xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: DKBA အား နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းပြီးဖြစ်

Saturday, September 3, 2011

DKBA အား နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းပြီးဖြစ်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားအစည်းအရုံး DKBA အား နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းပြီးဖြစ် နယ်ခြား စောင့်တပ်ဖွဲ့များ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်၊ DKBA ဟူ၍ မရှိတော့ DKBA အမည်ခံပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် အဖွဲ့အစည်းအား DKBA အဖွဲ့အစည်းအဖြစ် အသိအမှတ်မပြု
ကရင်ပြည်နယ် ဘားအံမြို့ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ (KSDDP) က သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ အဆိုပါ သဘောထား ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးတိုးတက်ရေးပါတီ(KSDDP) ၏ သဘောထား ထုတ်ပြန်ကြေညာခြင်း
 
၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန် (၁၈-၈-၂ဝ၁၁) ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးရန် ကြေညာချက် အမှတ် (၁/၂ဝ၁၁)ကို ထုတ်ပြန်ကြေညာ၍ ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါ ကြေညာချက် အပေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အနေဖြင့် ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး စစ်ရေးအရ အပြန်အလှန် အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း၊ DKBA အနေဖြင့် တစ်ဖွဲ့ချင်း ဆွေးနွေးမည် မဟုတ်ဘဲ တပ်ပေါင်းစုအနေဖြင့်သာ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း သဘောထားရှိသည်ဟု သတင်းဌာန တစ်ခုမှ ကြေညာသွားပါသည်။


၂။ (၁၈-၈-၂ဝ၁၁)ရက်မှစ၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA အား နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ ''နယ်ခြားစောင့်တပ်'' အဖြစ် တပ်ရင်း(၁၂)ရင်းဖြင့် ဖွဲ့စည်းပြီးဖြစ်ပါသည်။ အသက်(၅ဝ) ကျော်သည့် အရာရှိ စစ်သည်ဟောင်းများကိုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော် တည်ဆောက်ရေးအတွက် ပါဝင်နိုင်ရန် ''ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ'' အဖြစ် တရားဝင် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါသည်။ နယ်ခြားစောင့် တပ်ဖွဲ့များ အနေဖြင့်လည်း နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေကြပြီ ဖြစ်ပါသည်။ DKBA ဟူ၍ မရှိတော့ပါ။
၃။ သို့ပါ၍ DKBA အမည်ခံပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် အဖွဲ့အစည်းအား DKBA အဖွဲ့အစည်း အဖြစ် အသိအမှတ် မပြုပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ကရင်ပြည်နယ်၊ ဘားအံမြို့
ရက်စွဲ။ ၂-၉-၂ဝ၁၁

( ၃-၉-၂၀၁၁ရက်နေ့ ကြေးမုံသတင်းစာ စာမျက်နှာ(၂၀)မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)