ရက်တစ်ရာကျော်
အထိ သွေးအေးနေခဲ့သော မြန်မာ့ နိုင်ငံရေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းမှာ
အရှိန်အဟုန် ကောင်းကောင်းနဲ့ လှုပ်ရှား လာခဲ့ပါတယ်။ အဓိကကတော့ အစိုးရသစ်နဲ့
ဒေါ်အောင်ဆန်းစုကြည် ကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ အရှိန်ရလာပြီး သမ္မတ
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ အဆင့်ကို ရောက်ရှိ လာတာပဲ
ဖြစ်ပါတယ်။
ဒီအချိန်ဟာ
မြန်မာ့နိုင်ငံရေးရဲ့ အဓိက အင်အားစု နှစ်ခုဟာ ဆုံမှတ် တစ်ခုပေါ်မှာ
ရောက်လာပြီး အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လမ်းကြောင်းပေါ်ကို
ဦးတည်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ရှေ့ခရီးမှာ စိန်ခေါ်မှုတွေ
အများကြီး ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက ပိုအရေးကြီးတယ်လို့ ထင်ရပါတယ်။ အရင်တုံးကတော့
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ဘက်က အယူအဆ ပြင်းထန်နေမှု၊ သံသယ
ဖြစ်မှုတွေကို ကျော်လွှားပြီး စေ့စပ်ရေး စားပွဲဝိုင်းပေါ်ကို ဆွဲခေါ်နိုင်ဖို့က
အရေးအကြီးဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာတော့
အစိုးရသစ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုခဲ့ပြီး
ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံ
နိုင်သေးသူတွေနဲ့ ဘုံရပ်တည်ချက်ကို ရှာဖွေ အလုပ်လုပ်နိုင်ဖို့ အတွက်
အသင့်ရှိတယ် ဆိုတာကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလာပြီး လက်တွေ့လည်း
အကောင် အထည် ဖော်နေပြီ ဖြစ်တဲ့အတွက် ဒီစိန်ခေါ်မှုကို ကျော်လွှား
နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က
ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်တယ်။ သမ္မတသစ်ဟာ ပြုပြင် ပြောင်းလဲမှုကို
အမှန်တကယ် လိုလားတယ်လို့ သူထင်တဲ့ အကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည် ဒီတစ်ခါ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဟာ အပြင်က မဟုတ်ဘဲ
ကိုယ့်အတွင်းထဲက လာမယ့် စိန်ခေါ်မှုလို့ ဆိုနိုင်ပါတယ်။ ပြီးတော့
အဲဒီစိန်ခေါ်မှုဟာ ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ လှုပ်ရှားသူများနဲ့
လက်နက်ကိုင် တိုက်ခိုက်ဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆိုတဲ့
နေရာနှစ်ခုကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
ပြည်တွင်း၊ပြည်ပရှိ ဒီမိုကရေစီလှုပ်ရှားသူများ ။ ဒီအသိုင်းအ၀န်းမှာ
သဘောထား နှစ်မျိုးရှိတာကို သတိပြုမိပါတယ်။ ပထမ အုပ်စုကတော့ အစိုးရသစ်ဘက်က
သဘောထား ပျော့ပြောင်း လာတာကို တိုးတက်မှုလို့ မမြင်ဘဲ ဖိအားပေးမှုများ၊
ပြည်တွင်း နိုင်ငံရေး လှုပ်ရှားမှုများရဲ့ ရလဒ်ကြောင့်လို့ မြင်သူများ
