xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: A new era for Myanmar ဘာသာပြန်

Wednesday, November 16, 2011

A new era for Myanmar ဘာသာပြန်

  
ဇော်ဌေး

အခုအပတ် ဘာလီမှာ သမ္မတ အိုဘားမားဟာ အာဆီယံ အဖွဲ့ဝင် သူ့ရဲ့ လုပ်ဖော် ကိုင်ဘက်တွေနဲ့ တွေ့တဲ့အခါ အစီအစဉ် အသစ်၊ လုပ်ငန်း အသစ်တွေ ချပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဝါရှင်တန်က အာရှ-ပစိဖိတ် ဒေသဟာ ၂၁ ရာစုမှာ အရေးပါတယ် ဆိုတာ အသိအမှတ် ပြုထားပြီး ဒီဒေသမှာ အမေရိကန် ဆက်ပြီး ရှိနေဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ 
 
မြန်မာဘက်ကတော့ အစိုးရ အပြောင်းအလဲ မဖြစ်ပေမယ့် တော်လှန်ရေး အတော်များများနဲ့ ကြုံခဲ့ရတယ်။ ဘာလင်တံတိုင်း ပြိုလဲမှု နောက်ဆက်တွဲ ဖြစ်ရပ်တွေ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေလည်း ပါတယ်။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို ကျင်းပ နိုင်ခဲ့တယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေကို အရှေ့ အလယ်ပိုင်းက အုံကြွမှုတွေနဲ့ နှိုင်းယှဉ် ပြောနေလို့ မရပါဘူး။ မြန်မာနိုင်ငံက အာရပ်ကမ္ဘာက အဖြစ်တွေကို ကျော်လွှား ခဲ့ပြီးပါပြီ။ 
 
မြန်မာ့နိုင်ငံရေး လမ်းကြောင်းက ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက် အတိုင်း ချိတ်ဆက်ဖြစ်ပေါ် နေတာပါ။ အမေရိကန်နဲ့ အနောက် နိုင်ငံတွေက နားလည် သင့်တာက ကျွန်တော်တို့ သမ္မတဟာ ခိုင်မာတဲ့ ပြုပြင် ပြောင်းလဲရေးသမား ဖြစ်ပြီး မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ ရထားကို ရယူမယ့် ကိစ္စဟာ အဲဒီ အပြောင်းအလဲ တွေကို ပိုပြီး မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတက နိုင်ငံတကာ အသိုင်းအဝန်းက ချပြလိုက်တဲ့ သူ့ရဲ့ လမ်းပြမြေပုံလည်း ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ မြန်မာ့ နိုင်ငံရေးဟာ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲသွားမယ် ဆိုတာကို လက်ခံဖို့ လိုပါတယ်။ ပြောင်းလဲမှုတိုင်းဟာ ပကတိ အရှိတရား၊ တည်ငြိမ်ဖို့ လိုအပ်ချက်နှင့် စနစ်တကျ ရှိမှုတွေ အခြေခံပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာက မျှော်လင့်နေတဲ့ လူမှု အသိုင်းအဝန်းသစ်ကို တည်ဆောက် နေသလို တစ်ဖက်ကလည်း စနစ်ဟောင်းကြီးကို ပြင်ဆင်ဖို့ လုပ်နေရတယ်။ ဒါဟာ အရှေ့တောင် အာရှရဲ့ နိုင်ငံရေး ပြဇာတ် တစ်ပုဒ်လည်း ဖြစ်တယ်။ 
 
