xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အခြေခံပညာကျောင်းအုပ်ကြီးများကို ကယ်တင်ပါ.......

Saturday, May 12, 2012

အခြေခံပညာကျောင်းအုပ်ကြီးများကို ကယ်တင်ပါ.......

လာမယ့် ၂၅ ရက်နေ့ဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းအခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံရပါတော့မယ် အစိုးရဘက်ကလည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရာ၌ မည်သည့်အလှူငွေ မှ ကောက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားချက်များထုတ်ပြန် တားမြစ်သံတွေကြားနေရ ပါပြီ  ကျောင်းအပ်နှံရာမှာ  မူလတန်းအဆင့် ကျောင်းသားများအတွက် အခမဲ့ဖြစ်တယ် ၊အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများကျောင်း အပ်နှံမှုအတွက်မူ သက်ဆိုင်ရာ အတန်းအလိုက် မိဘဆရာအသင်းကြေးတို့သာ ကောက်ခံသွားမည်ဖြစ်ပြီး မည့်သည့်အလှူငွေမှ ကောက်ခံခွင့် မရှိကြောင်း အမိန့်တွေထုတ်နေပါပြီ ၊သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ပြည်နယ်အဆင့် မြို့နယ်အဆင့် ပညာရေးမှူးတွေကလည်း သက်ဆိုင်ရာအခြေခံပညာကျောင်းအုပ်ကြီးတွေကို ငွေလုံးဝ မကောက်ဘို့ ကောက်ရင် အရေးယူခံရမယ် ဆိုတာသိရှိကြောင်း ၀န်ခံကတိတွေ ထိုးနေရတဲ့နေရာတွေလည်း ထိုးနေရပါပြီ ။

အစိုးရ ပညာရေးဌာနတာဝန်ရှိသူတွေက မူလတန်းအခမဲ့ အလယ်တန်းအထက်တန်း မိဘဆရာအသင်းကြေး သာကောက်ရမယ်လို့ ဆိုပါတယ် မိဘဆရာအသင်းကြေးဆိုတာကလည်း ၅တန်း ၅၀၀ ၊ ၆တန်း ၆၀၀ ၊ ၇တန်း ၇၀၀ ၊ ၈တန်း ၈၀၀ ၊ ၉တန်း ၉၀၀ ၊ ၁၀တန်း ၁၀၀၀ ကျပ်မျှသာဖြစ်ပါသည် ။ဒါကလွဲရင်ဘာမှမကောက်ရဘူးလို့ အစိုးရရဲ့ အမိန့်ကဆိုနေပါတယ် ၊ဒါကိုမီဒီယာတွေမှာ လည်းဖေါ်ပြနေတော့ ကျောင်းသားမိဘတွေကလည်း ဒီအတိုင်းသိနေကြပါပြီ ၊ ဒါမကောင်းဘူးလား လို့မေးရင် သိပ်ကောင်းတာပေါ့ဗျာ လို့ ပြောရမည်သာဖြစ်ပါသည် ။ သို့သော် ဖြစ်နိုင်ပါ့မလား ဆိုတာကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူများရော မိဘပြည်သူများရော စဉ်းစားရပါတော့မည် ။

သူငယ်တန်းမှ ၈တန်းအထိ တစ်တန်းလျှင်ကျောင်းသားဦးရေ ၁၀၀ နှုန်းဖြင့် ၉၀၀ ဦး  ၉တန်း ၁၀ တန်း တစ်တန်းလျှင် ၂၀၀ ဦးနှုန်းဖြင့် ၄၀၀ဦး စုစုပေါင်း ကျောင်းသားဦးရေ ၁၃၀၀ ရှိသော အထက်တန်းကျောင်းတစ်ကျောင်း ဆိုပါစို့ ထိုကျောင်းအတွက် ပညာရေးဌာနကသတ်မှတ် ထားသော ကျောင်းသားဆရာအချိုး ၊ ဘာသာရပ်သင်ဆရာနှင့်ကျောင်းသားအချိုး များနှင့်တွက်ချက်ပါက အနည်းဆုံးဆရာ ၁၀၀ ဦးရှိရပါမည် ။ စာသင်ခန်းတစ်ခန်း ပျမ်းမျှ ၃၃ ဦးနှုန်း ဖြင့်ထားပါက တစ်ကျောင်းလုံးစာသင်ခန်း ၄၀ ရှိပါမည် ။ထိုကျောင်းသား ၁၃၀၀ ဆရာ ၁၀၀ စာသင်ခန်း ၄၀ ရှိသော ကျောင်းတစ်ကျောင်း၏ တစ်နှစ်ကုန်ကျစရိတ်ကို တွက်ချက်ကြည့်ရအောင်ပါ ။

