xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Sunday, August 5, 2012

Goodbye မြန်မာပြည်

ဟိုးအရင်ခေတ်အဆက်ဆက်ကလည်း အစိုးရသတင်းစာတွေက ရေးချင်တာရေးနေ တာကိုပဲ ပြည်သူတွေက ဖတ်ချင်သည် ဖြစ်စေ မဖတ်ချင်သည် ဖြစ်စေ ဖတ်ခဲ့ရတယ် ၊ ခုသမ္မတကြီး ဦးသိန်းစိန် လက်ထက်ရောက်တော့ လည်းမီဒီယာလွတ်လပ်ခွင့် အထိုက်လျောက်ဆိုသလိုရလာလို့ ပြည်သူတွေ အသိပညာ ဗဟုသုတ တိုးမလားအောင့်မေ့ပါတယ် ဂျာနယ်တွေ ရေးချင်တာ ရေးချင်သလိုရေးနေတာကို ဖတ်နေရတာပါဘဲ၊ အစွန်းတစ်ဘက်ကနေ နောက်ထပ်အစွန်းတစ်ဘက်ကိုရောက်သွားတာကလွဲလို့ ဘာမှထူးမလာပါဘူး ။

ဟိုးအရင်ခေတ်အဆက်ဆက်က နယ်စပ်တလျောက်မှာ လက်နက်ကိုင် တော်လှန်မှုတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်ကို ခုသမ္မတကြီး လက်ထက်မှာ ငြိမ်းချမ်းရေးတွေဘာတွေရလို့ အေးအေးချမ်းချမ်းနေရမလားအောင့်မေ့ပါတယ် အတွင်းမှာ အချင်းချင်းကွဲလိုက်ကြ ပြဲလိုက်ကြ ဆန္ဒတွေပြလိုက်ကြ ၊ ဆန္ဒတွေထုတ်ဖေါ်လိုက်ကြ ၊ သတ်လိုက်ကြ ဖြတ်လိုက်ကြ ၊ မီးတွေရှို့လိုက်ကြ ၊ လူမှုကွန်ယက်တွေမှာ ငြင်းလိုက်ကြ ခုန်လိုက်ကြ ၊  ဆဲလိုက်ဆိုလိုက်ကြ တွေဟာ တစ်နေ့ထက်တစ်နေ့ ပိုတိုးတိုးလာတာပဲ တွေ့နေရပါတယ် ။

မြန်မာတွေ စည်းလုံးပြီး ကမ္ဘာမှာ မြန်မာဟေ့လို့ ဖြစ်လာမလားဆိုပြီး မျှော်လင့်နေခဲ့တာကြာပါပြီ ... ဖွံ့ဖြိုးပြီး တိုင်းပြည်တွေက လူ့အဖွဲ့အစည်းတွေလို ဖြစ်လာလေမလား မျှော်လင့်ခဲ့တာလည်းကြာပါပြီ ခုတော့ဘာမှဖြစ်မလာပဲ တနေ့ထက်တနေ့ ပိုပို ဆိုးလာတာပဲတွေ့ရပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သွားသတိရမိတယ်...


" အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊ " တဲ့ဗျာ... မှန်လိုက်တာဆရာကြီးရယ်...

 ပြောရမယ်ဆိုရင် အရိပ်လို နေပူကစောင့်ဆိုလို့ စောင့်နေခဲ့တာကြာပါပြီ နေလောင်တာပဲ အဖတ်တင်ပါတယ် ၊ ဆိတ်ဖွားကတော့ ဒီနေ့ ဒီလိုပြောင်းပြီးစဉ်းစားလိုက်တယ် အရိပ်လို နေပူကစောင့်မနေတော့ဘူး ... ကြာတယ်... ရိပ်တဲ့နေရာမှာပဲ သွားနေလိုက်တော့မယ် ....

Goodbye မြန်မာပြည်

ဒေါက်တာဆိတ်ဖွား

Tuesday, July 31, 2012

သည်းခံတာ အတိုင်းအတာရှိကြကြေးဆိုပါရင်

 
ဒီနေ့ သတင်းတွေမှာ The Voice Weekly နဲ့ Envoy ဂျာနယ်တွေအပိတ်ခံရတဲ့အကြောင်း သတင်းတွေ ဖတ်ရပါတယ် သာမန်အားဖြင့် ဒီလိုပိတ်တာကို ဆိတ်ဖွားလဲမကြိုက်ပါဘူး ဘာလို့လဲဆိုတော့ ဒီဂျာနယ်တွေဟာ လွတ်လွတ်လပ်လပ် နီးပါးလောက် ရေးခွင့်ရလာတာမကြာသေးလို့ပါဘဲ ၊ ဒီလိုမကြာသေးတော့ အကြောင်းအရာတစ်ခုပေါ်မှာ ရှုမြင်ပုံချင်းမတူဘူး  တစ်ဘက်ကအမှန်ထင်တာကို တစ်ဘက်က အမှားထင်နေမယ် ဒီတော့ညှိနှိုင်းဆောင်ရွက် ရမဲ့အချိန်လို့ထင်ပါတယ် ဒီလိုအချိန်မှာ အပိတ်ခံရတယ်ဆိုတာမျိုးက တစ်ဘက်နဲ့ တစ်ဘက် ကြားမှာ ပဋိက္ခအသွင်ဆောင်လာရာကနေ တိုက်ကြခိုက်ကြ ဆိုမကောင်းဘူးပေါ့ ဒီတော့ ပြေပြေလည်လည်နဲ့ ပြီးကြစေချင် အသားကျသွားစေချင်ပါတယ် ။


ဘာလို့အပိတ်ခံရတာလည်းလို့မေးကြည့်တော့  "၀န်ကြီးငါးဦး အပြောင်းအလဲ ကိစ္စသတင်း " ကြောင့်လို့သိရပါတယ် ၊ စာပေစိစစ်ရေးဘက်ကို မေးကြည့်တော့ ဒီသတင်းမထည့်ဘို့ သက်ဆိုင်ရာဂျာနယ်တိုက်အသီသီးကို ကြိုတင်အကြောင်းကြားထားပါတယ်လို့ ဆိုပါတယ် ၊  ဒီလိုအကြောင်းကြားထားပါရက်နဲ့ မျက်နှာဖုံးမှာတင်ပြီး ထုတ်ခဲ့တဲ့အတွက် အရေးယူတာပါလို့ ပြောပါတယ် ။


ဒီလိုအရေးယူခဲ့တဲ့အတွက် သက်ဆိုင်ရာဂျာနယ်တွေက တာဝန်ရှိသူတွေဟာ စာပေစီစစ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို  ပြည်ပအသံလွှင့်ဌာနတွေ အပါအ၀င် လူမှုကွန်ယက်တွေကနေတစ်ဆင့် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပါတယ် ၊ တချို့အယ်ဒီတာတွေ သတင်းထောက်တွေဆိုရင် သူတို့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွေကနေ ပြောင်ပြောင်တင်းတင်းပဲ ဆဲဆို စိန်ခေါ်နေတာကိုတွေ့ရပါတယ် ၊ ဒီအထဲမှာပါတဲ့စကားရပ်တစ်ခုက " သည်းခံတာ အတိုင်းအတာတစ်ခုပဲရှိတယ်ကွ " ဆိုတဲ့စကားဖြစ်တယ်၊ ဒီစကားကို ကျုပ်ဘ၀င်မကျပါဘူး ။


အစိုးရသစ်လက်ထက်မှာ ခုထုတ်နေတဲ့သတင်းဂျာနယ်တွေကနေ အစိုးရကိုချည်းပဲ ဆော်နေတာတွေ့ပါတယ် ၊ပြည်သူ့အသံအကြောင်းပြ ၊ လွတ်လပ်စွာပြောဆိုခွင့်အကြောင်းပြ ၊ စတုတ္ထမဏ္ဍိုင်အကြောင်းပြနဲ့ သူတို့ကချည်း အစိုးရနဲ့ တာဝန်ရှိသူတွေကို ဆော်နေတာတွေ့ပါတယ် ၊  တစ်ချို့မထိတထိရေးတယ် ၊ ဆော်တယ်  ၊ တချို့ ပေါ်ပေါ်တင်တင်ဆော်တယ် ၊ အစိုးရက ဆော်ရတယ်လို့ကို မတွေ့ပါဘူး ပြောရရင် အသွင်ကူးပြောင်းရေးကာလမှာ တကယ်သည်းခံနေရတာက အစိုးရပါ ၊ မောင်ရင်တို့ ဘာမှသည်းခံမနေရပါဘူး ၊ ဒီခေတ်မှာမှ စောင်ရေတွေတက်ပြီး အပတ်စဉ် သန်းနဲ့ချီပြီးဝင်ငွေတွေရနေကြတာ လူတိုင်းသိပါတယ် ဒီလိုသည်းခံမှုမျိုးကိုယ်တော့ ဆိတ်ဖွားလဲခံလိုက်ချင်ပါတယ် ။