သမ္မတ ဦးသိန်းစိန်ဟာ အောက်ခြေ လူတန်းစားတွေ၊ လူလတ်တန်းစားတွေ၊ တိုင်းရင်းသား လူနည်းစုတွေ အပါအ၀င် နိုင်ငံရဲ့ မျှော်လင့်ချက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း မီဒီယာတွေကို သမ္မတဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် အမှန်တကယ် လိုလားတယ်လို့ သူယုံကြည်တဲ့ အကြောင်း ပြောပြခဲ့တယ်။ ဒါပေမယ့် သူဟာ ခေတ်သစ်ကို သွားဖို့အတွက် နိုင်ငံတကာရဲ့ အခိုင်အမာ အားပေး ထောက်ခံမှု ရရှိဖို့ လိုပါတယ်။ ၀ါရှင်တန်နဲ့ ကျန်တဲ့ သူတွေဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် မြင်ချင်တယ် ဆိုရင် သူတို့ရဲ့ နှစ်လမ်းသွား မူဝါဒ (ထိတွေ့မှုနှင့် ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ် တစ်ပြိုင်တည်း ကျင့်သုံးမှုကို ရည်ညွှန်းပါသည်။ ဘာသာပြန်သူ) ကို ပြောင်းလဲဖို့ လိုနေပါပြီ။ 

 
တိုတိုပြောရရင် မြန်မာနိုင်ငံဟာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အခွင့်ရေးတွေ ရဖို့လိုတယ်၊ ဖွံ့ဖြိုးရေး အကူအညီတွေ ရဖို့လိုတယ်။ ငွေကြေး ပိတ်ဆို့မှု တွေကို ဖယ်ရှားပြီး အများပြည်သူနဲ့ ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေးကို အဆင့်မြှင့်တင် နိုင်အောင် ကူညီဖို့ လိုတယ်။ စီးပွားရေး တစ်ခုလုံး ဖွံ့ဖြိုးအောင် လုပ်နိုင်ရမယ်။ အဲဒီ တိုက်ပွဲတွေကို နိုင်အောင် မတိုက်နိုင်ဘူး ဆိုရင် ပြည်သူတွေနဲ့ ပြင်ပကမ္ဘာက မျှော်လင့်နေတဲ့ အောင်မြင်မှု တွေလည်း ရမှာ မဟုတ်ဘူး။ 
 
အနောက်နိုင်ငံတွေအနေနဲ့ ပြောင်းလဲနေတဲ့ပထ၀ီနိုင်ငံရေးအခြေအနေ၊ အထူးသဖြင့် တရုတ်နိုင်ငံ အင်အား ကြီးမားလာမှု ကြောင့် သူတို့အနေနဲ့ မြန်မာကို လိုအပ်လာပြီ ဆိုတဲ့ အချက်ပဲ။ အခုလို အခြေအနေမျိုးမှာ ဝါရှင်တန်နဲ့ ကျန်တဲ့သူတွေက မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနဲ့ ပိုပြီး ချိတ်ဆက်နိုင်အောင် ကူညီဖို့ လိုပါတယ်။ ကျွန်တော်တို့ သမ္မတကြီးရဲ့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဖျက်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ သူဘယ်လို ရပ်တည်မယ် ဆိုတာကို ကမ္ဘာကို အချက်ပြ လိုက်တာပဲ ဖြစ်ပါတယ်။ ဝါရှင်တန် အနေနဲ့ ဒီအခွင့်အရေးကို လက်လွတ် ခံလိုက်မယ် ဆိုရင် အင်ဒိုချိုင်းနား ကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပုံစံသစ်နဲ့ လိုက်မမှီတော့ဘူး ဖြစ်သွား ပါလိမ့်မယ်။ 
 
