(ကေအိုင်အေ
အကြောင်း ပြောပြချင်လို့ပါ ဆိုပြီး ပေးပို့လာတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
စာရေးသူက ဆောင်းပါးရှည်ကြီး ရေးပို့ လိုက်ပေမယ့် ပို့စ်တင်လို့ ကောင်းအောင်
အကြောင်းအရာပေါ် မူတည်ပြီး နှစ်ပိုင်း ခွဲတင်ပေးဖို့ စီစဉ်ထားပါတယ်။
မြန်မာစာ အရေးအသားကို သဒ္ဒါစည်းမျဉ်းနဲ့ ညီအောင် မူရင်း ဆိုလိုချက်
မပျက်စေပဲ ပြင်ဆင်တာနဲ့ ခေါင်းစဉ်ရွေးချယ်ပေး တာကလွဲပြီး စာရေးသူရဲ့ မူရင်း
ရေးသားချက် အတိုင်း ဖြစ်ပါတယ်။)
ကချင်ပြည်နယ်မှာ
ငြိမ်းချမ်းရေး ပြန်ပျက်တော့ ပြည်နယ်သူ၊ ပြည်နယ်သား အများစု
စိတ်မချမ်းမြေ့ ကြပါဘူး။ ငြိမ်းချမ်းရေး ကာလတုံးက အေးအေး ချမ်းချမ်း သွားလာ
နေထိုင်လို့၊ ရှာဖွေ စားသောက်လို့ ရတယ်။ အကောင်းဆုံးကတော့ အကြောက် တရားကနေ
ဝေးနေရတာပဲ။ အကြောက်တရား ဆိုတာ တပ်မတော်ဘက်ကို ကြောက်ရသလို၊
ကေအိုင်အေဘက်ကို ကြောက်ရတာလည်း ပါပါတယ်။ ကချင်ပြည်နယ် အကြောင်း ပြောတဲ့အခါ
လူတွေက စစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ အဖြစ်တွေကိုပဲ ပြောကြပေမယ့် ကချင်ပြည်နယ်
လူထုက စစ်တပ်ကို ကြောက်တာထက် ကေအိုင်အေကို ပိုကြောက်ပါတယ်။
ကျွန်တော်တို့ဆီမှာ
လူတွေက ကေအိုင်အိုကို သိပ်မသိဘူး။ ကေအိုင်အေကို ပိုသိ၊ ပိုကြောက်တယ်။
တကယ်တော့ ကေအိုင်အိုက နိုင်ငံရေး အဖွဲ့ဖြစ်ပြီး ကေအိုင်အေက လက်အောက်တပ်ပါ။
ကေအိုင်အိုက နယ်တွေမှာ အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့ထားပေးပမယ့် ကေအိုင်အေ
တပ်မှူးတွေကပဲ အရာရာကို ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ကချင်လို ပြောရရင် နယ်မြေ တစ်ခုမှာ တာဝန်ယူရတဲ့ ကေအိုင်အေ တပ်ရင်းမှူး ဆိုတာ မဂျီးရှာအီဒူ ခေါ်တဲ့ ပေါင်စား ဒူဝါကြီးတွေ ဖြစ်ပါတယ်။
ပေါင်စား ဒူဝါဆိုတာက သူ့နယ်မြေထဲမှာ အမဲလိုက်လို့ တောကောင် ရရင်တောင်
မုဆိုးက ပေါင်တစ်ပေါင် ဆက်သရပါတယ်။ ကျန်တာကတော့ ပြောမနေနဲ့တော့။
သူ့နယ်ထဲမှာ ဘာလုပ်လုပ်၊ ဘာစားစား သူခွင့်ပြုမှ လုပ်လို့ ရပါတယ်။ ဒါဟာ
ဂျင်းဖော လူမျိုးစုတွေ ကြားမှာ ကျင့်သုံးခဲ့တဲ့ ဂွမ်ဆာ (မြေရှင်)
အုပ်ချုပ်ရေး စနစ်ရဲ့ အမွေဖြစ်ပါတယ်။
အခု
ကေအိုင်အေ ဦးစီးချုပ် လုပ်နေတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ဟာ တပ်ရင်းမှူး
ဘ၀တုံးက ကျွန်တော်တို့ ဖားကန့်ဒေသမှာ အင်မတန် ကြောက်ခဲ့ရတဲ့သူပါ။ အင်မတန်မှ