တစ်ခါတလေ အစိုးရဘက်က တရားစွဲတာလေးတစ်ခုနှစ်ခုတွေ့ပါတယ် တရားစွဲမယ်ဆိုတိုင်း  ဒီမီဒီယာသမားတွေစုပြီး ကျီးအာသလိုဝိုင်းအာပြီး အစိုးရကို ဆော်နေကြ တိုက်ခိုက်နေကြတာတွေ့ပါတယ် ဒါဘာကိုပြနေသလည်းဆိုရင် မီဒီယာသမားတွေဟာ တရားရုံးကိုရင်မဆိုင်ချင်ဘူးဖြစ်နေပါတယ်  ၊ တရားရင်ဆိုင်ရတာကိုပဲ တစ်ဘက်က ငါတို့ကို အနိုင်ယူတယ် လို့အထင်ရောက်နေပါတယ်၊ အမှန်က ဘာမှမဆိုင်ပါဘူး တရားရုံးဆိုတာနှစ်ဘက် အပြန်အလှန် သူမှန် ကိုယ်မှန် ရင်ဆိုင်ဖြေရှင်းရတဲ့ နေရာဖြစ်ပါတယ် ၊ မှန်နေတဲ့လူအဖို့ ကိုယ်မှန်ကြောင်း အများရှေ့မှာ မှတ်ကျောက်တင်နိုင်တဲ့ နေရာဖြစ်ပါတယ် ၊ ပြောရရင် တရားစွဲလေ မှန်တဲ့သူအဖို့ ကောင်းလေလေပါဘဲ ။


ခုဖြစ်တဲ့ ၀န်ကြီးအပြောင်းအလဲသတင်း ကိစ္စကို မေးလိုက်ရင် သတင်းဂျာနယ်သမားတွေက ဘာဖြေမလဲ "ဒါသတင်းဖြစ်လို့ ဖြစ်တဲ့အကြောင်းရေးတာပဲလေ ၊ တကယ်လဲသတင်းက ဖြစ်နေတာပဲ " ဆိုပြီး ပြောမှာပါဘဲ ဘယ်ကကြားသလဲဆိုရင် ပြောတဲ့လူကိုပဲ သတင်းသမားကျင့်ဝတ်အရမဖေါ်ချင်သလိုလို စကားမျိုးတွေ ပြောမှာပါဘဲ ဒါရိုးနေပါပြီ ဒီလိုလွယ်လွယ် စကားတွေ ပြောကြမှာပါဘဲ ...


သူတို့ဒီသတင်းထည့်လိုက်တဲ့အတွက် တစ်ဘက်မှာ ပြင်းထန်တဲ့ရိုက်ခတ်မှုတွေ ဖြစ်တယ် ဆိုတာတွေးမိပုံမရဘူး ၊ တကယ်တော့ ၀န်ကြီးဌာနတစ်ခုမှာ လုပ်ပိုင်ခွင့်အရှိဆုံး အဆုံးအဖြတ် ပုဂ္ဂိုလ်ဟာ ၀န်ကြီးဖြစ်တယ် ၊ ခုလို နိုင်ငံရဲ့အခြေအနေမျိုးမှာ ပြည်ပကနေ ဘက်စုံဝင်လာနေတဲ့ စီးပွားရေးရင်းနှီးမြှုတ်နှံမှုတွေ ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ စတာစတာတွေဟာ ဒီဝန်ကြီးတွေနဲ့ လုပ်နေရတာဖြစ်တယ် ၊ တချို့လုပ်လက်စတွေ ၊ တချို့ MOU တွေဘာတွေထိုးပြီး လုပ်ငန်းအကောင်အထည်ဖေါ်ဘို့ ပြင်ဆင်လက်စတွေ ၊ တစ်ချို့ မူအားဖြင့်သဘောတူထားပြီး MOU လုပ်ဘို့အဆင့်တွေ အကုန်လုံး ယောက်ယက်ခတ်ကုန်တယ် ၊ ဒေါ်လာဘီလီယံနဲ့ချီပြီးအလုပ်လုပ်နေသူတွေဟာ ဒီအပြောင်းအလဲသတင်းကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ကုန်တယ် ၊ အစိုးရအဖွဲ့အပေါ်ယုံကြည်မှုတွေ လျော့ပါးလာတယ် ၊ စိတ် ပျက်လွယ်တဲ့သူတွေဆို စိတ်ပျက်ကုန်တယ် ၊ လာလတံ္တသော ရင်းနှီးမြှုတ်နှံသူတွေဟာ စောင့်ကြည့်တဲ့အဆင့်ကို ပြန်ရောက်သွားတယ်  ၊ ဂျာနယ် ၂ စောင်ရဲ့ အဆင်အခြင်မဲ့လုပ်ရပ်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေဟာ တနေကုန်ဖုန်းတွေ ထိုင်ဖြေနေရတယ် ၊ ရှင်းနေရတယ် ၊ ဘယ်လောက်ပဲရှင်းရှင်း ယုံကြည်မှုတော့လျော့သွားတယ် ၊ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဟုန်ကို ထိခိုက်စေတယ် ။


ဒီလို တစ်တိုင်းတစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာထိခိုက်ကုန်မှာစိုးလို့ တာဝန်ရှိသူတွေက တားတာကို ထည့်တယ်ကွာဆိုပြီးထည့်တယ် စည်းကမ်အရအရေးယူတော့ သည်းခံနေတာအတိုင်းအတာ တခုပဲရှိတယ် ဘာညာနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကြိမ်းလားမောင်းလားလုပ်တယ် ဒီတော့ ဒီလူတွေကို ပြောချင်တယ် မောင်ရင်တို့ သတ္တိရှိတယ် ဆိုတာ နိုင်ငံ့ဝန်ထမ်းတွေ အိပ်နေသလောက်ပဲရှိတယ် ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန် စမ်းလို့ရတယ် ကျုပ်ကတော့ ပြည်သူအများစုအထိအခိုက်မခံတဲ့ဘက်ကရပ်တယ် ၀န်ထမ်းတွေဘက်ကရပ်တယ် ...ဒါပဲ


ဒေါက်တာဆိတ်ဖွား

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် CNA အင်တာဗျူး


Monday, July 30, 2012

ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များက နိုင်ငံတကာသို့ ၄င်းတို့၏သဘောထားထုတ်ပြန်

ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။

နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။ 
 
  ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက် အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ်ဘာသာဝင်များ၊ အစိုးရအဖွဲ့များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
 

ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များလက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများ ဖြစ်ပါသည်။

တမိထဲမှမွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။
 

ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံ ဘာသာစုံဖြစ်သည့်အားလျှော်စွာ သဘောထားအမြင်ကျဉ်းမြောင်းသူများ - အယူသီးသူများ - တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။

မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြေရှင်းပေးသည်ဖြစ်စေ - မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည်အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာဖြစ်ပေသည်။
 

ကျွန်ုပ်တို့အချင်းချင်းဖြစ်သောပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။

ပြည်ပမှ ကျွန်ုပ်တို့၏ပြသနာများအတွင်းဝင်ရောက် စွက်ဖက်မှုများရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။
 

မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှုအမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည်။ ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိထင်ရှား ရှိနိုင်တော့မည် မဟုတ်တော့ပါ။ သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ်ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။
 

ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှုများ ဖြစ်ပွားလာပြန်ပါသည်။

ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ်သောပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါသည်။
 

နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန် မှန်ကန်စွာဖြေရှင်းမှုမရှိခြင်း၊ ပြည်တွင်းမီဒီယာများ၏ မှားယွင်းသော သတင်းတင်ပြမှုများ - စိတ်ဆန္ဒစောတင်ပြမှုများအပေါ် အခြေခံကာ ပြည်တွင်းအင်တာနက်စာမျက်နှာများပေါ်တွင် နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွား လာစေရန်ကျိုးပမ်းအားထုတ်မှုများ၊ အစ္စလာမ်ဘာသာဝင်များကိုဆဲဆိုစော်ကားမှုများ၊ ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို လိုလားသော ဗုဒ္မဘာသာဝင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင်ခဲ့ပါသည်။
 

