xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရိုးသားဖြောင့်မတ်မှန်ကန်သောနိုင်ငံရေးသဘောထားဖြင့် ဝိုင်းဝန်းတည်ဆောက်ကြပါစို့

Sunday, November 13, 2011

ရိုးသားဖြောင့်မတ်မှန်ကန်သောနိုင်ငံရေးသဘောထားဖြင့် ဝိုင်းဝန်းတည်ဆောက်ကြပါစို့

(အစိုးရအဖွဲ့အတွင်း သဘောထားပျော့ပျောင်းသူ အုပ်စုနှင့် သဘောထားတင်းမာသူအုပ်စု ဟူ၍ အုပ်စု ၂ စု ကွဲပြားနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အစိုးရသတင်းစာတွင် ဖေါ်ပြလာသော ငါးမင်းဆွေ၏ ဆောင်းပါးဖြစ် သည် ၊ ဆောင်းပါးရှင်ငါးမင်းဆွေသည် ဒေါ်စုကြည် လွတ်လာပြီးနောက်ပိုင်းတွင် ဒေါ်စုကြည်အား ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည့်ဆောင်းပါးများကိုရေး သားခဲ့သူဖြစ်သည် ။)

ယခုတလော ပြည်ပအသံလွှင့် ဌာနတို့က မြန်မာ့နိုင်ငံရေး လောကတွင် သဘောထား တင်းမာသူ (Hard Liner) များနှင့် သဘောထား ပျော့ပျောင်းသူ(Soft Liner)များဟူ၍ နှစ်ဖွဲ့ရှိနေကြောင်း၊ မည်သည့် ပုဂ္ဂိုလ်တို့သည် သဘောထား တင်းမာသူများ ဖြစ်ကြောင်း၊ မည်သည့်ပုဂ္ဂိုလ်တို့သည် သဘောထား ပျော့ပျောင်းသူများဖြစ်ကြောင်း အမည်နာမနှင့်တကွ ပြောဆို လာကြသည်။ သဘောထား တင်းမာသူကို သဘောထားမှားယွင်းသူ၊ သဘောထားပျော့ပျောင်းသူကို သဘောထား မှန်ကန်သူဟု မီဒီယာများက ရှုမြင်ဇောင်းပေး ရေးသားလေ့ရှိကြပါသည်။
 
ပါလီမန် ဒီမိုကရေစီ နိုင်ငံရေးခေတ်က သန့်ရှင်း ဖဆပလ ခေါင်းဆောင် ဦးနုအား သဘောထား ပျော့ပျောင်းသူဟု ရှုမြင်ခဲ့ကြသည်။ ဦးနုသည် မဲဆန္ဒရှင် အများစုဖြစ်သော ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတို့၏ ထောက်ခံမှုကို ရရှိစေရန် မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် သတ်မှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုခဲ့ခြင်းကြောင့် ပြည်သူလူထု အများစုက ဦးနုကို ထောက်ခံခဲ့ကြသည်။ ပမညတ ခေါင်းဆောင် ဦးသိန်းဖေမြင့်က မြန်မာနိုင်ငံ ကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် သတ်မှတ်ခြင်းသည် အခြားဘာသာများ ကိုးကွယ် သော တိုင်းရင်းသားတို့နှင့် ပဋိပက္ခဖြစ်ပေါ်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိခိုက်စေခြင်းကြောင့် မြန်မာနိုင်ငံအား ဗုဒ္ဓဘာသာနိုင်ငံ အဖြစ် သတ်မှတ်ခြင်းကို လက်မခံခဲ့ပါ။ ထိုစဉ်က ဦးသိန်းဖေမြင့်ကို သဘော ထားတင်းမာသူ အဖြစ်သတ်မှတ်ပြီး ပြည်သူအများစုက ထောက်ခံမှု မပေးခဲ့ကြပါ။ စာရေးဆရာကြီး ဦးသိန်းဖေမြင့်သည် သာသနာ တည်တံ့သန့်ရှင်းရန် ရည်ရွယ်ပြီး ''တက်ဘုန်းကြီး'' ဝတ္ထုကို ရေးသားခဲ့သောကြောင့် ရဟန်းရှင် လူအများစုက ဆရာကြီး ဦးသိန်းဖေမြင့်ကို မုန်းတီးခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဦးသိန်းဖေမြင့် ခေါင်းဆောင်သော ပမညတ ပါတီသည် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါသည်။
 