ကျောင်းဖွင့်ပြီဆိုတာနဲ့ ကျောင်းအပ်ခံနိုင်ဘို့ ကျောင်းဝင်ခွင့်လျှောက်လွှာများ ၊ မိဘဆရာအသင်းကြေး များလက်ခံရရှိကြောင်းငွေပြေစာများပုံနှိပ်ခြင်း  ( ကျောင်းသားမိဘပေးရန် ၊ ကျောင်းလက်ခံ ၊ စာရင်းအစစ်ခံရန်အတွက် ) ၊ ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုဆိုင်းဘုတ်များ  ပြုလုပ်ခြင်း (အချို့တိုင်းများတွင် တိုင်းပညာရေးမှူးရုံးကဗီနိုင်းများ ပုံနှိပ်၍ရောင်းပါသည် ၊ မ၀ယ်လို့လဲမရပါ ) ကျောင်းအပ်နှံရေးနေ့အတွက် ငွေကောက်မကောက် လာစစ်ကြကုန်သော အမျိုးမျိုးသော စစ်ဆေးရေးအဖွဲ့များ ဧည့်ခံခြင်း ၊ ပုံနှိပ်စာအုပ်များကို သတ်မှတ်နေရာများမှ ကျောင်းအရောက် အကြိမ်ကြိမ် ကားဖြင့်သယ်ယူခြင်း (တစ်ကြိမ်တည်းနှင့်အကုန်အပြည့်အစုံမရပါ ကျောင်းဖွင့်ပြီး ၂ လလောက်အထိ အကြိမ်ကြိမ်ထုတ်ယူရပါသည် ) အစရှိသော ကိစ္စအ၀၀ များအတွက် မြန်မာငွေ ၂သိန်း မရှိလျှင်မရပါ ။

ဆရာဆရာ ၁၀၀ အတွက် Teaching Notes ရေးရန်အတွက် လယ်ဂျာစာအုပ် ၁၀၀ ( ထိုစာအုပ်မရှိ၍မရပါ ကျောင်းစစ်လာလျှင် စစ်ပါသည် ) ၊ စာသင်ခန်း ၄၀အတွက် ကျောင်းခေါ်ကြိမ်မှတ်တမ်းစာအုပ် ၄၀ ၊ အမှတ်စာရင်းစာအုပ် ၄၀ ၊ ဆရာစာသင်ကြားမှုမှတ်ပုံတင် စာအုပ် ၄၀ ၊ ကျောင်းတစ်ကျောင်းလုံး၏ စာရင်းချုပ်များပြုလုပ်ရန် ၊ အထက်ဌာနများ၏စစ်ဆေးချက်များပြုလုပ်ရန်ကျောင်းအုပ်ကြီးရုံးအတွက် လယ်ဂျာစာအုပ် ၄၀ ၊ စုစုပေါင်းလယ်ဂျာစာအုပ်  ၂၆၀ ၊ (ထိုစာအုပ်များအညံ့စားဝယ်၍မရပါ ကျောင်းစစ်များလာတိုင်းစစ်ပါသည် စုတ်ပြတ်နေလျှင်လွှင့်ပစ်ပါသည် ) ၊ အလတ်တန်းစားဝယ်ရင် တစ်အုပ် ၅၀၀ ၊ ထို့ကြောင့် ၅၀၀ x ၂၆၀ = ၁၃၀၀၀၀ ဖြစ်ပါသည် ။ ကျောင်းသားတစ်ဦးစီအတွက် ပညာရည်တိုးတက်မှုမှတ်တမ်း ( Report Card ) အတွက် ၂၀၀၀၀ ကျပ် စုစုပေါင်းမြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။

