာရှုံးနေပြီ ၊ ဇဗ္ဗူသီရိကပြိုင်မယ့် ဒေါ်စန္ဒာမင်းဟာလည်း ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်နဲ့ ပုဂံမှာ အတူအိပ်ခဲ့ကြတဲ့ ဇာတ်လမ်းကအတော်လေးပျံ့နေတဲ့အတွက် သိက္ခာကအတော်ကျနေပြီ ၊  လူမှုရေးဖေါက်ပြန်တာဟာ မြန်မာမှုမှာအတော်ကြီးတဲ့ ပြဿနာဖြစ်တယ် ၊ နောက်မီးလင်းနေတဲ့သူကိုမဲတွေ ပုံပေး၇လောက်အောင် ပြည်သူတွေ' အ ' မယ်မထင်ဘူး၊ဒီကြားထဲ ဘာနိုင်ငံရေးအရောင်အသွေး အရည်အချင်းမှမရှိတဲ့ ဟစ်ဟော့ အဆိုတော်ကလည်းပါသေးတယ် ၊ အလားတူပဲ မြောင်းမြ ၊ ပခုက္ကူ ၊ မိတ္ထီလာ စတဲ့မြို့တွေမှာလည်း အောက်ခြေနဲ့အဆင်မပြေဘူး ၊ ကျွန်းစုမှာလည်း ဒီအတိုင်းပဲ ဒေါ်တင်တင်ရီကို ဘာကြည့်ပြီးရွေးထားတယ်မသိဘူး ။

သူများကို ကူဘို့နေနေသာသာ ကိုယ့်ဖာသာကိုယ်တောင်မရပ်နိုင်လို့ တွဲထားရတယ် တွဲထားတဲ့သူကိုလည်းကြည့်ဦး အရည်းကြီးလိုလိုဘာလိုလို


တစ်ဘက်က ပြည်ခိုင်ဖြိုးပါတီဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်တဲ့အတွက် ဘယ်အရာမဆို စစ်ပြင်သလိုပြင်နေတာကိုသတိပြုမိတယ် တစ်ဘက်ရဲ့လှုပ်ရှားမှုကိုကြည့်ပြီး အကောင်းဆုံးပြင်ဆင် တာထွက်လာတာကိုတွေ့ရတယ် ၊ပညာတတ်တွေကို ပွဲထုတ်လာတယ် ၊ သူတို့ဟာနိုင်ငံရေး အရ ဒေါ်စုနဲ့အဖွဲ့ကို အထိုက်အလျှောက်နေ ရာပေးလိုတာမို့ နေရာတိုင်းကိုနိုင်ဘို့လုပ်မနေဘူး NLD အားနည်းတဲ့အချို့နေရာလေးတွေကနေပဲ ၂၅ %လောက် နိုင်ရင်တော်ပြီဆိုပြီး လုပ်နေပုံရတယ် ၊ ပြည်ခိုင်ဖြိုးပါတီသာ တစ်ကယ်အင်တိုက်အားတိုက်လုပ်ရင် မလွယ်ဘူးဆိုတဲ့အတွေး NLD ကိုသိယုံလောက်လုပ်နေတယ် ။NLD  ဒေါ်စုတို့ လူအုပ်ကြားမအားမလပ်ဖြစ်နေချိန်မှာ သူတို့က တစ်အိမ်တက်ဆင်း အသာလေးလုပ်နေတာကို  သတိထားကြည့်ရင်တွေ့နိုင်တယ် ။ 

