xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဧရာဝတီ
Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts

Thursday, October 6, 2011

မြစ်ဆုံဆည်စီမံကိန်းကိစ္စ CPI ဥက္ကဌ မစ္စတာလူကျိကျိုးနှင့် China Daily သတင်းစာတို့၏ အင်တာဗျူး ဘာသာပြန်

( မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်နေတဲ့ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုတ်နှံမှုကော်ပိုရေးရှင်း CPI ဥက္ကဌ မစ္စတာ လူကျိကျိုး နဲ့ CHINA DAILY သတင်းဌာနတို့ရဲ့ အင်တာဗျူး ဘာသာပြန်ဖြစ်ပါတယ် ၊ အသေးစိတ်ဖတ်ရှုနိုင်ရန်ပုံပေါ်သို့နှိပ်ပါ )
 

Voice Of Myanmar

Sunday, October 2, 2011

ဧရာဝတီမှသည်............

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက စလို့ ပြည်သူတွေ အတွင်းမှာ ဝေဖန် ဆန့်ကျင်မှုတွေ ပြင်းထန် လာခဲ့ပါတယ်။ အခုတော့ အစိုးရ သက်တမ်း ခြောက်လ ပြည့်တဲ့နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေ စိတ်ချမ်းမြေ့စေဖို့ အတွက် သူ့အစိုးရ သက်တမ်း ကာလမှာ မြစ်ဆုံဆည်ကို တည်ဆောက်ခြင်း မပြုစေဘဲ ရပ်ဆိုင်းထားပါ့မယ် ဆိုတဲ့ သတင်းကောင်းကို ပေးခဲ့ပါပြီ။ ဒီသတင်းအပေါ် ပြည်သူလူထုက၊ နိုင်ငံရေး၊ စီးပွားရေး၊ စာနယ်ဇင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ကဏ္ဍ အသီးသီးက ထင်ရှားသူများက ကြိုဆိုခဲ့ကြသလို သမ္မတသစ် အပေါ် ထောက်ခံမှုလည်း ပေးခဲ့ကြပါတယ်။ ဒါပေမယ့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ခြင်းဟာ မြစ်ဆုံ ဆည်ဆောက်ဖို့ ဆုံးဖြတ် ခဲ့သလိုပဲ ရိုက်ခတ်မှု ကြီးမားပါလိမ့်မယ်။ အဲဒီထဲက ဘာတွေက အကောင်းဘက်ကို ဦးတည်ပြီး ဘာတွေက စိန်ခေါ်မှုအဖြစ် ပေါ်လာမလဲ စဉ်းစား ကြည့်ရအောင်

အစိုးရအဖွဲ့အပေါ်ယုံကြည်မှု
ဦးသိန်းစိန်ကို လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့ အချိန်မှာ အနားယူ သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကနေ ဆက်ပြီး ကြိုးကိုင် ထားဦးမှာပဲလို့ လူအများက ယူဆကြတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုတွေက ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။
 
ဒါပေမယ့် သမ္မတရာထူး လက်ခံပြီးနောက် လွှတ်တော်ကို ပြောတဲ့ မိန့်ခွန်းနဲ့ အစိုးရအဖွဲ့ဝင်များကို ပြောတဲ့ မိန့်ခွန်းနှစ်ခုဟာ ပြည်သူတွေကို သာမက နိုင်ငံတကာမှာပါ မျှော်လင့်ချက်အချို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ အစိုးရသစ် တာဝန် စယူပြီးနောက် လုပ်ဆောင်ချက်များကြောင့် တစ်ဖြေးဖြေးနဲ့ အကောင်း မြင်သူတွေ ပိုများလာတယ်လို့ ဆိုနိုင်ပါတယ်။ မြစ်ဆုံဆည်ကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ချိန်မှာတော့ လူတွေ မပြောင်းပေမယ့် စနစ် တကယ် ပြောင်းသွားခဲ့ပြီလို့ ယုံကြည်သူတွေ ပိုများလာပြီ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကိစ္စလို ဖြေရှင်းစရာ ကိစ္စတွေ ကျန်နေသေးပေမယ့် လွှတ်တော်က လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ သမ္မတကို မေတ္တာ ရပ်ခံခဲ့တာ၊ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်မှာ နိုင်ငံတော် သမ္မတက လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်နေတဲ့ ကိစ္စကို ညွှန်းထားတော့ ဒီကိစ္စဟာလည်း မကြာခင် အဖြေ ထွက်လာမယ့် သဘော ဖြစ်ပါတယ်။ ဒီကိစ္စသာ အကောင်အထည် ပေါ်လာပြီဆိုရင် အစိုးရသစ် အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ပိုလာမှာ အသေအချာ ဖြစ်ပါတယ်။
 