စာသင်ခန်း ၄၀အတွက် သင်ပုံးများကို ပြည်တွင်းဖြစ်စိန်တံဆိပ် အညံ့စားသင်ပုန်းဆေးသုတ်ခြင်း ၊ ဘောဖျက် ( Duster ) ၊တစ်နှစ်စာ  မြေဖြူ (ရေးဖြစ်ရုံ အမျိုးအစား ) ၀ယ်ယူရန်အတွက်လည်း မြန်မာငွေ ၂ သိန်းမရှိလျှင်မရပါ ။ မြေဖြူပုံးသေးသေးလေး ၁၀၀ ပါသော ပုံးကြီးတစ်ပုံးကို မြန်မာငွေ ၇ သောင်းပေးနေရပါသည် ။ 

နောက်တစ်ခုက စာသင်ခုံဖြစ်ပါသည် ၊ မူလကစာသင်ခုံများ အပြည့်အစုံရှိနေသည့်တိုင်အောင် တစ်နှစ်လျှင် စာသင်ခန်း တစ်ခန်းအတွက် အနည်းဆုံးစာသင်ခုံတစ်လုံးနှုံးအစားထိုး ဖြည့်တင်းပေးရပါသည် ၊ မည်သို့ပင် ဖင်ငြိမ်အောင်ထိုင်ထိုင် ၊ မည်သို့ပင် မကျိုးခင်ကသံရိုက်ရိုက် ၊ ဒီထိုင်ခုံကပျက်တာကို ဟိုဘက်အကျိုးကကောင်းတာနဲ့ဘယ်လိုပေါင်းပေါင်း တစ်နှစ်ကို တန်းခွဲတစ်ခုအတွက် စာသင်ခုံတစ်လုံးနှုံး ပျမ်းမျှအစားထိုးရပါသည် ၊ ဒီခေတ်မှာ အညံ့စားသစ်နဲ့လုပ်ထားတဲ့ နှစ်ယောက်ထိုင် စာသင်ခုံတစ်လုံးကို မြန်မာငွေ ၂သောင်းခွဲမပေးလျှင်မရပါ  ဒီတော့ ၂၅၀၀၀ x ၄၀ = ၁၀၀၀၀၀၀ ( ၁၀ သိန်း) ဖြစ်ပါသည် ။ ဒါမြို့မှာ မီးမလောင်မှ ၊ ရေမကြီးမှ ပါ ၊ မီးလောင်လို့ ရေကြီးလို့များ ကယ်ဆယ်ရေးစခန်းကျောင်းမှာလာဖွင့်လိုက်လို့ကတော့ ရှိတဲ့ခုံအကုန် အေးချမ်းမေ ဖြစ်ကုန်ပါသည် ။မြို့မှာအခမ်းအနားရှိတိုင်းကျောင်းကခုံတွေလာယူပါသည် ၊ တင်လိုက်ချလိုက်နဲ့ ပြန်လာတော့ခုံပို လာသည်ဟူ၍ မရှိပါ ၊ နဲ့လာတာကျိုးလာတာ ၊ ပါမလာတာသာရှိပါသည် ။မည်သို့ပင်ဖြစ်စေကျောင်းအုပ်ကြီးသည် သာမန်အခြေအနေတွင် တစ်နှစ် ( ၁၀ ) သိန်းဘိုးလောက်တော့ အနည်းဆုံးကုန်မှ နောက်နှစ်ကျောင်းဖွင့်လျှင် ကျောင်းသားများထိုင်စရာရှိပါသည် ။ဒီကြားထဲ ငွေမကောက်၇န်အမိန့်ထုတ်ထားသူများက ကျောင်းကိုလာစစ်ရင် ကျောင်းအုပ်ကြီး ခင်ဗျားကျောင်းက ကျောင်းသားနဲ့ စာသင်ခုံအချိုးမကျဘူး နည်းနေတယ် လုပ်ဦးလေ ကျောင်းသားတွေကြပ်နေမှာပေါ့ဗျ ၊ ဒီစာသင်ခုံနဲ့ ကျောင်းသားအချိုးမ ကိုက်ရင် ကျောင်းအုပ်ဆရာကြီးရဲ့ စွမ်းဆောင်ရည်အကွက်မှာ အမှတ်လျော့မယ် ဒါဆိုရင်ခင်ဗျား ပရိုမိုးရှင်မ၇တော့ဘူးဗျ ဟု ညွှန်ကြားသွားတော်မူသည်များလည်း ရှိပါသည် ။

