xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar

Thursday, November 15, 2012

အိုဘားမားက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးအမေရိကန် သမ္မတဟုတ်ရဲ့လား

ဒီရက်ပိုင်း သတင်းတွေဖတ်လိုက်ရင် အမေရိကန်သမ္မတကြီး မြန်မာပြည်လာမယ့်သတင်းက အတော်လေးရေပန်းစားနေတယ်ဘယ်နေရာကြည့်ကြည့် ဘယ်စာစောင်ဖတ်ဖတ် သမ္မတအိုဘားမား သတင်းတွေ ခရီးစဉ်အကြိုပြင်ဆင်မှုသတင်းတွေ နဲ့ ပြည့်နှက်နေပါတယ် .....ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးက သမ္မတကြီးပဲလေ ဒီလိုပဲဖြစ်ရမှာပေါ့.....

ဒါပေမယ့် သမ္မတအိုဘားမားရဲ့ သတင်းတွေကိုကြည့်လိုက်ရင် သတင်းတော်တော်များများမှာ အမေရိကန်သမ္မတတစ်ဦးရဲ့ မြန်မာပြည်ကိုပထမဆုံးလာတဲ့ သမိုင်းဝင်ခရီးဆိုပြီးဖေါ်ပြကြတယ် ၊ နှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်လာတယ်ဆိုတာမျိုးတောင်မသုံးကြတာကို သတိပြုမိတယ် .....။

တကယ်တော့ ၁၉၅၃ ခုနှစ်လောက်က သမ္မတ ဒေါက်တာဘဦး လက်ထက်မှာ အမေရိကန်သမ္မတကြီး နစ်ဆင်ဟာ သူ့ဇနီးနဲ့အတူ မြန်မာပြည်ကို အလည်အပတ်လာရောက်ခဲ့ဘူးပါတယ် လာရုံတင်မကဘူး မြန်မာအမျိုးသားဝတ်စုံကိုတောင် သမ္မတကြီးနဲ့ ဇနီးက၀တ်ဆင်သွားပါသေးတယ် ...။


အခြားသတင်းအရင်းအမြစ်တွေမှာတော့ ၁၉၅၃ ခုနှစ်က ဒုသမ္မတအဖြစ်နဲ့လာရောက်ခဲ့တာဖြစ်ပြီး သမ္မတနစ်ဆင်ဟာ အငြိမ်းစားယူပြီး သမ္မတဦးစန်းယုလက်ထက်မှာ ဒုတိယအကြိမ်လာရောက်ခဲ့ကြောင်းလဲ သိရပါတယ် ဝေဖန်ဘို့နဲ့ စဉ်းစားနိုင်ဘို့ တင်ပြလိုက်ပါတယ် ။

ဒေါက်တာဆိတ်ဖွား

Wednesday, November 14, 2012

check and balances

check and balance
 ဒီရက်ပိုင်းအတွင်း ၀န်ကြီးဌာနအချို့ရဲ့  မှားယွင်းမှုနှင့် အလွဲသုံးစားလုပ်မှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်မှာ စာရင်းဇယားတွေ ကိန်းဂဏန်းတွေနဲ့ ထုတ်ပြောတယ်။ ဒါဆို ၀န်ကြီးဌာနတွေကလဲ စာရင်းစစ်အဖွဲ့ တွေရဲ့ လာဘ်စားမှုတွေကို ထုတ်ပြောသင့်တယ်။ ရောက်တဲ့အရပ်မှာ လာဘ်စားလွန်းလို့ စာရင်းစစ် လို့ ဘယ်သူမှမခေါ်တော့ပဲ " စားရင်းစစ် " လို့ပြောင်းခေါ်နေကြတာ တိုင်းသိပြည်သိဖြစ်တယ် ၊ " ဘူဘူချင်း တစ်လုပ် " ဆိုတဲ့စကားဟာ ဤကိစ္စမျိုးတွေမှာသုံးဘို့ထားတဲ့ မြန်မာစကားပုံ တစ်မျိုးပါလားလို့ တွေးနေမိတယ်......။
ဒီလူတွေကိုကျတော့ ဘယ်သူက check လုပ်ပြီး ဘယ်လို balance လုပ်ရင်ကောင်းမလဲ ဆိုတာစိတ်ဝင်စားစရာပါဘဲ....