ကျန်ရှိနေသေးသော ပြသနာများကို ဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏တာဝန်သာဖြစ်ပါသည်။

ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြသနာဖြစ်ခြင်း - နယ်စပ်မှ တရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများ ရှိနေခြင်း - တဘက်နှင့်တဘက် မဖြစ်နိုင်သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း - များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်ရှိနေခြင်း တို့ကြောင့် လည်းကောင်း ၊ နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့် ကိစ္စဖြစ်နေပါသည်။
 

နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက - နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ ငွေရေးကြေးရေးအကူအညီများ၊ နည်းပညာအကူအညီများပေးရန်သာ အကြောင်းရှိပါသည်။
 

ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား စော်ကားမော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ - ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့်ပါသည်။
 

အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ ပါကစ္စတန်နိုင်ငံအနေနှင့်လည်း မြန်မာ နိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။ တာလီဘန်အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ - မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှုလုပ်ခွင့် မရှိပါ။
 

မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်ရန်မှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိစေအပ်ပါသည်။

သို့ဖြစ်သည့်အတွက် သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ် တိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်းကောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေသော နိုင်ငံတော် လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်း အကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
 

အစ္စလာမ်သာသနာတော်၏ အဆုံးအမများနှင့် ကိုက်ညီမှုမရှိသော - နိုင်ငံတကာမှလက်မခံနိုင်သော - ပြည်ထောင်စုမြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာ မရွေး က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှားထုတ်ပြန်ခြင်း၊ သတင်းမှန်ကို ချဲ့ကားဝါဒဖြန့်ခြင်း၊ နိုင်ငံတော် - နိုင်ငံတော်အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအား စော်ကားမော်ကားပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန် လေးနက် တည်ကြည်စွာ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
 

မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့
၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်၊ တနင်္လာနေ့ ။

ကြော်ငြာ


- လတ်တလော မြေသိမ်းယာသိမ်းမှုများမှသည် ၊ အနော်ရထာမင်းလက်ထက် ပုဂံဘုရားများတည်စဉ်က သိမ်းသွားသော မြေသိမ်းမှုများအထိ သမ္မတဦးသိန်းစိန်လက်ထက်တွင် ပြန်လည်ရရှိရေး တောင်းဆိုမှုများ ဆန္ဒပြပွဲများ ဒိုင်ခံဆောင်ရွက်ပေးသည် ။

- သက်ဆိုင်ရာများထံတွင် ဆန္ဒပြခွင့်ပါမစ်ကျရေး တာဝန်ယူဆောင်ရွက်ပေးသည် ။

- ဆန္ဒပြမည့်သူမရှိလျှင် လူစုပေးသည် ။ ( လူလိုလျှင် ဒေါ်ထားအဖွဲ့ နှင့်ဆက်သွယ်ဆောင်ရွက်ပေးသည် ။)

- ဆန္ဒပြရာတွင် ကိုင်ဆောင်ရမည့် ပိုစတာများ ၊ ကြွေးကြော်သံများ ၊ လက်ကိုင်ဆိုင်းဘုတ်များ ၊ ဗီနိုင်းများ ၊ အလံ ၊ ခေါင်းစီး အသင့်ပြုလုပ်ပေးသည် ။ ( လူ ၅၀၀ အထက်ဖြစ်ပါက တီရှပ်ပါ ရိုက်ပေးသည် )

- ပိုမိုဇာတ်နာစေရန် နှင့် သတင်းပုံများတွင် လယ်သမားနှင့်တူစေရန် ပေါက်ပြား ၊ တံစဉ် ၊ လယ်သမားဆောင်း ခမောက်များ ၊ OG အကျီအဟောင်းများပါ အသင့်စီစဉ်ပေးသည် ။

-  စုရပ်နှင့် ဆန္ဒပြနေရာ ကြိုပို့ စီစဉ်ပေးမည် ။

- နွေခေါင်ခေါင် ပျိုးကြဲသည့်အခန်းရိုက်ရန် စပါးတောင်း ၂ တောင်း စီစဉ်ပေးသည် ။

- ပြည်ပအသံလွှင့်ဌာနများတွင် ဆန္ဒပြပွဲသတင်း ပါရှိရေး ဆက်သွယ်ဆောင်ရွက်ပေးသည် ။ ( ငိုသံပါနှင့် ပြောနိုင်ဆိုနိုင်သူများကို အသံပါ လွှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည် )

- ၀ါမကျွတ်မီ အလုပ်အပ်ပါက အနုပညာအလုပ်တွင် ဘာလုပ်ရမှန်းမသိ အားနေသူများကိုပါ ဖိတ်ကြားပေးမည် ။

- သင်သာ အစိုးရအားဆန္ဒပြဘို့ သေချာပါစေ ပြည်တွင်းမီဒီယာများ အလိုလိုရောက်လာပြီး အခမဲ့ သတင်းပါရေး တာဝန်ခံသည် ။

- ဗီဒီယိုမှတ်တမ်း ရိုက်ကူးလိုပါက ဒါရိုက်တာ "လေးဒေါင့်" က အခမဲ့ ရိုက်ကူးပေးနိုင်ရေး ဆက်သွယ်ပေးမည် ။

- ဆန္ဒပြပွဲကာလအတွင်း လုံခြုံရေးတပ်ဖွဲ့များနှင့် ပြသနာဖြစ်ပါက တရားပြန်စွဲနိုင်ရန် " အစိုးရနှင့်အခြားတစ်ဘက် " အကျိုးဆောင်လုပ်ငန်းမှ လွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီး ကော့ကရိတ် ကုဋေညွန့် က သင့်ဘက်မှလိုက်ပါဆောင်ရွက်ရေး တာဝန်ခံသည် ။

ဆန္ဒပြလိုသူများ ၂ ပတ်ကြိုတင် ဆက်သွယ်ကြပါ ။

ပုံ
နေမျိုးကြောင် 
ချီးခြောက်ရေနှူးခြင်းနှင့် အလုပ်မရှိ ကြောင်ရေချိုးပါတီ

( မြေသိမ်းမှုများတွင် နစ်နာသွားသောလယ်သမားများအားစာနာပါသည် ၊ လယ်သမားများဘက်မှ ရပ်တည် ဆောင်ရွက်ပေးသူများအားလည်း ကျေးဇူးတင်ရမည်သာဖြစ်ပါသည် ၊ သို့ရာတွင် မြေယာသိမ်းမှု နောက်ပိုင်းတောင်ဆို ချက်များတွင် လွန်ခဲ့သည့် နှစ် ၅၀ ခန့်က မြေသိမ်းမှုများပါ ပါဝင်လာပါသည် ၊ ဤကဲ့သို့ အလွန်အမင်းကြာမြင့်နေသောကိစ္စများကိုအကြောင်းပြု၍ လက်ရှိသမ္မတကြီးနှင့် အစိုးရအပေါ် ဖိအားပေးခြင်းသည် ကောင်းလှသည်တော့မဟုတ်ပါ ၊ဒီအတိုင်းဆို တောင်ဥက္ကလာ မြောက်ဥက္ကလာမြို့များပါပြန် ဖယ်ပေးရမလို ဖြစ်နေပါပြီ တော်ရုံ ကြောင်တာပဲကောင်းပါသည် ။ )

ဒေါက်တာဆိတ်ဖွား

Thursday, July 26, 2012

အောက်ခြေက မပြောင်းဘူးတဲ့လား ( ၂ )

မေး ။      ။ ခုဆရာပြောတာတွေကလဲ ပြင်ရဆင်ရမယ့်အရာတွေပါဘဲ ၊ ဒါတွေ ပြောင်းလာဘို့အတွက် လိုအပ်ချက်တွေ အများကြီး ဆိုတာတော့ ထားပါတော့လေ ၊ ဒါပေမယ့်တစ်ခုရှိတာက ခုဌာနဆိုင်ရာရုံးတွေကို သွားလိုက်ရင် ပြည်သူကို တန်းတူမဆက်ဆံဘူးဆရာ ၊ အာဏာပြချင်တယ် ၊ အော်ချင်ငေါက်ချင်တယ် ၊ မျက်နှာ ရှစ်ခေါက်ချိုး သူ့လုပ်စာစားနေတဲ့ပုံစံမျိုးနဲ့ ဆက်ဆံတယ် ဒါကတော့ ခုန ဆရာပြောသလို မလိုဘူးမဟုတ်လားခင်ဗျာ ချက်ချင်းပြင်လိုက်ရင် ရနိုင်တာပဲ ခုတော့မပြင်ဘူးဆရာ ဒါကို ဆရာဘယ်လိုပြောမလဲ.......။