နောက်တစ်ခုက ရေမိလ္လာ ကိစ္စ ဖြစ်ပါသည် ၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအိမ်သာနှင့် ပတ်သက်သော သောညွှန်ကြားချက်မှာ ကျောင်းသား ၅၀ ဦးလျှင် အိမ်သာ တစ်လုံးနှုန်းအနည်းဆုံး ရှိရမည်ဟုဆိုပါသည် ။ ဒီတော့ကျောင်းသားဦးရေနဲ့ တွက်လိုက်ရင် ယောကျားလေးအိမ်သာ ၁၄လုံး မိန်းခလေးအိမ်သာ ၁၄ လုံး ဆရာဆရာမအိမ်သာ ၂လုံး  စုစုပေါင်း အိမ်သာ ၃၀ ရှိပါမည် ။ ကျောင်း၏သဘောမှာ တစ်ချိန်တည်းတက် ၊ တစ်ချိန်ထဲဆင်း စနစ်ဖြစ်သောကြောင့် ပါလျှင်လည်းတစ်ချိန်တည်းဖြစ်ပါသည် ။ထို့အတွက်ကြောင့် အိမ်သာအလုံး ၃၀ သည် ကျောင်းဆင်းချိန်များတွင် ပြည့်ကျပ်နေပါသည် ၊ လူ ဦးရေ ၁၄၀၀ ခန့် နေ့စဉ်သုံးသော အိမ်သာတို့ကို ၂ လလျှင် ၃ ကြိမ်ခန့် စုပ်ထုတ်ရပါသည် ၊ တစ်ကြိမ်စုပ်ထုတ်လျှင် ယောကျားလေးအိမ်သာဘက် ၂သောင်းခွဲ ၊ မိန်းခလေးအိမ်သာဘက် ၂သောင်းခွဲ စုစုပေါင်းတစ်ကြိမ်လျှင် မြန်မာငွေ ၅၀၀၀၀ ကျပ်ကုန်ကျပါသည် ။စာသင်လ ၈ လအတွင် ၁၆ ကြိမ်  တစ်ကြိမ်လျှင် ၅၀၀၀၀ ဆိုတော့ ၈သိန်း ကျပါသည် ။ဒါတောင်ကျောင်းမို့လို့ စည်ပင်က အကူအညီပေးတဲ့ ဈေးပါ ၊ ထိုအိမ်သာ အလုံး ၃၀ အတွက် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအနည်း ဆုံးငှားထားရပါသည် ၊ မငှားလို့မရပါ ၊ ကျောင်းသားများအသင်းလိုက်တာဝန်ကျလုပ်တာလည်း လုပ်တာသာဖြစ်ပါသည် တကယ်တမ်း ပိတ်ပြီဆို့ပြီဆိုရင်ကျောင်းသားတွေမလုပ်တတ်တော့ပါ ၊ ကျောင်းအိမ်သာများနေကတိုင်းပိတ်ဆို့ပါသည် ။ စက္ကူများဖြင့်ပိတ်ဆို့ပါသည် ၊ ရေကျအောင်မလောင်းပါ ၊ နောက်လူတစ်ယောက်ကလည်းဝင်လာပြီးဒီအတိုင်းဆက်သွားလိုက်ပါတယ် ၊ ၃ယောက်လောက်လည်းသွားပြီးရောမ၇တော့ပါဘူး ပိတ်ဆို့ကုန်ပါတယ် ၊ မိန်းခလေးအိမ်သာ ဘက်မှာလည်း အပျိုဖေါ်ဝင်စကျောင်းသူများရဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို အိမ်သာထဲထည့်ပါသည် ၊ ဘယ်လောက်ပြောပြော ၊ ဘယ်လောက် ဘေးမှာထည့်စရာထားထားမရ ပါ အိမ်သာထဲကိုထည့်ဖြစ်အောင် ထည့်ပါသည် ၊ခက်လှပါသည် ၊ ကျောင်းဖွဲ့စည်းပုံတွင်ထိုသန့်ရှင်းရေးဝန်ထမ်းမပါရှိပါ ၊ သပ်သပ်ငှားရပါသည်  တစ်လကို မြန်မာငွေ ၅၀၀၀၀ ပေးပြီးတောင်းတောင်းပန်ပန် ငှား၇ပါသည် ။ တစ်လ ၅၀၀၀၀ ဆိုတော့ ကျောင်းဖွင့်လ ၈ လအတွက် ၄ သိန်း ၊ ကျောင်းပိတ်ရက်နှင့်စာမေးပွဲရာသီ ၄ လအတွက်တစ်လလျှင် ၂သောင်းခွဲနှုံးဖြင့် ၁ သိန်း စုစုပေါင်း ၅ သိန်းကုန်ပါသည် ။ ဒီကြားထဲ မီးပျက်လို့ရေမတင်နိုင်ရင်ဖြစ်ဖြစ် ၊ မြို့ရေပေးရေးက ရေမလာရင်ဖြစ်ဖြစ် ထို လူ ၁၄၀၀ ပါတော်မူရေးအတွက် ကျောင်းအုပ်ကြီးတို့သည် ၊ စည်ပင် ၊ မီးသတ်တို့မှ တာဝန်ရှိသူတို့ထံမျက်နှာငယ်ငယ်ဖြင့်သွားကာ  ရေကားအကူအညီတောင်းခံရပါသည် ၊ ဒီမှာဆရာကြီးရ ဆရာကြီးကိုတော့ကူညီချင်ပါတယ် ဒါပေမယ့် မီးသတ်ကားဆရာကြီးဆီ သွားတုန်းမြို့မီးလောင်ရင် ကျွန်တော် ပြုတ်ပြီဗျ ၊နောက် တစ်ခုက မီးသတ်ဆိုတာလည်း မီးမလောင်ရင်ဆီတင်တောင်းလို့ မရဘူးဗျ စက်နှိုးဆီလောက်ပဲရှိတာ ...ဟုဆိုကာ စကားကိုဖြတ်ထားသဖြင့် ဟုတ်ကဲ့ပါ ဦးစီးမှူးကြီးရယ် ဆီဘိုး တစ်ခေါက်ကိုတစ်သောင်းပေးပါ့မယ်ခင်ဗျာ ရေရရင်ပဲတော်လှပါပြီ ကျောင်းအုပ်ကြီးကတောင်းပန်ရ သည့်အပြင် ထိုမီးသတ်ကားကျောင်းကိုလာနေတုန်း မြို့မီးမလောင်အောင်လည်း ဂါထာပေါင်းစုံရွတ်ကာ ဆုတောင်းပေးရသေးလေသည် ၊ မီးသတ်ကတမင်ညစ်သည်မဟုတ် ၊ သူ့တွင်လည်းထိုအခက်အခဲ အမှန်ပင်ရှိပါသည် ။ မခက်လှပါလား....။ဒီကြားထဲ ငွေမကောက်ရန် ညွှန်ကြားထားသူများက ကျောင်းကိုလာစစ်ရင် အိမ်သာကိုအရင်စစ်ပါသည် ၊ ခင်ဗျားကျောင်းအိမ်သာတွေက သန့်ရှင်းရေးတော့မဆိုးပါပါဘူး ...ဒါပေမယ့် ဒက်တောပိုးသတ်ဆေးနဲ့မရဘူး ဒါဖြန်းဘို့လိုတယ် များများဖြန်းရမယ် ၊ ၀မ်းရောဂါဆိုတာဒီလိုအများသုံးအိမ်သာတွေကဖြစ်တာဗျ ... ဟိုနောက်က မိလ္လာကန်ပတ်လည်မှာလည်း ထုံးမဖြူးထားပါလား ... ဆရာကြိးပေါ့တယ်နော်... သေချာလုပ်ဘို့လိုမယ် ၊ ဟင်.... ဒီမှာ အိမ်သာကထွက်လာရင် လက်ဆေးဘို့ဆပ်ပြာလည်းမရှိပါလား.... ဟာ... ခက်တော့တာပဲ ခင်ဗျား ကျောင်းကျန်းမာရေး ကို့စ်တွေ ဘာတွေမတက်ဘူးဘူးထင်တယ် ...ဒီကို့စ်တွေမှာဒါတွေပါတယ်ဗျ ဟု လေဖြင့်လမ်းညွှန်သွားသူများလည်းရှိရာ ကျောင်းအုပ်ကြီးများက ခင်ဗျားလည်းကျောင်းအုပ်ကြီး မလုပ်ဖူးဘူးထင် တယ်ဟု ပြန်မေးချင်သော်လည်း မမေးလိုက်ရပဲ ငြိမ်၍ နေလိုက်၇သော အဖြစ်များလည်း အမှန်ပင်ရှိပါသည် ။

