( အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ လွှတ်တော်၏သဘောထား လွှတ်တော်၏လုပ်ဆောင်ချက်တို့ကို ယခင်ကလည်းဘ၀င်မကျပါ ခုလည်းဘ၀င်မကျပါ လုပ်ဆောင်ခဲ့သမျှကိုလည်းမှန်သည်ဟုမထင်ပါ အမှန်ပြောရလျှင် အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ လွှတ်တော်၏ ဆောင်ရွက်ချက်များ ၊ ဆုံးဖြတ်ချက်များကိုကြည့်ပြီးသည့်အချိန်မှစ၍ လွှတ်တော်ဟူသော အဖွဲ့အစည်းကိုလည်း မလေးစားတော့ပါ အောက်ဖေါ်ပြပါ ဦးရဲထွန်း၏သဘောသည် ကျွန်ုပ်၏သဘောနှင့်ထပ်တူဖြစ်ပါသည် ။
ဒေါက်တာဆိတ်ဖွား )
၂၀၁၂ခုနှစ်၊ နိုဝင်္ဘာလ (၁၅) ရက်နေ့က၊ ပြည်သူ့လွှတ်တော် ၁၃ ရက်နေ့မြောက်အစည်း အဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး
ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို အတည်ပြုခဲ့ရာ၊ ထိုဥပဒေ ကြမ်းပါ
ပြင်ဆင်ချက်တစ်ရပ်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများကို
မတ်တတ်ရပ်စေ၍မဲခွဲခဲ့ရာတွင် တပ်မ တော်သား ကိုယ်စားလှယ်များနှင့်အတူ
သဘောမတူကြောင်း ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အရပ်သားကိုယ်စား လှယ်
နှစ်ဦးရှိခဲ့ရာ နှစ်ဦးစလုံးမှာ ကျားဖြူပါတီခေါ်
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ
ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များဖြစ်ကြပါသည်။ တစ်ဦးမှာ
နမ့်ခမ်းမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းကျော်အုန်း ဖြစ်၍ နောက်တစ်ဦးမှာ
သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျနော်ဦးရဲထွန်းဖြစ်ပါသည်။
ထိုနေ့ကတင်ပြသည့် ဥပဒေကြမ်းကို၊ အမျိုးသားလွှတ်တော်တွင်စတင်
တင်သွင်းခြင်းဖြစ်ပြီး ရေးဆွဲ တင်သွင်းသူ မှာ အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ
ဦးမြငြိမ်းဖြစ်ပါသည်။ ဦးမြငြိမ်း၏ တင်သွင်းချက်အပေါ် အမျိုး သားလွှတ်တော်က
မည်သည့်ပြင်ဆင်မျှမပြုလုပ်နိုင်ဘဲ ပြည်သူ့လွှတ်တော်သို့ပေးပို့လိုက်ခြင်းဖြစ်ပါသည်။
ကျနော်အနေဖြင့် မည်သည့်အတွက်ကြောင့်ကန့်ကွက်မှုပြုလုပ်ရသည်ကို ပြည်သူလူထုသိရှိနိုင်စေရန်နှင့် ဗဟုသုတပွါးများစေရန်ရည်ရွယ်လျက် ရှင်းလင်းပြလိုပါသည်။
ထိုပြင်ဆင်ချက်နှင့်ပတ်သက်၍ ပြည်သူလူထုကသိရှိလေ့လာအကြံပြုနိုင်ရန်အတွက်ဟုဆိုကာ
(၁၄- ၁၁ -၂၀၁၂) ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့ပါသည်။
ထိုသို့ပြည်သူလူထုနှင့် ဥပဒေနားလယ် တတ်ကျွမ်းသူများထံမှအကြံညဏ်များရယူလိုသည့် သဘောဖြင့် သတင်းစာတွင်ထည့်သွင်းခြင်းမှာအလွန် ကောင်းမွန်သောလုပ်ဆောင်ချက်ဖြစ်၍ ဝမ်းသာစရာဖြစ်ပါသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော်တွင်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခွင့် ၊ ပြင်ဆင်ချက်အဆိုတင်သွင်းခွင့်များမရလိုက်ပါ။
