xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မသိလို့ ကျော်သွားသူများအတွက်......

Monday, January 7, 2013

မသိလို့ ကျော်သွားသူများအတွက်......


အဘိဓမ္မာ လို့ ပြောလိုက်ရင် ခုခေတ်လူငယ်တော်တော်များများဟာ "ဘာကြီးမှန်းမသိပါဘူးကွာ" ၊ " ဟင်.. အဘိဓမ္မာကြီး " ၊ "ဘုရားစာတွေနေမှာပါကွာ " ၊ ဆိုပြီးသိပ်စိတ်ဝင်တစားမရှိကြသလို ၊ အဘိဓမ္မာဆိုတာဘာလည်း လို့ မေးလိုက်ရင်လည်း ယောင်လည်လည် ဖြစ်သွားတတ်ကြတယ် ၊ စာအုပ်တွေအများကြီးရောင်းတဲ့ စာပေလောကလို ဆိုင်မျိုးတွေမှာလည်း ခေတ်လူငယ်အများစုဟာ နေ့စဉ်ထုတ်ဂျာနယ်တွေ ၊ နည်းပညာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ တင်ထားတဲ့ စာအုပ်စင်တွေကို စိတ်ဝင်တစားကြည့်သလောက် အဘိဓမ္မာစာအုပ်တွေ တင်ထားတဲ့ဘက်ကိုတော့ မျက်လုံးလေးတစ်ချက်လောက်ပဲဝေ့ကြည့်ပြီး ကိုယ်နဲ့မဆိုင်သလိုကျော်သွားတတ်ကြတယ်... ဒါမျိုးတွေ့ရတာများလာလို့ ဒီစာစုလေးကိုရေးပါတယ် ။

ဒီလိုလေးတွေးကြည့်ရအောင်..... တစ်ရက် တစ်ရက် ၂၄ နာရီကုန်ဖို့ လူတွေဟာ မနည်းရုန်းကန်ရတယ် ၊ ဒီလိုရက်ပေါင်း ၃၆၅ ရက်ပြည့်မှ တစ်နှစ် ဆိုတာရတယ် ၊ လူတစ်ယောက်ပြောပြောနေတဲ့ တစ်ဘ၀ ဆိုတာ နှစ်ပေါင်း ၇၀ လောက်ပဲ ပျှမ်းမျှရှိတယ် ၊ နှစ် ၁၀၀ နေရတယ်ဆိုတာဒီခေတ်မှာ လူထူးလူဆန်းပဲ ၊ နှစ်တစ်ထောင်ဆိုတာ ဘယ်လောက်များကြာလိုက်မလဲ စဉ်းစားသာကြည့်ပေတော့ ၊ ဒီလိုနဲ့ နှစ်ပေါင်းတစ်သောင်း ၊ တစ်သိန်း ၊ တစ်သန်း ၊ တစ်ကုဋေ ၊ ကုဋေတစ်ထောင် ၊ ကုဋေတစ်သောင်း စသည်ဖြင့် နှစ်တွေနှစ်တွေ မရေမတွက်နိုင်လောက်အောင်ကြာမှ တစ်အသင်္ချေ ၊ ဘယ်လောက်များကြာလိုက်မလဲဆိုတာ စဉ်းစားလို့တောင် မရတော့ဘူး ၊ ဒါမျိုး လေးအသင်္ချေ ဆိုရင်တော့ ကြာတဲ့ ကြာမှုဟာ ဘယ်လောက်လည်းဆိုတာ ပြောလို့တောင်မရတော့ပါဘူး ။

ဒီနေ့ ကမ္ဘာကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်း ၄.၅၄ ဘီလီယံ ရှိပြီလို့ ပညာရှင်တွေက ဆိုတယ် ၊ နောက်ထပ်နှစ်တွေဘယ်လောက်ကြာမှ ဒီကမ္ဘာပျက်မယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး ၊ မနက်ဖြန်ကမ္ဘာပျက်မယ်ဆိုရင်တောင် နှစ်သန်းပေါင်း ၄၅၀၀ ၊ ဒီလိုကမ္ဘာမျိုး တစ်သိန်း ဆိုတော့ အချိန် တွေ ဟာနည်းနည်းနောနောမဟုတ်ပါဘူး ။

မြတ်စွာဘုရားလို ရွှေဥာဏ်တော်ကြီးနဲ့တောင် ဒီလိုအချိန် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာမှ တွေ့ခဲ့တယ်ဆိုတဲ့ တရား ရဲ့ အဘိုးတန်မှုဟာ ဘာနဲ့မှနှိုင်းလို့တောင်ရမယ်မထင်ပါဘူး ...... အဲဒီအဘိုးအနဂ္ဂ ထိုက်တန်တဲ့ တရားတွေဟာ အဘိဓမ္မာ ဆိုတဲ့ စာအုပ်ထဲမှာ ရှိတယ် ဆိုတာ သိရင်တော့ ဒီခေတ်လို အင်မတန်မှစူးစမ်းတတ်တဲ့လူငယ်တွေ အဘိဓမ္မာ စာအုပ်တွေကို ကျော်မသွားလောက်ပါဘူးလေ.......

ဒေါက်တာဆိတ်ဖွား