xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုသည့် စကားရပ် တွင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်နှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ပါမည် ဟူသော စကားရပ် အငြင်းပွားမှုအပေါ် Voice Of Myanmar ၏သဘောထား

Sunday, April 29, 2012

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုသည့် စကားရပ် တွင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်နှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ပါမည် ဟူသော စကားရပ် အငြင်းပွားမှုအပေါ် Voice Of Myanmar ၏သဘောထား

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးတွင် NLD ပါတီလွှတ်တော်ဝင်ရေးမ၀င်ရေး အတွက် အရေးပါလှသော လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုသည့် စကားရပ် တွင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်နှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ပါမည် ဟူသော စကားရပ် အငြင်းပွားမှုသည် အတော်အတန်ပင်ရှေ့တန်းရောက်လာသည်ကိုတွေ့ရပါသည် ။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များအားလုံး လွှတ်တော်မတက်ရသည့် အကြောင်းရင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ထက် နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှုသက်သက် အဖြစ်သာ ရှုမြင်ရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏နေအိမ်သို့ အီတလီနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံအပြီး သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ သော်လည်း စကားရပ်မပြင်လျှင် NLD ပါတီက သဘောထားပြောင်းကာ အလျော့ပေးမည့် အခြေအနေမျိုးမတွေ့ရ ။

နိုင်ငံတော်သမ္မတကြီးဘက်တွင်လည်း သူ၏လုပ်ပိုင်ခွင့်တွင်ရှိနေသော ရွေးကောက်ပွဲ ဥပဒေကို မဆိုင်းမတွဆိုသလို ပြုပြင်ပေးခဲ့သော်လည်း သူ၏လုပ်ပိုင်ခွင့်အောက်တွင်မရှိသော အခြေခံဥပဒေပါ စာသားကိုပြင်ဆင်ရမည့်ကိစ္စမှာ အတော်အတန်ပင် အကျပ်ရိုက်စေမည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ထို့အပြင် အများပြောဆိုဝေဖန်နေသကဲ့သို့ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလည်းရေးကို လိုလားသော အပျော့ဂိုဏ်းနှင့် ပြုပြင်ပြောင်းလဲရေးကိုမလိုလားသော အမာဂိုဏ်း အမှန်ရှိခဲ့ပါမူ  အမာဂိုဏ်းက ပြုပြင်ပြောင်းလဲရေးသမားများအပေါ် အသာစီးရသွားစေနိုင်သော အခြေအနေမျိုး လည်း ဖြစ်ပါသည် ။

NLD အနေဖြင့်လည်း ရွေးကောက်ပွဲနည်းဥပဒေကဲ့သို့ သမ္မတအနေဖြင့်အလွယ်တကူ ပြင်ပေးနိုင် လိမ့်မည်ဟူသောအယူအဆဖြင့် ရှေ့နောက် ညီညွတ်စေရန် တောင်းဆိုလိုက်ပုံရပါသည် ၊ မထင်မှတ်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးအထိ ဖြစ်သွားသောအခါ   နှစ်ဘက်ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေသို့ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ရောက်ရှိလာပြီဖြစ်ပါသည် ဤသို့သောအခြေအနေ သည်လည်း တိုင်းပြည်အနာဂါတ်အတွက် ကောင်းလှသည်မဟုတ်ပါ ၊ သို့အတွက်ကြောင့်ဤပြဿနာကို အကောင်းဆုံးဖြေရှင်းရန်အစောတလျင် လိုအပ်နေပြီဖြစ်ပါသည် ။

အခြေခံဥပဒေကို ပြုပြင်ရန်ကိစ္စမှာ သမ္မတအနေဖြင့် တစ်ဦးတည်းသဘော အစိုးရအဖွဲ့၏ သဘောဖြင့်ဆောင်ရွက်ရန်မလွယ်ကူ  လှကြောင်း NLD ကဲ့သို့ပါတီသည် မသိမဟုတ် သိရှိမည်သာဖြစ်ပါသည် ၊ သို့အတွက်ကြောင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဤကိစ္စကိုနိုင်ငံရေးပြဿနာအဖြစ်အကျယ်မချဲ့ကြရန် ၊ ဤပြဿနာသည် လုပ်ထုံးလုပ်နည်းပြဿနာသာဖြစ်ကြောင်း သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ယုံကြည်မှုရှိပါကြောင်း အကြိမ်ကြိမ် ပြောဆိုနေခြင်းသည် ဤပြဿနာတွင် NLD ဘက်က သဘောထားပျော့ပြောင်းမှုရှိကြောင်း နိုင်ငံရေးအဓိပ္ပါယ် ကောက်ယူရမည်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ ယခု လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုသည့် စကားရပ် တွင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်နှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ပါမည် ဟူသော စကားရပ် အငြင်းပွားမှုကို ပြေလည်စေရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ လွှတ်တော်များ အနေဖြင့် NLD ပါတီသိက္ခာရှိစွာဝင်ရောက်နိုင်ရေး အခြားလမ်းကြောင်းတစ်ခု ဖွင့်ပေးရမည်ဟု ယုံကြည်ပါသည် ။

