ဒုတိယအကြိမ်
ပြန်လည် ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေ ရက်ပေါင်းငါးဆယ် နီးလာသလို
အတော်လေးလည်း အသက်ဝင် လာပါတယ်။ ဥပဒေကြမ်း အတော်များများ
အတည်ပြုနိုင်ခဲ့သလို ဥပဒေကြမ်း တစ်ချို့နဲ့ ပတ်သက်ပြီး အမျိုးသား
လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကြားမှ သဘောထား ကွဲလွဲမှုတွေ ရှိလာလို့
အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း ပြည်ထောင်စု လွှတ်တော်မှာ
စုံညီထိုင်ပြီး ဆုံးဖြတ်ခဲ့ရတာ ကိုလည်း တွေ့ရပါတယ်။
နိုဝင်ဘာ
၂ ရက်နေ့ တုန်းကတော့ မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်နေသူများ
ကြားမှာရော၊ မီဒီယာ များမှာပါ အတော် ဂယက် ရိုက်သွားတဲ့ သတင်းတစ်ပုဒ်
ပေါ်ထွက် လာပါတယ်။
အဲဒါကတော့ အောက်တိုဘာ ၂၈ ရက်နေ့ ပြည်ထောင်စု လွှတ်တော် နာယကလည်းဖြစ်၊
အမျိုးသားလွှတ်တော် ဥက္ကဌလည်း ဖြစ်တဲ့ ဦးခင်အောင်မြင့်က နာယက အနေနဲ့
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဒါမှမဟုတ် အတည်ပြုသည်ဟု မှတ်ယူရမယ့်
ဥပဒေကြမ်းတွေကို သမ္မတ ဆီကို လက်မှတ်ထိုးဖို့ မပေးပို့မီ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ဆိုင်ရာ တရားရုံးကို ပေးပို့ရန်ဆိုပြီး သူကိုယ်တိုင်
အဆိုတင်ပြီး အပြန်အလှန် ဆွေးနွေးခွင့် မပေးဘဲ မဲခွဲခဲ့ပါတယ်။
နောက်ပိုင်းမှာ
ပြည်သူ့လွှတ်တော် အမတ်တွေက ဒီလို ဆုံးဖြတ်မှုဟာ အခြေခံဥပဒေနဲ့ မညီဘူး
ဆိုပြီး ကန့်ကွက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်။ အမျိုးသား
လွှတ်တော်ကလည်း ထပ် အစည်းအဝေး ထိုင်ပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု
ခဲ့တဲ့ ထပ်အတည်ပြု ပြီးတဲ့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုကို
ပြည်ထောင်စု လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့ ဖြစ်လာပါတယ်။ ဖြစ်စဉ် အသေးစိတ်
ကတော့ မီဒီယာတွေမှာ ပါပြီး ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အပေါ်
သုံးသပ်ချက် နှစ်မျိုး ထွက်လာပါတယ်။ ပထမ သုံးသပ်သူများ ကတော့ ဒါဟာ
လွှတ်တော်တွေ တကယ် အသက်ဝင် လာတာကို ပြတာဖြစ်ပြီး မြန်မာနိုင်ငံ အသွင်
ကူးပြောင်းရေး အတွက် အလားအလာ ကောင်းပဲလို့ ဆိုတယ်။ ဒုတိယ သုံးသပ်သူများ
ကတော့ ဟိုတုံးက စစ်အစိုးရနဲ့ ပတ်သက်လာရင် ပြောလေ့ ရှိသလိုပဲ အကွဲအပြဲ
ပုံစံခွက်ထဲ ထည့်ကြည့်ပြီး ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် အာဏာလုပွဲ၊
တနည်းပြောရရင် အပျော့နဲ့ အမာကြား အားပြိုင်ပွဲ အဖြစ် ပုံဖော်ကြည့်ကြသည်။
တကယ်တော့