သမ္မတ ဦးသိန်းစိန် မတ်လမှာ စပြီး တာဝန် ထမ်းဆောင်တော့ အရင်နဲ့မတူ တမူ ထူးခြားတဲ့ ပြုပြင် ပြောင်းလဲရေး အစီအစဉ်ကို ကြေညာခဲ့တယ်။ အဲဒီထဲမှာ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ဆင်းရဲမှု လျှော့ချရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဖွံ့ဖြိုး တိုးတက်မှုနဲ့ စက်မှု ထွန်းကားရေးတွေ ပါတယ်။ သမ္မတရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဖို့ စိတ်ပိုင်း ဖြတ်မှုနဲ့ တွန်းအားပေး လုပ်ဆောင်မှုတို့ အပေါ် ပြည်တွင်း၊ ပြည်ပက လူတွေက အသိအမှတ် ပြုခဲ့ကြတယ်။ ပြီးခဲ့တဲ့ ဇွန်လ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ခရီးစဉ်မှာ မြန်မာနိုင်ငံ အနေနဲ့ အနုမြူ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင်တဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး နယ်ပယ်တွေ ရှိနေပေမယ့်လည်း အနုမြူစွမ်းအင် ထုတ်လုပ်ရေးကို စွန့်လွှတ်လိုက်ပြီ ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်။ ဒါဟာ ဂျပန်နိုင်ငံ ဖူကူရှီးမား စက်ရုံ ဖြစ်ရပ်ကို ကြည့်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 
 
သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ရှစ်လအတွင်းမှာ အင်မတန် ထူးခြားတဲ့ တိုးတက်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ သူဟာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတဲ့ကြားက ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အမေရိကန် အနေနဲ့ သမ္မတကြီးဟာ ရှေ့တစ်လှမ်း တိုးလိုက်တိုင်း နောက်ပြန်ဆုတ် သွားအောင် ကြိုးစားမှုတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတဲ့ နိုင်ငံရေး အခြေအနေကို နားလည်ဖို့ လိုတယ်။ အနောက်နိုင်ငံတွေ အနေနဲ့ ဘာတစ်ခုမှ မလိုက်လျောဘဲ ထပ်ပြီး ဖိအားပေးနေတာ မျိုးတွေ၊ သမ္မတကြီးကို ချောင်ပိတ်မိအောင် လုပ်တာမျိုးတွေ မလုပ်ဘဲ သူကို အားပေး ကြဖို့ လိုပါတယ်။ 
 
လေ့လာသူအများစုက မြန်မာနိုင်ငံဟာ ခေတ်သစ်တစ်ခုကို အစပျိုးနေပြီလို့ ယုံကြည်ကြတယ်။ လူတွေက သူတို့ လိုချင် တာတွေကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပြီ၊ အစိုးရကို မေးခွန်းတွေထုတ်နိုင်ပြီ၊ အမတ်တွေကို တောင်းဆိုမှုတွေ လုပ်နိုင်လာပြီ လို့ တဖြေးဖြေးချင်း ခံစား လာနေရပြီ။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲကြောင့် ဖြစ်လာရတဲ့ ထင်သာမြင်သာ ရှိတဲ့ တိုးတက်မှု တစ်ခုပဲ။ 
 
အခုလို အချိန်မျိုးမှာ အမေရိကန်က မြန်မာနိုင်ငံကို အထီးကျန်ထားဖို့ လုပ်မယ်ဆိုရင် အင်မတန် အန္တရာယ် ကြီးပါတယ်။ မြန်မာဟာ ပြင်ပကမ္ဘာ အတွက် တံခါးတွေ ဖွင့်ပေးခဲ့ပါပြီ။ ဝါရှင်တန်ဘက်က ဝင်လာဖို့ လိုပါပြီ။ သမ္မတ အိုဘားမားနဲ့ ကွန်ဂရက်က သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ အတွင်းက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို အခိုင်အမာ ထောက်ခံ အားပေးဖို့ လိုပါတယ်။ ဘာလီမှ မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဌ ရာထူးနေရာကို ထောက်ခံခြင်းဖြင့် သံခင်း တမန်ခင်း ဆက်ဆံမှု ပြန်တံတားခင်း နိုင်ဖို့ လိုပါတယ်။ အိုဘားမားဆီက အဲဒီလို အချက်ပြမှုဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ အတွက် အထောက်အကူ ဖြစ်သလို မျှော်လင့်ချက် တွေကိုလည်း အားကောင်း စေမှာ ဖြစ်ပါတယ်။ 
 
