xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒါဖတ်ပြီးမှ မြန်မာ-ဘင်္ဂလားရေပိုင်နက်ကိစ္စ ဆက်ဆွေးနွေးကြပါ

Thursday, March 15, 2012

ဒါဖတ်ပြီးမှ မြန်မာ-ဘင်္ဂလားရေပိုင်နက်ကိစ္စ ဆက်ဆွေးနွေးကြပါ

အများစိတ်ဝင်စားနေတဲ့ မြန်မာ ဘင်္ဂလား ရေပိုင်နက်အကြောင်းကို လွယ်လွယ်ရှင်းရှင်းလေးမြင်သာအောင် တင်ပြလိုက်ပါတယ် ။ဒီဆောင်းပါးလေးပြီးတဲ့အချိန်မှာ ဒီပြဿနာမှာပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA က ဘယ်လိုဆုံးဖြတ်ခဲ့တာလည်း ၊ ဘင်္ဂလားတွေပြောနေသလို သူတို့နိုင်တာရော ဟုတ်ရဲ့လား ၊ မြန်မာရှုံးတယ်လို့ပြောရင်ရော မှန်ပါ့မလားဆိုတာတွေကို ကိုယ်တိုင် တွေးနိုင်ဘို့ဖြစ်ပါတယ် ။

 ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစ္စဟာ တစ်ကယ်တော့ အင်မတန် ရှုပ်ထွေးနက်နဲလှတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပင်လယ်ပြင်ပိုင်နက်ဆိုင်ရာအငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် ဥပဒေပညာရှင်များ၊ ပင်လယ်ရေကြောင်းတိုင်းတာရေးဆိုင်ရာ ပညာရှင်တွေ၊ ဘူမိဗေဒပညာရှင်တွေ နိုင်ငံခြားရေးဝန်ကြီးဌာနက UN Convention တွေကိုကျွမ်းကျင်တဲ့ သံတမန်တွေ ၊ သမိုင်းပညာရှင်တွေ အားလုံးပူးပေါင်း ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
တိုင်းတာသည့် အခါမှာလည်း ရှုပ်ထွေးလှတဲ့ ကုန်းမြေပိုင်ဆိုင်မှုနဲ့ ကမ်းဦးရေတိမ်ပိုင်းနယ် နမိတ် သတ်မှတ်ချက်တွေ နဲ့အခြားထူးခြားတဲ့အခြေအနေတွေ ပေါ်တည်ပြီး တိုင်းတာနည်းအမျိုးမျိုးရှိပါတယ် ။ ယခုတိုင် ၀ိဝါဒကွဲပြားမှုရှိနေသေးတဲ့ ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on The Law of The Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင် မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့ အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့ ခက်ခဲလှပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အငြင်းပွားမှုကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ ၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက် ခံယူခဲ့တာဖြစ်ပါတယ် ။

မြန်မာ ဘင်္ဂလား ရေပိုင်နက်ပြဿနာအကြောင်းကိုပြောမယ်ဆိုရင် မြန်မာကမ်းရိုးတမ်းကနေ ရေမိုင် ၈ မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ မြေပုံမှာ စိန့်မာတင်ကျွန်း ( St.Martin's Island ) ၊ မြန်မာအခေါ် ရှင်မဖြူကျွန်းအကြောင်း အရင်ဆုံးသိထားဘို့လိုပါတယ် ။ ရှင်မဖြူကျွန်းဆိုတာနဲ့ ငယ်ငယ်ကသင်ဘူးတဲ့ အင်္ဂလိပ်မြန်မာပထမစစ်ပွဲက ရှင်မဖြူကျွန်းအရေးအခင်းကို သွားသတိရကြမှာပါ ၊ ဒီရှင်မဖြူကျွန်းကို သူပိုင်တယ်ငါပိုင်တယ် အငြင်းပွားရာကနေ အင်္ဂလိပ်မြန်မာပထမစစ်ဖြစ်ပြီး ရခိုင်ဒေသကိုမြန်မာတို့ လက်လွှတ်ခဲ့ရပါတယ် ။ အင်္ဂလိပ်က အိန္ဒိယကို လွတ်လပ်ရေးပေးတော့ ဒီကျွန်းကို အိန္ဒိယ ပိုင်ထဲထည့်ပေးခဲ့တယ် ၊ နောက် ဘင်္ဂလားကအိန္ဒိယကနေခွဲထွက်တော့လဲ ဒီကျွန်းဟာ သူတို့ဘက်မှာပါနေတာပေါ့ ၊ ၁၉၄၈ လွတ်လပ်ရေးရကတည်းက ဒီကျွန်းဟာ မြန်မာ့ပိုင်နက်ထဲမှာ မပါတော့ဘူး ၊ ဒါကိုပထမဆုံးသိထားရပါမယ် ။