လွှတ်တော်အပေါ် ယုံကြည်မှု
ပထမအကြိမ် လွှတ်တော် အစည်းအဝေးဟာ ကန့်သတ်မှု၊ ချုပ်ချယ်မှုတွေ များလွန်းတဲ့ အတွက် လွှတ်တော် အဆင့်ဆင့် အပေါ် လူထုက ယုံကြည်မှု မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထဲက အချို့ အကဲခတ်များနဲ့ လွှတ်တော် ကိုယ်စားလှယ် အချို့က ပထမအကြိမ် လွှတ်တော်ဟာ နအဖ အစိုးရက လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့် အဖြစ် သူတို့ကိုယ်တိုင် ကြီးကြပ် ကျင်းပတာ ဖြစ်တဲ့အတွက် ဒီလို ကန့်သတ်ချက်တွေ ရှိနေတာ ဖြစ်တယ်။ နောက်တစ်ကြိမ် လွှတ်တော် ခေါ်တဲ့အခါ စောင့်ကြည့်ပါ၊ အဲဒီ လွှတ်တော်သာလျှင် အခြေခံဥပဒေနဲ့ အညီ လွှတ်တော် ဥက္ကဌများက တာဝန်ယူပြီး ကျင်းပမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ အခု ဒုတိယအကြိမ် လွှတ်တော် ကျင်းပတဲ့ အချိန်မှာတော့ ပိုပြီး လွတ်လပ် ပွင့်လင်းလာ၊ ပြောဆို ရဲလာတာကို တွေ့ရသလို တပ်မတော်သား အမတ်တွေ ဘက်မှာလည်း အစိုးရ ၀န်ကြီးတွေ တင်တဲ့ ဥပဒေကြမ်းတွေ အပေါ် ပြင်ဆင်ချက်တွေ တင်တာ၊ ဦးသိန်းညွန့် တင်သွင်းတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို ထောက်ခံ ဆွေးနွေး မဲပေးခဲ့တာတွေ လုပ်လာတာ အားလုံး တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

Saturday, October 1, 2011

နိုင်ငံတော် သမ္မတက လွှတ်တော်သို့ပေးပို့သောသ၀ဏ်လွှာ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ ကျင်းပလျက်ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတို့သို့ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများ လိပ်မူလျက် သဝဏ်လွှာပေးပို့ခဲ့သည်။ ယနေ့ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်- 
 

၁။ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန် ခွန်စိုက် ကျင်းပ ပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရန် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
 
၂။ တစ်ချိန်တည်း၌ပင် မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက် ရှိပါသည်။
 
၃။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ တူညီသော မျှော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး အတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်သွယ် ကမ်းလှမ်း ဖိတ်ခေါ် ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) "ဝ" အဖွဲ့နှင့် အထူးဒေသ (၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘော တူညီချက်များ ရရှိခဲ့ပြီး ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲများပင် စတင် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ အချို့အဖွဲ့များ သည်လည်း ပြည်နယ် အစိုးရများထံ ငြိမ်းချမ်းရေး ရယူရန် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေပါသည်။
 
