xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သမ္မတဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လတ်တလောမြန်မာ့နိုင်ငံရေး

Tuesday, July 10, 2012

သမ္မတဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လတ်တလောမြန်မာ့နိုင်ငံရေး

ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ထိလွယ်ရှလွယ်သော အခြေအနေဟု၎င်း ၊ နူးညံ့သိမ်မွေ့သော အခြေအနေဟု၎င်း ၊ နောက်ပြန်လှည့်နိုင်သောအခြေအနေဟု၎င်း ၊ ဒီမိုကရေစီစံနစ်သို့ဦးတည်သော ခြေလှမ်းများ အစပျိုးသည့်အခြေအနေဟု၎င်း ၊ အပြောင်းအလည်း၏ အစကနဦးအခြေအနေဟု၎င်း အမျိုးမျိုးဆိုကြလေသည် ၊ ဆိုကြသည့်အတိုင်းလည်း မှန်သည်ဟုသာ ပြောရမည့် အခြေအနေမျိုးဖြစ်ပါသည်၊ မည်သို့ပင် အမည်တပ်စေကာမူ အချိန်ကာလ တစ်နှစ်ကျော်ကာလအတွင်း ထူးထူးခြားခြားဆိုသလို အကောင်းဘက်သို့ အရွေ့တစ်ခု ဖြစ်ပေါ်နေသည်မှာကား မငြင်းနိုင်သည့်အခြေအနေဖြစ်သည် ။

မျက်မှောက်ကာလမြန်မာ့နိုင်ငံရေးတွင် ရုရှား တရုတ် ဦးဆောင်သော အရှေ့အုပ်စုနှင့် တောက်လျောက်ဆိုသလို ဆက်ဆံရေးကောင်းမွန်ခဲ့သည့် ယခင်စစ်အစိုးရ၏ အဆက်ဟု ဆိုကဆိုနိုင်သော သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့နှင့် အမေရိကန်အစိုးရဦးဆောင်သော အနောက်အုပ်စုက ထောက်ခံသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည်  အဓိက အားပြိုင်နေသော နိုင်ငံရေးအင်အားစုကြီး နှစ်စုဖြစ်သည် ၊ အမှန်စင်စစ် ထိုအုပ်စုနှစ်ခု၏ အားပြိုင်မှုသည် မြန်မာ့နိုင်ငံရေးအားပြိုင်မှုသက်သက်သာမက အရှေ့အုပ်စုနှင့် အနောက်အုပ်စု၏ အားပြိုင်နေမှုဟု ဆိုလိုကလည်းဆိုနိုင်လေသည် ။

ကမ္ဘာပေါ်တွင်အချို့သောနိုင်ငံများသည် အနောက်အုပ်စုဘက်သို့၎င်း ၊ အချို့သည် အရှေ့အုပ်စုဘက်သို့၎င်း သိသိသာသာ ယိမ်းကာ နိုင်ငံရေးအရ ရပ်တည်ကြရလေသည် ၊ မြန်မာနိုင်ငံသည်လည်းလွတ်လပ်ရေးရပြီးနောက်ပိုင်း အချိန်လေးပုံ သုံးပုံခန့်သည် အရှေ့ဘက်သို့ ယိမ်းကာ ရပ်တည်ခဲ့လေသည် ၊ ထိုသို့ရပ်တည်ခဲ့သော်လည်း တိုင်းပြည်အခြေအနေသည် အခြားဒေသတွင်းနိုင်ငံများနည်းတူ တိုးတက်မလာပဲ သိသိသာသာ ဆိုသလို နောက်ကျကျန်ခဲ့သည်မှာ အထူးပြောစရာလိုမည်မထင်ပါ ၊ ဤသို့ဆိုလျှင် ယခုသမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် အနောက်ဘက်ကို ယိမ်းလိုက်မည်လော ၊ ထိုသို့လည်းမဖြစ်နိုင်ပါခြေ ၊ မြန်မာနိုင်ငံသည် ပထ၀ီအနေအထားအရ အရှေ့အုပ်စု အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နမိတ်ရှည်လျှားစွာထိစပ်နေသည်မဟုတ်ပါလော ။

ထိုသို့သောအခြေအနေများအရ မြန်မာနိုင်ငံသည် အရှေ့အုပ်စုနှင့်၎င်း ၊ အနောက်အုပ်စုနိုင်ငံများနှင့်လည်းကောင်း သမမျှတသော ဆက်ဆံရေးထူထောင်ထားရန်လိုအပ်နေသည်မှာ အထင်အရှားဖြစ်သည် ၊လက်ရှိအစိုးရသည် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရေး ၊ တိုင်းပြည်စီးပွားရေး ဦးမော့လာစေရေး ၊ global friends ဖြစ်ရေးတို့အတွက် ထိုအုပ်စုနှစ်စုလုံးက အငြိုအငြင်မပျက် ထောက်ခံအားပေးရန် ကိစ္စမှာ လွယ်လှသည်တော့မဟုတ်ပေ၊ ထိုသို့သောအခြေအနေကြောင့်လည်း ထိလွယ်ရှလွယ်သော အခြေအနေဟု၎င်း ၊ နူးညံ့သိမ်မွေ့သော အခြေအနေဟု၎င်း ကင်ပွန်းတပ်နေကြခြင်းဖြစ်လေသည် ။