ဖြစ်ပါတယ်။ သူတို့ကတော့ အခုအချိန်မှာ ကိုယ့်ဘက်က ပိုပြီး ဖိဖိစီးစီး
လုပ်ဖို့၊ ဖိအားတွေ ပိုပေးဖို့ လိုတယ်၊ ဒါဆိုရင် အရှေ့ဥရောပမှာ ဖြစ်သလို
အစိုးရက ပြိုကွဲ သွားလိမ့်မယ်လို့ ယူဆ နေသူများ ဖြစ်ပါတယ်။ ဒုတိယ
အုပ်စုကတော့ မြန်မာပြည်ထဲက ပဋိပက္ခတွေကြောင့် ရလာတဲ့ အကျိုး အမြတ်တွေ
အပေါ်မှာ သာယာ နေသူများ ဖြစ်ပါတယ်။ ဒီအုပ်စုကတော့ ဒီမိုကရေစီ
လှုပ်ရှားမှုများကြောင့် အစိုးရရဲ့ ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး ပြည်ပကို
ထွက်ခွာ လာခဲ့သူများ ဖြစ်ပါတယ်။ ပထမတော့ ထိုင်းနယ်စပ်မှာ အနစ်နာခံ၊
အပေတေခံပြီး လှုပ်ရှားခဲ့ ကြသူတွေပါ။ နောက်တော့ နိုင်ငံတကာရဲ့ ဂရုဏာသက်မှုနဲ့
စာနာ ထောက်ထားမှုတွေကြောင့် ပညာသင်ဆုတွေ၊ တတိယနိုင်ငံမှ အခြေချ
နေထိုင်ခွင့်တွေ ရလာသလို အင်န်ဂျီအို လုပ်နည်း၊ ပရိုဂျက်
လုပ်နည်းများကိုလည်း ကျွမ်းကျင် လာသူတွေ ဖြစ်ပါတယ်။ ဒီအုပ်စုအနေနဲ့ ကတော့
ပြည်တွင်းမှာ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား
ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေဟာ သူတို့အတွက် လှုပ်ရှား စည်းရုံးလို့ အကောင်းဆုံး
အခြေအနေပါပဲ။ ဒီအခြေအနေ ပြေလည်သွားပြီ ဆိုတာနဲ့ ဒီကနေ့ သူတို့ ရရှိ ထားတဲ့
သက်တောင့် သက်သာ ဘ၀လေး ပျောက်သွား တော့မှာပါ။ ဒီလူတွေဟာ လူနည်းစု
ဖြစ်ပေမယ့် အသံတော့ အတော် ကျယ်တဲ့အုပ်စု ဖြစ်ပါတယ်။
လက်နက်ကိုင်တိုက်ခိုက်ဆဲတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ။ ထိုအဖွဲ့များနှင့်
ပတ်သက်ပြီး ပထမဆုံး သတိ ပြုသင့်သော အချက်ကတော့ ဒီအဖွဲ့တွေဟာ ဒီမိုကရက်တစ်
အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ စစ်ဘုရင်တွေပဲ ဖြစ်ပြီး သူတို့ ထိန်းသိမ်းထားရာ
နယ်မြေ၊ သူတို့ ခေါင်းဆောင်တဲ့ အဖွဲ့အစည်းကို တစ်သွေး တစ်သံ တစ်မိန့်နဲ့
အုပ်ချုပ်ထားတာ ဖြစ်ပါတယ်။ ဗမာတွေကို လူမျိုးကြီး ၀ါဒီတွေလို့ ပြောသလို
သူတို့ ကိုယ်တိုင်လည်း လူမျိုးစွဲ ပြင်းထန်သူတွေ ဖြစ်ပါတယ်။ ဗမာနိုင်ငံရေး
သမားတွေအပေါ် အမြဲ သံသယ ရှိသူတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံခဲ့တဲ့ အဓိက အကြောင်းက ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေပဲ ဆိုတဲ့ အယူအဆက အဓိက ဖြစ်ပါတယ်။
နယ်စပ် ဒေသမှာ လှုပ်ရှားခဲ့ဖူးတဲ့ ပြည်တွင်းက အင်န်အယ်လ်ဒီ၊
အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်များ အနေနဲ့ ဒီအုပ်စုတွေရဲ့ သဘောထားကို
သိကြပါတယ်။ ဒီခေါင်းဆောင်တွေ အနေနဲ့ သူတို့အဆို ဗမာနိုင်ငံရေး သမားတွေနဲ့
ပေါင်းရတာကို လိုအပ်ချက်အရ ပေါင်းရတဲ့ မဟာမိတ် (Unholy Alliance)လို့ သဘောထားတာပါ။ ဒီအတွေ့အကြုံကို
ဦးနု ထိုင်းနယ်စပ်ကနေ တော်လှန်ရေး လုပ်တုံးကလည်း ကြုံခဲ့ပါတယ်။ ရဲဘော်
သုံးကျိပ်ဝင် ဗိုလ်လကျာင်္နဲ့ ရဲဘော် အတော်များများဟာ ကေအင်ယူ သတ်လို့