ဒေါက်တာဆိတ်ဖွား ။      ။ (ရယ်လျှက်) မောင်ရင် အဲဒါအခက်ဆုံးပေါ့ကွာ....... ဒါပြင်ဘို့ဆိုတာက သိပ်ခက်တယ် ၊ သူက အချိန်ပိုယူရလိမ့်မယ် မထင်ရင် ဂျန်နရေးရှင်း ၂ ဆက်လောက်ကြာသွားနိုင်တယ် ၊ မင်းတို့ ကိုယ်တို့ သက်တမ်း မှာ မမီနိုင်တော့ဘူး ထင်တာပဲ ...။

မေး ။     ။ ဟာ.. မဟုတ်တာပဲဆရာရယ် ချက်ချင်းပြင်လို့ ရရမှာပေါ့ဗျာ ....။

ဒေါက်တာဆိတ်ဖွား ။      ။ ဒါက ခုနပြောခဲ့သလို mindset ကွ .....၊ ခေါက်ရိုးကျိုးနေတဲ့ မြန်မာတွေရဲ့အကျင့် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတာ သိပ်ပြင်ရခက်တယ် ၊ ဥပမာဆိုပါတော့ မြန်မာတွေ အိမ်မွေးတိရစ္ဆာန် မွေးတာကိုကြည့် ဒီအထဲမှာ သခင်ကိုတုန့်ပြန်မှုအကောင်းဆုံးဆိုတဲ့ ခွေးမွေးတာကိုပဲကြည့် ၊ အနောက်နိုင်ငံတွေမှာ ခွေးကိုဘယ်လိုမွေးလဲ မောင်ရင်လဲသိတယ် ၊ ခွေးကိုလူနဲ့တန်းတူထားတယ် ၊ ကောင်းကောင်းကျွေးတယ် ၊ကောင်းကောင်းထားတယ် ရေချိုးပေးတယ် ဖျားရင်နာရင် ဆရာဝန်နဲ့ကုပေးတယ် ၊ ခွေးနံ့မနံအောင် အမွှေးနံ့သာတွေဘာတွေ သုံးပေးတယ် ခွေးစာကိုတောင် အစာဆိုင်မှာ ခွေး ၁ လသားကနေ ၆ လသားကဘယ်အစာ ၆လက ၁ နှစ်က ဘာကျွေး ဆိုတာမျိုးထိ ရှိတယ် ၊ ပြောချင်တာက ခွေးကိုတောင် ဒီလိုဆက်ဆံတဲ့ လူ့ပတ်ဝန်းကျင်ဟာ လူအချင်းချင်းဆို ဘယ်လို စိတ်ထားမလဲ မောင်ရင်တွေးကြည့်ပေတော့ အများစုက ဒီလိုစိတ်ရှိကြတယ် ချွင်းချက်နဲနဲပါးပါးကလွဲရင် ဒီအတိုင်းပဲ ရှိတယ် ။

မြန်မာပြည်မှာတော့ ခွေးကို ဒီလိုဆက်ဆံဘို့နေနေသာသာ အိမ်ပေါ်တက်ရင်ရိုက်ချတယ် ၊ လူတွေထမင်းစားရင်ခွေးက မျက်နှာငယ်လေးနဲ့ အမြီးနံ့ပြီးစောင့်နေရတယ် ၊ ကျန်မှကျွေးတယ် ၊ ကိုယ်ကျွေးမှ စားရမယ်မှန်းသိရက်နဲ့ အကုန်စားပစ်ပြီး အရိုးပဲကျွေးတယ် ၊ဒီတော့ခွေးခမျာ ဗိုက်ဆာလို့ တွေ့တာလေးစားမိရင် ခွေးသူခိုးဆိုပြီး ရိုက်တယ် တွေ့တာနဲ့ကောက်ပေါက်တယ် နောက်ဆုံးခွေးတွေဟာ လူတွေစွန့်တဲ့ မစင်ကို စားရတဲ့အဖြစ်ရောက်သွားတယ် ၊ ခွေးဖျားရင် သြော် ... သတ္တ၀ါတခု ကံတခုပေါ့လေ ဖျားရှာပြီ ဆိုပြီး ဒီတိုင်းကြည့်နေလို့ သေသွားတဲ့ မြန်မာခွေးတွေ မရေမတွက်နိုင်တော့ဘူး ၊ တော်တော့ကိုနေနိုင်ကြတယ် ၊ အိမ်ပေါ်တက်တဲ့ လှေခါးအောက်ဆုံးထစ်ကလေးမှာ ကလေးတစ်ယောက်ယောက်ကများ ထိုင်နေမိရင် ခွေးကတစ်မှာ ထိုင်ရကောင်းလားဆိုပြီး ခလေးဖင်ကို ရိုက်တဲ့အမေတွေလဲ တပြုံကြီးရှိတယ် ကိုယ့်မြန်မာခွေးတွေ မရေမတွက်နိုင်ရှိပါရက်နဲ့  ပြည်ပကခွေးကို ဈေးကြီးပေးဝယ်ပြီး မွေးတယ် ၊ ခွေးနဲ့လမ်းလျောက်တယ် ၊ မြန်မာ ခွေးကို လက်ကဆွဲပြီးလမ်းလျှောက်တဲ့သူများ မောင်ရင်တွေ့ဘူးလား မြန်မာပြည်မှာ ခွေးဖြစ်ရတာ ခွေးဖြစ်ရှုံးတယ် ဒီထက်ရှင်းအောင်ပြောရရင် ခွေးအခွင့်အရေးချိုးဖေါက်ခံနေရတယ် ပြောချင်တာက မြန်မာတွေဟာ ကိုယ်ကကျွေးမှစားရတဲ့ခွေး ကိုယ်ပြုသမျှနုရတဲ့ခွေးလေးတွေကိုတောင် ဒီလိုဆက်ဆံရင် ကိုယ့်ဖာသာရပ်တည်နိုင်တဲ့ လူအချင်းချင်းကျတော့ ပိုဆိုးတော့တာပေါ့ကွာ ဒီအကျင့်ကြီးက ကလေးလူကြီးအကုန်စွဲနေတာကွ .... သိပ်ပြင်ရခက်တယ် ။

