(နိုဝင်ဘာ ၂၉
ရက်နေ့ထုတ် Wall Street Journal က Myanmar: Dissidents’ New Model for
Freedom? ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆို ဖော်ပြလိုက်
ပါတယ်။)
မြန်မာ ခေါင်းဆောင်တွေ ပြုပြင်
ပြောင်းလဲမှုတွေကို ရှေ့တိုး လုပ်ဆောင်နေချိန်မှာ အရှေ့တောင်
အာရှနိုင်ငံတွေက အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေဟာ မြန်မာနိုင်ငံကို
စံနမူနာပြပြီး သူတို့နိုင်ငံက အစိုးရတွေကို ထောက်ပြ ဝေဖန်လာကြတယ်။
နောက်ဆုံး အဖြစ်တစ်ခုမှာ မလေးရှားနိုင်ငံက တက်ကြွ လှုပ်ရှားသူ Ambiga
Sreenevasan ကဆိုရင် မြန်မာနိုင်ငံမှာ အတည်ပြု လိုက်တဲ့ ငြိမ်းချမ်းစွာ
ထုတ်ဖော် ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေဟာ မလေးရှား အစိုးရက လုပ်နေတဲ့ ပြည်တွင်း
လုံခြုံရေး ဥပဒေ( Internal Security Act ) ပြင်ဆင်ရေး လုပ်ဆောင်ချက်ထက်
အများကြီး ပိုကောင်းတယ်လို့ ထောက်ပြ သွားခဲ့တယ်။
ပြီးခဲ့တဲ့အပတ်က
မြန်မာနိုင်ငံမှာ အတည်ပြု လိုက်တဲ့ ဥပဒေမှာ ဆန္ဒပြသူတွေဟာ စက်ရုံများ၊
ဆေးရုံများ၊ အစိုးရ ရုံးများရဲ့ လုပ်ငန်းများကို မထိခိုက်စေပဲ လွတ်လပ်စွာ
ဆန္ဒပြခွင့်ရမှာ ဖြစ်တယ်။ ဆန္ဒပြခွင့်ကို ဟောပြောမယ့်သူတွေရဲ့
အချက်အလက်တွေနဲ့ အတူ ငါးရက်ကြိုပြီး ခွင့်ပြုချက် တောင်းရမှာ ဖြစ်တယ်။
မလေးရှားမှာ အသစ် ပြင်ဆင်တဲ့ ဥပဒေက ဆန္ဒပြမယ်ဆိုရင် ရက်သုံးဆယ် ကြိုပြီး
ခွင့်ပြုချက် တောင်းဖို့ လိုသလို လမ်းပေါ် အပါအ၀င် နေရာအတော် များများမှာ
ဆန္ဒပြခွင့် မရှိဘူးလို့ ပိတ်ပင်ထားတယ်။ ဒါ့ကြောင့် Ambiga Sreenevasan
မြန်မာဥပဒေက မလေးရှား ဥပဒေထက် ခြောက်ဆပိုပြီး ဒီမိုကရေစီ ကျတယ်လို့
ဝေဖန်ခဲ့တယ်။ သူက မြန်မာဥပဒေက မလေးရှား ဥပဒေထက် ပိုပြီး လစ်ဘရယ် ကျတယ်။
သူတို့ လမ်းပေါ်မှာ စီတန်း ဆန္ဒပြတာကို ပိတ်ပင်မထားဘူး။ မြန်မာက မလေးရှားထက်
ပိုပြီး လစ်ဘရယ်ကျတဲ့ ဥပဒေကို ပြဋ္ဌာန်းနိုင်တာဟာ မလေးရှား အစိုးရအတွက်
ရှက်ဖို့ ကောင်းတယ်လို့ ဆိုတယ်။ နောက်ဆုံးသူက မလေးရှား အစိုးရက သံသယ
ကြီးလွန်းတယ်လို့ ကောက်ချက် ချလိုက်တယ်။
မလေးရှား
ဝန်ကြီးချုပ် နာဂျစ်ကတော့ မလေးရှား ဥပဒေက မြန်မာ ဥပဒေလောက် မကောင်းဘူး။
ဖိနှိပ်လွန်းတယ် ဆိုတာကို လက်မခံဘဲ အဲဒီ ပြောဆိုချက်တွေဟာ အခြေအမြစ်
မရှိဘူး။ ဆန္ဒပြခွင့်က ရက်သုံးဆယ် မဟုတ်ဘဲ ဆယ်ရက်ပဲ ကြိုတင် ခွင့်တောင်းရမှာ
ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတယ်။ ၀န်ကြီးချုပ်က
မလေးရှား ဥပဒေက နိုင်ငံတကာ စံတွေနဲ့ ညီတယ်။ လမ်းပေါ်မှာ စီတန်း လှည့်လည်