ရက်စက်တဲ့သူ ဖြစ်ပြီး ဖားကန့်ဒေသမှာ အခုထိ ပြောစမှတ် တွင်ကျန်ခဲ့သူ ဖြစ်
ပါတယ်။ သူ့လုပ်ရပ်တွေထဲက ကျွန်တော် ကိုယ်တိုင် လူငယ်ဘ၀က ကြုံခဲ့ရပုံလေးကို
ပြောပြချင်ပါတယ်။
ဗိုလ်ချုပ်ဂမ်ရှောင်က အဲဒီတုံးက ဖားကန့်ဒေသမှာ လှုပ်ရှားနေတဲ့ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း၆ က တပ်ရင်းမှူး (ဗိုလ်မှူး)ပါ။
သူက ဖားကန့်သား မဟုတ်ပါဘူး။ ဗန်းမော် ဘက်ကလို့ ကြားရပါတယ်။ ကေအိုင်အေ
တပ်ရင်းတွေထဲမှာ တပ်ရင်း ၆ တပ်ရင်းမှူးက အင်မတန် အာဏာ ရှိပါတယ်။
ကျောက်စိမ်း မှော်တွေကနေ အခွန်ကောက်တာ၊ မှော်တွေထဲမှာ ဘိန်းဖြူ၊
ဘိန်းမဲရောင်းတာ၊ လောပန်းချင်း အငြင်းပွားတာက အစ သူပဲ ကိုင်ထားပါတယ်။
ကေအိုင်အို အတွက် အခွန်ငွေ အများဆုံး ရှာပေးတဲ့သူလည်း ဖြစ်တော့ ဗဟိုက
အလွန်ယုံပြီး အားကိုးတဲ့သူကိုပဲ ထားတာပါ။ မှော်တွေကို မှော်သူကြီးတွေ၊
မှော်ကော်မတီတွေက တဆင့် အုပ်ချုပ်သလို ကိုယ်ပိုင် ကျောက်တွင်းလည်း
လုပ်ပါတယ်။ အဲဒီအချိန်တုံးက အခုလို ဖက်စပ် တွင်းတွေ မရှိသေးဘူး။ အစိုးရတပ်က
လုံးခင်းနဲ့ ဖားကန့်မြို့နားက အစိုးရတွင်းတွေကိုပဲ အုပ်ချုပ်နိုင်ပြီး
အဝေးက မှော်တွေကတော့ ကေအိုင်အေ လက်အောက်မှာပဲ ရှိပါတယ်။
အဲဒီတုံးက
ဗိုလ်မှူးဂမ်ရှောင်နဲ့ သူ့အောက်က မှော်တွေကို အုပ်ချုပ်တဲ့ ဗိုလ်ကြီး
လှဆိုင်းတို့က မှော်တွေထဲကို ဖိုးဖြန့်တဲ့ လူတွေ ဆီကလည်း အခွန် ကောက်ပါတယ်။
အဲဒီလို လုပ်နေရာကနေ ဘာအဆင်မပြေ ဖြစ်သလဲ မသိဘူး ဂမ်ရှောင် အမိန့်နဲ့
ဖားကန့်၊ လုံးခင်းနယ်မှာ ဖိုးဖြန့်နေတဲ့ လူငါးဆယ်လောက်ကို မှော်တွေထဲမှာ
ရင်း၆ က ၀င်ဖမ်းပါတယ်။ တစ်ချို့ကတော့ ဆက်ကြေး အကြွေးကျန်လို့ ဖမ်းတာလို့
ပြောတယ်။ တစ်ချို့ကတော့ ကေအိုင်အို ဗဟိုက ကျောက်စိမ်းပဲ အခွန်
ကောက်ခိုင်းပြီး ဘိန်းဖြူ၊ ဘိန်းမဲအတွက် မကောက်ခိုင်းဘူး။ အမေရိကန်က
ကေအိုင်အို မူးယစ်ဆေး လုပ်ငန်းမှာ ပါတယ်ဆိုပြီး ပြောလာလို့ ဂမ်ရှောင်
ဖားကန့်နယ်က ဘိန်းအရောင်း အ၀ယ်တွေမှာ ၀င်ပါ မပါ တပ်မဟာ ၂ ကို စုံစမ်း
ခိုင်းတာကြောင့် နှုတ်ပိတ်တဲ့ အနေနဲ့ သူနဲ့ ပတ်သက်ခဲ့တဲ့ လူတွေကို
ဖမ်းတယ်လို့ ပြောတာပဲ။
အဲဒီအချိန်က ကျွန်တော်တို့က ဆိုင်းတောင်ရွာမှာ နေတာပါ။ ၁၉၉၀ ခရစ်စမတ် မတိုင်ခင် နှစ်ရက် သုံးရက် အလိုမှာ
ဆိုင်းတောင်ရွာနဲ့ သိပ်မဝေးတဲ့ စပေါ့ချောင်းမှော်မှာ ကေအိုင်အေက