လက်ရှိအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ တစ်သားတည်းပူးပေါင်းကာ  စိတ်တူကိုယ်တူ ဆောင်ရွက်မည်ဆိုပါက အစိုးရသည် အနောက်အုပ်စုဘက်သို့ယိမ်းလေပြီဟု တစ်ဘက်အုပ်စုကအထင်ရောက်မည်ဖြစ်လေသည် ၊ ထို့နည်းတူ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလှုပ်ရှားခွင့်မပေးပဲ ဆောင်ရွက်ပြန်လျှင်လည်း အစိုးရသည် ပုံမပြောင်း ယခင်စစ်အစိုးရကဲ့သို့သာ ဖြစ်သည်ဟု အနောက်အုပ်စုက အထင်ရောက်မည်သာဖြစ်လေသည် ၊ ထိုအခြေအနေ နှစ်ခုလုံးသည် တိုင်းပြည်အနာဂါတ်အတွက်မကောင်းလှပါ ။

ထိုသို့သော အစွန်းနှစ်ဘက်ကိုကျော်လွှားနိုင်ရန်အတွက် ၊ ခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် တစ်ဦးနှင့်တစ်ဦးအားပြိုင်နေသည့်အသွင် ၊ ပဋိပက္ခအသွင်ဆောင်ရင်း တိုင်းပြည်ကို ရှေ့သို့ ရောက်အောင် သတိကြီးကြီး ဆောင်ရွက်နေကြသည်ဟု အပြုသဘောရှုမြင်ရမည့် အချိန်အခါလည်းဖြစ်ပေသည် ။


ဥပမာဆိုရသော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အနောက် ဥရောပနိုင်ငံများသို့ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် သွားရောက်ခွင့်ပြုကာ အနောက်ဥရောပနိုင်ငံများနှင့်အပြုသဘော ဆက်ဆံရေးကဏ္ဍသစ် ထူထောင်ရေးဆောင်ရွက်ခဲ့သည် ထိုဒေါ်အောင်ဆန်းစုကြည်ခရီး တစ်လျှောက်တွင် government body မှ အဆင့်မြင့်တာဝန်ရှိသူများလည်း တစ်ပါတည်းဆိုသလို ပါသွားကြောင်းသတိထားကြည့်လျှင်တွေ့နိုင်ပါသည် ။ ဤသည်ကိုလည်း အရှေ့အုပ်စုက သတိကြီးကြီးစောင့်ကြည့်နေခဲ့ကြောင်း တရုတ်အစိုးရအာဘော်သတင်းစာတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်အုပ်စုနှင့် ဆက်ဆံရေး အလျှင်စလိုပြောင်းလဲမှုအပေါ် စိုးရိမ်မိကြောင်း ပေါ်ပေါ်တင်တင် ဖေါ်ပြချက်က သိသာစေ၏ ။အစိုးရသည်အနောက်အုပ်စုဘက်သို့အလေးသာသွားလေမလား စောင့်ကြည့်နေခဲ့၏ ထိုအချိန်တွင် မြန်မာအစိုးရသတင်းစာများ မီဒီယာများက ထိုခရီးစဉ်ကို အသိအမှတ်မပြုသလိုနေပြခြင်းဖြင့် အရှေ့အုပ်စု၏ အထင်ကို တွေဝေစေခဲ့သည် ၊ စဉ်းစားရခက်သွားစေခဲ့လေသည် ။

မကြာမီ နိုင်ငံအတွင်းသို့ ၀င်ရောက်လာမည့် ရင်းနှီးမြှုတ်နှံမှုများကိုလည်း အလားတူပင် အရှေ့အုပ်စုကုမ္ပဏီများနှင့် အနောက်အုပ်စု ကုမ္ပဏီများကို အစိုးရအနေဖြင့် အားပြိုင်မှုသဘော နေရာချထားခြင်းဖြင့် နိုင်ငံရေးအရပါ ကြားနေသည့်အသွင်ဆောင်နိုင်ရေး သတိကြီးကြီး ဆောင်ရွက်နေရပေရာ ပြည်သူများအနေဖြင့်လည်း ထိုအခြေအနေကို သဘောပေါက်ရန် အထူးလိုအပ်လှပေသည် ၊ တကမ္ဘာလုံး Made in China ဖြစ်နေသောခေတ်တွင် တရုတ်ကို ဆန့်ကျင်၍လည်း လက်တွေ့တွင် မဖြစ် ၊ တရုတ်နဲ့ချည်းပဲလည်းမရ ဆိုသော အခြေအနေမျိုးကို နားလည်သဘောပေါက်ရန် လိုအပ်လှပါသည် ။

ပြည်တွင်းပြည်ပရှိ နိုင်ငံကိုချစ်ကြကုန်သော ပြည်သူများအနေဖြင့်လည်း အစိုးရ၏အုပ်စု ၊ ဒေါ်အောင်ဆန်းစုကြည်၏ အုပ်စုဟူ၍ကွဲပြားကာ အချင်းချင်း စိတ်ဝမ်းကွဲမနေကြပဲ ခေါင်းဆောင်နှစ်ဦး၏ သတိကြီးကြီး ဦးဆောင်ဦးရွက်ပြုနေမှုနောက်သို့ ပါးပါးနပ်နပ်လိုက်ပါရမည့်အခြေအနေမျိုးဖြစ်ပါကြောင်း လေးလေးစားစား တင်ပြအပ်ပါသည် ။


ဒေါက်တာဆိတ်ဖွား