ကျနော့်အနေဖြင့် ဦးမြငြိမ်းတင်ပြသည့် ဥပဒေမူကြမ်းတွင်ပါရှိသည့် ပုဒ်မ
၁၂ ၊ ပုဒ်မခွဲ (ဈ) “ မိမိတို့၏ လုပ်ငန်းတာဝန်များ
ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ မိမိတို့အားရွေးချယ်သည့် သက်ဆိုင်ရာ
နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ သို့မဟုတ်
အမျိုးသားလွှတ်တော်ဥက္ကဌထံသို့ အသီးသီးအစီရင်ခံခြင်း” ဆိုသည့်
အပိုဒ်ဖြည့်စွက်ခြင်းကို၎င်း၊
အမှတ်စဉ် ၃။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေတွင်
ပုဒ်မ ၂၃ ကို ပုဒ်မ ၂၄ အဖြစ် လည်းကောင်း၊ ပုဒ်မ ၂၄ ကိုပုဒ်မ၂၃
အဖြစ်လည်းကောင်း ပြန်လည်အမှတ်စဉ်ရမည်။ ထိုသို့ပြန်လည်အမှတ် စဉ်သည့်ပုဒ်မ ၂၄
ကိုအောက်ပါအတိုင်းအစားထိုးရမည်-
“၂၄။ ပုဒ်မ ၂၃ အရချမှတ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။”
ဆိုသည့် အပိုဒ်များကို ဘဝင်မကျပါ။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဈ) ဖြည့်စွက်ခြင်း၏ အဓိပ္ပါယ်သက်ရောက်မှုမှာ
ခုံရုံးအဖွဲ့ဝင်ဖြစ်သွားပြီးသည့်နောက်ဥပဒေအရပေးအပ်သည့် မိမိတို့တာဝန်တွေကိုကျေပြွန်စွာ
ထမ်း ဆောင်ရုံဖြင့်မပြီး မိမိကို သူကောင်းပြုခဲ့သည့်
သမ္မတနှင့်လွှတ်တော်ဥက္ကဌများကို လုပ်ဆောင်ပြီးချက်များ အား သီးသီး
ပြန်အစီရင်ခံနေရမည်ဟုဆိုသဖြင့် ခုံရုံးအဖွဲ့အတွင်း ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂနကို
တရားဝင်တည်ရှိခွင့် ပေးလိုက်သကဲ့သို့ဖြစ်သွားစေပါသည်။
အမှန်မှာ ခုံရုံးအဖွဲ့သည် နှောင်ကြိုးကင်းသော လွတ်လပ်သည့် တရားစီရင်
ရေးအဖွဲ့မုချဖြစ်မှသာလျှင် လွှတ်တော်တွင်းပြောပြောနေသော တရားစီရင်ရေးစနစ်
အကတိတရား ကင်းစင်ရေးဆိုသည်ကို လွှတ်တော်က စံပြလိုက်နာကျင့်သုံးပြခြင်းမည်ပေလိမ့်မည်။ အရေးကြီးသည့်အချက် မှာ ခုံရုံးအဖွဲ့ဝင်များက မိမိကိုခန့်အပ်ရန်အဆိုပြုလိုက်သော Boss များအပေါ်သစ္စာစောင့်သိခြင်းမဟုတ်ဘဲ၊ မိမိ တို့ကိုပေးအပ်ထားသည့်တာဝန်ကို အဂတိတရားကင်းရှင်းကျေပြွန်စွာထမ်းဆောင်နိုင်ရေးအတွက် ခုံရုံးအဖွဲ့အ တွင်းအပြည့်အဝ ဒီမိုကရေစီကျင့်စဉ်ကျင့်သုံးရန်ပင်ဖြစ်ပါသည်။
၎င်းတို့ထမ်းဆောင်ခဲ့သောတာဝန်များနှင့်ပတ်သက်လျှင် “ခုံရုံး အဖွဲ့အနေဖြင့် ပြည်ထောင်စု အစိုးရနှင့်ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး
လွှတ် တော်များအားလုံးကို အကြောင်းကြားသဝဏ်လွှာပေးပို့ရမည်” ဆိုလျှင်
ပိုမိုသင့်တော်ပေသည်။ အကယ်၍ ဆွေး နွေးခွင့် ရမည်ဆိုပါက
ထိုစကားလုံးများဖြင့် အစားထိုးပြင်ဆင်ရန်ကျနော်ကအဆိုပြုမည်ဖြစ်ပေသည်။
ဒုတိယအချက် ဖြစ်သော မူလခုံရုံးဆိုင်ရာဥပဒေပုဒ်မ ၂၃ ကို ၂၄ ဖြင့်
အထက်အောက်ပြောင်းပြန် လှန်လိုက်ပြီး၊ ပုဒ်မ ၂၄ ဖြစ်သွားသောမူလပုဒ်မ ၂၃
