xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဧရာဝတီမှသည်............

Sunday, October 2, 2011

ဧရာဝတီမှသည်............

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက စလို့ ပြည်သူတွေ အတွင်းမှာ ဝေဖန် ဆန့်ကျင်မှုတွေ ပြင်းထန် လာခဲ့ပါတယ်။ အခုတော့ အစိုးရ သက်တမ်း ခြောက်လ ပြည့်တဲ့နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေ စိတ်ချမ်းမြေ့စေဖို့ အတွက် သူ့အစိုးရ သက်တမ်း ကာလမှာ မြစ်ဆုံဆည်ကို တည်ဆောက်ခြင်း မပြုစေဘဲ ရပ်ဆိုင်းထားပါ့မယ် ဆိုတဲ့ သတင်းကောင်းကို ပေးခဲ့ပါပြီ။ ဒီသတင်းအပေါ် ပြည်သူလူထုက၊ နိုင်ငံရေး၊ စီးပွားရေး၊ စာနယ်ဇင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ကဏ္ဍ အသီးသီးက ထင်ရှားသူများက ကြိုဆိုခဲ့ကြသလို သမ္မတသစ် အပေါ် ထောက်ခံမှုလည်း ပေးခဲ့ကြပါတယ်။ ဒါပေမယ့် မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ခြင်းဟာ မြစ်ဆုံ ဆည်ဆောက်ဖို့ ဆုံးဖြတ် ခဲ့သလိုပဲ ရိုက်ခတ်မှု ကြီးမားပါလိမ့်မယ်။ အဲဒီထဲက ဘာတွေက အကောင်းဘက်ကို ဦးတည်ပြီး ဘာတွေက စိန်ခေါ်မှုအဖြစ် ပေါ်လာမလဲ စဉ်းစား ကြည့်ရအောင်

အစိုးရအဖွဲ့အပေါ်ယုံကြည်မှု
ဦးသိန်းစိန်ကို လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့ အချိန်မှာ အနားယူ သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကနေ ဆက်ပြီး ကြိုးကိုင် ထားဦးမှာပဲလို့ လူအများက ယူဆကြတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုတွေက ပိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတယ်။
 
ဒါပေမယ့် သမ္မတရာထူး လက်ခံပြီးနောက် လွှတ်တော်ကို ပြောတဲ့ မိန့်ခွန်းနဲ့ အစိုးရအဖွဲ့ဝင်များကို ပြောတဲ့ မိန့်ခွန်းနှစ်ခုဟာ ပြည်သူတွေကို သာမက နိုင်ငံတကာမှာပါ မျှော်လင့်ချက်အချို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ အစိုးရသစ် တာဝန် စယူပြီးနောက် လုပ်ဆောင်ချက်များကြောင့် တစ်ဖြေးဖြေးနဲ့ အကောင်း မြင်သူတွေ ပိုများလာတယ်လို့ ဆိုနိုင်ပါတယ်။ မြစ်ဆုံဆည်ကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ် လိုက်ချိန်မှာတော့ လူတွေ မပြောင်းပေမယ့် စနစ် တကယ် ပြောင်းသွားခဲ့ပြီလို့ ယုံကြည်သူတွေ ပိုများလာပြီ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ကိစ္စလို ဖြေရှင်းစရာ ကိစ္စတွေ ကျန်နေသေးပေမယ့် လွှတ်တော်က လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ဖို့ သမ္မတကို မေတ္တာ ရပ်ခံခဲ့တာ၊ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်မှာ နိုင်ငံတော် သမ္မတက လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် ဆောင်ရွက်နေတဲ့ ကိစ္စကို ညွှန်းထားတော့ ဒီကိစ္စဟာလည်း မကြာခင် အဖြေ ထွက်လာမယ့် သဘော ဖြစ်ပါတယ်။ ဒီကိစ္စသာ အကောင်အထည် ပေါ်လာပြီဆိုရင် အစိုးရသစ် အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ပိုလာမှာ အသေအချာ ဖြစ်ပါတယ်။
 