အားပြိုင်ပွဲ ဖြစ်တယ် ဆိုရင်တောင် ဒီအားပြိုင်မှုဟာ လွှတ်တော်ဥက္ကဌ
နှစ်ယောက်ကြား အားပြိုင်မှု မဟုတ်ဘဲ လွှတ်တော် နှစ်ရပ်မှာ ပါဝင်တဲ့
အမတ်များရဲ့ သဘောထား ကွဲလွဲမှုသာ ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော် နှစ်ရပ်ရဲ့ သဘော
သဘာဝ ကွာခြားမှုကြောင့် ဖြစ်တယ်လို့ လည်း ဆိုနိုင်ပါတယ်။
လွှတ်တော်နှစ်ရပ်ကို လုပ်ပိုင်ခွင့် အာဏာတန်းတူ ပေးထားတဲ့ စနစ်ကို အမေရိကန် အခြေခံဥပဒေမှာ စတင် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။
၁၇၇၆ မှာအမေရိကန် နိုင်ငံ လွတ်လပ်ရေးရတော့ Articles of Confederation
စာချုပ်အရ ကွန်ဖက် ဒရေးရှင်း ပုံစံနဲ့အုပ်ချုပ်ပြီး လွှတ်တော် တစ်ရပ်ပဲ
ထားတယ်။ ပြီးတော့ ကွန်ဖက်ဒရေးရှင်း ပုံစံအတိုင်း ဗဟိုအစိုးရကို အာဏာ
နည်းနည်းလေးပဲ ပေးထားတော့ ပြည်တွင်း ရေးရာရော၊ ပြည်ပရေးရာပါ ဘာမှလုပ်လို့
မရဘူး။ ပြည်နယ်ချင်း အငြင်းပွား ရင်လည်း ဗဟိုက ဖြေရှင်းပေးနိုင်တဲ့ အစွမ်း
မရှိဘူး၊ ဗဟိုက ဥပဒေ ကိုလည်း ပြည်နယ်တွေက လိုက်နာချင်မှ လိုက်နာတယ်။
ဒါ့ကြောင့် ၁၇၈၇ မှာ အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံ ပြန်လုပ်ပြီး အခု
တွေ့နေရတဲ့ အခြေခံ ဥပဒေကို ဆွဲပါတယ်။ ဆွဲတဲ့အခါ ပြဿ နာလေးတွေရှိတယ်။
ပထမဆုံးပြဿနာက လူဦးရေကို အခြေခံပြီး ရွေးတဲ့ လွှတ်တော် တစ်ခုပဲရှိရင်
လူဦးရေများတဲ့ ပြည်နယ် ကြီးတွေက လူဦးရေ နည်းတဲ့ ပြည်နယ်တွေကို
လျစ်လျူရှုပြီး သူတို့ လုပ်ချင်ရာ လုပ်မှာ စိုးရိမ်တဲ့ ပြဿနာပါ။ နောက်ပြဿနာ
ကတော့ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေး တိုက်ယူထားတဲ့ အမေရိကန် တွေက အင်္ဂလိပ်
ပါလီမန် ပုံစံ အုပ်ချုပ်ရေးကို မကြိုက်ဘူး၊ နောက်ပြီး အင်္ဂလိပ် အထက်လွှတ်တော်
House of Lords မှာ ရွေးချယ် မခံဘဲ သူကောင်းမျိုးတွေ အမတ် လုပ်တာမျိုး
ကိုလည်း မလိုချင်ဘူး။
အဲဒီကနေ သမ္မတနဲ့ အုပ်ချုပ်မယ့် စနစ်ပေါ်လာတယ်။ လွှတ်တော် ကိစ္စကျတော့ လွှတ်တော် နှစ်ရပ်ကို ဘယ်လိုပုံစံ ဖွဲ့မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗာဂျီးနီးယား
ပြည်နယ်က တင်ပြတဲ့ အဆိုကို လက်ခံခဲ့ ကြတယ်။ အဲဒီမှာ အောက် လွှတ်တော်က
လူဦးရေကို အခြေခံရွေးပြီး အထက်လွှတ်တော် ကိုတော့ ပြည်နယ်အားလုံးက ပြည်နယ်
တစ်ခုကို နှစ်ယောက်ကျ ညီတူမျှတူ ရွေးဖို့ သတ်မှတ်ခဲ့တယ်။ ဥပဒေကြမ်း
တစ်ခုကို အတည်ပြုဖို့ ဆိုရင် လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုဖို့ လိုပါတယ်။ အဲဒီကနေ
စပြီး လွှတ်တော် နှစ်ရပ်ပုံစံကို နိုင်ငံ အများအပြားက လိုက်လံ
ကျင့်သုံးခဲ့ပြီး မြန်မာ နိုင်ငံကလည်း အခု အခြေခံ ဥပဒေသစ်မှာ