ဦးနု၏ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် သတ်မှတ်ပေးမည် ဆိုသော ပြောကြားချက်ကြောင့် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသော ကချင် တိုင်းရင်းသားအချို့ လက်နက်ကိုင် တောခိုသွားခဲ့ကြသည်။ သို့အတွက် ကြောင့် ကချင်တိုင်းရင်းသားတို့၏ လက်နက်ကိုင်သောင်းကျန်းမှု စတင် ပေါ်ပေါက်ခဲ့ရသည်။ ဤဖြစ်ရပ်ကြောင့် တိုင်းရင်းသား ပြည်သူတို့၏ အသက် အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရသည်မှာ ယနေ့ထိတိုင်အောင် ဖြစ်ပါသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင် သဘောထား ပျော့ပျောင်းသည်ဟု ထင်မှတ်ခဲ့သော ဦးနု၏ နိုင်ငံရေး သဘောထား လုပ်ဆောင်မှုသည် မှန်ကန်ခြင်းမရှိခဲ့ပါ။ သဘောထား တင်းမာသည်ဟု ထင်မှတ်ခံခဲ့ရသော ဦးသိန်းဖေမြင့်၏ နိုင်ငံရေး သဘောထား လုပ်ဆောင်မှုသည် ရိုးသား ဖြောင့်မတ်မှန်ကန်သည်ဟု အသေအချာ ပြောဆိုနိုင်ပါသည်။
 
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသိန်းဖေမြင့်နှင့် သခင်သန်းထွန်းတို့သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းတည်ထောင် ခဲ့ကြသည်။ လွတ်လပ်ရေး ရပြီးသောအခါ သခင်သန်းထွန်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ အာဏာရရှိစေရန် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။ ဦးသိန်းဖေမြင့်က ငြိမ်းချမ်းသော၊ အကြမ်း မဖက်သော နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်း လုပ်ကိုင်ခဲ့သည်။ သခင်သန်းထွန်း က ဦးသိန်းဖေမြင့်အား ရွှေပြည်အေး ကိုယ်တော်ဟု ခေါ်ဝေါ် သမုတ်ခဲ့သည်။ သခင်သန်းထွန်းသည် သဘောထား တင်းမာသော ကွန်မြူနစ်ဝါဒီဖြစ်ပြီး ဦးသိန်းဖေမြင့်သည် သဘောထား ပျော့ပျောင်းသော ကွန်မြူနစ်ဝါဒီဖြစ်သည်။ နောက်ဆုံးတွင် သခင်သန်းထွန်း၏ သဘောထားတင်းမာသော လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်သည် မအောင်မမြင်ဖြစ်ခဲ့ပြီး သခင်သန်းထွန်းသည် ပဲခူးရိုးမတောတွင်း တစ်နေရာတွင် တပည့်ဖြစ်သူ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုပြည်တွင်း သောင်းကျန်းမှုများကြောင့် နိုင်ငံနှင့်လူမျိုးလည်း များစွာအထိနာခဲ့ရသည်။ တင်းမာသော သဘောထားရှိသည့် သခင်သန်းထွန်း၏ နိုင်ငံရေး သဘောထားသည် ရိုးသားဖြောင့်မတ် မှန်ကန်ခြင်း မရှိခဲ့ပါ။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျင့်သုံးသော သဘောထား ပျော့ပျောင်းသည့် ဦးသိန်းဖေမြင့်၏ နိုင်ငံရေး သဘောထားသည် ရိုးသားဖြောင့် မတ်မှန်ကန်ခဲ့သည်ကို ကျွန်တော်တို့ရှင်းလင်းစွာ တွေ့မြင်သင်ခန်းစာ ရခဲ့ကြပြီး ဖြစ်ပါသည်။