သေခဲ့ရတာ ဖြစ်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် သင့်မြတ်မယ့်
အခြေအနေကို ဗမာနိုင်ငံရေး သမားတွေ ပေါင်းပြီး ငါ့တို့ကို တိုက်လေမလားလို့
မြင်နေတာပါ။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ ၂၀၀၈
အခြေခံဥပဒေ အပေါ်မှာ နားလည်မှု တစ်ခု တည်ဆောက်နိုင်မယ် ဆိုရင် အခြေခံဥပဒေကို
ဆန့်ကျင်နေတဲ့ သူတို့ အနေအထားဟာ နိုင်ငံတကာ မျက်နှာစာမှာ အများကြီး
အားနည်းသွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း
ဒီအုပ်စုနှစ်ခုလုံးက အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြား ဆက်ဆံရေး
တိုးတက်လာတဲ့ အပေါ် သံသယရှိတဲ့ အမြင်တွေကို ထုတ်ပြောရုံမက စည်းကမ်းချက်တွေ
သတ်မှတ် လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးအောင်ကြည်တို့ နောက်ဆုံး တွေ့ဆုံမှုအပြီး သတင်းထောက်များရဲ့
မေးခွန်းများကို ဖြေတဲ့အခါ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား
နားလည်မှုရရှိရေး၊ သဘောတူညီချက် ရရှိရေးက အဓိက ပြဿနာ ဖြစ်တယ်။ ဒီပြဿနာ
ပြေလည်ရင် အကျဉ်းသားတွေ လွှတ်ပေးရေး၊ ငြိမ်းချမ်းရေး စတဲ့ လက်အောက်ခံ
ပြဿနာတွေ အားလုံး ပြေလည်မှာပါ ဆိုတဲ့ သဘောထားကို ပြောသွားခဲ့ပါတယ်။ ကျွန်တော့်
အမြင် ပြောရရင် အခုအဆင့်က နှစ်ဘက်ကြားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ အင်န်အယ်လ်ဒီ ပါတီ
ရပ်တည်ခွင့်အပေါ် အစိုးရရဲ့ သဘောထား နှစ်ခုကို အရင် အဖြေရှာ နေတာလို့
ထင်မိပါတယ်။ ဒီပြဿနာ နှစ်ခုကို အဖြေရှာနိုင်ပြီး ဆုံမှတ်တစ်ခုပေါ်
ရောက်သွားပြီ ဆိုရင် ကျန်တာတွေ ဖြေရှင်းဖို့ မခက်ပါဘူး။
ဒါပေမယ့်
အုပ်စုနှစ်ခုလုံးက လက်အောက်ခံ ပြဿနာတွေကို ရှေ့တင်လာပြီး ဒါတွေလုပ်မှာ
တိုးတက်တယ်လို့ ယူဆ နိုင်မယ်ဆိုတဲ့ သဘောထားကို လိုင်းတင် လာတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကြောင့် တိုက်ရိုက် မပြောရဲပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ကို ဒီအခြေခံတွေပေါ်က ဆွေးနွေးသင့်တယ် ဆိုတဲ့
နှပ်ကြောင်းပေးမှုတွေ လုပ်လာတာကို တွေ့နိုင်ပါတယ်။ ဒါ့ကြောင့်လည်း
အခုအချိန်မှာ အတွင်းက လာနေတဲ့ စိန်ခေါ်မှုများကို ကျော်လွှားရေးဟာ
ဒေါ်အောင်ဆန်းစုကြည် အတွက် အရေးအကြီးဆုံးလို့ ဆိုချင်ပါတယ်။
မန်ဒဲလားရဲ့ သင်ခန်းစာ
ဒီကနေ့
မြန်မာ့နိုင်ငံရေးကို ပြောတဲ့အခါ သမ္မတ ဦးသိန်းစိန်ကို တောင်အာဖရိက သမ္မတ
ဒီကလတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို မန်ဒဲလားနဲ့ နှိုင်းပြီး ပြောနေကြပါပြီ။
ဒီတော့ မန်ဒဲလား ပေးခဲ့တဲ့ သင်ခန်းစာကိုပဲ ပြန်ညွှန်းချင် ပါတယ်။ သမ္မတ
ဒီကလတ်က လူဖြူ အုပ်စိုးတဲ့စနစ်၊ အသားအရောင် ခွဲခြားတဲ့စနစ်ကို
ဖျက်သိမ်းပြီး လူဖြူ၊ လူမည်းမခွဲ၊ လူတစ်ကိုယ် မဲတစ်ပြား ဒီမိုကရေစီ နည်းကျ