လွှတ်တော်အပေါ် ယုံကြည်မှု
ပထမအကြိမ် လွှတ်တော် အစည်းအဝေးဟာ ကန့်သတ်မှု၊ ချုပ်ချယ်မှုတွေ များလွန်းတဲ့ အတွက် လွှတ်တော် အဆင့်ဆင့် အပေါ် လူထုက ယုံကြည်မှု မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထဲက အချို့ အကဲခတ်များနဲ့ လွှတ်တော် ကိုယ်စားလှယ် အချို့က ပထမအကြိမ် လွှတ်တော်ဟာ နအဖ အစိုးရက လမ်းပြမြေပုံရဲ့ နောက်ဆုံးအဆင့် အဖြစ် သူတို့ကိုယ်တိုင် ကြီးကြပ် ကျင်းပတာ ဖြစ်တဲ့အတွက် ဒီလို ကန့်သတ်ချက်တွေ ရှိနေတာ ဖြစ်တယ်။ နောက်တစ်ကြိမ် လွှတ်တော် ခေါ်တဲ့အခါ စောင့်ကြည့်ပါ၊ အဲဒီ လွှတ်တော်သာလျှင် အခြေခံဥပဒေနဲ့ အညီ လွှတ်တော် ဥက္ကဌများက တာဝန်ယူပြီး ကျင်းပမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ အခု ဒုတိယအကြိမ် လွှတ်တော် ကျင်းပတဲ့ အချိန်မှာတော့ ပိုပြီး လွတ်လပ် ပွင့်လင်းလာ၊ ပြောဆို ရဲလာတာကို တွေ့ရသလို တပ်မတော်သား အမတ်တွေ ဘက်မှာလည်း အစိုးရ ၀န်ကြီးတွေ တင်တဲ့ ဥပဒေကြမ်းတွေ အပေါ် ပြင်ဆင်ချက်တွေ တင်တာ၊ ဦးသိန်းညွန့် တင်သွင်းတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို ထောက်ခံ ဆွေးနွေး မဲပေးခဲ့တာတွေ လုပ်လာတာ အားလုံး တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

 
အဓိက အရေးကြီးဆုံးကတော့ လူထုရဲ့ နေ့စဉ်ဘ၀နဲ့ ထိစပ်နေတဲ့၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့လည်း ဆက်စပ်နေတဲ့ ရပ်ရွာ အုပ်ချုပ်ရေးမှူး ဥပဒေကြမ်း၊ အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ဥပဒေကြမ်း၊ လယ်ယာမြေ ဥပဒေကြမ်းနဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော် ဆန္ဒပြခွင့် ဥပဒေကြမ်းများကို ဆွေးနွေးကြ၊ အတည်ပြုကြ လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းတွေကို အတည်ပြုတဲ့ နေရာမှာလည်း တစ်ပါတီခေတ်တုံးကလို အစိုးရအဖွဲ့က တင်သမျှ ချက်ခြင်း အတည်ပြုတဲ့ တံဆိပ်တုံး လွှတ်တော် မဟုတ်ဘဲ ဥပဒေကြမ်း ကော်မတီရဲ့ သုံးသပ် ပြင်ဆင်ချက်များ၊ လွှတ်တော် ကိုယ်စားလှယ်များက ထပ်မံ အဆိုပြုချက်များ၊ အဲဒီ အဆိုပြုချက်များကို မဲခွဲ အတည်ပြုမှုများ စသည်ဖြင့် ဒီမိုကရေစီ လွှတ်တော် တစ်ခုရဲ့ အင်္ဂါရပ်များနဲ့ အတော်လေး ကိုက်ညီ လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
 
လမ်းကြောင်းမှန်
အထက်က ယုံကြည်မှုနှစ်ခုကို ဘာ့ကြောင့် အဓိကထား ပြောနေရသလဲ ဆိုရင် ဒီဖြစ်ပေါ် တိုးတက်မှု နှစ်ခုကြောင့် လူထု အနေနဲ့၊ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းများ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိနေပေမယ့် လုံးဝ ထွက်ပေါက် ပိတ်နေတာ မဟုတ်ဘူး၊ ဒီအခြေခံ ဥပဒေဘောင်ထဲကနေ အပြောင်းအလဲဆီကို ဦးတည် သွားမယ့် လုပ်ဆောင်မှုတွေကို လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုတွေ တိုးပွား လာစေတာကြောင့်ပဲ ဖြစ်ပါတယ်။
 