ဒေါက်တာဆိတ်ဖွား

Tuesday, November 13, 2012

မစ္စတာ ဘန်ကီမွန်း မြန်မာပြည်လာမည်ဟု သတင်းများထွက်ပေါ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မကြာမီရက်ပိုင်းအတွင်း မြန်မာပြည်သို့ အလည်အပတ်လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။မစ္စတာဘန်ကီမွန်းသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမား ခရီးစဉ်မတိုင်မီ ယခုလ ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့ဘက်မှ ယခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပါ ။

Voice Of Myanmar

အင်အားပြင်း ငလျင်ဒဏ် ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကြိုပမ်း ဆောင်ရွက်မှု အခြေအနေ အသိပေး ကြေညာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၃/ ၂၀၁၂ )
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်
၁၃၇၄ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်


အင်အားပြင်း ငလျင်ဒဏ် ခံရသည့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ကြိုပမ်း ဆောင်ရွက်မှု အခြေအနေ အသိပေး ကြေညာခြင်း


၁။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့၊ နံနက် (၀၇)နာရီ (၄၂)မိနစ် (၃၇)စက္ကန့် တွင် လှုပ်ခတ်ခဲ့သည့် အင်းအားပြင်း မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ကျောက်ဆည်နှင့် သပိတ်ကျင်း မြို့နယ် တို့တွင် စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ လူနေအိမ်ခြေ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ရုံး အဆောက်အအုံများနှင့် တည်ဆောက်ရေး လုပ်ငန်းများ ပျက်စီးခြင်း၊ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းများ ဖြစ်ပေါ် ခဲ့ပါသည်။


၂။ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် နိုင်ငံတော်သမ္မတ အနေဖြင့် အဆိုပါငလျင်ဒဏ် ခံရသည့်ဒေသများသို့ ကိုယ်တိုင် သွားရောက်ရန် အခြေအနေမပေးသည့်အတွက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့်အဖွဲ့အား ချက်ချင်းစေလွှတ်၍ ကယ်ဆယ်ရေး ၊ထောက်ပံ့ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် ဒေသခံပြည်သူများအား ကူညီအားပေးနိုင်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။


၃။ နိုင်ငံတော်သမ္မတအနေဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည့် မိဘ ပြည်သူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။ ငလျင်လှုပ်ခတ်မည့် အခြေအနေကို ကြိုတင်တွက်ဆနိုင်ခြင်း မရှိသော်လည်း ငလျင်လှုပ်ခတ်မှုဖြစ်စဉ်၌ ဘေးဒုက္ခ ခံစားခဲ့ရသူများအား အရေးအပေါ် အချိန်တွင် ချက်ချင်းအကူအညီပေးရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသော ဒေသခံ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့်လည်း ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။


၎။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် လူထုလူတန်းစားအဖွဲ့အစည်း အားလုံးနှင့် လည်းကောင်း ၊နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။

Tuesday, November 6, 2012

ဘေးထိုင်ဘုပြော မီဒီယာသမားများနှင့် အနာဂတ်ပုဂ္ဂလိကသတင်းစာအလားအလာ


ပုဂ္ဂလိက သတင်းစာများကို ထုတ်ဝေခွင့်ပေးရန် အစီအစဉ်ရှိသော်လည်း မည်သည့်အချိန်တွင် ထုတ်ဝေခွင့်ပေးမည်ကို ပြည်ထောင်စု အစိုးရအနေဖြင့် အတိအကျ ဆုံးဖြတ်ပေးနိုင်ခြင်း မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ယမန်နေ့ ပြည်သူ့လွှတ်တော်တွင် ပြောကြားချက်ကို မီဒီယာသမားအချို့က ဝေဖန်သံများအတော်ပင်ထွက်ပေါ်လာခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍ ဆရာကိုဆိတ်ဖွားကို တွေ့ဆုံမေးမြန်းခဲ့ပါသည် ။

မေး ။   ။ ဆရာကိုဆိတ်ဖွားခင်ဗျား မနေ့က လွှတ်တော်မှာ ပြန်ကြားရေးဝန်ကြီးဦးအောင်ကြည်က ဒီ..ပုဂ္ဂလိက သတင်းစာနဲကပတ်သက်ပြီး ထုတ်ဝေခွင့်ကို အချိန်အတိအကျ ထုတ်ဖေါ်ပြောကြားခြင်းမရှိတဲ့အပေါ် ပြည်တွင်းမီဒီယာသမား တွေကအတော်လေး ဝေဖန်သံတွေ ထွက်လာတာတွေ့ရပါတယ် ဒီအပေါ် ဆရာ့ရဲ့ သဘောထား အမြင်ကို ပြောပြပေးပါဦးဆရာ ..။