 
ဗိုလ်ချုပ်အောင်ဆန်း၏ လုပ်ဖော်ကိုင်ဖက် လက်ရုံးဖြစ်သော ဦးကျော်ငြိမ်း ကို သဘောထား တင်းမာသော နိုင်ငံရေးသမား (Hard Liner) ဟု သတ်မှတ် ခဲ့ကြပါသည်။ ၁၉၅၈ ခုနှစ် မေလ ၂၉ ရက်နေ့ထုတ် ဗမာ့ခေတ်သတင်း စာတွင် ဆောင်းပါးရှင် မိုးကြိုးက ''ဖဆပလနှစ်ခြမ်းကွဲတာ မူအရမဟုတ်၊ ပုဂ္ဂိုလ်ချင်း မသင့်ကြလို့ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကို မိုးကြိုးမငြင်းလိုဘူး။ မိုးကြိုးအမြင်ကတော့ လူနဲ့ ဘီလူးကွဲခြင်း ဖြစ်တယ်''ဟု ရေးသားခဲ့သည်။ ဆောင်းပါးရှင် မိုးကြိုးသည် ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလကို ထောက်ခံ ရေးသားနေသော ဆောင်းပါးရှင်ဖြစ်သည်။ ဆောင်းပါးရှင် မိုးကြိုးက သန့်ရှင်း ဖဆပလ ခေါင်းဆောင် ဦးနုကို လူဟုဆိုလိုခဲ့ပြီး တည်မြဲဖဆပလ ခေါင်းဆောင် ဦးကျော်ငြိမ်းကို ဘီလူးဟု ဆိုလိုခဲ့ခြင်းဖြစ်သည်။ 
 
နိုင်ငံလွတ်လပ်ရေး ရပြီးစအချိန်တွင် ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းရန် အမိန့်ပေးခဲ့သည်။ သို့သော် သစ္စာဖောက် တစ်ဦးကြောင့် ထိုအမိန့် ပေါက်ကြားသွားခဲ့ပြီး သခင်သန်းထွန်းနှင့် ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ လွတ်မြောက်သွားကာ တောခိုနိုင်ခဲ့ကြသည်။ အကယ်၍ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း၏ အမိန့်ပေး စီစဉ်မှုသာ အောင်မြင်ခဲ့ပြီး သခင်သန်းထွန်းနှင့် ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပါလျှင် ပြည်တွင်းစစ်မီးကြီး အရှိန်အဟုန်ပြင်းစွာ တောက်လောင်ခဲ့မည် မဟုတ်ပါ။ မြန်မာနိုင်ငံသားပေါင်း မြောက်မြားစွာ၏ အသက် အိုးအိမ် စည်းစိမ်များလည်း ဆုံးရှုံးခဲ့ကြမည် မဟုတ်ပါ။ ဦးကျော်ငြိမ်း၏ သခင် သန်းထွန်းနှင့် ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်းရန် လိုသည်ဆိုသည့် တင်းမာပြတ်သားသော နိုင်ငံရေး သဘောထား မှာ ရိုးသားဖြောင့်မတ် မှန်ကန်သော နိုင်ငံရေး သဘောထား ဖြစ်ပါသည်။ 
 