နောက်ပြီး ဒီဖြစ်ပေါ် တိုးတက်မှုတွေကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကွယ်ကနေ ဆက်ပြီး ကြိုးကိုင် နေသေးတယ် ဆိုတဲ့ အယူအဆတွေလည်း ပျောက်ကွယ် သွားပြီလို့ ဆိုရပါတယ်။ ဘာလို့လည်း ဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဒေါ်အောင်ဆန်းစုကြည် နံမည်တောင် မကြားချင်သူ၊ သဘောထား တင်းမာသူလို့ သတ်မှတ်မယ် ဆိုရင် ဒီအပြောင်း အလဲတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူပြောခဲ့သလို တကယ်ပဲ အနားယူသွားပြီ ဆိုတာ သက်သေ ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအယူအဆကို လက်မခံဘဲ နောက်ကွယ်က ရှိနေသေးတယ်လို့ ဆက်ပြီး ယူဆမယ် ဆိုရင်လည်း သူကိုယ်တိုင် ကြိုးကိုင်ပြီး အပြောင်းအလဲတွေ လုပ်နေတာ ဖြစ်လို့ ကြိုဆိုဖို့ပဲ ရှိပါတယ်။
 
အခုလို လူတွေအနေနဲ့ ထွက်ပေါက် ပိတ်နေတယ်လို့ မခံစားရဘူး ဆိုရင် အာရပ်နွေဦးပုံစံ၊ အရောင် တော်လှန်ရေးပုံစံ လှုပ်ရှားမှုတွေ ဖြစ်လာဖို့ မရှိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အာရပ်နွေဦးပုံစံ အပြောင်းအလဲမျိုး ဖြစ်လာမယ်လို့ မယုံကြည်ဘူးလို့ ဆိုထားပါတယ်။ ဒီတော့ အားလုံးဟာ အပြောင်းအလဲများကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု ပုံစံနဲ့သွားဖို့ ယုံကြည်မှု ပိုရှိလာတယ် ဆိုရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံအတွက် လမ်းကြောင်းမှန်ပေါ် ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ သမ္မတကလည်း အခြေခံဥပဒေကို မပြောင်းရဘူးလို့ မပြောဘဲ ပြောင်းနိုင်ပါတယ်။ ပြောင်းဖို့ အတွက် ရွေးကောက်ပွဲကတဆင့် လုပ်ပိုင်ခွင့် အာဏာကို ရယူပြီး အခြေခံဥပဒေနဲ့ အညီ လုပ်ကြပါလို့ ပြောထားပြီး ဖြစ်ပါတယ်။
 
ဒါတွေက လက်ရှိ အခြေအနေ အပေါ် အကောင်းမြင်မှု၊ အခွင့်အလမ်း အဖြစ် ရှုမြင်မှုများပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ အားလုံး ကောင်းပါသည် ခင်ဗျားလို့ ပြောလို့ မရသေးဘဲ စိန်ခေါ်မှုများလည်း ရှိနေပါသေးတယ်။
 