ဖြေ ။   ။ နိုင်ငံတကာမှာလည်း ဒီ ပုဂ္ဂလိကသတင်းစာဆိုတာရှိနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ပုဂ္ဂလိက သတင်းစာဆိုတာရှိရမယ်ဆိုတာ ဒါ ဘာမှအထူးပြောနေစရာလိုမယ်မထင်ပါဘူး ဒီအခြေခံအချက်ကို ကိုယ်လဲ သဘောတူပါတယ် ၊ နောက်တစ်ခုက Time frame ပေါ့လေ ဒီအချိန်ကန့်သတ်ချက်ကိစ္စ ၊ ဒီနေရာမှာတော့ နှစ်ပိုင်းဖြေရမယ်ထင်တယ်  တစ်ပိုင်းက မီဒီယာသမားတွေဘက်က ၊ နောက်တစ်ပိုင်းက အစိုးရဘက်ကပေါ့....

မီဒီယာသမားတွေဘက်ကကြည့်ရင် ဒီ time frame ကအတော်အရေးကြီးတယ် ၊ ပြောရမယ်ဆိုရင် ဘယ်နေ့ဘယ်ရက်က စပြီး ပုဂ္ဂလိကသတင်းစာတွေကိုထုတ်ဝေခွင့်ပြုမယ် ဆိုတဲ့ အာမခံချက်ဟာ အတော်အရေးကြီးတယ် ၊ ဒီလိုအာမခံချက်တိတိပပမရှိပဲ ကြီးမားတဲ့ရင်းနှီးမြှုတ်နှံမှုတွေ လုပ်ဘို့ မလွယ်ကူလှဘူး ၊ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ပုံနှိပ်စက်တွေပေါ့ အလယ်အလတ်တန်းအမျိုးအစားတစ်လုံးကို ခုခေတ်ဈေးနဲ့ ဒေါ်လာ ၂သန်းလောက်ကျမယ် ၊ ပုံနှိပ်စက်တွေက ခဏခဏ Error တက်တယ် ဒါမျိုးတစ်လုံးထဲထားလို့ မရဘူး တစ်နေရာမှာအနည်းဆုံးနှစ်လုံးလိုတယ် ၊ ဒါ့အပြင် မြန်မာတစ်ပြည်လုံးကိုနေ့စဉ်ရောက်ဘို့ဆိုတာက ကိုယ်ပွားပုံနှိပ်စက်တွေလိုဦးမယ် ဒီလိုတွက်လိုက်ရင် ပုဂ္ဂလိကသတင်းစာတစ်စောင်ဟာ ပုံနှိပ်စက်တန်ဘိုးတင် ဒေါ်လာ သန်း ၂၀လောက် ကျမယ် ၊ ဒီစက်တွေအတွက် မြေနေရာ အဆောက်အဦ ဒါတွေပါထည့်တွက်လိုက်ရင် နဲတဲ့ရင်းနှီးမြှုတ်နှံမှုတွေ မဟုတ်ဘူး ၊ နောက် သတင်းစာစက္ကူတွေ အတွက်နေရာတွေလိုလာမယ် ၊ လူသားအရင်းအမြစ်တွေ ၊ ဖြန့်ချိရေးတွေ ဒါတွေကြိုတင်ပြင်ရဆင်ရမယ် ၊ Training တွေလုပ်ရမယ် ၊ ဒါတွေအကုန်ပေါင်းလိုက်ရင် သတင်းစာတစ်စောင်ရဲ့ တန်ဘိုးဟာဘယ်လောက်ကျမယ် ၊ ဒါဆိုရင် ပြည်သူတွေနေ့စဉ်ဖတ်နိုင်ဘို့ဈေးနှုံးအရအခက်အခဲတွေရှိနိုင် မရှိနိုင် စီးပွားရေးအရ တွက်ချေကိုက်နိုင်မကိုက်နိုင် Marketing တွေ ဆင်းရပြုရမယ် ၊ ဒီ marketing အဖြေတွေအရ သတင်းစာကိုဘယ်လိုပုံစံ ၊ ဘယ်လိုနေရာတွေကနေ ဘယ်လိုစမယ် ဆိုတာမျိုးတွေ ဆုံးဖြတ်ရမယ် ၊ ဒီပေါ်မှာခုနရင်းနှီးမြှုတ်နှံမှုတွေ လုပ်ရမယ် ၊ ပူးပေါင်းလုပ်ဆောင်မယ့် ပါတနာတွေ ရှာရမယ် စသည်ဖြင့်ပေါ့လေ အများကြီးလုပ်ရမယ် ၊ ဒါတွေဟာ နေ့ချင်းညချင်းဆိုသလို လုပ်လို့ရတာမျိုးမဟုတ်လေတော့  ခုန Time frame ဟာ အရေးကြီးလာတယ် ၊ သူဟာအသက်ပဲ ဒါကြောင့် ၀န်ကြီးရဲ့ အချိန်အတိအကျ ဖြေကြားမသွားတဲ့အပေါ် မီဒီယာသမားတွေ ဘ၀င်မကျ ဖြစ်တာလို့ ကိုယ်တော့ထင်တယ် ...........။