မေး ။     ။ ဒါကတော့ခွေးကိုး... ဆရာရယ် 

ဒေါက်တာဆိတ်ဖွား ။     ။ ခွေးမှမဟုတ်ဘူးမောင်ရင် .... လူအချင်းချင်းလဲ ဒီအကျင့်ကြီးကပါနေတယ် ၊ ဥပမာပြောရရင် အိမ်ဖေါ်လုပ်တဲ့ကလေးတွေကို အိမ်ရှင်ကဘယ်လိုဆက်ဆံလည်း ၊ လူလိုမအိပ်ရဘူး ကြမ်းပြင်လိုဟာမျိုး ၊  မီးဖိုချောင်နောက်ကအခန်းလို ဟာမျိုးမှာအိပ်ရတယ် စားတော့လဲဒီအတိုင်းပဲ အိမ်ရှင်စားပြိး အကျန်တွေစုကျွေးတယ် ၊ရုပ်ရည်ကလေးသနားကမားရှိတဲ့ အရွယ်မရောက်တရောက် အိမ်ဖေါ်ကလေးတွေကို " ဒီရုပ်မျိုးပေါ့ လင်ထောင်တယ်ဆိုတာ " " ညီးကိုဒီအတိုင်းထားလို့မဖြစ်ပါဘူးအေ အိမ်ကဟာကြီးကလည်းညီးကို မျက်နှသာပေးကပေးနဲ့ ဒီတော့ ညီး ကတုံးတုန်းရမယ် ကတုံးမတုန်းရင် အိမ်ပေါ်က ခုမြန်မြန်သာကြွပေတော့ " ဆိုလို့ အိမ်ဖေါ်လေးတွေခမျှာ ကတုံးတုံးရရှာတယ် ပြီးတော့ ဒီအတိုင်းမနေသေးဘူး " ကတုံးမ " လို့ပါခေါ်လိုက်သေးတယ် သူဒီလို နှိမ့်နှိမ့်ချချခေါ်ချင်သလိုခေါ်လိုက်တာကိုပဲ ကလေးက " ဟုတ်ကဲ့မေမေကြီး " " ဟုတ်ကဲ့မမလေး " ဆိုပြီးထူးရရှာတယ် ၊စိတ်ပျက်စရာမကောင်းဘူးလား ၊ နောက်ပြီးမနက်မိုးမလင်းခင် ထရတယ် ၊ အိမ်ရှင်အိပ်ပြီး ည ၁၁ ကျော်မှ အိပ်ရတယ် ၊ တနေ့အလုပ်ချိန်ဟာ ၁၈ နာရီလောက်ဖြစ်နေတယ် ၊ ဒီကြားထဲ သူတို့စိတ်နဲ့မတွေ့ရင် ရိုက်တယ် နှက်တယ် ၊ တွေ့တာနဲ့ ကောက်ပေါက်တယ် ၊အိမ်ဖေါ်ကလေးတွေဖျားရင် ဆရာဝန်တို့ဘာတို့မပြဘူး ဆရာမောင်ဆေးနီမှုန့်လောက်နဲ့ပဲ ကုတယ် ဒီကြားထဲ "  အမလေးတော် ကိုယ်ကအကူရမလားဆိုပြီး ခေါ်ထားပါတယ် တကထဲ ဒင်းကို ပြန်ပြုစုနေရတယ် မြန်မမြန်ပျောက်ကင်းတော်မူပါ သခင်မလေးရယ် " ဆိုပြီး ရွဲ့တာလိုလို စောင်းတာလိုလိုနဲ့ ဟိုဖျားနေတဲ့ကလေးကို စိတ်မဆင်းရဲ ဆင်းရဲအောင်လုပ်တယ် ၊အိမ်ကကလေးတွေက အိမ်ဖေါ်နဲ့ဆော့ရင် မတူတဲ့မတန်တဲ့ဟာနဲ့ ဆော့ရကောင်းလားဆိုပြီး ပိုးစိုးပက်စက်ပြောတယ် ခုန ခွေးနဲ့ ဘာထူးလဲ ၊ ဒီလိုအဆက်ဆံခံနေရတယ် ၊ တနေကုန် ၁၈ နာရီလောက်အလုပ်လုပ်နေပါလျှက် ဒီလိုဆက်ဆံခံနေရတယ် ၊ သြော်သူ့ခမျာ ပင်ပင်ပန်းပန်း လုပ်နေရရှာတာပါလား ၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေရှာတာပါလားဆိုပြီး လူရာသွင်းဆက်ဆံတဲ့သူ မရှိသလောက်ကိုရှားတယ် ၊  ခွေးနဲ့ ဘာထူးတော့လည်း ..... သိပ်ကိုရင်နာဘို့ကောင်းတယ် မောင်ရင် ...

ဒါဥပမာတစ်ခုပြောတာနော် လ္ဘက်ရည်ဆိုင်ပိုင်ရှင်နဲ့စားပွဲထိုး ၊ ကုမ္ပဏီပိုင်ရှင်နဲ့ သူ့ဝန်ထမ်း ၊ ဒရိုင်ဘာနဲ့စပယ်ယာ ၊ ၀ပ်ရှော့ဆရာနဲ့အလုပ်သမား ခြုံပြောရရင် အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးအကုန်လိုလိုမှာ ဒီအတိုင်းပဲ  နေရာအကုန်လုံးလိုလို ဒီအတိုင်းဖြစ်နေတယ် အထက်စီး အသာစီးရတဲ့သူတိုင်းလိုလိုက သူတို့အောက်ကလူတွေကို အထက်စီးကနေ ဆက်ဆံတာ ခုန မောင့်ရင့်စကားနဲ့ပြောရရင် အာဏာပြနေတာ နေရာတိုင်းလိုလို ဖြစ်နေတယ် ၊ ဒါကိုမောင်ရင်က အစိုးရ၀န်ထမ်းတွေပဲရွေးပြင်ရမယ်ဆိုတော့ ဘယ်တရားပါ့မလဲကွာ .....

မြန်မာတပြည်လုံးမှာရှိတဲ့ မြန်မာတိုင်း မြန်မာတိုင်းက ဒီနေ့ကစပြီး တက်ညီလက်ညီပြင်ကြပါမှ နောက် အနှစ် ၂၀ လောက်ကြာရင် အပြောင်းအလဲဖြစ်လာနိုင်မယ့်ကိစ္စကြီးကို တွေးပြီး စိတ်ပူနေရင် မောတာပဲရှိမယ် ... လောကကြီးဟာသူဖြစ်ချင်သလို ဖြစ်နေတယ်လို့နားလည်ထားလိုက်စမ်းပါမောင်ရင်ရာ......

 Voice Of  Myanmar

Wednesday, July 25, 2012

အောက်ခြေက မပြောင်းဘူးတဲ့လား (၁)

 

မေး ။     ။ ခုတစ်လောအပြောများနေတာက အစိုးရသစ်လက်ထက်မှာ သမ္မတကြီးနဲ့ အပေါ်ပိုင်းက အပြောင်းအလဲ လုပ်နေပေမယ့် အောက်ပိုင်းကပါမလာဘူး ၊ ခေါင်းပြောင်းတယ် ကိုယ်မပြောင်းဘူး စသည်ဖြင့်ပေါ့လေ ပြောနေကြတာတွေရှိတယ် ကျွန်တော့်အမြင်လည်း ဒီအတိုင်းပဲရှိတယ် ဒီအပေါ်ဆရာ့ရဲ့ သဘောထားလေး ပြောပေးပါဦး

ဒေါက်တာဆိတ်ဖွား ။     ။ ပြောရရင်တော့ mindset ပေါ့လေ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတဲ့ mindset ကို ပြင်ဘို့ဆိုတာ နေ့ချင်းညချင်း ဒီလို ဖြစ်လာနိုင်ဘို့မလွယ်ပါဘူး ၊ အချိန်အတော်ယူရပါ့မယ် ၊ နောက်တစ်ခုက ထိပ်ပိုင်းက ပြောင်းလဲမှုကရော အောက်က လိုက်ပြောင်းနိုင်လောက်အောင် အောက်ကိုဆင်းလာပြီလား ဆိုတာလည်း မေးခွန်းထုတ်စရာပါဘဲ ၊ ဥပမာဆိုကြပါစို့ ၀န်ကြီးတွေ ကိုယ်တိုင်ရုံးထိုင်တဲ့ ဒီရုံးတွေမှာတောင် သိသာတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး ၊ တန်းတူထား ဆက်ဆံမှုတွေ မရှိသလောက်ပါဘဲ  မိမိတာဝန်ကျေနေပါလျှက်အာက်ကလူက အထက်က လူကိုကြောက်နေရတုန်းပါဘဲ တခါ အထက်ကလူကလည်း အောက်လူက သူ့တာဝန်သူကျေနေပေမဲ့ သူ့သိသာတဲ့လေးစားမှုမျိုးနဲ့ မဆက်ဆံရင် ၊ မရိုကျိုးရင် စိတ်ကွက်ကြ  ၊ မှတ်ထားပြီး အရေးကြုံရင်ဆော်ကြ ၊ နေရမပေးပဲ ချောင်ထိုးထားကြတွေ ရှိနေတုန်းပါဘဲ   တာဝန်သိမှု တာဝန်ယူမှုတွေ ၊ အပြန်အလှန်ထိမ်းကျောင်းမှုတွေ ၊ အောက်ခြေအဆင့်ဆင့်ထိ တိကျတဲ့ အာဏာခွဲဝေမှုတွေ မတွေ့ရသေးပါဘူး တခုခုလုပ်မယ်ဆိုရင် အထက်အဆင့်ဆင့်တင်ပြနေရတုန်း အထက်ကအမိန့်လာမှ အောက်က လုပ်နေရတုန်းပါ ဒီတော့ အောက်ခြေရဲ့ သိသာတဲ့ပြောင်းလဲမှုဆိုတာ ဘယ်တွေ့ရပါ့မလည်းလေ ၊ ဒါလည်းခုန လိုပေါ့ အချိန်ယူရဦးတော့မှာပေါ့ ....။