တရားစီရင်မယ်၊ အိမ်တိုင်း လာရမယ်လို့ ဆိုင်းတောင် သူကြီးက မောင်းထုတယ်။ ကျွန်တော်နဲ့အဖေက
ကျွန်တော်အိမ် အတွက် သွားရတယ်။ အနီးအနား မှော်တွေကလည်း တစ်အိမ် တစ်ယောက်
ဆင့်ထားလို့ စပေါ့ချောင်းဘေးမှာ လူတစ်ထောင် ကျော်လောက် စုမိတယ်။ မနက်
ဆယ်နာရီလောက် မှာ ဂမ်ရှောင်နဲ့ ထောက်လှမ်းရေး ဗိုလ်ကြီး ခေါင်လွန်း၊
ဆက်ကြေး တာဝန်ခံ ဗိုလ်ကြီး လှဆိုင်းတို့ ရောက်လာပြီး လူငါးဆယ် လောက်ကို
ကြိုးတုပ်ပြီး ခေါ်လာတယ်။ နောက်ကျွန်တော်တို့ကို ဂမ်ရှောင်က စကားပြောတယ်။
ကေအိုင်အေ အမိန့်ကို နာခံဖို့၊ အစိုးရနဲ့ မပေါင်းဖို့၊ ဘိန်းမရောင်းဖို့
သတိပေးတယ်။
နောက်တော့
အဲဒီလူတွေကို စပေါ့ချောင်းဘေးမှာ လက်ဝါးကပ်တိုင်လို လုပ်ထားတဲ့
ကားစင်တွေမှာ ကြိုးနဲ့ချည်ပြီး သေနတ်နဲ့ ကေအိုင်အေ ရဲဘော်တွေက ပစ်သတ်ပါတယ်။
အသုတ်လိုက် ခွဲပြီး သတ်တာပါ။ ကားစင်က တစ်ဒါဇင်လောက် ရှိပြီး လေးခါလောက်
သတ်တော့ ငါးဆယ်နီးပါး အသတ်ခံရတာပါ။
သေတဲ့လူတွေကို ချောင်းထဲ ဒီအတိုင်း မျှောချတဲ့အပြင် ဗီဒီယိုပါ ရိုက်သွား
ပါသေးတယ်။ ဗီဒီယိုကတော့ ဗဟိုကို မူးယစ်ဆေး နှိမ်နင်းနေတဲ့
အကြောင်းပြဖို့လို ပြောတာပဲ။ အဖေ ပြောတာတော့
ဖမ်းသွားတဲ့ အထဲက ဂမ်ရှောင်ကို သိန်းကြီး ဂဏန်းပေးပြီး ကယ်နိုင်လို့
လုံးခင်းက ဦးမောင်ကြီး၊ ဦးချစ်ကိုနဲ့ နောက်နှစ်ယောက် သုံးယောက်ပဲ
ပြန်လွှတ်ပေးတယ်ဆိုပဲ။
ဖားကန့်ဒေသမှာ
အခုထိ ဂမ်ရှောင်နဲ့ စပေါ့မှော် အကြောင်း ပြန်ပြောရင် လန့်နေတုံးပါပဲ။
ဂမ်ရှောင်ကတော့ အဆင့်ဆင့် ရာထူး တက်သွားပြီး အခုတော့ ကေအိုင်အေ
ဦးစီးချုပ်ဖြစ်နေပါပြီ။ ဗိုလ်ကြီး လဆိုင်းကတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး
ရပြီး ခြောက်လ လောက်ကြာတော့ အသတ်ခံရတယ်လို့ ကြားပြီး သတင်း
ပျောက်သွားပါတယ်။ ကေအိုင်အေကတော့ အစိုးရတပ်က သတ်တယ်လို့ ပြောပေမယ့်
အများစုကတော့ ဂမ်ရှောင်နဲ့ ပြဿနာဖြစ်ပြီး သတ်လိုက်တာလို့ ထင်ကြပါတယ်။
ဘာလို့လည်း ဆိုတော့ လှဆိုင်းကို မရှီကထောင် ရွာထဲက မယားငယ် အိမ်မှာ
အိပ်နေတုံး ၀င်ဖမ်းသွားပြီး အလောင်းလည်း မရ၊ သတင်းလည်း မကြားရလို့
ဖြစ်ပါတယ်။
အခု ငြိမ်းချမ်းရေး ပျက်သွားပြီး ကေအိုင်အေ ပြန်ထလာတော့ ဂမ်ရှောင် နောက်ထပ် ဘယ်လောက် ရက်စက်ဦးမလဲ ဆိုတာ တွေးပြီး ကြောက်နေတုံးပါပဲ။
လထော်ဂမ်း
ပိတောက်မြေမှကူးယူဖေါ်ပြသည်