အစိုးရဘက်ကကြည့်မယ်ဆိုရင်လည်း လက်ရှိက Media Law က ၁၉၆၂ ခုနှစ်ထဲကပြဌာန်းထားတာဆိုတော့ ဒီခေတ် မီဒီယာ environment နဲ့ ဘယ်လိုမှမကိုက်တော့ဘူး ဒီတော့ ခေတ်နဲ့ညီတဲ့ မီဒီယာပတ် ၀န်းကျင်အသစ်တစ်ရပ်ကို တည်ထောင်ဘို့ဆိုရင်  ကျင့်ဝတ်ဆိုင်ရာ အခြေခံမူ တွေ၊  လုပ်ငန်းစဉ် တွေ၊ Code of Ethic ရေးဆွဲတာတွေ၊ ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Code of Conduct) ရေးဆွဲတာတွေ၊ သတင်းစာနယ်ဇင်း အဖွဲ့အစည်းဆိုင်ရာ စံနှုန်းထားတွေ  ၊ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်တွေ ကလည်း အတော်အရေးပါတယ် ဒါတွေမရှိပဲ ကြိုတင်ရင်းနှီးမြှုတ်နှံထားမယ်ဆိုရင် ရင်းနှီးမြှုတ်နှံသူတွေဘက်မှာ ကြီးမားတဲ့အဆုံးအရှုံးတွေ ရှိလာနိုင်တယ် ဒီ့အတွက် ၀န်ကြီးက ချင့်ချိန်ဖြေသွားတာလို့ ကိုယ်တော့ထင်တယ်၊

ဒီနေရာမှာပြောစရာရှိတာက  ဒီလုပ်ငန်းစဉ်တွေမြန်အောင်ဆိုပြီး အရင် ၀န်ကြီးဦးကျော်ဆန်းလက်ထက်က ၀န်ကြီးဌာနကကြီးကြပ်ပြီး ဆောင်ရွက်ခဲ့တာတွေရှိခဲ့တယ် အဲဒီတုန်းကလဲ ခုဝေဖန်နေတဲ့သူတွေပဲ Media Law ကိုဝန်ကြီးဌာနကပဲ အုပ်စီးပြီးလုပ်နေသလိုလို ၊ ဒီလောထွက်လာရင်ပဲ မီဒီယာသမားတွေကို နှိပ်ကွပ်တော့မှာလိုလိုနဲ့ ပြောဆို ဝေဖန်တာတွေလုပ်ခဲ့လို့ ခု ၀န်ကြီးဦးအောင်ကြည်လက်ထက်မှာ ဒါတွေလုပ်ဘို့ စာနယ်ဇင်းသမားတွေပါတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကို ဖွဲ့တယ် Media Law ထွက်ဘို့ စာနယ်ဇင်းသမားတွေကိုလည်း တကယ်တာဝန်ပေးရော ခုန ဘေးထိုင်ဘုပြောတွေ က ဘာမှဝင်မလုပ်တော့ဘူး ၊ သူတို့ရဲ့အလုပ်က လုပ်နေတဲ့သူတွေကို ဘေးကနေ အပြစ်ထိုင်ပြောတဲ့အလုပ်ပဲ မွေးရာပါအလုပ်လိုလုပ်နေတယ် ၊ Media သမားတွေထဲမှာ တကယ်လုပ်နေတဲ့သူတွေရှိပါတယ် သူတို့ကအသံမထွက်ဘူး ၊ ခုနဘေးထိုင်ဘုပြောတွေဆီကပဲ အသံတွေ ထွက်နေတယ် ......