နောက်ပြီးတော့ NLD ဟာ ဒေါ်စုတစ်ယောက်ထည်းကို ဗဟိုပြု အားထားနေတာကို ပိုပြီး အရှိန်ရအောင် မသိမသာလေး လုပ်နေတာကို ကြည့်ရင် မြင်နိုင်တယ် ၊ အောက်ခြေမှာNLD နဲ့ ဌာနဆိုင်ရာတွေကြားပဋိပက္ခလေးတွေ မသိမသာရော..သိသိသာသာရောလုပ်တယ် နောက်ဆုံးဒေါ်စု နဲ့ထိပ်တိုက်တွေ့ရင် အသာလေးလျှော့ပေးလိုက်တယ် ဒါကို NLD ပါတီဝင်တွေက တို့အမေစုတော့ အာဏာပိုင်တွေကိုနိုင်လိုက်ပဟဲ့လို့ ပျော်နေကြတယ် ၊ ဒါပေမယ့် ဒေါ်စုဗဟိုပြုစံနစ်ကြီးသည်ထက်ကြီးလာ တာကို သူတို့သတိမပြုမိကြဘူး ။

တစ်ချိန်က သာမညတောင် ၊ ရွှေပေါ်ကျွန်း ၊ ကုံလုံ အစရှိတဲ့ ဆရာတော်ကြီးတွေ သတင်းသုံးခဲ့ကြတဲ့နေရာတွေဟာ မြန်မာပြည်တစ်လွှားဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ကြတယ် ၊ ရွှေပေါ်ကျွန်းမှာသက်သတ်လွတ်မစားဘူးရင်ပဲ ခေတ်နောက်ကျနေသလိုလို ၊ သာမညတောင် ဆရာတော်ကြီးကိုမဖူးဘူးရင်ပဲ ဗုဒ္ဒဘာသာမစစ်သလို ဖြစ်ခဲ့ကြတယ်  ၊ ဘုရားဘူးတွေနေ့ညမပြတ် တိုးမပေါက်အောင် စည်ကားခဲ့ကြတယ် ၊ ဆရာတော်ကြီးတွေ ဘ၀နတ်ထံပျံလွန်သွားပြီးနောက်ပိုင်း ဒိနေရာတွေကို သွားတဲ့သူမရှိသလောက် ရှားသွားတယ် ၊ စာနယ်ဇင်းစာမျက်နှာပေါ်တွေ ကပျောက်သွားတယ် ၊ဒီခေတ် ဆယ်ကျော်သက်တွေဆို သိတောင်မသိတော့ဘူး ၊ တစ်နေ့မှာ NLD ပါတီဟာ ဒေါ်စုမရှိရင် ဒီလိုဖြစ်သွားမယ်ဆိုတာကို ပြည်ခိုင်ဖြိုးက စစ်ဗိုလ်ချုပ်ဟောင်းတွေက သိနေတယ် ။ ၂၀၁၅ ရွေးကောက်ပွဲ ကျရင်ဒီနေ့ NLD လူကြီးတွေဖြစ်တဲ့ ဦးတင်ဦး ၊ ဦးဝင်းတင်စတဲ့ ၀ါရင်ပုဂ္ဂိုလ်တွေဟာ အသက်အရွယ်အရ မသေသေးရင်တောင် ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး ၊ ဒီအခါမှာ အသက် ၇၂ နှစ်အရွယ်ဒေါ်စုနဲ့ မျိုးဆက်ခါးပြတ်နေတဲ့ NLD ပါတီအခြေအနေကို မှန်းကြည့်လို့ရတယ် ။

နောက်ဆုံးတင်ပြချင်တာက လူတွေကနုံတုံတုံ အတတကြီးလို့ထင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အကွက်ဖြစ်တယ် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကိုရေးဆွဲပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်ကို စင်တင်ပေးခဲ့တယ် ဒီလိုစင်တင်နိုင်အောင် ဦးသိန်းစိန်ကို ၀န်ကြီးချုပ်ဘ၀နဲ့ လေ့ကျင့်ပေးထားလိုက်သေးတယ် ၊ ပြီးမှ ကျန်တဲ့ ပါဝါချိန်ခွင်တွေကို သေချာချိန်ပြီးမှ အနားးယူသွားတာဖြစ်တယ် ၊သူနေရာချသွားတာတွေကိုကြည့်လိုက်ရင် သူဟာအင်မတန်အကွက်စေ့သူဖြစ်တယ်ဆိုတာပေါ်နေတယ် ။
 
