xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ၀ိုင်းမော် ကန်ပိုက်တီးလမ်းကြောင်းပေါ်က အရေးပါတဲ့ KIA စခန်းတစ်ခုကို အစိုးရစစ်ကြောင်းသိမ်းပိုက်

Thursday, November 17, 2011

ဝိုင်းမော် ကန်ပိုက်တီးလမ်းကြောင်းပေါ်က အရေးပါတဲ့ KIA စခန်းတစ်ခုကို အစိုးရစစ်ကြောင်းသိမ်းပိုက်


နိုဝင်ဘာလ ၁၄ ရက်နေ့က ကေအိုင်အေရဲ့ စီးပွားရေးအရရော စစ်ရေးအရပါ အရေးပါတဲ့ စခန်းတစ်ခုဖြစ်တဲ့ ၀ိုင်းမော် ကန်ပိုက်တီးလမ်းကြောင်းပေါ်က  ကေအိုင်အေရဲ့ လုကြည်စခန်းကို အစိုးရစစ်ကြောင်းတစ်ခုက သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

အခုသိမ်းပိုက်ခံလိုက်ရတဲ့ လုကြည်စခန်းဟာ ကေအိုင်အေ တပ်မဟာ ၁ နှင့် ၅ ကို ဆက်သွယ်ရာမှာ အဓိက ကျပြီး အရေးပါတဲ့စခန်းတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်။ ဆဒုံးမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဒီစခန်းဟာ ၀ိုင်းမော်-ကန်ပိုက်တီးသွားတဲ့ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေကို အခွန်ကောက်နေတဲ့ စခန်းတစ်ခုဖြစ်လို့ စီးပွားရေးအရ အလွန်အရေးပါတယ်လို့လဲသိရပါတယ်။ ဒီစခန်းကျဆုံးသွားလို့ ဆဒုံး၊ဝေါခြုံ နယ်မြေနဲ့ အင်ဂျန်ယန်နယ်မြေများကို ထိန်းချုပ်ထားတဲ့ တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ခံရတဲ့ အနေအထားဖြစ်လာနိုင်တယ်လို့ တရုတ်-မြန်မာ စစ်ရေးအကဲခတ်များက ပြောကြားပါတယ်။
 
 ဒီလို စစ်ရေးနဲ့ စီးပွားရေးအရ အရေးကြီးတဲ့ စခန်းဖြစ်တာကြောင့် KIA စစ်သည်တော်များ အပြင်းအထန်ခုခံခဲ့ပေမဲ့ အစိုးရစစ်ကြောင်းနဲ့ အင်အားခြင်းမယှဉ်သာတာကြောင့် ဆုတ်ခွာပေးခဲ့ရကြောင်း လုကြည်စခန်းက ဆုတ်ခွာလာတဲ့ KIA အရာရှိတစ်ဦးမှ ပြောပြပါတယ်။
 
ဒီစခန်းမရှိတော့တဲ့အတွက် စခန်းပတ်ဝန်းကျင်မှာရှိနေတဲ့ လုကြည်၊လုမြန်၊ဝေါခြုံ၊ဆဒုံး၊စကားပါ၊စမားဟော် ရွာများအနီး KIO ခွင့်ပြုချက်နဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းများကို အစိုးရစစ်ကြောင်းများက ဖျက်ဆီးမှာ စိုးရိမ်နေကြပါတယ်။
 
 “ဒီစခန်းကို အစိုးရစစ်ကြောင်းကအတင်းဝင်တိုက်တော့ ကေအိုင်အေဘက်က ၁၁ ဦး လောက်ကျဆုံး ၁၅ ဦးလောက်ဒဏ်ရာရသွားတယ် လူနာတွေကို ၀ါးတောင်ဘက် သယ်သွားတာတွေ့လိုက်ရတယ်၊ စစ်တပ် စစ်ကြောင်းတွေက လူတော်တော်များတယ် ဒီမှာအမြဲတွေ့နေရတဲ့ မြှားတံဆိပ်နဲ့မဟုတ်ဘူး   ဒီနယ်မြေကမဟုတ်ဘဲ အခြားကနေလာတဲ့တပ်တွေ ဖြစ်နိုင်တယ်” လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဦးဘရန်နော်ကလည်း ပြောပြပါတယ်။
 
အစိုးရစစ်ကြောင်းက တပ်မဟာ ၄ ကိုသိမ်းပြီးတဲ့အချိန်မှာ တက္ကနိုင်းအပါအ၀င် အနီးနားကရွာတွေကို ရှင်းလင်းရှာဖွေ တာတွေလုပ်ခဲ့ကြပါတယ်။ အခုဒီစခန်းကိုသိမ်းပြီးတဲ့အချိန်မှာလည်း အနီးနားကရွာတွေက ရွာသားတွေကို ရှာဖွေစစ်ဆေးမှုတွေရှိနေတာကြောင့် ဒေသခံတွေစိုးရိမ်မှုရှိနေကြောင်းလဲ သိရပါတယ်။

ကချင်နေ့စဉ်သတင်း