၎။ တစ်ချိန်တည်း၌ပင် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသား များလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တစ်ချို့ ပြန်လာနေကြပြီ ဖြစ်ပါသည်။ အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာ အတွင်းမှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွား အတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစု အချို့တို့သည် အစိုးရ အခက်အခဲ အကျပ်အတည်း တွေ့အောင်၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ကြံရွယ်၍ လှုပ်ရှား လုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။
 
၅။ တိုင်းပြည် ခေတ်မီဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ ထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် စက်မှုနိုင်ငံ ထူထောင်နိုင်ရန် လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျှပ်စစ်စွမ်းအင် ရရှိနိုင်သည့် နည်းလမ်းများ အနက် အဏုမြူစွမ်းအင် ထုတ်လုပ် သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များ အရ အန္တရာယ် ကြီးမားလှသည့်အပြင် ငွေကြေး မပြည့်စုံမှု၊ နိုင်ငံရေးအရ၊ အများသူငါ လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံ အတွက် မဖြစ်နိုင်သောကိစ္စ ဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေး သယံဇာတမှာလည်း တစ်နိုင်ငံလုံး အတွက် လုံလောက်မှု မရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင် ဖြစ်ပါသည်။
 
၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝ ဓာတ်ငွေ့ ထွက်ရှိသော်လည်း ပြည်ပ အရင်းအနှီးများဖြင့် ထုတ်လုပ်သည့် ကိစ္စဖြစ်၍ မိမိတို့ လိုအပ်သလောက် မရနိုင်ဘဲ အချို့အဝက်သာ ခွဲဝေရရှိပါသည်။ ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည် ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများ အရစ်ကျ ပေးဆပ်နေရသည့် အခြေအနေ ဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝ ဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ် နေသော်လည်း ပြည်တွင်း သုံးစွဲရန်အတွက်ပင် လုံလောက်မှု မရှိသေးပါ။
 
၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲ ဖြစ်သော ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝက ပေးထားသော မြစ်ချောင်းများ ရှိနေသဖြင့် အဆိုပါ မြစ်ချောင်းများမှ ပြည်တွင်း ပြည်ပ အရင်းအနှီးများ ရယူ၍ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး အတွက် တပ်မတော် အစိုးရ လက်ထက်တွင် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ (၂) ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ (၇)ရုံသာ ရှိခဲ့ပြီး စုစုပေါင်း စက်တပ်ဆင်အား (၅၂၉) မဂ္ဂါဝပ် သာရှိခဲ့ရာမှ နောက်ထပ် လျှပ်စစ် ဓာတ်အားပေး စက်ရုံ(၂၃)ရုံ စက်တပ်ဆင်အား(၂၈၃၁) မဂ္ဂါဝပ် တိုးတက် ဆောင်ရွက်ခဲ့ပါသည်။
 
၈။ နှစ်(၃၀) လျှပ်စစ်မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအား လျှပ်စစ် စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ (၃) ခုအပါအဝင် လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အားမဂ္ဂါဝပ် (၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများ ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း (၈) ခု အပါအဝင် ဖြစ်ပါသည်။ 
 
၉။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငွေကြေး အရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန် စတင်ခဲ့ရာ ယခု အခါတွင် အဆိုပါ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါ စိုးရိမ် ပူပန်မှုများ ရှိလာခဲ့ပါသည်-

Friday, September 30, 2011

နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အချက် ၅ ချက်

နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

Friday, September 23, 2011

ခွေးဖြစ်မယ့်တိုင်းပြည်

 အစိုးရလုပ်သမျှကန့်ကွက်မယ် ၊ ဖျက်လိုဖျက်ဆီးလုပ်မယ် ၊ တားမယ်၊ဆီးမယ် အစိုးရကဆက်လုပ်လို့ မှားသွားရင် ငါတို့အစောကြီးထဲကပြောသားပဲလို့ပြောမယ် ၊ မှန်သွားရင် ငြိမ်နေ လိုက်မယ် ဒီအချိုးမျိုးကလူတိုင်းချိုးတတ်တယ်။