မီဒီယာလော ထွက်ရင် သတင်းစာထုတ်မယ် ၊ ရောင်းစားမယ် ၊ စီးပွားဖြစ်မယ် ဒါလောက်တွေးနေတဲ့မောင်တွေဆီက အသံတွေ ကိုသိပ်နားထောင်မနေပါနဲ့ ကွာ...

နောက်ဆုံးတစ်ခုပြောချင်တာက ခုဝေဖန်နေတဲ့ အလဲဗင်းက သန်းထွဋ်အောင်တို့ ၊ ဟံသာဝတီဦးဝင်းတင် တို့ ၊ ဇော်သက်ထွေး တို့ထက်စာရင် ၀န်ကြီးဦးအောင်ကြည်ရဲ့ စာရိတ္တကိုပိုယုံတယ် ၊ သူ့သီလကိုပုံယုံတယ် .... သူ့ရဲ့တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာကိုပိုယုံတယ်... ဒါပါပဲကွာ

မေး။   ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ ...

Voice Of Myanmar

Thursday, November 1, 2012

KIA သို့

နိုင်ငံတစ်နိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ဟာ တစ်ခုပဲရှိရမယ်ဆိုတာ တစ်ကမ္ဘာလုံးက ချွင်းချက်မရှိလက်ခံ ထားတဲ့ အခြေခံသဘောတရားဖြစ်တယ် နောက်ထပ်လက်နက်ကိုင်အဖွဲ့ရှိရင်....... ဒါသူပုန်ပဲ ၊ သူပုန်ကိုအစိုးရကသူပုန်လိုမဆက်ဆံပဲ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ပြန်လည် တည်ဆောက်လိုတဲ့ စိတ်နဲ့ အောက်ချဆက်ဆံပြီး ငြိမ်းချမ်းရေးဆွေးနွေးနေတာကို အကြိမ်ကြိမ်ပျက်အောင် လုပ်နေရအောင် မင်းတို့က ဘာကောင်တွေမို့လို့လဲ ....

အရင်အစိုးရအဆက်ဆက်လက်ထက်တွေက သဘောထားချင်းမတူလို့၊ ဒီမိုကရေစီမဆန်လို့ အာဏာရှင်ဆန်လို့ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့လက်နက်ကိုင်လာခဲ့တာထားပါတော့ ၊  ခုသမ္မတဦးသိန်းစိန်လက်ထက်မှာ အစိုးရရဲ့အပြုသဘောဆောင်တဲ့ဆောင်ရွက်ချက်တွေကြောင့် အမေရိကန်အစိုးရအပါအ၀င် EU ဥရောပသမဂ္ဂနိုင်ငံတွေကပါ အရေးတယူဆက်ဆံ ၊ ပိတ်ဆို့မှုတွေလျှော့ချ ၊ ထိပ်တန်းအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အစိုးရနဲ့လက်တွဲ လို့ရတဲ့နေရာတွေမှာ လက်တွဲဆောင်ရွက်နေတာ မင်းတို့က ဘာကိုများမကျေနပ်လို့ အိုက်တင်ခံနေရတာလဲ ....

တကယ်သာ ကချင်လူထုကောင်းစားရေး လိုလားတယ်ဆိုရင် မင်းတို့ကစပြီးငြိမ်းချမ်းရေးဆွေးနွေးရမှာ မဟုတ်ဘူးလား ခုတော့အစိုးရက ဒီလောက်လျော့လျော့ပေါ့ပေါ့ ဆိုသလို ဆက်ဆံပြီးကမ်းလှမ်းနေတာကို အပစ်အခတ်ရပ်စဲရေးကိုအရင်လက်မခံပဲ နိုင်ငံရေးဆွေးနွေးမယ် နိုင်ငံရေးဆွေးနွေးမယ်နဲ့ တစာစာအော်နေတာ ဘာသဘောလဲ .........