တစ်ချို့ကတော့ မြန်မာနိုင်ငံရဲ့ စွမ်းဆောင်နိုင်မှု၊ ပြည်သူတွေက အစိုးရအပေါ် ယုံကြည်မှုနဲ့ မြန်မာဥက္ကဌ ရာထူးယူတဲ့ အတွက် နိုင်ငံရေးအရ အကျိုးသက်ရောက် နိုင်မှုတွေ အပေါ် သံသယရှိကြောင်း ပြောကြတယ်။ ဒီရာထူး လက်ခံလိုက်တဲ့ အတွက် ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ လုပ်ပေးရာ ရောက်သွား မလားလို့ စိုးရိမ်ကြတယ်။ 
 
ပထမဆုံးအချက်က ဒီဥက္ကဌ ရာထူးဟာ မြန်မာနိုင်ငံကို နိုင်ငံတကာ မျက်နှာစာမှာ သူရှိသင့်တဲ့ နေရာကို ရောက်အောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမယ့် ဂုဏ်သိက္ခာ တက်တာက သမ္မတ မဟုတ်ဘူး၊ မြန်မာပြည်သူတွေ ဖြစ်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ဒုတိယအချက်က မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ ပြင်ပကမ္ဘာနဲ့ အဆက် ပြတ်နေခဲ့တယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာက နိုင်ငံ အတော် များများဟာ မြန်မာကို သံသယနဲ့ ဒါမှမဟုတ် ဖိအားပေးပြီး ဆက်ဆံခဲ့ကြတယ်။ မြန်မာဟာ တစ်ချိန်တုန်းက ဒေသတွင်း အရေးပါခဲ့တဲ့ နိုင်ငံဖြစ်ပြီး အခု အဲဒီနေရာမှန်ကို ပြန်ရဖို့ လိုပါပြီ။ 
 
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်မှုတွေဟာ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက နိုင်ငံရေး ဖွံ့ဖြိုးမှု တစ်ချို့ဟာ ဒေသတွင်း တစ်ချို့ နိုင်ငံများမှာ မရသေးတဲ့ ဖွံ့ဖြိုးမှုမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က အတည် ပြုခဲ့တဲ့ အခြေခံ ဥပဒေရဲ့ အကျိုး သက်ရောက်မှုတွေကို စပြီး ခံစားနေရပြီ ဖြစ်ပါတယ်။ 
 
တရုတ်နိုင်ငံဟာ ဘေဂျင်း အိုလံပစ် ပွဲတော်နဲ့ ကမ္ဘာ့ စင်မြင့်ပေါ်ကို လှမ်းတက်ခဲ့တယ်။ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ ရာထူးကို ရယူခြင်းဟာလည်း ရှေ့ကို တစ်လှမ်းတိုးဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ ဘာလီထိပ်သီး အစည်းအဝေးမှာ ဒီအခွင့် အလမ်းကို အားပေးရမယ်၊ ပိတ်ဆို့ မထားရ ဘူး။ ရွှေ့ဆိုင်း မထားသင့်ဘူး။ 
 
သမ္မတ ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတွေ ဖွံ့ဖြိုးတိုးတက်အောင် ပြင်ပ ဖိအားပေးမှုတွေ မပါဘဲ ဆက်လက် လုပ်ဆောင်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်။ အာဆီယံ အဖွဲ့ကိုလည်း ဒီလိုပဲ ဖြစ်စေချင်တယ်။ မြန်မာနိုင်ငံက ကိုယ့်ဘာသာကိုယ် အပြောင်းအလဲတွေ ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ် ဆိုတာကို သက်သေ ပြခဲ့ပါပြီ၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ မြန်မာပြည်သူ တွေဟာ ကဏ္ဍသစ် တစ်ခု ဖွင့်လှစ်ဖို့ အချိန်ကို ရောက်လာပါပြီ။ 
( (ဦး)ဇော်ဌေးဟာ သမ္မတရဲ့ ရုံးက ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ ) 

( ပိတောက်မြေမှ ဘာသာပြန်ဆိုချက်အား ကူးယူဖေါ်ပြပါသည် )