xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: စထရိတ်စ်တိုင်းမ်စ် သတင်းစာ၏ ၂၀၁၂ ခုနှစ်အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရွေးချယ်ခြင်း ခံရ

Monday, December 17, 2012

စထရိတ်စ်တိုင်းမ်စ် သတင်းစာ၏ ၂၀၁၂ ခုနှစ်အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရွေးချယ်ခြင်း ခံရ


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန် နိုင်ငံရဲ့ သတင်းစာကြီး တစ်ခုဖြစ်တဲ့ စထရိတ်စ် တိုင်းမ် သတင်းစာရဲ့ ၂၀၁၂ ခုနှစ်အတွက် ထူးချွန် ထင်ရှား အာရှသား အဖြစ် ရွေးချယ်ခြင်း ခံရတယ်လို့ သိရပါတယ်။ နိုင်ငံတော် သမ္မတ အနေနဲ့ အခုလို ရွေးချယ်ခြင်း ခံရမှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုများကို ရှေ့တန်းမှ ဦးဆောင်သူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် နိုင်ငံ အများစုရဲ့ ရှုမြင် သုံးသပ်မှုများကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်းစတဲ့ အချက်တွေကြောင့် ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလို ပြောင်းလဲမှုများရဲ့ အကျိုးရလဒ် များဟာ ကမ္ဘာ တစ်ဝန်းလုံးကို အံ့အားသင့် စေခဲ့ပြီး သမ္မတရဲ့ ရိုးသားမှုကို ဒေါ်အောင်ဆန်းစုကြည် မှလည်း အသိအမှတ်ပြု ထောက်ခံ ခဲ့ကြောင်း၊ အနောက် နိုင်ငံများရဲ့ ပိတ်ဆို့ အရေးယူမှု များကို ဖယ်ရှားစေဖို့နဲ့ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံ သူများက မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စား စေရန် စွမ်းဆောင် နိုင်ခဲ့ကြောင်း အစရှိသဖြင့် ဖော်ပြပါရှိ ထားတာ ဖြစ်ပါတယ်။

ဒါတင်မကဘဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ စွမ်းဆောင်ချက် များဟာ မြန်မာနိုင်ငံ အတွက် မဟာဗျူဟာ အခွင့်အလမ်းသစ် များကို ပေါ်ထွန်းစေပြီး အရှေ့တောင် အာရှအတွက် သာမက ထိုထက် ကျယ်ပြန့်တဲ့ အာရှတိုက် တစ်ဝန်းကို ကောင်းကျိုး သက်ရောက် စေနိုင်မယ့် လုပ်ငန်းများကို ဖော်ဆောင် နိုင်ခဲ့ကြောင်း စတဲ့ အချက်တွေကြောင့် ပေးအပ်တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အခုလို စထရိတ်စ် တိုင်းမ်စ် သတင်းစာရဲ့ တစ်နှစ်တာ ထူးချွန် ထင်ရှား အာရှသား ဆုကို နှစ်စဉ် ဒီဇင်ဘာ လတိုင်းမှာ ကြေညာလေ့ ရှိတာဖြစ်ပြီး အဆိုပါ ဆုဟာ မိမိရဲ့ နိုင်ငံ သို့မဟုတ် ပိုမို ကျယ်ပြန့်တဲ့ ဒေသမှ လူများရဲ့ ဘ၀များ ပိုမိုသာယာ လှစေဖို့ စွမ်းဆောင် ပေးနိုင်တဲ့ လူဂ္ဂိုလ် အဖွဲ့အစည်းများကို ချီးမြှင့်တဲ့ဆု ဖြစ်တယ်လို့ သိရပါတယ်။
MRTV 4