 ထူးခြားတာက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ နိုင်ငံတော်ရာထူးတွေရယူသွားတဲ့သူတွေကို သက်ဆိုင်ရာပါတီစွဲတွေက ကင်းသွားအောင်ဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံတော်ရာထူးယူတာနဲ့ ပါတီကနေထွက်ရမယ် လို့ ပြဌာန်းထားတဲ့ အကွက်ဖြစ်တယ် ။ ခုဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ လည်း ပါတီကိစ္စတွေမဆောင်ရွက်ရတော့ဘူး ၊ ပါတီကနေထွက်လိုက်ရတယ် ။ ဒါကြောင့်လည်း ခုကြားဖြတ်ရွေးကောက်ပွဲဆိုတာ ပေါ်လာတာပေါ့ ၊ ဒီလိုကြားဖြတ်ရွေးကောက်ပွဲပေါ်လာ လို့လဲ ဒေါ်စုတို့ခုလိုရွေးကောက်ပွဲထဲမှာပါလာတာဖြစ်တယ်.....၊ မပါပါအောင်လည်း အစိုးရကဆွဲခေါ်ခဲ့တယ် ၊အလျော့တွေပေးခဲ့တယ်  ၊ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ကျန်တဲ့ကိုယ်စားလှယ်လောင်းတွေသာမသေချာတာ ဒေါ်စုကတော့နိုင်မှာ သေချာတယ် ။ဒေါ်စုနိုင်လို့ လွှတ်တော်ထဲရောက်လာတဲ့အခါ အစိုးရက ဒေါ်စုကိုနေရာပေးမှာပဲ နိုင်ငံတကာကလည်း ဒါကိုပဲတောင်းဆိုနေကြတယ်  ၊ ဒီတော့အစိုးရကသာ ဒေါ်စုကိုအစိုးရအဖွဲ့ထဲမှာ နိုင်ငံတကာက လက်ခံလောက်တဲ့ ရာထူးတစ်ခုသာပေးခဲ့လိုက်ရင် နိုင်ငံတကာကလည်းသဘောကျသွားမယ် တစ်ချိန်တည်းမှာပဲ ဒေါ်စုဟာ NLD ကထွက်ရမယ် သိပ်လှတဲ့အကွက်ပါဘဲ ။ နိုင်ငံတကာကလည်းသဘောကျ ၊ NLD လည်းခေါင်းပြတ် ၊ ဒေါ်စုအရှိန်နဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေလည်း အရှိန်တက် ၊ တစ်ချက်ခုတ် ၃ ချက်ပြတ်ဖြစ်မယ့်ကိန်းပါဘဲ.....။



ဒေါက်တာဆိတ်ဖွား





Monday, March 12, 2012

အမေရိကန်စစ်သားအကြောင်းမဲ့ပစ်ခတ်မှုကြောင့် အာဖဂန်ရွာသား ၁၆ ဦးသေဆုံး

အမေရိကန် စစ်သားတဦးက တနင်္ဂနွေနေ့မှာ မြို့တော်ကဘူးတောင်ဘက် ကန်ဒါဟာဒေသမှာရှိတဲ့ အာဖဂန်ရွာ တစ်ရွာထဲဝင်ပြီး အကြောင်းမဲ့ ပစ်သတ်ခဲ့လို့ ကလေးငယ် ၁၁ ဦးအပါအ၀င် အရပ်သား ၁၆ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဆင်ဟွာသတင်းအရသိရှိရပါတယ်။ဒီသတင်းကို အာဖဂန်နဲ့ အမေရိကန် တာဝန်ရှိသူများကလည်း မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပြီးဖြစ်ပါတယ် ။

အာဖဂန်သမ္မတ ကာဇိုင်းကတော့ ဒီသတ်ဖြတ်မှုဟာ အပြစ်မဲ့ပြည်သူတွေကို တမင်သက်သက် ရည်ရွယ်သတ်ဖြတ်တာ ဖြစ်လို့ ခွင့်လွှတ်နိုင်စရာမရှိဘူးလို့ပြောပါတယ် ။ 
 