နေစမ်းပါဦး...မီးမလာတုန်းကလဲခင်ဗျားတို့ပဲအမျိုးမျိုး ပြောခဲ့ကြတာလေ...ဘာတဲ့
 
- အစိုးရမှာလုံးဝတာဝန်ရှိတယ် ။ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် အလွန်နည်းနေတယ်

- မီးမလာလို့ မီးစက်တွေသုံးရ လို့စက်သုံးဆီကုန်တယ်၊ နားညီးတယ်၊ လေထု ညစ်ညမ်းတယ်

- မီးခွက် ဖယောင်းတိုင်တွေသုံးရလို့ မီးဘေးအန္တရယ် စိုးရိမ်ရတယ်

- ခလေးတွေ စာကောင်းကောင်းမကျက်ရ လို့ပညာရေး အတွက်ရင်လေးရတယ်

- ကုန်ထုတ်လုပ်ရာမှာ မီးစက်တွေသုံးရ လို့ထုတ်လုပ်မှုစရိတ် ကြီးပြီးကုန်ဈေးနှုံးတွေတက်မယ် 

- မှောင်နေလို့ ဒုစရိုက်မှု များပိုလာမယ် ဆိုတာတွေလေ....မှတ်မိကြသေးလား
 
 ဒီတော့အစိုးရက အော်..ပြည်သူတွေတော့လျှပ်စစ်မီးတကယ်လိုနေပါလားဆိုပြီး ကမ္ဘာမှာအသုံးများနေတဲ့ ညူကလီယားကထုတ်မယ်ဆိုတော့လဲ အကြောင်းအမျိုးမျိုးပြပြီး ကန့်ကွက်တယ် ဒီတုန်းကလဲ ကန့်ကွက်တဲ့သူတွေ ပြန်ကြည့် ဒီလူတွေပဲ  နောက်ဆုံး အစိုးရကအလျော့ပေးလိုက် ရတယ်...ခင်ဗျားတို့အော်ခဲ့တာတွေ မေ့ချင်ယောင်ဆောင်မနေနဲ့ ကျုပ်ပြန်ပြောပြမယ်

- ဒါစစ် အစိုးရ အာဏာ တည်မြဲအောင်လုပ်နေတာ

- လျှပ်စစ်ထုတ်တာ ဘန်းပြပြီး လက်နက်ထုတ်မလို့နေမှာ

- မလုပ်တတ် မကိုင်တတ်နဲ့ ဓါတ်ငွေ့တွေ ယိုစိမ့်လာရင် လူထု ဒုက္ခရောက်မှာ

- ဒီလိုနည်းနဲ့လင်းမဲ့ အစား အမှောင်ထဲမှာသာနေလိုက်ချင်တော့တာပဲ

- ရုရှားကိုလဲ ပညာတော်သင်တွေ လွှတ်နေတယ်တဲ့ သေချာပါတယ်..ဒါလက်နက်လုပ်တော့မှာ...

- ဒီလိုသာ လက်နက်တွေထုတ်မယ်ဆိုရင် ဒါ.. နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်တာပဲ
 
- ဒေသတွင်းငြိမ်းချမ်းရေး ကိုထိခိုက်မယ်.... ဆိုတာတွေလေ..အတိတ်မေ့ကုန်ကြပြီလား......

 
ဒီတော့အစိုးရလုပ်တဲ့သူက ရေအားကနေထုတ်တယ် ရေအားက ထုတ်ရင်တော့ ရေအရင်းအမြစ်တွေမှာ ဆည်တွေဆောက်ရ မှာပဲမဟုတ်ဘူးလား..ဒါဆိုရင် ဒီမြစ်ဆုံရဲ့တရားခံဟာ ခင်ဗျားတို့ပဲမဟုတ်ဘူးလား.. ဘာလို့ အစိုးရကိုလက်ညှိုးထိုးချင်နေရတာလဲ ဘာအခုမှ ဧရာဝတီကိုကယ်တင်ပါတွေ ဧရာဝတီကဖျားတာတွေ ၊ ငိုတာတွေလာလုပ်နေတာလဲ

