xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဆဲဗင်းဇူလိုင်အရေး စိတ်မအေးလို့ရေးလိုက်တယ်

Friday, July 6, 2012

ဆဲဗင်းဇူလိုင်အရေး စိတ်မအေးလို့ရေးလိုက်တယ်

ကျောင်းသားသမဂ္ဂ အဆောက်အဦ

ဆဲဗင်းဇူလိုင်လို့ အများခေါ်နေကြတဲ့ နေ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို အဲဒီအချိန်ကရှိနေတဲ့အစိုးရက ဗုံးခွဲဖျက်ဆီးခဲ့လို့ ကျင်းပကြတာလို့ လူအများသိထားကြတယ် ၊ ဒါပေမယ့်ဘာလို့ ဒီအဆောက်အဦကို အဲဒီတုန်းက အစိုးရက ဗုံးခွဲရ လောက်အောင်ဖြစ်ခဲ့ရတာလဲဆိုတာကိုတော့ သိမီတဲ့သူရှားသွားပြီ ၊ ဒီနေ့ကျောင်းသားခေါင်းဆောင်ဆိုပြီးလှုပ်ရှားနေတဲ့သူတွေတောင် အမေနို့မပြတ်သေးဘူး ။

ကျောင်းသားတွေဘက်ကတော့ အဲဒီတုန်းက စစ်အစိုးရဟာ တက္ကသိုလ်အုပ်ချုပ်ရေးကို ၀င်ရောက်စွက်ဘက်တာကို မကျေနပ်လို့ အဲဒီကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို အခြေပြုပြီး အစိုးရကိုဆန့်ကျင်ခဲ့တယ် လို့ပြောကြမယ် ။

အစိုးရတာဝန်ရှိသူတွေမေးကြည့်ရင်တော့ ကျောင်းသားတွေရဲ့အဲဒီအချိန်က လှုပ်ရှားမှုဟာ  တက္ကသိုလ်အုပ်ချုပ်ရေးကို ၀င်ရောက်စွက်ဘက်တာကို ဆန့်ကျင်တဲ့အသွင်ကနေ အစိုးရဆန့်ကျင်ရေးအသွင်ဆောင်လာလို့ ၊ မြေအောက်အဖွဲ့အစည်းတွေ ဒီလှုပ်ရှားမှုမှာ ပူးကပ်ပါဝင်လာလို့ လို့ ပြောမှာပါပဲ ၊ ဘာလို့လဲဆိုတော့ တော်လှန်ရေးကောင်စီ က ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှတက်တယ် ဒီ အရေးအခင်းက အဲဒီနှစ် ဇူလိုင်လ ( ၇ ) ရက်မှာ ဖြစ်ခဲ့တာကိုး ။



သေချာတာကတော့ အဲဒီ သမဂ္ဂကြီး ဖေါက်ခွဲခြင်းမခံရမီ ရက်ပိုင်းတွေမှာ ရန်ကုန်တက္ကသိုလ်တစ်ဝိုက်လုံခြုံရေးတာဝန်ယူနေတဲ့ရဲဘော်လေးတွေကိုရော စစ်တပ်ထိပ်တန်းအရာရှိတွေကိုရော ကျောင်းသားတွေက ဆဲသံမိုးမွှန်နေတယ် ၊ နောက်ပြီး ၃ ယောက်ပေါင်းလို့မှ ၇ တန်းမအောင်တဲ့ကောင်တွေဆိုပြီး ခံပြင်းအောင်ပြောနေဆိုနေသံတွေဟာ ပွက်ပွက်ညံနေတယ် ၊ ဒီတော့ လုံခြုံရေးအရရှင်းလင်းဘို့ပစ်မိန့်လဲပေးလိုက်ရော တစ်ဘက်က တုန့်ပြန်မှုဟာ လိုအပ်တာထက်ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ် ။



ဒီအရေးမှာ ကျောင်းသား ၁၅ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိတယ်လို့ အစိုးရက ကြေငြာခဲ့တယ်ကျောင်းသားတွေဘက်ကတော့ ကျောင်းသား ၁၀၀ ကျော်ရှိတယ်လို့ဆိုတယ်၊ဘာပဲဖြစ်ဖြစ် ကျောင်းသားသမဂ္ဂကြီးတစ်ခုလုံး မြေပေါ် ပုံသွားအောင် ဖေါက်ခွဲဖျက်ဆီးပစ်လိုက်တဲ့ အထိ ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့တဲ့အတွက်တော့ အစိုးရရဲ့ကိုင်တွယ်ပုံကို ကန့်ကွက်ရမှာပါဘဲ ။