နိုင်ငံနှင့် လူမျိုး အကျိုးအတွက် နိုင်ငံ့အရေး လုပ်ဆောင်ရာတွင် နိုင်ငံနှင့် လူမျိုးအကျိုး ထိခိုက်စေမည့် ကိစ္စရပ်များကို သဘောထားတင်းမာပြတ်သားစွာ ဆန့်ကျင်ဖယ်ရှားကြရပါမည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော အခြေခံ လူတန်းစားတို့အား ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များကို သဘောထား တင်းမာပြတ်သားစွာ အကြမ်းမဖက်သော နည်းဖြင့် ဆန့်ကျင် ဖယ်ရှားကြရပါမည်။ နိုင်ငံနှင့် လူမျိုးအကျိုး ဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို သဘောထား နူးညံ့ပျော့ပျောင်းစွာဖြင့် လက်ကမ်းကြိုဆို လုပ်ကိုင်ကြရပါမည်။ ဤသည်မှာနိုင်ငံရေး သဘောထား ရိုးသားဖြောင့်မတ် မှန်ကန်ခြင်းဖြစ်သည်။ ယနေ့ပြည်ပ အသံလွှင့်ဌာနတို့၏ မည်သူသည် သဘောထား တင်းမာသူဖြစ်သည်။ မည်သူသည် သဘောထား ပျော့ပျောင်းသူ ဖြစ်သည်ဟု ပြောဆိုနေကြခြင်းသည် မြန်မာ့နိုင်ငံရေး သမားများနှင့် မြန်မာပြည်သူတို့ အကြား၊ မြန်မာ နိုင်ငံရေးသမား အချင်းချင်းအကြား သပ်လျှိုသွေးခွဲ ရန်တိုက် ပြောဆိုနေခြင်းသာ ဖြစ်သည်။ တကယ်တော့ နိုင်ငံရေး သမားသည် အရာကိစ္စခပ်သိမ်းကို သဘောထားတင်းမာ၍ မရပါ။ အရာကိစ္စခပ်သိမ်းကို သဘောထား ပျော့ပျောင်း၍လည်း မရပါ။ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် တင်းမာသင့်သည့် နေရာတွင် တင်းမာပြီး ပျော့ပျောင်းသင့်သည့် နေရာတွင် ပျော့ပျောင်းကြရပါမည်။ ဤသို့သော နိုင်ငံရေးသမားသည် ရိုးသား ဖြောင့်မတ်မှန်ကန်သော နိုင်ငံရေးသဘောထား ရှိသူဖြစ်သည်။ မိမိနှင့် မိမိပါတီအား လူထုထောက်ခံမှုရရှိစေရန် တစ်နည်းအားဖြင့် နိုင်ငံရေးအကျိုးအမြတ် ရရှိစေရန် တင်းမာသင့်သည့်နေရာတွင် ပျော့ပျောင်းနေပြီး ပျော့ပျောင်းသင့်သည့် နေရာတွင် တင်းမာနေလျှင် ထိုနိုင်ငံရေးသမားသည် ရိုးသားဖြောင့်မတ် မှန်ကန်မှုမရှိသော နိုင်ငံရေးသဘောထား ရှိသူဖြစ်သည်။
 
အချုပ်အားဖြင့် တင်ပြရပါလျှင် မည်သူသည် သဘောထား တင်းမာသူဖြစ်သည်။ မည်သူသည် သဘောထား ပျော့ပျောင်းသူဖြစ်သည် စသည့်သပ်လျှိုသွေးခွဲ ရန်တိုက်ပေးနေသော ပြည်ပအသံလွှင့်ဌာနတို့၏ အခြေအမြစ်မရှိသည့် စကားများကို မြန်မာပြည်သူတို့က အယုံအကြည် မရှိကြတော့ပါ။ ယနေ့မြန်မာ့ နိုင်ငံရေးသမားများနှင့် တကွ ပြည်သူလူထု တစ်ရပ်လုံးသည် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ရိုးသားဖြောင့်မတ် မှန်ကန်သော နိုင်ငံရေး သဘောထားဖြင့် အတူတကွလက်တွဲပြီး နိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်လာစေရန် ဝိုင်းဝန်း တည်ဆောက်နေကြပြီ ဖြစ်ပါသောကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် များစွာ ကျေနပ်ဝမ်းမြောက်ဖြစ်ကာ သာဓုခေါ်လျက် ရှိကြပါသည်။ ။