Monday, September 19, 2011

ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၃/၂၀၁၁)
ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ ခေါင်းစဉ်ပါ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း၏ နှုတ်ခွန်းဆက် အဖွင့်အမှာစကား၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များ၏ ဖတ်ကြားသည့် စာတမ်းများအား PDF ဖိုင်ဖြင့် လည်းကောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသော သတင်း မီဒီယာများ၏ မေးမြန်းမှုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေကြားချက်များကို Voice Of Myanmar ပရိတ်သတ်ကြီး အတွက် ကျေးစေတမန် ဘလော့မှဖေါ်ပြချက်များကို ကူးယူ  တင်ပြအပ်ပါသည်။ 
၁၇.၉.၂၀၁၁ ရက်နေ့တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရဲရွာခန်းမ၌ ကျင်းပသည့် ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) "ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ"တွင် ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်းက ပြောကြားသည့် နှုတ်ခွန်းဆက် အဖွင့်အမှာစကား
ယနေ့ကျင်းပတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) ကို တက်ရောက် လာကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ ဤ၀န်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျှက် ရှိကြသော တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာ အရာထမ်း ဟောင်းများနှင့် တာဝန် ထမ်းဆောင်လျှက် ရှိသော အရာထမ်းများ၊ ဤ၀န်ကြီးဌာန၏ In-house Consultants များဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် AF Colenco၊ ဂျပန်နိုင်ငံ အခြေစိုက် NEW JEC တို့မှ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ စာတမ်း တင်သွင်းမည့် မြန်မာနိုင်ငံမှ BANCA ၊ တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် Design Institute တစ်ခုဖြစ်သော CISPDR မှ အတတ် ပညာရှင်များ အားလုံး၊ အခြားသော စာတမ်းရှင်များ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သပါတယ်။
အရည်အချင်း မြင့်မားပြီး အရည်အသွေး တောက်ပြောင်တဲ့ မျိုးဆက်သစ်များ အဖြစ် မွေးမြူ လေ့ကျင့်ခြင်းနှင့် တဆက်တည်းမှာဘဲ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး လုပ်ငန်းခွင်၌ လည်းကောင်း၊ နေ့စဉ် တွေ့ကြုံ ဖြတ်သန်းနေရတဲ့ဘ၀မှာ ကြုံတွေ့နိုင်တဲ့ ကိစ္စရပ်များနှင့် လည်းကောင်း ဆက်စပ်လျှက် ရှိတဲ့ အထွေထွေ ဗဟုသုတပိုင်း ဆိုင်ရာများကိုပါ အသိအမြင် ကြွယ်ဝလာစေမည့် Technical Workshop နှင့် Seminar တွေကို ၀န်ကြီး ဌာနအနေနှင့် စဉ်ဆက်မပြတ် ကျင်းပပေးလျှက် ရှိတယ်၊ ယခုဆိုလျှင် ဤ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း၌ တတိယအကြိမ် အဖြစ် ကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနကို ရေအား လျှပ်စစ် စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာနနှင့် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဟူ၍ ဦးစီးဌာန (၂)ခု၊ လုပ်ငန်းဌာန (၁)ခုတို့ဖြင့် ဖွဲ့စည်း ထားရှိပြီး၊ ရည်မှန်းချက် တာဝန်ကြီး (၃)ရပ် ချမှတ်ကာ ဆောင်ရွက်လျက် ရှိပါတယ်။ ရည်မှန်းချက် တာဝန်တွေကတော့-
(က) တည်ဆောက်ဆဲ လျှပ်စစ် စီမံကိန်းများ အမြန်ပြီးစီးရေး၊
(ခ) တည်ဆောက်ပြီး ဓာတ်အားပေး စက်ရုံများအား စက်စွမ်းအားပြည့် လည်ပတ်ရန်နှင့် ဓာတ်အား ထုတ်လုပ်ရန်၊
(ဂ) ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသစ်များမှ လျှပ်စစ် ဓာတ်အား တိုးတက် ထုတ်လုပ်ရန်တို့ပဲ ဖြစ်တယ်။