သဘောမတူသူများ
ဘယ်ကိစ္စမဆို သဘောမတူတဲ့ သူတော့ ရှိမှာပဲ။ မြတ်စွာဘုရားရှင်တောင်မှာ ဆန့်ကျင်သူနဲ့ ကြုံရသေးတာကိုး။ ဒါပေမယ့် အဲဒီ မတူကွဲပြားမှုကို ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ နည်းလမ်းကပဲ အရေးကြီးပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား တူညီတဲ့ နေရာတွေကနေ စပြီး လက်တွဲ ဆောင်ရွက်မယ် ဆိုတဲ့ လုပ်ငန်း၊ သမ္မတသစ်ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ်များ အပေါ်မှာ အမြင် မတူနိုင်သူတွေ အများကြီး ရှိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အသစ်များ အကြောင်း ပို့စ်တစ်ခု တင်ခဲ့ပြီး ဖြစ်လို့ ထပ်မပြော လိုတော့ပါဘူး။ သို့သော် အခု သမ္မတ ဦးသိန်းစိန် လုပ်ဆောင် နေတဲ့ စီးပွားရေး မူဝါဒသစ်များ၊ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းမှု၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်များ အတွင်း ရွှေတူးခွင့် လိုင်စင်များကို ထပ်ပြီး သက်တမ်း တိုးမပေးတော့ဘူး ဆိုတဲ့ ဆုံးဖြတ်မှု စတဲ့ လုပ်ရပ်များကြောင့် ကြီးမားတဲ့ အကျိုးစီးပွား ထိခိုက်ခံလိုက် ရတဲ့သူတွေ အများကြီး ရှိမှာ သေချာပါတယ်။
 
ဒီလိုလူတွေအတွက် လက်ရှိအခြေအနေတွေကို ကမောက်ကမဖြစ်သွားအောင်လုပ်ဖို့ အလွယ်ဆုံးနည်းလမ်းကတော့ ပြည်တွင်းမှာ ဆူဆူပူပူတွေ ဖြစ်အောင်၊ အခြေအနေတွေ ထိန်းမနိုင် သိမ်းမရဖြစ်အောင် လုပ်ပေးတဲ့နည်းပဲ ဖြစ်မှာပါ။ ဒီမိုကရေစီ အစိုးရဖြစ်လာရင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ပေးရမှာပဲ။ ဒါကို ရင်ဆိုင်ရမှာပဲ။ သို့သော် ဆန္ဒကို ထုတ်ဖော် ပြသချင်တယ် ဆိုတဲ့သူတွေ ဘက်ကလည်း သတိပြုဖို့က ဒီမိုကရေစီ နိုင်ငံများမှာ ဆန္ဒပြတယ် ဆိုတာ မိမိတို့ ဆန္ဒကို အစိုးရက သတိထားမိအောင်၊ အသိအမှတ် ပြုအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ အစိုးရ ပြုတ်ကျအောင် လုပ်တာ မဟုတ်ဘူး၊ အစိုးရကို မကြိုက်ရင် ရွေးကောက်ပွဲ နည်းနဲ့ပဲ ဖယ်ရှားတယ် ဆိုတဲ့အချက်ပါပဲ။
 
အခု လွှတ်တော် အစည်းအဝေးမှာ အလုပ်သမား အခွင့်အရေးများနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်း၊ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းများကို ဆွေးနွေးနေပါပြီ။ လွှတ်တော်က အတည်ပြုပြီးရင် ၁၄ ရက်အတွင်း သမ္မတက လက်မှတ် ရေးထိုး အတည်ပြုရမှာ ဖြစ်ပါတယ်။ လက်မှတ် မထိုးရင်လည်း အလိုအလျောက် အတည် ဖြစ်ပါတယ်။ ဒီဥပဒေများဟာ စိတ်ကြိုက် ဖြစ်ချင်မှ ဖြစ်မယ်၊ သို့သော် မြန်မာ့သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ဆန္ဒပြခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးများကို ကျင့်သုံးနိုင်ဖို့ အတွက် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်တာ ဖြစ်ပါတယ်။ ဖဆပလ ခေတ်ကလည်း အဲဒါနဲ့ ပတ်သက်ပြီး သီးခြား ဥပဒေ မရှိခဲ့ပါဘူး။ (မှားရင်လည်း ပြင်ပေးကြပါ)
 