လွှတ်တော်နှစ်ရပ် ပုံစံကို ယူထားပါတယ်။ (၄၈ ဥပဒေ တုန်းက လူမျိုးစု လွှတ်တော်
ဆိုပြီး ရှိပေမယ့် ပြည်နယ်လိုက် အချိုးကျ ရွေးတာ မဟုတ်ပဲ လူမျိုးလိုက် ဗမာ
ဘယ်နှစ်ဦး ရှမ်း ဘယ်နှစ်ယောက် ဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။)
အမေရိကန် ပုံစံ လွှတ်တော် နှစ်ရပ်မှာ ရွေးချယ်တဲ့ သဘာဝ မတူတဲ့ အတွက် အကျိုးစီးပွား ရှုမြင်ပုံလည်း မတူပါဘူး။
ဥပမာ ဆိုရင် လူဦးရေကို အခြေခံ ရွေးတဲ့ အောက်လွှတ်တော်ဟာ မဲဆန္ဒ နယ်မြေ
ကျဉ်းတယ်၊ အမတ်တွေက ဒေသ အကျိုးတွေကို ပိုဦးစားပေး ဆွေးနွေးတယ်၊
အထက်လွှတ်တော်က မဲဆန္ဒနယ်မြေ ကျယ်တယ်၊ (အမေရိကန်မှာ ပြည်နယ်တစ်ခု နှစ်ယောက်၊
မြန်မာနိုင်ငံမှာ ပြည်နယ်၊ တိုင်း တစ်ခု ၁၂ ယောက်)၊ အမတ်တွေက ပြည်နယ်အကျိုး
အတွက် ပို အခြေခံ စဉ်စားတယ်လို့ ဆိုကြပါတယ်။ ဒါက လွှတ်တော် ဖွဲ့စည်းပုံအရ
ဖြစ်လာတဲ့ သဘောဝပါ။ အဲဒါအပြင် ပါတီရဲ့မူတွေ၊ အထူးအကျိုး
စီးပွားအုပ်စုတွေရဲ့ တောင်းဆိုမှုတွေနဲ့ ပေါင်းလိုက်ရင် ပါတီတစ်ခု
တည်းမှာတောင် အထက်၊ အောက်လွှတ်တော် အမတ်များရဲ့ ရှုမြင်ပုံက မတူကြပါဘူး။
ဒါ့ကြောင့်
အခု မြန်မာနိုင်ငံက လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲမှုဟာ စစ်ခေါင်းဆောင်တွေ
အာဏာပြိုင်တယ် ဆိုတာ မဟုတ်ပါဘူး။ လွှတ်တော် အမတ်များရဲ့ အယူအဆ ကွဲပြားမှုသာ
ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော်တိုင်းမှာ ဖြစ်တဲ့ သဘောဝပါဘဲ။ ဒါ့ကြောင့်လည်း
ဒေါ်အောင်ဆန်းစုကြည်က ဒီလို သဘောထား ကွဲပြားပြီး ပြန်ညှိရတဲ့ ကိစ္စဟာ
ဖြစ်တတ်တဲ့ သဘာဝ ပါဘဲလို့ ပြောတာပါ။ ဦးရွှေမန်းကလည်း ဒီလို ဖြစ်တာဟာ
လွှတ်တော်များ အတွင်း လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်ခွင့်၊ အပြန်အလှန်
ထိန်းကျောင်းခွင့် များကို ဖော်ဆောင်လာတာ ဖြစ်လို့ ဂုဏ်ယူရမယ့် ကိစ္စပါလို့
ပြောသွားတာ တွေ့ရပါတယ်။
ဒါ့ကြောင့်
ပြည်ခိုင်ဖြိုး ပါတီက အများစု ဖြစ်နေတဲ့ လွှတ်တော်များဟာ လက်ညှိုးထောင်၊
ခေါင်းညိမ့် လွှတ်တော် မျှသာ ဖြစ်လိမ့်မယ့်လို စိုးရိမ်ခဲ့သူများ အတွက် အခု
အဖြစ်အပျက် များက လွှတ်တော်မှာရှိတဲ့ ပြည်ခိုင်ဖြိုး အမတ်များ ပင်လျှင်
မိမိတို့ အမြင်များနဲ့ သက်ဆိုင်ရာ လွှတ်တော်အလိုက် ဥပဒေပြုရေး
လုပ်ငန်းများကို လုပ်နေပြီ ဆိုတာကို သက်သေပြ နေတာ ဖြစ်တဲ့အတွက် ကြိုဆို
သင့်ပါတယ်လို့ ဆိုချင်ပါတယ်ဗျာ။
နောက်ပြီး ဒီလို သဘောထားကွဲလွဲမှုများကို အခြေခံ ဥပဒေဘောင်ထဲက
ဖြေရှင်းနိုင်ဖို့လုပ်ဆောင်နေခြင်း ဟာလည်း ဒီမိုကရေစီရဲ့ လက္ခဏာ တစ်ခုပဲ
ဖြစ်လို့ ကြိုဆိုရမှာပါပဲ။
ပိတောက်မြေ