မြန်မာနိုင်ငံဟာ ရေအား သယံဇာတ အရင်းအမြစ် များစွာ ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်သည့် အားလျော်စွာ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော ရေအား လျှပ်စစ် စီမံကိန်းများကို အရှိန် အဟုန်နှင့် အကောင် အထည်ဖော်ပြီး၊ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်စေရေး နည်းလမ်း (၃)သွယ်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ နည်းလမ်းတွေကတော့-
(က) ၀န်ကြီးဌာန ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊
(ခ) ပြည်တွင်း လုပ်ငန်းရှင်များအား B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း၊
(ဂ) နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုဖြင့် ပြည်ပကုမ္ပဏီများအား J.V/B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်းတို့ ဖြစ်ပါတယ်၊
ဒီလို အရှိန်အဟုန်နှင့် လျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်ခဲ့တာကြောင့်၊ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနဆိုပြီး မဖွဲ့စည်းခင် ၂၀၀၆ ခုနှစ်က နိုင်ငံတော်မှာ တစ်နိုင်ငံလုံး စုစုပေါင်း လျှပ်စစ်စက် တပ်ဆင်အား (၁,၅၄၆.၉) မဂ္ဂါဝပ်သာရှိပြီး၊ ယခု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ အထိမှာ စက်တပ်ဆင်အား (၃,၃၆၀.၉) မဂ္ဂါဝပ် ဖြစ်ပေါ် လာတာကြောင့် နှစ်အနည်းငယ် အတွင်းမှာ ရေအား လျှပ်စစ်စီမံကိန်း (၇)ခု ပြီးစီးခဲ့၍၊ စုစုပေါင်း (၁,၈၁၄) မဂ္ဂါဝပ် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလို လျှပ်စစ် ဓာတ်အားများစွာ တိုးတက် လာအောင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော်က ဘဏ္ဍာငွေ မြောက်များစွာ သုံးစွဲခဲ့ရပါတယ်။ ယခု နိုင်ငံတော်က (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများထက် ပိုအရေးကြီးတဲ့ လူမှုရေး ကဏ္ဍတွေမှာ ဘဏ္ဍာငွေများ သုံးစွဲရန် စီစဉ်ထားတဲ့ အတွက် (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများ အတွက် ဘတ်ဂျက် ဘဏ္ဍာငွေဟာ နောက်ပိုင်းမှာ ရဖို့ အခက်အခဲ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် စက်မှု စီမံကိန်းများ အတွက် လိုအပ်မယ့် ဓာတ်အားအတွက် B.O.T စနစ်များ ကျင့်သုံးလာရခြင်း ဖြစ်ပါတယ်။ လျှပ်စစ် စီမံကိန်း အသေးစား၊ အလတ်စား၊ အကြီးစားတွေကို ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်လိုတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များကိုလည်း မည်သူမဆို လာရောက် ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်ခွင့် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ အထက်မှာ ဖော်ပြခဲ့သည့် ဤ၀န်ကြီးဌာန ကိုယ်တိုင် တည်ဆောက်တဲ့ လျှပ်စစ် စီမံကိန်းများ နည်းတူ J.V/B.O.T လျှပ်စစ် စီမံကိန်းများကိုလည်း သတ်မှတ်တဲ့ အချိန်ကာလ အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တိုးတက် ပြောင်းလဲနေတဲ့ အချိန်မှာ စက်မှု ဖွံ့ဖြိုး တိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ ရည်မှန်းချက် ဖြစ်ပြီး ဒီရည်မှန်းချက် အောင်မြင်ဖို့ အတွက် လျှပ်စစ် ဓာတ်အား တိုးတက် ရရှိရေးသည် အရေးကြီးသော ကဏ္ဍ ဖြစ်ပါတယ်။

Monday, September 12, 2011

မြစ်ဆုံစီမံကိန်းကိစ္စ လျှပ်စစ်ဝန်ကြီး၏ ရှင်းလင်းချက်

  စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင်အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားချက်အပြည့်အစုံဖြစ်ပါသည် ။

Sunday, August 28, 2011

ဧရာဝတီကို လုပ်စားနေသူများသို့.....