အုပ်ချုပ်တဲ့ စနစ်ကို ပြောင်းဖို့ အတွက် ကြိုးစားတဲ့ အချိန်မှာ မန်ဒဲလားက
အကျဉ်းကျ ခံနေရတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီအချိန်က သူ့ရဲ့လုပ်ဖော် ကိုင်ဘက်
လေးဦးဟာ ထောင်ထဲမှာ အတူရှိနေပြီး အိုလီဗာတန်ဘို ခေါင်းဆောင်တဲ့ ANC
ခေါင်းဆောင်များ ကတော့ အိမ်နီးချင်း အာဖရိက နိုင်ငံတွေမှာ အခြေစိုက်ပြီး
လက်နက်ကိုင် တိုက်ပွဲ ဆင်နွဲနေပါတယ်။ ထောင်ဝင်စာ တွေ့ခွင့်ရနေတဲ့
မန်ဒဲလားရဲ့ ဇနီး ၀င်နီက ပြည်ပရောက် ANC ခေါင်းဆောင်တွေနဲ့ မန်ဒဲလားကြားမှာ
ဆက်သားအဖြစ် လုပ်ပါတယ်။
လူဖြူသမ္မတ
ဒီကလတ်ဘက်က ANC အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ငြိမ်းချမ်းရေး
အတွက် ဆွေးနွေးဖို့ လျှို့ဝှက် ကမ်းလှမ်းတဲ့ အချိန်က သူဘယ်လို
စဉ်းစားခဲ့တယ် ဆိုတာကို မန်ဒဲလားက Long Walk to Freedom စာအုပ်မှာ အခု
လိုရေးပြခဲ့ပါတယ်-
xx
ကျွန်တော့်အနေနဲ့ အခုအချိန်ဟာ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကို စေ့စပ်
ဆွေးနွေးမှုနဲ့ ရှေ့ဆက်ခြင်းကပဲ အကောင်းဆုံး ဖြစ်မယ်လို့ ကောက်ချက် ချမိတယ်။
ကျွန်တော်တို့ဟာ လူဖြူလူနည်းစု အုပ်ချုပ်ရေးကို ဆန့်ကျင် လာခဲ့တာ
ရာစုနှစ်ရဲ့ သုံးပုံ တစ်ပုံရှိပြီ၊ လက်နက်ကိုင် တိုက်ပွဲ ဆင်ခဲ့တာက
နှစ်နှစ်ဆယ် ကျော်ခဲ့ပြီ။ နှစ်ဘက်လုံးက လူတွေ အများကြီး သေခဲ့ရပြီ။
ကျွန်တော်တို့ ရန်သူတွေက အင်အား ကောင်းပြီး ခေါင်းမာတယ်။ ဒါပေမယ့်
သူတို့မှာ ဗုံးကြဲ လေယာဉ်တွေ၊ တင့်ကားတွေ ရှိပေမယ့် သူတို့ဟာ သမိုင်းရဲ့
မှားတဲ့ဘက်မှာ ရောက်နေတယ် ဆိုတာကို သိနေတယ်။ ကျွန်တော်တို့ ဘက်မှာ
အမှန်တရား ရှိတယ်။ ဒါပေမယ့် အင်အား မရှိဘူး။ ကျွန်တော့် အတွက်တော့ စစ်ရေး
အောင်ပွဲ ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက် မဟုတ်ဘူး ဆိုရင်တောင် ဖြစ်လာဖို့
အတော် အလှမ်း ဝေးသေးတယ် ဆိုတာကို နားလည်မိတယ်။ နှစ်ဘက်လုံးက မလိုအပ်ဘဲနဲ့
လူတွေ ထောင်ချီပြီး အသေခံ တိုက်နေကြတဟာ အဓိပ္ပါယ် မရှိတော့ပါဘူး။ ဒါကို
လူဖြူ အစိုးရဘက်ကလည်း နားလည် လာနေပါပြီ။ ဒီတော့ ဒီအချိန်ဟာ စကား ပြောရမယ့်
အချိန်ပဲ။
ဒါပေမယ့်
ဒီကိစ္စဟာ အတော်လေး သိမ်သိမ် မွေ့မွေ့ ကိုင်တွယ်ရမယ့် ကိစ္စဖြစ်ပါတယ်။
နှစ်ဘက်လုံးက ဆွေးနွေးမှု ဆိုတာ ဟာ ပျော့ညံ့မှုဖြစ်တယ်၊
သစ္စာဖောက်မှုဖြစ်တယ်လို့ ယူဆထားကြတယ်။ တစ်ဘက်က သိသိ သာသာ အလျှော့ပေးမှု
မလုပ်ဘဲနဲ့ ဘယ်ဘက်ကမှ စေ့စပ်ရေး စားပွဲဝိုင်း ဆီကို
လာမှာမဟုတ်ဘူး။ လူဖြူအစိုးရက ကျွန်တော်တို့ကို အကြမ်းဖက် သမားတွေ၊
ကွန်မြူနစ်တွေလို့ အကြိမ်ကြိမ် စွပ်စွဲထားပြီး သူတို့ဟာ ကွန်မြူနစ်တွေ၊
အကြမ်းဖက် သမားတွေနဲ့ မဆွေးနွေး နိုင်ဘူးလို့ ပြောတယ်။ ANC ဘက်တော့
အစိုးရဟာ ဖက်ဆစ် ၀ါဒီတွေ၊ လူမျိုးရေး ခွဲခြားသူတွေလို့ စွပ်စွဲပြီး ANC ကို