နောက်တစ်ခုက စာမေးပွဲစစ်ဆေးခြင်းဖြစ်ပါသည် ၊ ငွေမကုန်ပဲစာမေးပွဲစစ်နည်းဟူ၍ ကမ္ဘာမှာမရှိပါ စာမေးပွဲတို့သည် မေးခွန်း ၊ အဖြေလွှာ  အစရှိသည်တို့အတွက် အတိုင်းတာတစ်ခုအထိ ကုန်ကျမည်သာဖြစ်ပါသည် အလကားစစ်သော စာမေးပွဲသည် အလကားစာမေးပွဲသာဖြစ်ပါမည် ။ဤနေရာတွင် ယခုခေတ်ကျောင်းများ၏ စာမေးပွဲစစ်နည်းများကို အကျဉ်းတင်ပြလိုပါသည် တစ်လတစ်ခါစစ်သော Chapter End Test ဟုခေါ်သော အခန်းဆုံးစစ်ဆေးခြင်းစာမေးပွဲများ ၊ ပထမနှစ်ဝက်ဆုံး စာမေးပွဲ ၊ ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲ ဟူ၍ အကြိမ်များစွာစစ်ရပါသည် ။အတန်းငယ်များသည် မေးခွန်းကို ကျောက်သင်ပုန်းတွင်ရေး၍  ဖြေခိုင်းလျှင်ရနိုင်သော်လည်း အတန်းကြီးလျှင်မရပါ ၊ နောက်ပြီး Chapter End Test ကစာအုပ်ထားရပါသည် ၊ တစ်ဘာသာလျှင်တစ်အုပ်ထားရပါသည် ၊ ထိုစာအုပ်များကိုလည်း ကျောင်းစစ်ဆေးရေးများက စစ်ပါသည် ပုံစံတူထားရပါသည်  ၊ ပုံစံတူစေရန် ကျောင်းက၀ယ်ပြီးရောင်းလျှင်လည်း အတိုင်ခံရပါသည် ၊ ကျောင်းကပုံစံသတ်မှတ်၍ ဒီပုံစာအုပ်တွေကိုယ့်ဖာသာဝယ်ခဲ့ကြဟေ့ ဆိုပြီးမှာလိုက်လျှင်လည်း ပုံစံမျိုးစုံဝယ်လာပါသည်...... ကျောင်းအုပ်ကြီးဘ၀ခက်လှပါသည် ။ ကျောင်းသား ၁၃၀၀ ခန့်ရှိသောကျောင်းတစ်ကျောင်း၏ စာမေးပွဲတစ်ကြိမ်ဖြစ်၇န် အနည်းဆုံး ၂သိန်းခန့်ကုန်ပါသည် ၊လစဉ်စစ်၇သောစာမေးပွဲများ နှင့် စာမေးပွဲကြီး ၂ ကြိမ်အတွက် တစ်နှစ် ၅သိန်းခန့်အနည်းဆုံးကုန်ပါသည် ။
နောက်တစ်ခုက ကျောင်းသားစုံညီပွဲတစ်ခါလုပ်ရင် ဆုပေးတာနဲ့ဘာနဲ့ဆို မြန်မာငွေ ၁၀ သိန်းလောက် မကုန်ရင် စုံညီပွဲမဖြစ်ပါ မစုံမညီပွဲတော့ဖြစ်ချင်ဖြစ်ပါမည် ။ အတန်း ၁၁ တန်းအတွက် တစ်တန်းကို ပ ဒု တ ၊ နဲ့ ၃၃ ယောက် ၊ နောက်အထိမ်းအမှတ်ပွဲတွေမှာ စာစီစာကုံးတို့ ကဗျာတို့ ဆိုကရေးတီးတို့ ၊ အားကစားတို့ စတဲ့ပွဲတွေမှာ ထူးချွန်တဲ့ကလေးတွေ စုပေါင်းလိုက်ရင် ၅၀ လောက်ဆုပေး၇ပါတယ် ၊ နောက်ဆရာဆရာမများ ကို ခွင့်မယူဆုတို့ ၊ ဘာသာရပ်သင်ထူးချွန်ဆုတို့ ၊ အစရှိသဖြင့် ၁၀ ဦးလောက်ပေး စုစုပေါင်း လူ ၆၀လောက်ကိုဆုပေး ၊ နောက်အခမ်းအနားလုပ် ဖိတ်ကြားသူတွေကိုဧည့်ခံ ၊ ကျောင်းကပွဲအတွက်ကုန်ကျစရိတ်တွေ ၊အသံပိုင်းဆိုင်ရာစက်ငှားတာတွေ ပေါင်းရင် ၁၀သိန်းဆိုတာ ခပ်မွဲမွဲကျောင်းမှာကုန်တာပါ ။