အာဖဂန်ပြည်သူတွေကတော့ အပြစ်ကျူးလွန်တဲ့စစ်သားကို အများပြည်သူရှေ့မှာ အာဖဂန်ဥပဒေအရ စစ်ဆေးအရေးယူဘို့လိုလားတောင်းဆိုနေပေမယ့် အမေရိကန်တာဝန်ရှိသူတွေကတော့ သူတို့တပ်တွင်း အရေးယူမှုနဲ့ဆောင်ရွက်မည့် ပုံမျိုးပြောဆိုနေတဲ့အတွက် မကျေနပ်မှုတွေ တိုးနေတယ်လို့ ကဘူးကလာသော အခြားသတင်းများအရ သိရှိရပါတယ် ။

Sunday, March 11, 2012

ရွေးကောက်ပွဲကော်မရှင်၏ ကြိုတင်မဲပေးခြင်းဆိုင်ရာ ကြေညာချက်

ဥပေဒအရ ကြိုတင်မဲ ပေးခွင့်ရှိသူမှအပ အခြား မဲဆန္ဒရှင်များ မဲရုံတွင်သာ မဲပေးကြရန် တိုက်တွန်း နှိုးဆော်ခြင်း
သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၃ နှင့် နည်းဥပဒေ ၃၉(ဆ)တို့အရ ရွေးကောက်ပွဲတွင် (ဥပဒေနှင့်အညီ) ကြိုတင် မဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးပြီးသူမှအပ ဆန္ဒမဲပေးမည့် (အခြား)သူများသည် မဲရုံသို့ ကိုယ်တိုင် လာရောက်၍ ဆန္ဒမဲပေးရမည် ဖြစ်ပါသည်။
သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၅ (က)၊ ပုဒ်မ ၄၆ နှင့် ၄၇ တို့အရ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင် မဲပေးပိုင်ခွင့် ရှိသူများမှာ-
အုပ်စု(က)
၁။
မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ၊

၂။
မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊

၃။
မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊

၎။
မဲဆန္ဒနယ်ပြင်ပရောက် အချုပ်ခံနေသူများ၊

၅။
မဲဆန္ဒနယ်ပြင်ပရောက် ဆေးရုံတက်ရောက်ကုသနေသူများ၊

၆။
မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များ (ရက်ပေါင်း ၁၈၀ ထက်မနည်း)

၇။
အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင်များ၊

မှတ်ချက်။
(၁)
အုပ်စု(က)အမှတ်စဉ်(၆) မဲဆန္ဒနယ် ပြင်ပရောက် အခြား မဲဆန္ဒရှင် များမှ အပ ကျန်အမျိုးအစား အားလုံးသည် မြို့နယ် ကော်မရှင် အဖွဲ့ခွဲထံတွင် ကြိုတင် မဲပေးရခြင်း ဖြစ်ပါသည်။


(၂)
အုပ်စု(က)၊ အမှတ်စဉ်(၁)နှင့် (၆)တို့မှ အပ ကျန်(၅)မျိုးသည် ပုံစံ(၁၅)ဖြင့် ကြိုတင်မဲ တောင်းခံကြရပါမည်။
သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၅(ခ)နှင့် (ဂ)တို့အရ မဲဆန္ဒနယ် အတွင်း၌ ရှိသော်လည်း ကြိုတင် မဲပေးပိုင်ခွင့် ရှိသူများမှာ-
အုပ်စု(ခ)
၁။
ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မိမိအမည်စာရင်း ပါရှိရာ မဲဆန္ဒနယ်မှ ကျော်လွန်၍ ခရီးဝေး သွားလာရန် ရှိခြင်း၊