မေး ။     ။ အဂတိ လိုက်စားမှုကရောဆရာ ၊ ဒါက တစ်ကိုယ်ရေနဲ့ပဲ ဆိုင်တယ်မဟုတ်လားခင်ဗျ 

ဒေါက်တာဆိတ်ဖွား ။     ။ ဒီလိုတော့လည်း ပြောလို့မရဘူး ဒီ အဂတိလိုက်စားတယ် ဆိုတာကလည်း မောင်ရင် ၀န်ထမ်းတစ်ယောက်ဖြစ်ဘူးမှ ထဲထဲဝင်ဝင်သိမယ် ၊ ဥပမာအနေနဲ့ ပြောရရင် အဂတိလိုက်စားမှုမှာ လူပြောသူပြောများတဲ့ ရဲတပ်ဖွဲ့ အကြောင်းလေးပြောပြမယ် ၊ ဆိုပါတော့ ပုဂံညောင်ဦးမြို့မှာရှိတဲ့ ညောင်ဦးခရိုင်ရဲစခန်းကလေးဆိုပါတော့ ၊ ဒီရဲစခန်းကလေးဟာ ညောင်ဦးလေဆိပ်အပါအ၀င် အဓိက ကျတဲ့ဘုရား ပုထိုး နေရာတော်တော်များများ  ၊ လုံခြုံရေး တာဝန်ယူထား၇တယ် ၊ တခုခုဖြစ်ရင် သူ့တာဝန် ၊ စိန်ဖူးပျောက်ရင် ၊ ရှေးဟောင်းလက်ရာတွေအဖျက်ခံရရင် သူ့တာဝန် ၊ ခရိုင်အတွင်းတရားဥပဒေစိုးမိုးရေး သူ့တာဝန် ၊ တစ်ခရိုင်လုံးမှာဖြစ်တဲ့ ထမီခိုးမှုကအစ လူသတ်မှုထိ ဖြစ်ရင်လည်းသူ့တာဝန် ၊ နိုင်ငံခြားသားဘုရားဖူးတွေ လုံခြုံရေးလဲ သူ့တာဝန် ၊ ဟိုးထိပ်ဆုံးကနေ ခရိုင်မှူးထက်ကြီးတဲ့ သောင်းခြောက်ထောင်သော လူကြီးများ လူကြီးမိသားစုများ ဘုရားဖူးအဆင်ပြေအောင်ပို့ဆောင်ပေးရေး တည်းခိုနေထိုင်စားသောက်ရေးလည်း သူ့တာဝန် ၊ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးလည်းသူ့တာဝန် ၊ ယာဉ်တန်းတွေ လမ်းကြောင်းလုံခြုံရေးလဲ သူ့တာဝန် ဒီလို ပြောရင် မဆုံးတော့ဘူး တာဝန်တွေက အများကြီး ဒီလိုတာဝန်ထမ်းဆောင်နိုင်ဘို့အတွက် နိုင်ငံတော်က ဘာပေးလည်း မောင်ရင်သိလား 

မေး ။      ။ မသိဘူးဆရာ ဆက်ပါဦး 


ဒေါက်တာဆိတ်ဖွား ။     ။ လစာကလွဲလို့ ဘာမှ မပေးဘူး ၊ ဘာဆိုဘာမှမပေးဘူး ၊ ခရိုင်မှူးမှာဂျစ်အစုတ်တစီးရှိတယ် ဆီ ၁ ဂါလံမှမပေးဘူး ၊ပြင်ဆင်စရိတ်မပေးဘူး ၊ အဲဒီ့အပြင်လဲ ဘာကားမှမရှိတော့ဘူး ကဲ မောင်ရင်ဆိုရင် ဘယ်လိုလုပ်မလဲ ၊ ဒီလောက်ကြီးတဲ့ လုံခြုံရေးယန္တယားကြီးလည်ပတ်ဘို့ တပြားမှမပေးဘူး ၊ ခုထိလည်းမပေးသေးဘူး ရဲသားလေးတွေဟာ ယူနီဖေါင်းကိုယ့်ဖာသာချုပ်ဝတ်ရတယ် ၊ ကိုယ့်ဖာသာ ချုပ်ဝတ်တာတောင်မကောင်းရင်အထက်ကဆူတယ် ၊ ပြည်သူကစုတ်ပြတ်နေတာပဲလို့အပြောခံရတယ် ၊ လုံခြုံရေးတာဝန်ကျနေရာကို ဘယ်သူမှမပို့ဘူး ကိုယ့်ဖာသာရောက်အောင်သွားရတယ် ဒီတော့ ဆိုင်ကယ်တားစီးတာတွေ ကားတားပြီးအလကားစီးတာတွေ ဖြစ်လာတယ် ၊ လုံခြုံရေးတာဝန်ကျနေရာမှာသုံးဘို့ ဆက်သွယ်ရေးစက် ထုတ်မပေးဘူး ကိုယ့်ဖာသာကိုဝယ်ကိုင်ရတယ်  ၊ဒီစက်က မရှိရင်မဖြစ်ဘူး ဒီတော့မရှိရှိအောင်လုပ်ရတယ် လစာကလည်းစားဘို့တောင်မလောက်ဘူးဆိုတော့ တရားမ၀င် လုပ်ငန်းတွေကနေ တောင်းရတဲ့အဖြစ် ရောက်သွားတယ် ၊ နောက်  လမ်းကြောင်းလိုက်ဖို့ကားမရှိဘူး ဒီတော့ ချောဆွဲရတယ် ၊ ထည့်စရာဆီမရှိဘူး တရားမ၀င်ဆီဆိုင်တွေကနေ ထည့်ရတယ် ၊  ပြောရင်ဆုံးမှာမဟုတ်ဘူး ။

ရုံးကိစ္စတွေမှာလည်းဒီအတိုင်းပဲ စတေရှင်နရီ ပေးတာက ထုတ်ရမဲ့နေရာကိုသွားမထုတ်ပဲ လမ်းစရိတ်နဲ့ဝယ်လိုက်ရင် အဲဒီထက်ပိုရတယ် ဒီတော့ ဘယ်သူမှ ဒုက္ခခံပြီး မထုတ်ချင်ဘူး ၊ ဟော.... ဒါပေမယ့်မရဘူးဗျာ မထုတ်ရင် စတေရှင်နရီဘာနဲ့သုံးလဲဆိုပြီး စာရင်းစစ်ကကန့်ကွက်တယ် ၊ ပို့လိုက်ရတဲ့ပြန်တမ်းတွေ  ၊ လုပ်လိုက်ရတဲ့အမှုတွဲတွေ ၊ တက်လိုက်ရတဲ့အစည်းအဝေးတွေ ခရီးစရိတ်မပေးဘူး  ၊ အသုံးစရိတ်မရှိဘူး ကိုယ်ပြောချင်တာက ဒီအောက်ကလူတွေ ပြောင်းအောင် ၊ ပြောင်းနိုင်အောင်ရော အထက်က အစီအမံတွေက အောက်ကိုရောက်ပြီလား ဆိုတာမေးခွန်းထုတ်စရာဖြစ်လာတယ် ။သင့်တင့်တဲ့လုပ်ခလစာတွေပေးပြီးပြီလား ၊ မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အောက်ခြေက အဂတိလိုက်စားမှုမပါဘဲ လည်ပတ်နိုင်ပြီလားဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ် ၊ ဒါကဥပမာတစ်ခုပေးတာနော် ကျန်တဲ့ဌာနဆိုင်ရာတွေမှာလည်း အလားတူကိစ္စတွေ အများကြီးရှိတယ် ။


 မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အဂတိမလိုက်စားပဲ မလည်ပတ်နိုင်သ၍ အဂတိလိုက်စားမှုဆိုတာ ဘယ်တော့မှ မပျောက်နိုင်ဘူး ၊ပြီးတော့ နောက်ဆက်တွဲအနေနဲ့ ဒီအစိုးရယန္တယား လည်ပတ်အောင်လုပ်ရာကနေ ကိုယ်ကျိုးရှာမှုတွေ ဆက်ရှိနေဦးမှာပဲလို့ပြောချင်တယ် ။


( ဒုတိယပိုင်း မနက်ဖြန် ဖေါ်ပြပါမည် )

