xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံက နှင်းခဲပျော်ချိန်

Saturday, September 3, 2011

မြန်မာနိုင်ငံက နှင်းခဲပျော်ချိန်

(Time Magazine 31-8-2011 The Slow Thaw of Burma's Notorious Military Junta ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆို တင်ပြ လိုက်ပါတယ်။)
လျှို့လျှို့ ၀ှက်ဝှက် လုပ်ဆောင်တတ်တဲ့ စစ်ဗိုလ်တွေကို မြန်မာနိုင်ငံကို ခပ်ကြမ်းကြမ်း ကိုင်တွယ် အုပ်ချုပ် လာခဲ့တာ ရာစုနှစ် တစ်ဝက်ကျော်လောက် ရှိခဲ့ပါပြီ။ ဒါပေမယ့် အခုတစ်လော ဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံကို စောင့်ကြည့် နေသူတွေ အတွက် အပြောင်းအလဲတွေ လာနေပြီလားလို့ တွေးဆစရာ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်က အကျဉ်းချ ထားရာကနေ လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ အတွင်းမှာ ရန်ကုန်မြို့ ပြင်ပကို ပထမဆုံး ခရီးထွက်ခဲ့ရာမှာ ၂၀၀၃ တုံးကလို အစိုးရ လူကြမ်းတွေက ကြိုဆိုတာ မခံရဘဲ လူထုကြီးက သောင်းသောင်း ဖျဖျ ကြိုတာပဲ ခံခဲ့ရပါတယ်။ နောက်တစ်ကြိမ် ခရီး ထွက်တော့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တစ်နာရီကျော် ဆွေးနွေးဖို့ ဖြစ်ခဲ့ပြီး အဲဒီခရီးစဉ် အပြီးမှာတော့ သူက ပျော်ရွှင်ပြီး စိတ်ကျေနပ်မှု ရှိတယ်လို့ ပြောပြခဲ့ပါတယ်။
ဒီတော့ ကမ္ဘာပေါ်မှာ သက်တမ်း အကြာဆုံး စစ်အစိုးရဟာ အပြောင်းအလဲဘက်ကို ခြေလှမ်းလေးတွေ စလှမ်း နေပြီလားလို့ မေးစရာ ဖြစ်လာတယ်။ မြန်မာ့အရေး ကျွမ်းကျင်သူတွေ ထဲမှာတော့ အမြင် အမျိုးမျိုး ရှိကြတယ်။ သြစတေးလျနိုင်ငံ Griffith Universityက သုတေသီ Andrew Selth ကတော့ ဒီမိုကရေစီကို ကျင့်သုံးမယ် ဆိုတဲ့ ခိုင်မာတဲ့ သက်သေပြချက်တွေတော့ မတွေ့ရသေးဘူး၊ ဒါပေမယ့် အစိုးရသစ်ဟာ လူတွေ မမျှော်လင့်ထားတဲ့ ကိစ္စတွေမှာ ပျော့ပျော့ ပြောင်းပြောင်း လုပ်လာတာ ကတော့ အမှန်ပဲလို့ ပြောပါတယ်။
အခု အောက်ပါမှာ ဒီမိုကရေစီရေး အတွက် ပြုပြင် ပြောင်းလဲနေပြီလို့ ပြောနိုင်တဲ့ အချက်ငါးချက်နဲ့ သတိပြုဖို့ လိုသေးတဲ့ အချက် ငါးချက်ကို ဖော်ပြထားပါတယ်။
ကောင်းသတင်းများ
၁။ သမ္မတသစ်။ သမ္မတသစ် ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးချယ် တာဝန်ပေးခဲ့တာ ဖြစ်ပေမယ့် သူဟာ အာဏာရှင်တော့ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ကုလသမဂ္ဂ အရာရှိဟောင်း ရစ်ချတ်ဟိုဆေး ကတော့ သမ္မတဟာ ပျော့ပြောင်းပြီး ချဉ်းကပ်ဖို့ လွယ်ကူတဲ့သူ ဖြစ်တယ်။ သူမှာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား မရှိဘူး၊ အပြောင်း အလဲလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ သူက အကြံဉာဏ်တွေကို တက်တက်ကြွကြွတောင်းခံတတ်ပြီး သူကို ဘယ်အကြောင်း အရာကို မဆို ပွင့်ပွင့် လင်းလင်း ပြောနိုင်တယ်လို့ အချက် ပြထားတယ်ဟု ပြောပြတယ်။ ဒီတော့ ဦးသိန်းစိန်ဟာ တောင်အာဖရိက သမ္မတ ဒီကလတ် ( နယ်လ်ဆင်မန်ဒဲလားနှင့် တွေ့ဆုံ ဆွေးနွေးပြီး အသားအရောင် ခွဲခြားမှု ဖျက်သိမ်းရေး စတင်ခဲ့သူ) လို့ ဆိုနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကတော့ မန်ဒဲလားပေါ့။