ဒီနေ့အချိန် မြန်မာ့နိုင်ငံရေးမှာ ကျောင်းသားအမည်ခံထားတဲ့ အဖွဲ့တွေအတော်များတယ် ၊ အစိုးရသစ်လက်ထက်မှာ ဒီအဖွဲ့တွေကို ထောင်တွေကနေလွှတ်ပေး ၊ နည်းအမျိုးမျိုးနဲ့ရပ်တည်လှုပ်ရှားခွင့်ပေးပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်းနေချိန်ဖြစ်တယ် ။

အစိုးရဘက်ကလည်း ဒီလိုရပ်တည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ဥပဒေဘောင်ထဲကနေ လှုပ်ရှားတာအသားကျလာအောင် ဆောင်ရွက်ပေးဘို့တာဝန်ရှိတယ် ၊ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုလုပ်တိုင်း ဖမ်းဆီးထောင်ချလုပ်နေရင် တစ်သက်လုံး ဒီသံသရာကလွတ်မှာမဟုတ်တော့ဘူး ၊ ဒီတော့ကြိုတင်ဟန့်တားတဲ့အနေနဲ့ ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို လှုပ်ရှားမှုတစ်ခုခုလုပ်ပြီး ဥပဒေဖေါက်ဖျက်တော့မယ့်အရေးမြင်ရင်  ခဏ ခေါ်ထိန်းမယ် ကောင်းကောင်းမွန်မွန်ထားမယ် ၊ လူကြီးလူကောင်းလိုဆက်ဆံမယ် သတ်မှတ်ကာလတစ်ခုရောက်ရင် ဒါမှမဟုတ်  ၊ သတ်မှတ်ရက်ကျော်လွန်သွားရင် ပြန်ပြီးကြည်ကြည်သာသာလွှတ်ပေးမယ် ၊ ဒီလိုနည်းနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်မယ် ။

ကျောင်းသားအဖွဲ့အစည်းတွေဘက်ကလည်း ကျောင်းသားအမည်ခံ အဖွဲ့တွေဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆိုင်တဲ့ အဓိကရနေ့တွေမှ မလှုပ်ရှားရင် သူတို့ရပ်တည်နေတာဟာ အဓိပ္ပါယ်မဲ့ဖြစ်သွားမယ် ၊ ဒီလိုလှုပ်ရှားမှုလေးတောင်မလုပ်နိုင်ဘူးလားဆိုတာ မျိုးအဖြစ်ခံမှာမဟုတ်ဘူး မရရအောင်လုပ်မှာပဲ ၊ ဒါကိုလည်းမှန်တယ်လို့ပြောရမှာပါပဲ ။

ဒီတော့ဒီနေ့ဖြစ်နေတဲ့ ဆဲဗင်းဇူလိုင်ကိစ္စမှာ အစိုးရဘက်ကရော ၊ ကျောင်းသားအဖွဲ့အစည်းတွေဘက်ကရော နှစ်ဘက်လုံးမှန်နေတာပါဘဲ ၊ ဒါပေမယ့် တခါတလေမှာ အမှန်အမှန်ခြင်းဖြစ်တဲ့ပဋိပက္ခဟာ ပိုပြီးပြင်းထန်တတ်တယ် ၊ ဒီတော့ နှစ်ဘက်ခေါင်းဆောင်တွေ ပါးနပ်ဘို့လိုတယ် ၊ ကိုင်တွယ်ပုံမှန်ဘို့လိုသလို တုန့်ပြန်တာလည်း မှန်မှဖြစ်မယ် ။

 မြန်မာ့နိုင်ငံရေး အပြောင်းအလည်း နောက်ပြန်မလှည့်ဘို့အရေး ရတက်မအေးလို့ ဒီဆောင်းပါးလေးရေးလိုက်တယ် ။

ဒေါက်တာဆိတ်ဖွား