Voice Of Myanmar

Monday, July 23, 2012

အမှန်မြင်ဘို့ ၊ ဥာဏ်ယှဉ်စို့



အရင်က လွှတ်တော်ထဲမှာ တပ်မတော်အရာရှိ လွှတ်တော်ကိုယ်စားလှယ် တွေ အိပ်နေတဲ့ပုံတွေ အင်တာနက်မှာတက်ပြီး တပ်မတော်အရာရှိ တွေကို အသုံးမကျတဲ့ကောင်တွေ ဆိုပြီး အမျိုးမျိုးပြောခဲ့ဆိုခဲ့ကြတယ် ၊ ခု နောက်ထပ် ပင်နီတိုက်ပုံဝတ် အမတ်တွေပုံ ထပ်ပြီးတက်လာတယ် ဒီလိုပဲ အိပ်နေကြတဲ့ပုံတွေပါဘဲ ဒီအခါမှာတော့ ပထမတစ်ခါလောက် အသံမထွက်လာကြတော့ဘူး ။

အဖြစ်မှန်က ဒီလိုမဟုတ်ဘူး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေဟာ မနက်ပိုင်းတစ်ပိုင်းလုံးလွှတ်တော်အစည်းဝေးတက် ၊ ပြီးတော့နေ့လည်စာသုံးဆောင် ၊ ပြီးတော့ နေ့လည်ပိုင်းအစီအစဉ်တွေမစခင်မှာ မိမိတို့ရဲ့ ထိုင်ခုံကလေးတွေမှာထိုင်ပြီး ခဏတဖြုတ်ဆိုသလို နားကြတယ် ဒီအချိန်မှာ ဓါတ်ပုံရိုက်ရင်တော့ ဒီလိုပုံတွေဟာ တစ်သက်လုံးတက်နေတော့မှာပဲ ။

တကယ့်တရားခံကတော့ နားနေချိန်မှာ နားနေတာကို လွှတ်တော်အစည်းဝေးကျင်းပနေတုန်း အိပ်ငိုက်နေသလိုလို ၊ လုံးဝအိပ်ပျော်နေသလို လုပ်တာဟာ မီဒီယာကင်မရာသမားတွေထဲမှာပါလာတဲ့ ကျင့်ဝတ်နားမလည်တဲ့ စုန်းပြူးတွေကြောင့် ဖြစ်တယ် ဒီ ငါးခုံးမ စုန်းပြူးတွေကို မဖေါ်ထုတ်ရင် မီဒီယာတစ်လှေလုံးပုတ်မယ် ဒါပါဘဲ....

နောက်တစ်ခုက ပုံတစ်ပုံတက်လာတာနဲ့ စဉ်းစားချင့်ချိန် ပြီး မှ အမှန်ဟုတ်မဟုတ် သုံးသတ်နိုင်တဲ့ ပညာ အသိဥာဏ်အခံ ရှိကြဘို့လည်း အရေးကြီးနေပါပြီ၊ ပုံတစ်ပုံတင်လိုက်တိုင်းယုံနေရင်တော့ သတင်းသမားတွေရဲ့သားကောင် ဖြစ်နေတော့မှာပါဘဲ ။

ဒေါက်တာဆိတ်ဖွား

Thursday, July 19, 2012

ဗိုလ်ချုပ်နဲ့ မတန်တဲ့တိုင်းပြည်



အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးလေးစားစား နက်နက်ရှိုင်းရှိုင်း အလေးပြုပါတယ် ၊ ဂါရ၀ပြုအပ်ပါတယ် ။

ဗိုလ်ချုပ်ကျဆုံးသွားတဲ့အတွက် တိုင်းပြည်ရဲ့ကံကြမ္မာဟာ တမျိုးတမည်ပြောင်းသွားပြီး ပြည်တွင်းသောင်းကျန်းမှုတွေ အတောမသတ်ရာကနေ စစ်အာဏာသိမ်းမှုတွေ ဖြစ်ပေါ်ပြီး တိုင်းပြည်ဟာ ဒီနေ့အခြေကိုဆိုက်ခဲ့တာဖြစ်တယ် လို့ပြောမယ်ဆိုရင် ပြောလို့ရတဲ့သမိုင်းရှိခဲ့တယ် ။

ဗိုလ်ချုပ်ကျဆုံးပြီးနောက်ပိုင်းဆက်တိုက်ဆိုသလိုပေါ်လာတဲ့ ပြည်တွင်းသောင်းကျန်းမှုဟာ ဘယ်လောက်ထိကျယ်ပြန့်လာခဲ့သလဲဆိုရင် လွတ်လပ်ရေးရပြီးစ မြန်မာ့သမိုင်းမှာ အစိုးရအာဏာသက်ရာက်မှုဟာ ရန်ကုန်မြို့ကလေးတစ်ဝိုက်လောက်သာရှိတော့တဲ့အတွက်   ရန်ကုန်အစိုးရ လို့ အများက ပျက်ရယ်ပြုခေါ်ခံခဲ့ရတဲ့အထိ အစိုးရရဲ့ အာဏာသက်ရောက်မှုဟာ ကျဉ်းမြောင်းသွားခဲ့တယ် ၊ အင်းစိန်လိုနေရာမှာမှာတိုက်ပွဲတွေဖြစ်နေတယ် ၊ မေမြို့ဟာ ရောင်စုံသူပုန်တွေလက်အောက်မှာ ၊ ဒီလို တိုင်းပြည် တစစီဖြစ်သွားမယ့်အခြေအနေကနေ ပေးဆပ်မှုတွေအများကြီး နဲ့ စွမ်းဆောင်ခဲ့ရတဲ့ စစ်တပ်ရဲ့ အရေးပါလှတဲ့အခန်းကဏ္ဍဟာ ပျောက်သလောက်ဖြစ်နေတယ် ။

ကမ္ဘာ့သမိုင်းမှာကြည့်ရင် ၁၉၄၅ ၀န်းကျင်မှာ ကိုလိုနီလက်အောက်ကျနေတဲ့ နိုင်ငံအများစုဟာ လွတ်လပ်ရေးတွေ အသီးသီးရခဲ့ကြတာကိုတွေ့ရမှာဖြစ်တယ် ၊ ဒီလိုလွတ်လပ်ရေးရတာဟာ သက်ဆိုင်ရာကိုလိုနီလက်အောက်ခံ နိုင်ငံအသီးသီးရဲ့ မျိုးချစ်ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုသက်သက်ကြောင့်တော့မဟုတ်ဘူး သက်ဆိုင်ရာ ကိုလိုနီပြုခဲ့တဲ့နယ်ချဲ့ နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးမူဝါဒ အပြောင်းအလည်းကြောင့်  ဆိုတာ သမိုင်းကိုလေ့လာသူတိုင်း မြင်သာတဲ့ အချက်ဖြစ်တယ် ။

အဲဒီတုန်းက အင်္ဂလိပ်အပါအ၀င် ကိုလိုနီပြုခဲ့တဲ့ နယ်ချဲ့နိုင်ငံကြီးတွေဟာ တိုင်းပြည်တွေကို သူတို့အစိုးရတွေကနေ တိုက်ရိုက်အုပ်ချုပ်တဲ့ စနစ်ရဲ့အားနည်းချက်တွေကို သုံးသပ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွတ်လပ်ရေးပြန်ပေး ၊ သူတို့သြဇာခံမယ့် အစိုးရတွေကိုတင်ပြီး ဒီတိုင်းပြည်တွေကို ထိန်းချုပ်ဘို့ ဆိုတဲ့ ခေတ်သစ် ကိုလိုနီပုံစံကို ပြောင်းလည်းကျင့်သုံးဘို့ ဆုံးဖြတ်လိုက်တာကြောင့် မြန်မာအပါအ၀င် နိုင်ငံတော်တော်များများဟာ တစ်ချိန်တည်းဆိုသလို လွတ်လပ်ရေးတွေ ရခဲ့ကြတာဖြစ်တယ် ။

ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး  ဗိုလ်ချုပ် အောင်ဆန်းရဲ့အကြောင်းကို အနည်းငယ်ဖေါ်ပြလိုတယ် ၊ သူဟာ ထက်မြက်တယ် ၊ မြင့်မားတဲ့အတွေးအခေါ်ရှိတယ် ၊ တစ်တိုင်းပြည်လုံးက ကလေးလူကြီးမကျန် သူ့ကို ချစ်ကြခင်ကြ လေးစားကြတယ် ၊ နောက်ပြီး မတရားတာကိုလက်ပိုက်ကြည့်မနေတတ်ဘူး ၊ မဟုတ်မခံ စိတ်ရှိသူဖြစ်တယ် ဒီမဟုတ်မခံစိတ်က သူ့ကို ပြဿနာတက်စေခဲ့တာဖြစ်တယ် ၊ လွတ်လပ်ရေးပေးမယ့် နယ်ချဲ့အစိုးရက သူ့သြဇာခံ ဖြစ်ဘို့ မူဝါဒအရ အရေးပါနေချိန်မှာ ဒီမဟုတ်မခံ နဲ့တော့ ဖြစ်မှာမဟုတ်ဘူးလို့တွေးဆခဲ့ကြတယ် ၊နောက်တစ်ခုခက်နေတာက ဒီမဟုတ်မခံကို တစ်တိုင်းပြည်လုံးက ထောက်ခံနေတယ် ၊ ဒီမဟုတ်မခံလက်ထဲမြန်မာပြည်ကိုလွှဲပေးခဲ့ရင် ဒီတိုင်းပြည်ဟာ သူတို့ရဲ့သြဇာအောက်ကလုံးဝ လွတ်ထွက်သွားမယ့်အရေးကို ကြိုမြင်ခဲ့တဲ့အတွက် လွတ်လပ်ရေးမပေးခင် ဗိုလ်ချုပ်ကိုလုပ်ကြံခဲ့တာဖြစ်တယ် ။

ဦးစောနဲ့ အဖွဲ့ကို အင်္ဂလိပ်စစ်တပ်က ရာနဲ့ချီတဲ့လက်နက်တွေ ၊ သောင်းနဲ့ချီတဲ့ကျည်ဆံတွေ ထုတ်ပေးခဲ့တာ ၊ အင်းယားကန်စောင်းမှာရှိတဲ့ ဦးစောရဲ့ အိမ်ဝင်းထဲမှာ ကျည်အစစ်တွေနဲ့ လေ့ကျင့်နေတာကို မသိချင်ယောင်ဆောင်နေတာ ၊ ဦးစောကို ထောင်ထဲမှာစစ်ဆေးနေစဉ်အတွင်း ဦးစောဆီကို အင်္ဂလိပ်သူလျှိုယောင်ဆောင်ပြီး ချဉ်းကပ်ခဲ့တဲ့ အစိုးရထောက်လှမ်းရေးကို ဦးစောကပေးလိုက်တဲ့စာ ၊ နောက် ဗြိတိသျှ နန်းရေးဝန် ကသာ တိုက်ရိုက် အမိန့်ပေးလို့ရတဲ့ ဗြိတိသျှထောက်လှမ်းရေး MI 6 ရဲ့ ပါဝင်ပတ်သက်မှု တွေကိုခြုံကြည့်လိုက်ရင် ဗြိတိသျှအစိုးရဟာ ဦးစောကိုအာဏာ မက်လုံးပေး အသုံးချပြီး ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့တယ်ဆိုတာ ထင်ရှားနေတယ် ။

ဒီတော့ ဗိုလ်ချုက်ကိုသတ်တဲ့ တရားခံအစစ်ဟာ အင်္ဂလိပ်ပဲ

ဒီလိုဗြောင်ပြောတော့ ဆိတ်ဖွားကို သမိုင်းကိုပဲသေချာနားမလည်သလိုလို ၊ ပါးနပ်တဲ့နိုင်ငံရေးအမြင်ပဲမရှိသလိုလို ၊ ကျယ်ကျယ်ပြန့်ပြန့်ပဲ မတွေးနိုင်မခေါ်နိုင်သလိုလို ပြောကြဆိုကြမယ် ၊ သိပ်ခက်တယ် ......

ကျောင်းသားသမဂ္ဂကို ဗုံးခွဲပြီး ကျောင်းသားတွေကိုနှိမ်နင်းခဲ့တဲ့အတွက် seven July နေ့ဆိုတာလုပ်ပြီး ထိုစဉ်က အစိုးရကို ဆန့်ကျင်တဲ့ ဟောပွဲပြောပွဲတွေ လုပ်ကြ ၊ မီဒီယာတွေကလည်း ချီးခြောက်ရေနှုးတွေလုပ်ကြ ထင်တိုင်းမလုပ်ရရင် လက်ရှိအစိုးရကို ဆန့်ကျင်ပြ သတ္တိတွေပြ လုပ်ကြတယ် ၊ ဒီလိုပဲ ဘုန်းမော်နေ့ ၊ တံတားနီ ၊ ရွှေဝါရောင် ၊ ဒီပဲရင်း ဆိုပြီး လုပ်လိုက်ကြ အထိမ်းအမှတ်နေ့တွေ မနည်းပါဘူး ထူးခြားတာတစ်ခုက ဒီနေ့တွေအကုန်လုံးကို ကျင်းပတဲ့အခါမှာ တကယ်သေနတ်ကိုင်ပြီး နှိမ်နင်းခဲ့ကြသူတွေကို ဘာမှမပြောကြဘူး ၊ နောက်ကွယ်က တာဝန်ရှိတဲ့အစိုးရကိုပဲ ပြောကြဆိုကြ ကန့်ကွက်ကြတယ် ၊ ဆန့်ကျင်ကြတယ် ၊ စစ်အစိုးရ ဘာဖြစ်တယ် ညာဖြစ်တယ် အာဏာရှင်တွေ ကဘယ်ကဲ့သို့ဘယ်ချမ်းသာ ... စသည်ဖြင့် ပြောတတ် ဆိုတတ်လိုက်ကြတာ ....  ဗမာ ဗမာချင်းကြတော့လေ...။

ဗိုလ်ချုပ်ကို သတ်ခဲ့တဲ့ လုပ်ကြံမှုကြီးကြတော့ သေနတ်ကိုင်ပြီးပစ်ခဲ့တဲ့ ဦးစောနဲ့အဖွဲ့ကိုပဲ အပြစ်တွေ တင်ကြတယ်  နောက်ကွယ်က သေနတ်ထုတ်ပေးတဲ့အင်္ဂလိပ်အစိုးရကြတော့ မပြောရဲ မဆိုရဲကြတော့ရှာဘူး... ၊ အင်္ဂလိပ်သတ်ပါတယ်လို့တောင် မပြောရဲကြရှာဘူး... မီဒီယာတွေကလည်း ဒီချီးခြောက်ကြတော့ သူတို့ပြန်စားရမှာကြောက်လို့ ရေမနှုးကြဘူး...........

ဗိုလ်ချုပ်ရေ..... ဗိုလ်ချုပ်ကျဆုံးသွားတာ ၆၅ နှစ်တောင်ရှိပါပြီ..... ခုထိ ဗိုလ်ချုပ်ကိုသတ်သွားတဲ့တရားခံကို သိသိကြီးနဲ့ မပြောရဲ မဆိုရဲကြသေးပါဘူး .... ပြောတဲ့သူကိုလည်း မပြောရဲတဲ့သူတွေက ၀ိုင်းကိုက်ကြတယ် ဒီလိုတိုင်းပြည်အတွက် ဒီလူမျိုးအတွက် အသက်ပေးရတာ မတန်လိုက်တာဗျာ.......

ဗိုလ်ချုပ်ကို ဆိတ်ဖွား အလေးပြုပါတယ် .... ကျန်တဲ့သူတွေလို ဟန်ဆောင်ပြီး ကလီကမာပြုတာမဟုတ်ဘူးဗျာ..... ဗိုလ်ချုပ်ဘက်က မခံချင်စိတ်တွေနဲ့ ကျွန်တော် အံကြိတ်ပြီး မျက်ရည်တွေနဲ့အလေးပြုလိုက်ပါတယ်........ဗိုလ်ချုပ်လို စိတ်ထား ကြီးမြတ်သူဟာ ကောင်းရာဘုံဘ၀ကို ရောက်နေမှာပါဘဲ .. အကယ်၍ လူများပြန်ဖြစ်ခဲ့ရင်လည်း ဒီတိုင်းပြည်မှာ လာမဖြစ်ပါနဲ့တော့ဗျာ ... မျက်နှာ ပူလွန်းလို့ပါ ဘယ့်နှယ့်ဗျာ ကိုယ့်ခေါင်းဆောင်ကို သတ်တဲ့သူတောင် မပြောရဲကြဘူး ..... ဗိုလ်ချုပ်လို ကြီးမြတ်သူ စွန့်လွှတ်အနစ်နာခံသူတွေနဲ့ မတန်တဲ့တိုင်းပြည်ပါ.....


ဆိတ်ဖွား