တနေ့ကလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရဘက်က ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ တက်တယ် မင်းတို့ဘာမဟုတ်တဲ့ KIA က နံပါတ် ၆ လောက်အဆင့်ရှိတဲ့ သူ ၊ ဘာနိုင်ငံရေးအရောင်အသွေးမှမရှိ ၊ တစ်ခုခုပြောလိုက်တိုင်း ဗဟိုကိုတင်ပြပြီး အကြောင်းပြန်ပါ့မယ်ဆိုတဲ့စကားတစ်လုံးပဲတတ်တဲ့ ၊ ဘာတစ်ခုမှ အဆုံးအဖြတ်မပေးနိုင်တဲ့  ဦးဆွမ်လွတ်ဂမ် ကိုပဲလွှတ်လိုက်တာကရော ဘာသဘောလဲ .....

ဒီအတိုင်းပဲ နှစ်ဘက်တပ်တွေ နေရာရွေ့ပြောင်းရေးနှင့် ပတ်သက်ပြီး တရားဝင်တွေ့ဆုံ ဆွေးနွေးဘို့ကြိုတင်သဘောတူညီချက်ရယူထားပါလျက်နဲ့ တကယ်လဲတွေ့မယ်ဆိုရော တပ်ဘက်က ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တက် ရောက်ဘို့ရောက်လာတယ်  KIA ဘက်က ဒုတိယ စစ်ဦးစီးချုပ် ဆိုတဲ့ ဂွမ်မော် တက်မလာလို့ ဘာမှမဆွေးနွေးလိုက်ရဘူး ဒီတော့တိုက်ပွဲတွေတာရှည်ဦးမယ် ၊ နှစ်ဘက်မြေစာပင်တွေ သေရဦးမယ် ......

နေစမ်းပါဦး နိုင်ငံရေးဆွေးနွေးမယ်ဆိုတာ ဘာဆွေးနွေးမှာလဲ ၊ နိုင်ငံရေးဆိုတဲ့စကားလောက် ယေဘူယျဆန်ပြီး ကျယ်ပြန့်တဲ့စကားလောကမှာမရှိဘူး ၊ ဒါဆွေးနွေးပြီးမှ အပစ်ရပ်မယ်ဆိုလို့ကတော့ တစ်သက်လုံးတောင်ပြီးမှာမဟုတ်ဘူး.....

မင်းတို့ KIA ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ တစ်ဘက်က တရုတ်တွေကို လုပ်ကွက်တွေ အမျိုးမျိုးပေးပြီး နှစ်ရှည်စာချုပ်တွေနဲ့ သစ်အပါအ၀င် သယံဇာတမျိုးစုံကိုရောင်းစားပြီးဝင်ငွေဖြောင့်နေတာ လူတိုင်းသိတယ်  ငြိမ်းချမ်းရေးယူလိုက်ရင် ဒီအခြေအနေထက်အသာစီးမရလို့ ဟိုအကြောင်းပြ ဒီအကြောင်းပြလုပ်နေတဲ့ကောင်တွေကို အပြတ်ဆော်ပစ်လိုက်တာပဲအေးတယ် ...

ခပ်ရိုင်းရိုင်းပဲ 

ဆိတ်ဖွား

Wednesday, October 31, 2012

နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
သတင်းထုတ်ပြန်ချက် (၂/၂၀၁၂ )
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေငြာခြင်း

၁။ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။


၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင် ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁) အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။


၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည် သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့ ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင် လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ ဖြစ်စဉ်များမှ ဒေသန္တရလုပ်လက်နက်ငယ် (၁၈၀)လက် သိမ်းဆည်းရမိခဲ့ပါသည်။ ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့် အရေးယူဆောင်ရွက်လျက်ရှိပါသည်။


၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထားများ ကို တွေ့ရှိရပါသည်။


၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင်ရှိစွာဖြင့် ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေးအတွက် နိုင်ငံတော်ကိုချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။


၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများ ကို နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတော်မှ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