နောက် အထိမ်းအမှတ်နေ့တွေမှာ စာစီစာကုံးတွေ ၊ ကဗျာတွေပြိုင်တာ ၊ နောက်အားကစားတွေပြိုင်တာ ၊ နောက်ဆိုကရေးတီးပြိုင်တာတွေဟာ ကိုယ့်ကျောင်းသားက ထူးချွန်ရင်ထူးချွန်သလောက် ပိုက်ဆံကုန်ပါတယ် ၊ ဆိုလိုတာက တိုင်းအဆင့်ထိပါရင် တိုင်းကို ကျောင်းသားတွေရယ် ၊အုပ်ထိန်းသူမိဘတွေရယ် ၊ ကြီးကြပ်သူဆရာတွေရယ် တပြုံတမကြီးကို ကျောင်းကနေစရိတ်ခံပြီး လွှတ်၇တာပါ သိန်းချီကုန်ပါတယ်  ၊ နိုင်ငံတော်အဆင့်များထပ်ပါသွား လို့ကတော့ သေပြီဆရာ ဆိုတာလို ဖြစ်ပါတယ် ။ ကျောင်းအုပ်ဆရာကြီးတွေဟာ ကိုယ့်ကျောင်းသားဒဏ် ကိုယ်သာခံ ဆိုတာလိုဖြစ်နေတော့ ၊ နိုင်ငံအတွက်ထူးချွန်သူတွေမွေးထုတ်ပေးရမယ့် ကျောင်းအုပ်ကြီးတွေဟာ ကိုယ့်ကျောင်းသား ထူးချွန်မှာကို ကြောက်နေရတဲ့ဘ၀ဖြစ်နေပါတယ် ။