လတ်တလော မြန်မာ့နိုင်ငံရေးစာမျက်နှာတွင် အထူးရေပန်းစားနေသောကိစ္စတစ်ရပ်ကိုပြပါဆိုလျှင် ဧရာဝတီမြစ်အကြောင်းကို ချန်ထား၍ ဖြစ်မည်မထင်ပါပေ....၊ "ဖျားနေသောဧရာဝတီ" ၊ "ဧရာဝတီကိုကယ်တင်ပါ" ၊ "အသက်ငင်နေပြီဖြစ်သော ရာဇ၀င်များ၏သတို့သမီး" ၊ အစရှိသည်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကြောင်းပြု  နိုင်ငံရေး issue တစ်ခုလုပ်ကာ ရေးသားနေမှုများက အမှန်တကယ် ဧရာဝတီကိုချစ်သူများကရေးသားနေမှုများထက်ပင် ပို၍များနေပါသည် ။ 

အခြားတစ်ဖက်တွင်လည်း အစိုးရသတင်းစာများနှင့်တာဝန်ရှိသူများက "ကျွန်တော်တို့လည်း ဧရာဝတီကိုချစ်ပါတယ်" ၊" မြစ်ဆုံစီမံကိန်းအတွက် အခြားတစ်ဖက်မှ စဉ်းစားစရာများ" ၊ အစရှိသည်ဖြင့် ရေးသားကာ ဧရာဝတီသည် မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မည်သို့မျှ ထိခိုက်စရာမရှိပုံ ၊ ဆိုးကျိုးထက်ကောင်းကျိုးများပုံတို့ကို အချက်အလက်အထောက်အထားများ သုတေသနစာတမ်းများကို ခံတပ်ပြုကာ ကာကွယ်ရေးသားကြလေသည် ။

နှစ်ဘက်ရေးသားသောစာများကို သေချာစွာလေ့လာကြည့်သောအခါ ဧရာဝတီကို စိုးရိမ်သူများဘက်မှ စာများသည် အချက်အလက်များပေါ်အခြေမခံ ၊ ပိုက်ဆံအကုန်အကျမရှိတိုင်း အသားလွတ်စိုးရိမ်ကြ သူများကများလေသည် ၊ မကြာမီကမှပန္နက်ချကာ နောင် ၈နှစ်ခန့်ကြာမှ ပြီးမည့်ရေကာတာကြောင့် မိုင် ၄၀၀ကျော်ဝေးသော မန္တလေးနှင့် စစ်ကိုင်းအကြားတွင် ယခုမှစတင်ကာ ကြိုတင်သောင်ထွန်းနေပြီဟု ရေးသားမှုများလဲပါလေ၏ ။ ဧရာဝတီတိုင်းမှ ဒီရေတောများလျော့ပါး သွားကြသည်မှာလည်း မြစ်ဆုံရေကာတာ ပန္နက်ချမှုကြောင့်ဟုဆိုသူကဆိုကြပြန်လေသည် ။ အထက်ပိုင်းမိုး နည်း၍ ဧရာဝတီမြစ်ရေ လျော့ည်း ဆင်းသောအခါ ထိုပန္နက်ချမှုကိုပင် ရိုးမယ်ဖွဲကြပြန်လေသည် ။ မိုးများလာ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိလာသောအခါများတွင်လည်း ဒီမြစ်ဆုံရေကာတာပန္နက်ချမှုသည် အပြစ်မလွတ် ဒီရေကာတာဆောက်လို့အောက်ပိုင်းမှာရေစီးရေလာ မကောင်းလို့ခုလိုဖြစ်တာ ဆိုပြီး ရေးကြပြန်လေသည် ။