Monday, October 29, 2012

ဒေါက်တာဆိတ်ဖွား ပြန်လာပြီ

ယနေ့ည ကျွန်ုပ်၏ Email ကိုစစ်လိုက်သောအခါ ပျောက်ချက်သားကောင်းလှသော ဆရာကိုဆိတ်ဖွားထံမှ စာတစ်စောင်ရောက်ရှိနေသည်ကို ၀မ်းမြောက်ဘွယ်တွေ့ရှိရလေသည် ၊ စာဟုဆိုသော်လည်း Typing ရိုက်ထားသောစာမျိုးမဟုတ်ပဲ လက်ရေးဖြင့်စာရွက်ပေါ်တွင်ရေးထားသည်ကို ဓါတ်ပုံရိုက် ၍ ပေး ပို့ လိုက်သော စာမျိုးဖြစ်လေသည် ၊ ထိုစာမျိုးကို ဆရာကိုဆိတ်ဖွားသည် ခရီးသွားနေသည့်အခါမျိုးတွင် ပေးပို့လေ့ရှိရာ ဆရာကိုဆိတ်ဖွားသည် မည်သည့်အရပ်မှ မည်သည့် အရပ်သို့ သွားနေသည်ကို  ကျွန်ုပ်အနေဖြင့် ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း သူသည် ခရီးတစ်ခုခုကို သွားနေကြောင်းကိုမူ ခန့်မှန်းနိုင်ပေသည် ၊ ဤစာသည်ပင်လျှင် ဆရာကိုဆိတ်ဖွားတစ်ယောက် ဘလော့လောကသို့ မကြာမီကာလအတွင်း ပြန်လည် ၀င်ရောက်လာတော့မည့်အကြောင်း Message တစ်ခုဟု ဆိုလိုကလည်းဆိုနိုင်မည်ဖြစ်ပါသည် ။

စာပါအကြောင်းအရာများသည် ကျွန်ုပ်နှင့် ဆရာကိုဆိတ်ဖွားနှစ်ဦးနှင့်သာ သီးသန့်သက်ဆိုင်သည့် အရာများဖြစ်သော်လည်း စာ၏အဆုံးသတ်ပိုင်းတွင် ပါသောဆရာကိုဆိတ်ဖွား၏ စိတ်ကူးကို သဘောကျနှစ်သက်မိပါသောကြောင့် Voice Of Myanmar ပရိတ်သသတ်ကြီးအား ပြန်လည်မျှဝေလိုက်ပါသည် ။

စာ၏နိဂုံးပိုင်းမှာ ............


" နေ၀င်းရေ......မြန်မာပြည်နိုင်ငံရေးကို စိတ်ပျက်လက်ပျက်ရှိတာနဲ့ ဖြစ်ချင်တာဖြစ်စမ်းကွာဆိုပြီး စိတ်လွတ်လက်လွတ်နေလာလိုက်တာ ဒီနေ့ဆို ၄ လ ကျော်လာပြီ.. ကိုယ့်ဖာသာကိုနေချင်သလို လွတ်လွတ်လပ်လပ်ကြီးနေလိုက်တာဟာ နစ်နာစရာရှိရင်   ကိုယ်တစ်ယောက်ထဲပဲ နစ်နာတယ်ထင်နေတာ တကယ်တော့ဒီလိုမဟုတ်ဘူး.... ကိုယ်ကကောင်းကျိုးပြုနိုင်တဲ့ပတ်ဝန်းကျင်ပါ နစ်နာသွားတာကို သတိပြုမိလာတယ် .... မွေးခြင်းနဲ့ သေခြင်းဟာ ခဏလေးဆိုပေမယ့် နေခြင်းမြတ်ဘို့လိုတယ် မဟုတ်လား.. နောက်ပြီးတော့ သေချင်လောက်အောင်နေတာထက်စာရင် နေချင်တုန်းသေတာက ပိုကောင်းတယ် ဆိုတဲ့အတွေးတစ်ခုလဲဝင်လာတယ် ...ဒီတော့ အသက်ရှင်နေတုန်းမှာ အဓိပ္ပါယ်ရှိဘို့ မြန်မာပြည်ကို ပြန်လာမယ်ကွာ.....အရင်လိုပဲလူမှုရေးတွေလုပ်မယ် .. စာရေးမယ် .. "
ဆိတ်ဖွား

ဟူ၍ဖြစ်ပါသည် ။

နေ၀င်း (Voice Of Myanmar)

Sunday, October 28, 2012

သံအမတ်

" နိုင်ငံခြားမှာလိုအပ်နေလို့ အချို့ကို သံအမတ်အဖြစ်နဲ့စေလွှတ်တယ် ၊ တချို့ကိုတော့ ပြည်တွင်းမှာ မလိုအပ်တော့လို့ စေလွှတ်တယ် "

( ၀ီလျံဟင်နရီစူးအက် )