ပြောရင်ကုန်မှာမဟုတ်လို့ ဒီလောက်နဲ့နိဂုံးချုပ်ပါမယ် ၊ အထက်ကတင်ပြခဲ့တဲ့ ကဏ္ဍအသီးသီးမှာ ကုန်ကျတာတွေကို ပေါင်းလိုက်ရင် ကျောင်းသား ၁၃၀၀ လောက်ရှိတဲ့ကျောင်းတစ်ကျောင်းဟာ အနည်းဆုံး မြန်မာငွေ သိန်း ၆၀ လောက်ကုန်မှ ရပ်တည်နိုင်ပါတယ် ဒီထက်ပိုဘို့ပဲရှိပါတယ် လိုဘို့မရှိပါဘူး ၊ အဲဒီကျောင်းကိုအစိုးရက တရာဝင်ခွင့်ပြုလို့၇တဲ့ကောက်ခံငွေစုစုပေါင်းဟာ တစ်နှစ်စာ ၄သိန်း ၆ သောင်းပဲ ရှိပါတယ်  ကဲ စာဖတ်သူတို့သာကျောင်းအုပ်ဆရာကြီးနေရမှာဆို ဘယ်လိုလုပ်ကြမလဲ ၊

ကျောင်းသား ၁၃၀၀ ၊ ဆရာဆရာမ ၁၀၀ ၊ စာသင်ခန်း ၄၀ ရှိတဲ့ ပညာရေးယန္တယားကြီးကို မောင်းနှင်ဘို့အတွက် တစ်နှစ်ကို ၄သိန်း ၆သောင်းပဲပေးမယ် အမေရိကန်ဒေါ်လာနဲ့တွက်မယ်ဆိုရင် ဒေါ်လာ ၅၅၀ ပဲပေးမယ် မင်းပိုက်ဆံလုံးဝထပ်မကောက်နဲ့တော့ ဒါနဲ့ရအောင်လုပ် ကောက်ရင်အရေးယူမယ်ဆိုတာ တရားမျှတပါရဲ့လားမိတ်ဆွေတို့ ၊ မိတ်ဆွေတို့သားသမီးတွေ ပညာသင်ဘို့အတွက် ဆရာကြီးတွေဟာ နိုင်ငံတော်မူဝါဒနဲ့လည်း မဆန့်ကျင်အောင် ခလေးတွေလည်း ပညာရေးအဆင်ပြေအောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြတယ် ၊ စေတနာရှင်ပြည်သူတွေရဲ့အလှူငွေလေးတွေကိုမျက်နှာငယ်ငယ်နဲ့အလှူခံပြီး မဖြစ်ဖြစ်အောင် လုပ်ပေးခဲ့ကြတယ်လေ.... ဒီဆရာကြီးတွေ ဆရာမကြီးတွေကို ပိုက်ဆံပိုကောက်ရကောင်းလားဆိုပြီး တိုင်လားတောလားလုပ်ရက်ကြပါသလားခင်ဗျာ ၊ ငါတို့အမိန့်အတိုင်းမလိုက်နာရင် အရေးယူလိုက်မဟဲ့ ဆိုတဲ့သူတွေကရော အရေးယူရက်ပါသလား ခင်ဗျာ....မီဒီယာတွေကရော... အစိုးရကပိုက်ဆံမကောက်နဲ့ အမိန့်ထုတ်ထားပြီ ကောက် တဲ့ကျောင်းအုပ်တော့ မီဒီယာကနေ ဆော်ထည့်လိုက်ဦးမဟဲ့လို့ ဆိုရင်မှန်ပါ့မလားဗျာ ။

ပုထုဇဉ်ဘာဝ အဂတိလိုက်စားသူအချို့တော့ရှိကောင်းရှိမှာပေါ့ဗျာ အများစုက ဒီလိုမဟုတ်ပါဘူး ဆရာစိတ်ဆိုတာ ဆရာဖြစ်ဘူးမှသိတာပါ...ကျောင်းသားတွေအပေါ်မှာ ဘယ်တော့မှ ဖေါက်လွှဲဖေါက်ပြန် မရှိပါဘူး ဆိုတာကျွန်တော်ယုံပါတယ် ။

ဒီဆောင်းပါးလေးနဲ့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာတွေကို ရိုသေစွာကန်တော့ပါတယ် ဆရာတို့ဘ၀ တောက်ပကြပါစေ............

ဒေါက်တာဆိတ်ဖွား


( ဒီဆောင်းပါးလေးကို လက်ဆင့်ကမ်းပေးခြင်းဖြင့် ဆရာတို့ဘ၀ကို ကယ်တင်ကြပါ ခင်ဗျား... )