ခွင့်မပြုတာဟာ ပြည်သူတွေ အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်လို့ ဖြစ်တယ်
ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့ ကတော့ မလေးရှားရှေ့နေ
ငါးရာလောက်နဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ ပါလီမန်ရှေ့မှာ သွားပြီး လွတ်လပ်စွာ
ပြောဆိုခွင့်၊ စုဝေးခွင့်ရဖို့ အတွက် ဆန္ဒပြခဲ့ကြတယ်။
ဒါပေမယ့်
တက်ကြွ လှုပ်ရှားသူ အနည်းငယ် လောက်ကပဲ မြန်မာနိုင်ငံကို လွတ်လပ်မှုအတွက်
စံပြအဖြစ် မြင်မှာပါ။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ အပေါ် ကန့်သတ်မှုတွေ
လျှော့ပေးတာ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့ခွင့် ပြုတာတွေ စတဲ့ ပြုပြင်
ပြောင်းလဲမှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့
နိုင်ငံတကာ ညွှန်းကိန်းတွေမှာ နိမ့်ကျ နေတုန်းပဲ။ တက်ကြွ လှုပ်ရှားသူ တွေက
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ တွေဟာ နောက်ပြန် လှည့်မလှည့် မေးခွန်း
ထုတ်နေတုန်းပဲ။ သတင်း လွတ်လပ်ခွင့်တွေ ရှိလာပေမယ့် သတင်းထောက် တွေဟာ အခုထိ
ဆင်ဆာ တင်နေရတုန်းပဲ၊
သို့သော် မြန်မာနိုင်ငံက ပြုပြင်
ပြောင်းလဲမှုတွေဟာ အခုအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် အရှေ့တောင်
အာရှနိုင်ငံက ခေါင်းဆောင် အတော်များများ အခက်တွေ့မှာ သေချာတယ်။ ဥပမာ
ပြောရရင် မြန်မာနိုင်ငံက You Tube အပါအဝင် နိုင်ငံတကာ ဝက်ဘ်ဆိုက်
အများအပြားကို ပိတ်ဆို့ ထားတာကို ဖယ်ရှား ပေးလိုက်တဲ့အတွက် မြန်မာ
ပြည်သူတွေဟာ တစ်ချို့ အရှေ့တောင်အာရှ နိုင်ငံက လူတွေထက် အင်တာနက်ကနေ သတင်း
အချက်အလက်တွေ ပိုရနိုင်နေပြီ ဖြစ်တယ်။ မြန်မာ နိုင်ငံမှာ
ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာတာနဲ့ အမျှ ထိုင်းနိုင်ငံမှာ ဘုရင်နဲ့
တော်ဝင် မိသားစုကို ဝေဖန်ရင် အရေးယူခံတဲ့ ဥပဒေမျိုးတွေ အပေါ် ထောက်ပြမှုတွေ
ပိုများလာမှာ သေချာတယ်။ လက်တွေ့မှာ လည်းပဲ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊
စင်္ကာပူနဲ့ အင်ဒိုနီးရှားတို့မှာ တက်ကြွ လှုပ်ရှားသူတွေက အစိုးရတွေရဲ့
လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လွတ်လပ်ခွင့် အပေါ် ကန့်သတ်မှုများနဲ့
ပတ်သက်ပြီး စွပ်စွဲမှုတွေ ပြုလုပ်နေကြတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်
ပြောင်းလဲမှုတွေ ပိုပြီး ဖြစ်လာရင် အဲဒီ နိုင်ငံတွေက လှုပ်ရှားသူတွေကို
ဒီပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး သူတို့နိုင်ငံမှာ ဆက်တောင်းဆို
ကြမှာတော့ သေချာပါတယ်။
ပိတောက်မြေ