ဥပမာဆိုရသော် နိုင်ငံတော်သမ္မတကြီး (သို့တည်းမဟုတ် ) အစိုးရအဖွဲ့ ၊ လွှတ်တော်အသီးသီး၏ ဥက္ကဌများ (သို့တည်းမဟုတ် ) လွတ်တော်များက ယခုကဲ့သို့ မြန်မာနိုင်ငံရေးအပြောင်းအလဲကာလတွင် NLD ပါတီ လွှတ်တော်ထဲဝင်ရောက်ကာပူးပေါင်းဆောင်ရွက်မည့်အရေးကို မိမိတို့အနေဖြင့်မျှော် လင့်ကြိုဆိုနေပါကြောင်း ၊ NLD ပါတီတင်ပြသည့် ရွေးကောက်ပွဲဥပဒေပါစာသားနှင့် အခြေခံဥပဒေပါစာသား လိုက်လျောညီထွေ ဖြစ်ရမည်ဟူသော တောင်းဆိုချက်မှာလည်း သဘ၀ကျသည့်ကိစ္စရပ်ဖြစ်သည့်အတွက် လွှတ်တော်တွင် အာဂျင်ဒါ တစ်ရပ်အဖြစ် ထည့်သွင်း ဆွေးနွေးသွားကြမည်ဖြစ်ကာ ဥပဒေပါမူလအသုံးအနှုံးအစား NLD ပါတီကတင်ပြသော လေးစားလိုက်နာပါမည် (သို့မဟုတ် ) နှစ်ဘက်လက်ခံဘွယ်ဖြစ်သော မြန်မာစကားရပ် အစားထိုးပြင်ဆင်ခြင်းကို အခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် NLD ပါတီလည်း လွှတ်တော်တွင်းဝင်ရောက်ကာ မိမိတို့နှင့်အတူ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်ပွားနေသော လုပ်ထုံးလုပ်နည်းပြဿနာသည် ပြေလည်ခြင်းသို့ ရောက်ရှိမည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ၊NLD ပါတီ၏ မူလရည်ရွယ်ချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း အခြေခံဥပဒေက ခွင့်ပြုထားပြီး ဖြစ်ပါသောကြောင့် ဒီမိုကရေစီနည်းလမ်းတကျ အများဆန္ဒနှင့်အညီ ပြုပြင်သွားနိုင်မည် သာ ဖြစ်ပါကြောင်း ။ ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ခဲနက်ထောက်ခံခဲ့ကြသော ပြည်သူများ အနေဖြင့်လည်း NLD ပါတီလွှတ်တော်တွင်းဝင်ရောက်ကာ ပြည်သူ့အကျိုးများဆောင်ရွက်ခြင်းကို အမြန်မြင်တွေ့လိုနေကြပြီ ဖြစ်ပါသောကြောင့် ပြည်သူများကိုယ်စား မိမိတို့အနေဖြင့် NLD ပါတီလွှတ်တော်အတွင်းသို့ ၀င်ရောက်လာနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်း သဘောထားတစ်ရပ်ထုတ်ပြန် ကာ လမ်းဖွင့်ပေးသင့်ပါသည် ။

NLD ပါတီအနေဖြင့်လည်း ထိုလမ်းကြောင်းကိုအကြောင်းပြုကာ သိက္ခာရှိရှိ လွတ်တော်အတွင်းသို့ ၀င်ရောက်လာခြင်းဖြင့် နှစ်ဘက်ပြေလည်မှုအတန်အသင့်ရရှိနိုင်မည် ဟုယုံကြည်ပါသည် ၊ အကယ်၍ NLD ပါတီအနေဖြင့် လွှတ်တော်ထဲ ၀င်ရောက်လာခဲ့သည်ဆိုပါသော် မူလစာသားအဟောင်းဖြင့် ကျမ်းသစ္စာကျိန်ဆိုခြင်းကို NLD ပါတီ၏ ဂုဏ်သိက္ခာအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတင်းထုတ်ပြန်ခြင်းမပြု ခြင်းအပါအ၀င် အခြား သတိပြုဘွယ်ရာများကို သတိကြီးကြီးထားလုပ်ဆောင်သင့်ပါသည် ဟု ယုံကြည်ပါကြောင်း ။


မြန်မာပြည်ငြိမ်းချမ်းပါစေ

Voice Of Myanmar