၂။
အနာကြီးရောဂါ စွဲကပ်နေခြင်း၊

၃။
ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရခြင်း၊

၎။
အသက်အရွယ် ကြီးရင့်နေခြင်း၊

၅။
သားဖွားနေခြင်း၊

၆။
ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရခြင်း၊

၇။
ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေခြင်း၊

၈။
နိုင်ငံဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် မဲစာရင်းပါရှိရာ ဒေသမှ ကျော်လွန်၍ ယာယီ တာဝန် သွားရောက် ထမ်းဆောင်ရခြင်း စသည်တို့ကြောင့် မဲရုံသို့ ကိုယ်တိုင် လာရောက် မဲမပေးနိုင်ပါက ကြိုတင် မဲပေးခွင့် ရှိပါသည်။

မှတ်ချက်။
(၁)
အုပ်စု(ခ)တွင် ပါဝင်သော အမျိုးအစား အားလုံးနှင့် အုပ်စု(က)မှ အမှတ်စဉ် (၆) အမျိုး အစားများသည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲထံတွင် ကြိုတင် မဲပေးရပါမည်။


(၂)
ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွင် ကြိုတင် မဲပေးရမည့် သူများသည် (၃၀-၃-၂၀၁၂) ရက်နေ့မှ (၃၁-၃-၂၀၁၂)ရက်နေ့ အထိ နံနက်(၆)နာရီ မှ ညနေ (၆)နာရီ အတွင်း ကြိုတင် မဲပေးရပါမည်။
ယင်းသို့ ကြိုတင် ဆန္ဒမဲပေးရန် ဥပဒေအရ ခွင့်ပြုထားသူများမှ အပ အခြား မဲဆန္ဒရှင်များသည် ကြိုတင်မဲ ပေးခွင့် မရှိဘဲ ရွေးကောက်ပွဲ ကျင်းပသည့် နေ့၌သာ မဲရုံသို့ ကိုယ်တိုင် လာရောက် ဆန္ဒမဲပေးကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Saturday, March 10, 2012

ကေအိုင်အေမှငြိမ်းချမ်းရေးဟန်ပြလုပ်ဆောင်၍ လူသစ်စုဆောင်းကာ အင်အားစုစည်းနေ

ကေအိုင်အေ အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့တွေဟာ မတ်လဆန်းပိုင်းကစတင်ပြီး  ကချင် ပြည် နယ် အတွင်းက ကျေးရွာတွေမှာ လူသစ်စုဆောင်းတာတွေ အပူတပြင်းပြုလုပ်နေပါတယ်။ လူသစ် စုဆောင်း မှုတွေကို ကေအိုင်အေ ရင်း(၁) ၊ ရင်း(၃)တွေကနေပြီး အဓိကလုပ်နေပါတယ်။ 
 
 လူသစ်စုဆောင်းတာကိုလုတောင် ၊ လုံထန် ၊ ဆမားဟော ၊ ဆကားပါ ၊ ဘွမ်းဝါ ၊ ယင်းနော့ ၊ နားလုံး ၊ မံမော် ၊ သိန်းမကြိုင်း ၊ တာ ဆိုင်၊ မိုင်းမု၊   နောင်ဖား၊ နောင်နင်း၊ နောင်ပိန်း၊ ၀က်ငင်း စတဲ့ ကျေးရွာတွေမှာ အများဆုံး ပြုလုပ်နေတယ် လို့ဒေသခံတွေကပြောပါတယ်။ လူသစ်စုဆောင်းခံရတဲ့ ကချင်လူမျိုးတွေကတော့ ခြံလုပ်ငန်းပြုလုပ်သူတွေ၊  သစ်ကယ်ရီဆွဲသူတွေ ၊ရွှေကျင်သူတွေ အဓိကပါဝင်ပါတယ်။ ကျေးရွာတွေမှာ လူသစ်စုဆောင်းတဲ့ အခါ တစ် အိမ်ထောင်တစ်ယောက်၊  တစ်ရွာ(၃)ယောက်အနည်းဆုံးထားပြီး အသက် အရွယ်မရွေးအတင်းအကြပ် စုဆောင်းနေပါတယ်။ စုဆောင်းရရှိတဲ့လူတွေကို အင်ဘာပါ ကေအိုင်အေ တပ်သားသစ်သင်တန်းကျောင်း မှာသင်တန်း ပို့ချလေ့ကျင့်ပေးနေပါတယ်။ အဲဒီလိုအတင်းအကြပ်စုဆောင်းမှုတွေကြောင့် ကျေးရွာတွေ က ဒေသခံလူငယ် တွေဟာ ၀ိုင်းမော်နှင့် မြစ်ကြီးနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