၂။ ဗိုလ်ချုပ်အောင်ဆန်းအခန်းကဏ္ဍ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သူရဲကောင်းဟာ ဗိုလ်ချုပ် အောင်ဆန်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဖြစ်တယ်။ အရင် အစိုးရတုံးက သူ့ပုံတွေကို ငွေစက္ကူတွေပေါ် ကရော၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကပါ ဖယ်ရှားပစ်ခဲ့တယ်။ အခု သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးတဲ့ အခန်းမှာ ဗိုလ်ချုပ် အောင်ဆန်း ပုံချိတ်ထားတယ်။ ရစ်ချတ်ဟိုဆေး ကတော့ ဦးသိန်းစိန်က သူဟာ ဘယ်သူ့ သြဇာခံမှ မဟုတ်ဘူး ဆိုတာကို အချက် ပြလိုက်တာပဲလို့ ဆိုတယ်။
၃။ အင်းစိန် အကျဉ်းထောင် လည်ပတ်ခွင့်။ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးသူ ကွင်တားနားဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန် အကျဉ်းထောင်ကို သွားရောက်ခွင့် ရပြီး နိုင်ငံရေး အကျဉ်းသမားတွေနဲ့ တွေ့ဆုံခွင့် ရခဲ့တယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်ရခဲ့တယ်။
၎။ တော်တော်လေး လွတ်လပ်လာတဲ့ မီဒီယာ။ အရင်တုံးက အစိုးရ ဆင်ဆာဘုတ်က လုံးဝ ခွင့်မလွှတ်ဘူး။ အခု True News ဂျာနယ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလို့ အဓိပ္ပါယ် သက်ရောက် သွားနိုင်တဲ့ သတင်း ခေါင်းစဉ် တပ်လိုက်တော့ သာမန် သတိ ပေးတာလောက်နဲ့ပဲ ပြီးသွားခဲ့တယ်။ မီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည် ပုံတွေကို လွတ်လွတ် လပ်လပ် ဖော်ပြခွင့် ရလာတယ်။ ဒါပေမယ့် မိန့်ခွန်း ပြောနေတဲ့ ပုံတွေတော့ ထည့်ခွင့် မရသေးဘူး။
၅။ စီးပွားရေး အကြံပေး အရာရှိ။ သမ္မတက အကြံပေး အဖြစ် ခန့်အပ်ခဲ့တဲ့ ပညာရှင်တွေ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိတ်ဆွေဖြစ်ပြီး လူလေးစားခံရတဲ့ စီးပွားရေးပညာရှင် ဦးမြင့် ပါလာတယ်။
သတင်းဆိုးများ
၁။ သမ္မတသစ်။ သမ္မတဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရုပ်သေး ဖြစ်ပြီး စစ်တပ် အုပ်ချုပ်မှု သက်ဆိုးရှည်ဖို့နဲ့ ဖိအားတွေ လျော့သွားစေဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေတာ ဖြစ်တယ်လို့ တစ်ချို့က စွပ်စွဲကြတယ်။ မြန်မာ စစ်ခေါင်းဆောင်တွေထဲမှာ ဒီကလတ်လို လူကို ရှာတာဟာ အမှောင်ထဲမှာ ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ရှာသလိုပဲလို့ London School of Economics and Political Science မှာ တက်နေတဲ့ မောင်ဇာနည်က ဒီဗီဘီသတင်း ဌာနကို ပြောတယ်။
၂။ အင်းစိန်ထောင်။ အင်းစိန် ထောင်ထဲက အခြေအနေတွေကို ဆိုးနေတုံးပဲ။ ကွင်တားနားက စစ်ကြောတဲ့ သူတွေဟာ လူတွေကို အအိပ်အစား ပျက်အောင် လုပ်ပြီး စစ်သလို၊ ကိုယ်ခန္တာ အစိတ်အပိုင်းတွေကို မီးရှို့ပြီး စစ်တာတွေလည်း ရှိတုံးပဲလို့ ပြောတယ်။
၃။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်ပြီး ဖိနှိပ်တုံး။ ပါတီဝင် တစ်ဦးဖြစ်တဲ့ အောင်လှမြင့်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက သူ့မြို့ကနေ ခွင့်ပြုချက် မရဘဲ ခရီးသွားလို့ ထောင်ဒဏ် ၁၆လ အပြစ်ပေးခံခဲ့ရတယ်။
၎။ ပြည်တွင်းစစ်။ ကရင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူငါးထောင်လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က ဆိုတယ်။ အဲဒီအဖွဲ့က အကျဉ်းသားတွေကို ပေါ်တာ အဖြစ်သုံးပြီး မိုင်းရှင်း တာမျိုးတွေဟာ စစ်ရာဇ၀တ်မှုလို့ စွပ်စွဲထားတယ်။
၅။ ကျပ်ငွေတန်ဖိုးတက်မှု။ ဒေါ်လာနဲ့ ယှဉ်တဲ့ ကျပ်ငွေ တန်ဖိုး တက်လာတာကြောင့် ပို့ကုန်သမားတွေနဲ့ လယ်သမားတွေ ဒုက္ခရောက် နေတယ်။ စီးပွားရေး အကျပ် အတည်းကြောင့် ၁၉၈၈ နဲ့ ၂၀၀၇ မှာ ဆူပူမှုတွေ ဖြစ်ခဲ့တယ်။ အခုလည်း အဲဒီလို ဖြစ်နိုင်တယ်။ ဝေဖန်သူတွေ ကတော့ အဲဒီလို ဆူဆူပူပူ ဖြစ်မှာ ကြောက်လို့ ဗိုလ်ချုပ်တွေက အပြောင်းအလဲ လုပ်နေတာလို့ စွပ်စွဲကြတယ်။ 

(ပိတောက်မြေမှ ကူးယူဖေါ်ပြသည်)