ပါစာသား- “ခုံရုံး၏ဆုံးဖြတ်ချက်သည်အပြီးအပြတ်အ တည် ဖြစ်သည်။” ဆိုသည်ကို
“၂၄ ။ ပုဒ်မ ၂၃ အရချမှတ်သော ခုံရုံး၏ဆုံးဖြတ်ချက်သည်အပြီးအပြတ်ဖြစ်စေရမည်။”
ဆိုသည့်အပိုဒ်ဖြင့် အစားထိုးလိုက်ခြင်းအားဖြင့် ဆိုလိုချက်မှာ ပုဒ်မ ၂၃ ပါ
အမှု အခင်းကိစ္စများသာလျှင် ခုံရုံး၏ဆုံးဖြတ်ချက်သည်
အပြီးအပြတ်ဖြစ်မည်ဖြစ်ပြီး အခြားသောတာဝန်ထမ်းဆောင်ဆုံးဖြတ်ချက်များမှာ အပြီးအပြတ်ဖြစ်မည်မဟုတ် တော့ပေ။
မူလက ပုဒ်မ ၂၄ ဖြစ်ခဲ့ပြီး၊ ယခုပြင်ဆင်ချက်ဥပဒေအရ ပုဒ်မ ၂၃ ဖြစ်လာမည့်စာသားမှာ-
“ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဆ)အရ တရားရုံးတစ်ရုံးက တင်သွင်းသော
အကြောင်းကိစ္စနှင့်စပ်လျဉ်း၍ ချမှတ်သော ခုံရုံး၏ဆုံးဖြတ်ချက်သည်
အမှုအားလုံးနှင့်သက်ဆိုင်စေရမည်။” ဟူ၍ဖြစ်ပါသည်။ သို့ဖြစ်ရာ ပုဒ်မ ၁၂၏ ပုဒ်မ ခွဲ(ဆ)က မည်သည့်ကိစ္စများကိုရည်ညွှန်းထားသနည်းဆိုသည်ကိုသိရှိရန် ထိုပုဒ်မကိုပြန်ကြည့်ရပြန်ပါသည်။ ထိုအပိုဒ်(ဆ)တွင်ဆိုထားသည်မှာ-
(ဆ) တရားရုံးတစ်ရုံးက စစ်ဆေးဆဲအမှုနှင့် စပ်လျဉ်း၍
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၃ နှင့်ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြလာသည့်
အငြင်းပွါးမှုကို အဆုံးအဖြတ်ပေးခြင်း။ ဟုဆိုထားပြန်ရာ- ထိုဥပဒေပုဒ်မ
နှစ်ခုကို ထပ်မံကြည့်ရှုရန်လိုအပ်လာပြန်ပါသည်။
၃၂၃။ တရားရုံးတစ်ရုံးသည် အမှုတစ်ခုကိုစစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါပြဌာန်းချက်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်မှုရှိ-မရှိ။ ညီညွတ်မှုရှိ-မရှိ၊ အငြင်းပွါးမှုပေါ်ပေါက်ပါက ထိုအငြင်းပွါးမှုနှင့်စပ် လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိ သေးလျှင် အဆိုပါတရားရုံးသည်အမှုစစ်ဆေးစီရင်ခြင်းကိုရပ်ဆိုင်းထားပြီး မိမိ၏စီရင်ချက်ကိုသတ်မှတ်ထား သည့်နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့တင်ပြ၍အဆုံးအဖြတ်ရယူရမည်။ ယင်းအငြင်းပွါးမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည်အမှုအားလုံး နှင့်သက်ဆိုင်စေရမည်။ ဟုဆိုထားပါသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၁၇ တွင် ဖေါ်ပြပါရှိသောစာသားများမှာ-
၁၇။ တရားရုံးတစ်ရုံးသည် အမှုတစ်ခုကိုစစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါပြဌာန်းချက်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်မှုရှိ-မရှိ။ ညီညွတ်မှုရှိ-မရှိ၊ အငြင်းပွါးမှုပေါ်ပေါက်ပါက ထိုအငြင်းပွါးမှုနှင့်စပ် လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိ သေးလျှင် အဆိုပါတရားရုံးသည်အမှုစစ်ဆေးစီရင်ခြင်းကိုရပ်ဆိုင်းထားပြီး
မိမိ၏သဘောထားနှင့်အတူ ပြည် ထောင်စုတရားသူကြီးချုပ်ထံ ဆောလျင်စွာတင်ပြရမည်။
ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆိုပါတင် ပြချက်ကို မိမိသဘောထားနှင့်အတူ
ခုံရုံးသို့တင်သွင်းရမည်။ ဟုဖြစ်ပါသည်။
သို့ဖြစ် ရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ နောက်ဆုံးအဆင့်ဆုံးဖြတ်ခွင့်သြဇာအာဏာသက်ရောက်မှု အဝန်းအဝိုင်းမှာ များစွာကျဉ်းမြောင်း သွားသည်ကိုတွေ့ရပေသည်။ ခုံရုံးကိုမူလကပေးအပ်ထားသည့်တာဝန်
များမှ ပုဒ်မ ၁၂ (က)မှ(စ) အထိနှင့် (ဇ)ပါ တာဝန်များဖြစ်ကြသည့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက် အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊
လွှတ်တော်အသီးသီးကပြဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ညီညွတ် ခြင်းရှိ-မရှိစိစစ် ခြင်း။ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊
ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်မှုခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင် ရာအာဏာပိုင်များ၏ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိ-မရှိစီစစ်ခြင်း။ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအသီးသီးတို့ အကြားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွါးမှုများကိုဆုံးဖြတ်ခြင်း၊ စသည့်စသည့်ပေးအပ်ထားသည့် တာဝန်(၈)ရပ်အနက်မှ တာဝန်(၇) ရပ်ကို စီရင်ဆုံးဖြတ်ရာတွင်နောက်ဆုံးအဆုံးအဖြတ်စီရင်ပိုင်ခွင့် အာဏာရှိ တော့မည်မဟုတ်ပါ။ ထိုသို့ဖြစ်နေပါက အနာဂါတ်ကာလကျနော်တို့နိုင်ငံမှာ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်စွမ်း မရှိသော ဒိုင်လူကြီးတစ်ဦးကွပ်ကဲ သည့်ဘောလုံးပွဲတစ်ပွဲကဲ့သို့ အထိန်းအကွပ်မဲ့ကာဗရမ်းဗတာဖြစ်မှုများတိုး ပွါးလာပေလိမ့်မည်။
သို့ဖြစ်လျှင် မည်သည့်အဖွဲ့အစည်းက နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရာ အဖွဲ့အစည်းဖြစ်သည်ဆိုသည်ကို ရှင်းလင်းစွာဖေါ်ပြထားရန်သင့်ပေရာ၊ ထိုသို့ဖေါ်ပြထားမှုလည်းမရှိပြန်ပါချေ။ သို့ဖြစ်ရာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ပြဌာန်းထားသည့် ခုံရုံး ဆုံးဖြတ်ချက်သည်အပြီးအပြတ်အတည်ဖြစ်သည်ဆိုသော
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့်လည်းညီညွတ် မှု မရှိတော့ပါချေ။
သို့ဖြစ်ရာ ယခုတင်သွင်းလာသော နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာခုံရုံး ပြင်ဆင် သည့်ဥပဒေကြမ်းမှာ
အမေရိကန်ကွန်ဂရက်အတွင်းဥပဒေပြုရေး လုပ်ငန်းစဉ်များအရဆိုလျှင် floor ဟုခေါ်သောစုံညီအစည်းအဝေးများသို့ပင်ရောက်နိုင်စရာအကြောင်းမရှိဘဲ ကော်မတီအဆင့်တွင်ပင်ပယ်ချခြင်း ခံရမည်မှာမြေကြီးလက်ခတ်မလွဲဖြစ်ပါပေသည်။
ရဲထွန်း(သီပေါ)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