ဒီတော့ မိမိတို့ရဲ့ ဆန္ဒများကို ထုတ်ဖော် ပြသတဲ့အခါမှာ အခု ပေါ်ထွက်လာတဲ့ ဥပဒေများနဲ့အညီ လုပ်ဆောင်တာဟာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလို မလုပ်ဘူးဆိုရင် ကြားက အမှောင့် ပယောဂတွေကြောင့် အားလုံးရှုပ်ထွေး ကုန်နိုင်ပါတယ်။ တကယ်တော့ အခု မြစ်ဆုံကိစ္စဆိုရင် ဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ကြေညာချက်များ၊ ပြပွဲများ၊ မီဒီယာများ၊ လွှတ်တော် ကိုယ်စားလှယ်များ ဆိုတဲ့ နည်းလမ်းများက တဆင့် ပြည်သူ့ သဘောထားကို ဖော်ပြနိုင် ခဲ့တဲ့အတွက် ထီးလိုမင်းလို အဖြေ ထွက်ခဲ့ရတာပါ။
 
တကယ်တော့ အခုအချိန်မှာ မိမိတို့ဆန္ဒများကို အေးအေး ချမ်းချမ်းနဲ့ ဖော်ပြနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ပွင့်နေပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလို သိမ်မွေ့နူးညံ့တဲ့ အကူးအပြောင်း ကာလ၊ အနှောင့် အယှက်တွေ ရှိလာနိုင်တဲ့ အချိန်မျိုးမှာ လှုပ်ရှားမှု တိုင်းဟာ ရေရှည်ကြည့်ပြီး ဆောင်ရွက်ဖို့ လိုပြီ၊ စုစည်းတဲ့ ခေါင်းဆောင်မှု အောက်က လုပ်ဖို့လိုပြီလို့ သတိပေး နှိုးဆော်ခြင်းပါတယ်။
 
တရုတ်နိုင်ငံရဲ့ တုန့်ပြန်မှု
တရုတ်ဘက်ကတော့ သက်ဆိုင်ရာ နိုင်ငံအနေနဲ့ တရုတ် ကုမ္ပဏီများရဲ့ ဥပဒေအရ အခွင့်အရေးများကို ကာကွယ် ပေးရမယ်လို့ ပြောပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဆွေးနွေးမယ်လို့ လေသံပစ်နေပါပြီ။ ဒီကိစ္စမှာ မြန်မာနိုင်ငံရဲ့ အခက်အခဲကို နားလည်ပြီး ဖြေရှင်းမလား၊ ဒါမှမဟုတ် တစ်ခြားနည်းများနဲ့ ပညာ ပြန်ပေးမှာလား ဆိုတာတော့ သတိထား စောင့်ကြည့် ရပါလိမ့်မယ်။
သာမန်အမြင်နဲ့ တွက်ရင်တော့ မြစ်ဆုံထက် ပိုပြီး မဟာဗျူဟာ တန်ဖိုးကြီးတဲ့ ရေနံနဲ့ သဘာဝ ပိုက်လိုင်း စီမံကိန်းတွေ ရှိနေတဲ့အတွက် သိပ်ပြီး ပြင်းပြင်း ထန်ထန်တော့ လုပ်မှာ မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။ သို့သော် မြစ်ဆုံကိစ္စကို လျှော့ပေး လိုက်ရင် ကျန်တဲ့ စီမံကိန်းတွေပါ ပြည်တွင်းက ဖိအားတွေကြောင့် ပျက်ကုန်လိမ့်မယ် ဆိုပြီး တင်းတင်း မာမာလည်း လုပ်လာနိုင်ပါတယ်။
 
