xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ပြောင်းလဲပေးရမည့် အရပ်ဘက်အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ

Thursday, May 17, 2012

ပြောင်းလဲပေးရမည့် အရပ်ဘက်အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ



အလုပ်သမားဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတယ် ဒီလိုခဏခဏ ဖြစ်နေတာဟာ အစိုးရအတွက်ရော အလုပ်သမားတွေအတွက်ရော အလုပ်ရှင်တွေအတွက်ရော နောင်ရောက်လာ လတံ္တ့သော ရင်းနှီးမြှုတ်နှံမှု အလားအလာတွေအတွက်ရော မကောင်းတဲ့ဘက်ကများတယ် ။

အလုပ်သမားတွေ ဆန္ဒထုတ်ဖေါ်တိုင်း အဓိကပြဿနာက လုပ်ခနည်းတဲ့ပြဿနာဖြစ်တယ် ၊ လုပ်ခကလည်း ဘယ်လိုနည်းနဲ့တွက်တွက် အလွန်အင်မတန်နည်းတဲ့ ပမာဏဖြစ်တယ်ဆိုတာကလည်း အငြင်းပွားစရာ မလိုတဲ့ကိစ္စဖြစ်တယ် ၊ ကမ္ဘာ့အနည်းဆုံးဖြစ်တယ် ။

ဒီနေရာမှာခုဆန္ဒထုတ်ဖေါ်နေရှာတဲ့အလုပ်သမားတွေဟာ အရင်က အလုပ်ရှင်အလုပ်သမား နှစ်ဦးသဘောတူ လုပ်ခဲ့ပြီးမှ ခုမှ ဘာလို့ဆန္ဒပြနေရတာလည်းလို့မေးစရာရှိတယ် ၊ ဒီလိုမေးလာရင် အဖြေက အရင်ကလည်းလစာနည်းမှန်းသိတယ် ၊ စားစရာမရှိလို့လုပ်တာ ၊အရင်က ပြောလို့မရလို့ဆန္ဒပြရင် ဖမ်းလို့ ဆီးလို့မပြောတာ ၊ အခုအစိုးရသစ်လက်ထက်မှာ အတိုင်းတာတစ်ခုထိ ပြောလို့ရလာလို့ အားကိုးတကြီးနဲ့ ဆန္ဒထုတ်ဖေါ်ကြရှာတာ လို့ဖြေရမယ် ၊ နေ့စဉ်စားနေရတဲ့ အခြေခံစားကုန်ဈေးနှုန်းနဲ့ လူမှုအသုံးစရိတ်တွေကလည်း တစ်နေ့နဲ့တစ်နေ့ မတူတော့ဘူး ။

ခုတလော မှာဆန္ဒထုတ်ဖေါ်လာတာတွေ ပိုပြီးစိတ်လာတဲ့အဓိက အကြောင်းရင်းက အစိုးရက နိုင်ငံဝန်ထမ်းတွေကို ထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်စီ တိုးပေးလိုက်တဲ့အတွက် အစိုးရရဲ့ လစာအနည်းဆုံးဝန်ထမ်း တစ်ယောက်ဟာ ကျပ် ၆၀၀၀၀ နီးပါးလောက်ဖြစ်လာတယ် ၊ အရပ်ဘက်စက်ရုံတွေမှာ အလုပ်လုပ်တဲ့အလုပ်သမားတွေအကုန်လုံးဟာ သူတို့ရဲ့လုပ်ခလစာကို အစိုးရရဲ့ လစာအနည်းဆုံးဝန်ထမ်းလောက်တော့ ရချင်ကြတဲ့ အခြေခံစိတ်ရှိကြတယ် ၊ဒီ့အတွက် ခုလိုဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ပေါ်နေတာဖြစ်တယ်၊ ဒီနေရာပြေလည်သွားရင်လည်း နောက်တစ်နေရာ ထပ်ပေါ်လာဦးမှာဘဲ ၊ နောက်တစ်နေရာပြေလည်သွားရင်လည်း အရင်နေရာကပြန်ဖြစ်မှာဘဲ ။

ဒီတော့အဖြေက အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အရပ်ဘက်အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ပတ်သက်တဲ့ အမိန့်တစ်ရပ်ကို ဥပဒေနဲ့အညီ အမြန်ထုတ်ပြန်သင့်တယ် ၊ဒီလိုလုပ်ခလစာတွေမြှင့်လိုက်လို့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကိုမသိလို့ ဒီလိုပြောတာမဟုတ် သိပါ၏ ၊ မပြောင်းရင်မဖြစ်တဲ့ ၊ လုပ်ခလစာမတိုးရင်မဖြစ်တော့တဲ့ နောက်ဆုံး အမှတ်ကိုရောက်နေလို့ ပြောတာဖြစ်တယ် ။

ခုအခြေခံအလုပ်သမားတစ်ယောက်ကို ၃၀၀၀၀ လောက်ပေးနေရာကနေ ၆၀၀၀၀ လောက်ရုတ်ချည်း တိုးပေးရမယ်ဆိုရင်အလုပ်ရှင်တွေဘက်မှာလည်း အခက်အခဲတွေ ရုတ်တရက်ဖြစ်ကြမှာပါ ၊ တစ်ဘက်ကဈေးကွက် အခြေအနေကလည်းရှိသေးတာကိုး ၊ ဒီတော့ အလုပ်သမားတွေရဲ့ လစာကို ရုတ်ချည်းတိုးမပေးဘဲ နှစ်ဘက်အဆင်ပြေအောင် တစ်နှစ်အတွင်း ဒါမှမဟုတ် ၁၈လအတွင်း အခြေခံလစာမည်၍မည်မျှ အနည်းဆုံး ဖြစ်အောင်လုပ်ကြရမယ် ၊ ဒီလိုတိုးရာမှာလည်း ၃လတစ်ကြိမ်တော့ဘယ်လိုတိုးရမယ် ဆိုတာမျိုး ထုတ်ပြန်ပြီး ဖြေရှင်းရင် နှစ်ဘက် အဆင်ပြေမယ့်အနေအထားမျိုး ဖြစ်နိုင်ပါတယ် ။

သေချာတာကတော့ အရပ်ဘက်အခြေခံအလုပ်သမားလုပ်ခလစာ မတိုးလျှင်မရတော့ တိုးကိုတိုးမှရတော့မယ် ဆိုတဲ့ အခြေခံအချက်ဖြစ်တယ် ။

ဒေါက်တာဆိတ်ဖွား