အသိအမှတ် မပြုမခြင်း၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ
မလွှတ်မခြင်း၊ မြို့နယ်တွေမှာ ချထားတဲ့ တပ်တွေကို မရုပ်သိမ်း မခြင်း
အစိုးရနဲ့ မဆွေးနွေးနိုင်ဘူးလို့ ပြောတယ်။ xxxx
အစိုးရနဲ့
ဆွေးနွေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အလွန် အရေးကြီးတဲ့ ဆုံးဖြတ်ချက်
ဖြစ်တဲ့အတွက် လူဆန်ကာမှာသာ ဆုံးဖြတ်သင့်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
(ပြည်ပရောက် ANC ခေါင်းဆောင်များကို ဆိုလိုပါသည်။ ဘာသာပြန်သူ) ။ ဒါပေမယ့်
အခုအချိန်မှာ စလုပ်သင့်ပြီလို့ ကျွန်တော်က ယူဆထားပြီး (အိုလီဗာ) တန်ဘိုနဲ့
အပြည့်အစုံ တိုင်ပင်ဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော့်တို့ဘက်က
တစ်ယောက်ယောက်က ပထမဆုံး ခြေလှမ်းကို စလှမ်းဖို့ လိုနေပါပြီ။ xxxxxx
ကျွန်တော်က
ကျွန်တော် ဘာလုပ်မယ် ဆိုတာကို ထောင်ထဲမှာ ရှိတဲ့ လုပ်ဖော်
ကိုင်ဘက်တွေကိုရော၊ ပြည်ပက လူတွေကို ပါ မပြောဖို့ ဆုံးဖြတ်ခဲ့တယ်။ ANC ဟာ
စုပေါင်းခေါင်းဆောင်မှုကို ကျင့်သုံးပေမယ့် အခုအချိန်မှာ အဲဒီလိုလုပ်ဖို့
အခြေအနေ မပေးပါဘူး။ ထောင်ထဲမှာ ရှိတဲ့ ကျွန်တော့် ရဲဘော်တွေက ကျွန်တော့်
အကြံကို ရှုံ့ချမှာဖြစ်သလို မလုပ် ဖြစ်အောင်လည်း တားကြမှာ သေချာပါတယ်။
ဒါပေမယ့် ခေါင်းဆောင် တစ်ဦးဟာ သူ့နောက်လိုက်တွေကို မှန်ကန်တဲ့
လမ်းကြောင်းပေါ် ခေါ်ဆောင် သွားနေတယ်လို့ ယုံကြည်လိုတဲ့ အတွက် အုပ်စုထဲကနေ
ရှေ့ကို တိုးထွက်ပြီး နောက်ထပ် ဦးတည်ချက် တစ်ခုဆီကို လမ်းပြ ခေါ်ဆောင်
သွားနိုင်ဖို့ လုပ်ရတဲ့ အချိန်မျိုး ကြုံကို ကြုံရလေ့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ
၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ အထိ သူမရဲ့ အနစ်နာခံမှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှုတွေနဲ့
မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခု
အချိန်မှာတော့ သူ့ရဲ့ ထိုးထွင်း ကြံဆမှု၊ အမျှော်အမြင်ရှိမှု၊ အသိပညာ
ကြွယ်ဝမှုများနဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ကနေ
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်ရမယ့်
အဆင့်သစ်ကို ရောက်ခဲ့ပါပြီ။ နှစ်ဘက်ကြား သဘော တူညီချက်ရဖို့ ဆိုတာ
နှစ်ဘက်လုံးက အလျှော့ပေး လိုက်လျော ရတာတွေ ရှိမှာပါ။ ဒါမှလည်း သူမနာ
ကိုယ်မနာ ဖြေရှင်းရေး Win - Win Solution ကို ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က
အပေးအယူ လုပ်ရတဲ့အခါမှာ မိမိ အဖွဲ့အစည်း တွင်းကပဲ ပေါ်ပေါက် လာနိုင်တဲ့
ဆန့်ကျင် ခုခံမှုများကို ကျော်လွှားဖို့ အတွက်ကတော့ မန်ဒဲလားရဲ့
အတွေ့အကြုံများဟာ အကောင်းဆုံး သင်ခန်းစာများ ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။
ပိတောက်မြေ