တရုတ်ဟာ မြန်မာရဲ့ အဓိက ကုန်သွယ်ဘက် ဖြစ်သလို အာဆီယံရဲ့ အဓိက ကုန်သွယ်ဘက်လည်း ဖြစ်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရာမှာ နိုင်ငံအတွက် နစ်နာစေမယ့် ကိစ္စတွေ မဖြစ်အောင် တားဖို့လိုသလို မိမိအတွက် အကျိုးရှိမယ့် အခြေအနေတွေလည်း လက်မလွတ်ဖို့ လိုပါတယ်။ တရုတ်ပစ္စည်းတွေ သပိတ်မှောက်ကြ၊ တရုတ် စီမံကိန်းတွေ အကုန် ရပ်လိုက်ကြ ဆိုတာမျိုးဟာ နားထောင်လို့ ကောင်းပေမယ့် လက်ရှိ အချိန်မှာ လက်တွေ့ ကျပါ့မလား ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ (ကို) စစ်အောင် FB မှာ ဆွေးနွေးထားတဲ့ ၆၇ တရုတ်-မြန်မာ အရေးအခင်း အပြီး မြန်မာနိုင်ငံ အရှေ့မြောက်ဘက် ဒေသမှာ နေ့ချင်းညချင်း ဗကပတပ်တွေ ပေါ်လာတဲ့ ဖြစ်စဉ်ဟာ သတိပြုသင့်တဲ့ အချက်ပါပဲ။ ဒီလို မလုပ်တောင် စီးပွားရေးအရ နည်းမျိုးစုံနဲ့ ညစ်လို့ ရပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကို ပိတ်ဆို့မှု အောက်မှာပဲ ရှိသေးတယ် ဆိုတဲ့ အချက်ကလည်း မကြိုက်ရင်တောင် မေ့ထားလို့ မရတဲ့ကိစ္စ ဖြစ်ပါတယ်။ အာဖရိက နိုင်ငံတစ်နိုင်ငံက ဒီလို စီမံကိန်းတစ်ခုကို ပယ်ဖျက် လိုက်တာနဲ့ ကျွန်တော်တို့ နိုင်ငံလို နယ်နမိတ်ချင်းလည်း ထိစပ်၊ ပြည်တွင်းမှာလည်း ပြဿနာစုံရှိ၊ ညီညွတ်ရေး အားနည်းနေတဲ့ နိုင်ငံတစ်နိုင်ငံက ပယ်ဖျက်လိုက်တာ ရင်ဆိုင်ရမယ့် အခြေအနေခြင်း မတူပါဘူး။
 
တရုတ်အကြောင်း စဉ်းစားတိုင်း သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံစီမံကိန်း ကိစ္စကို ဆုံးဖြတ်တဲ့ နေရာမှာ ဘယ်လောက် ခက်ခဲမယ် ဆိုတာကို မှန်းဆနိုင်ပါတယ်။ နောက်ထပ် ဆက်လုပ်ရမယ့် သိမ်မွေ့တဲ့ အပိုင်းတွေ အများကြီး ကျန်ဦးမှာ သေချာပါတယ်။ အဲဒီ လုပ်ငန်းများမှာလည်း သမ္မတကြီးဘက်က ပြည်သူတွေ ရပ်ပေးဖို့ လိုပါလိမ့်ဦးမယ်။
 
ဧရာဝတီမှသည် -
မြစ်ဆုံဟာ အစိုးရနဲ့ ပြည်သူကြား ဆက်ဆံရေးကို နွေးထွေး စေခဲ့ပါပြီ။ မြစ်ဆုံဟာ လူထုကို ယုံကြည်မှု ပိုရှိစေခဲ့ပါပြီ။ မြစ်ဆုံဟာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ပူးပေါင်း ဆောင်ရွက်မှု၊ အပြန်အလှန် ယုံကြည်မှုကို ပိုကောင်း စေခဲ့ပါပြီ။ မြစ်ဆုံဟာ အစိုးရရဲ့ ပြောင်းလဲလာမှုကို နိုင်ငံတကာက ပိုမို ယုံကြည် လာစေခဲ့ပါပြီ။ မိခင် ဧရာဝတီက ခေတ်သစ် မြန်မာ့ နိုင်ငံရေးမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်အောင် ပို့ဆောင်ခဲ့ပါပြီ။ ဒီအခြေအနေ ကောင်းတွေကို ကာကွယ် စောင့်ရှောက်ပြီး ရှေ့ခရီးဆက်ဖို့ အတွက် အားလုံးမှာ တာဝန် ရှိလာခဲ့ပါပြီ။ ညီညီ ညွတ်ညွတ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်သွားကြမယ် ဆိုရင်တော့ အနာဂတ် အတွက် ရင်အေးရမှာပါ။

ပိတောက်မြေ