 
 
 
အတင်းအကြပ် ခြိမ်းခြောက်လူသစ်စုဆောင်းမှုတွေကြောင့်ဒေသခံ ကချင်လူမျိုးအတွင်းမှာ ထိပ် လန့် ကြောက်ရွံ့မှုတွေဖြစ်ပွားနေပါတယ်။ အေးအေးချမ်းချမ်းတောင်ယာစိုက်ပျိုးလုပ်ကိုင်လိုသူတွေ သစ်လုပ်ငန်းလုပ်ကိုင်လိုသူတွေဟာကျီးလန့်စာစားဖြစ်နေကြရပြီး အလုပ်ခွင်တွေကို ရပ်ဆိုင်းကာ ထွက်ပြေး တိမ်းရှောင် နေရပါတယ်။လုပ်ငန်းရပ်ဆိုင်းမှုတွေ၊ သား၊ယောင်္ကျားလူသစ်စုဆောင်းခံရ မှုတွေကြောင့် မိသားစုလုံခြုံမှုမရှိဘဲ စားဝတ်နေရေး ဒုက္ခရောက်နေကြပါတယ်။ ကချင်ပြည်နယ်ကို ကိုယ်စားပြုတယ်လို့ ကြွေးကြော်နေတဲ့   ကေအိုင်အေတပ်ဖွဲ့တွေရဲ့  လုပ်ရပ်တွေကြောင့် ကချင်လူမျိုးကောင်းစားရေးကနေ ကချင်လူမျိုးဆင်းရဲ ဒုက္ခ ရောက်ရှိရေးကို လမ်းကြောင်းပြောင်းရောက် ရှိနေပါတယ်။ 
 
          ကေအိုင်အေတပ်ဖွဲ့တွေဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နေကြောင်း သတင်းလွှင့်နေပေမယ့် အောက်ပိုင်းမှာတော့ အတွင်းကြိတ် စစ်လက်နက်ဖြည့်တင်းမှု၊ လူသစ်စုဆောင်း မှု တွေ ပြုလုပ်နေပါတယ်။ ကချင်ပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေငြိမ်းချမ်းရေးကို လို အပ် နေစဉ်မှာ လက်တစ်ဆုပ်စာ ကေအိုင်အေအဖွဲ့ဟာ ကချင်လူမျိုးကောင်းစားရေး အသံကောင်းဟစ်ပြီး ကိုယ့်လူမျိုးကိုယ် အနိုင်ကျင့်  ဆက်ကြေးတောင်းတာ၊ လူသစ်စုတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။
 
“ သူတို့ဒီလိုလုပ်ရပ်တွေဟာ ကျွန်တော်တို့ကချင်လူမျိုးတွေ ကောင်းစားရေးအတွက်လား ၊ ကေ အိုင်အေ ကောင်းစားဖို့လားဆိုတာ ကျွန်တော်တို့ ကချင်လူမျိုးတိုင်း နားမလည်နိုင်အောင်ဖြစ်ရပါတယ်။ အခု ကေအိုင်အေအဖွဲ့တွေ လုပ်ဆောင်နေတာကတော့ မြန်မာအစိုးရကိုလှည့်စား ၊ ငြိမ်းချမ်းအေးချမ်းမှု ကိုလိုချင်တဲ့ ပြည်သူတွေကို လိမ်ညာနေတာဘဲဖြစ်တယ်လို့ ”  လုတောင်ကျေးရွာနေ ဒေသခံများမှ ပြော ဆို နေကြပါတယ်။
ကချင်နေ့စဉ်သတင်း ( မတ်လ ၈ ရက်)