ဒီကျွန်းနဲ့ ခုဖြစ်နေတဲ့ မြန်မာဘင်္ဂလားရေပိုင်နက်ကိစ္စနဲ့ ဘာဆိုင်လို့လည်းလို့ မေးစရာရှိလာတယ် ။ဆိုင်ပါတယ်...  ဘာလို့လည်းဆိုတော့ ဒီကျွန်းဟာ နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့ Equidistance Law အရ မြန်မာ့ရေပိုင်နက်ကို စတိုင်းရမယ့်နေရာ ထိပ်တည့်တည့်ကြီးမှာ ဒီကျွန်းကြီးကလာခံနေလို့ဖြစ်တယ် ။ဒီတော့မြန်မာတွေက စတာထွက်တိုင်းကတည်းက ဒီကျွန်းကြီးကိုကွေ့ပြီးစတိုင်းရတယ် ။ပြီးမှ မူလလမ်းကြောင်းပေါ်ကို ပြန်ကွေ့ပြီးတောင်းဆိုထားတာတွေ့ရပါမယ်။ဒီအောက်က ပုံကိုကြည့်ပါ ။



အနီရောင်ပြထားတဲ့လိုင်းက မြန်မာက အဆိုပြုထားတာဖြစ်ပြီး အစိမ်းရောင်ပြထားတဲ့ ချော်တောငေါ့ တိုင်းထားတဲ့လိုင်းကတော့ ဘင်္ဂလားဒေ့ရှ်က အဆိုပြုထားတာဖြစ်ပါတယ် ။ မြင်သာအောင်ပြောရရင် စမှတ်ဖြစ်တဲ့ A အမှတ်ကနေ E အမှတ်ဘက်ကို အဖြောင့်တိုင်းရမယ့်အစား စိန့်မာတင်ကျွန်း ( ရှင်မဖြူကျွန်း ) ခံနေတဲ့အတွက် B, C, D အမှတ်တွေကနေတစ်ဆင့် E အမှတ်ဘက်ကို ကွေ့ပြီး တိုင်းရတာဖြစ်ပါတယ် ။



ဒီပုံမှာတော့မြန်မာက ကိုယ်အားသာမဲ့ equidistance method ကို သုံးပြီး အဆိုပြုထားသလို ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့ equity method /angle-bisector ကို သုံးပြီး အဆိုပြုထားတဲ့ ပုံပါ ။ အနီရောင်လိုင်းက မြန်မာဘက်က အဆိုပြုထားတဲ့နယ်နမိတ်ဖြစ်ပြီး ၊ အစိမ်းရောင်နဲ့ပြထား တဲ့လိုင်းကတော့ ဘင်္ဂလားဘက်က အဆိုပြုထားတဲ့နယ်နမိတ်ပါ ။ဒီပုံအရဆိုရင် မြန်မာဘက်ကလည်း ကိုယ်တောင်းဆိုထားတဲ့  equidistance method အရဆိုရင်ကို အမှတ် E,F ကနေဆက်ဆွဲလို့ ရမယ့်မျဉ်းဖြောင့်အတိုင်း သာရနိုင်ပေမယ့် ၊ အခြားအကြောင်းတွေပြပြီး Gအမှတ်ကနေ ဘင်္ဂလားအပြည်ပြည်ဆိုင်ရာရေပိုင်နက်ထိပ်  Z အမှတ်အထိ ခပ်ယိုင်ယိုင်လေး ပိုပြီးတောင်းဆိုခဲ့တာ ကိုတွေ့ရမှာ ဖြစ်သလို ဘင်္ဂလားဘက်ကလည်း မြန်မာ့ရေပိုင်နက်ထဲကိုတော်တော်လေး တိုးပြီးတောင်းဆိုထား တာကိုတွေ့ရမှာ ဖြစ်ပါတယ် ။
ပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA (ITLOS) ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊ ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်က တရားမျှတမှုရှိတယ်လို့ မှတ်ယူလို့ရနိုင်သလို လက်တွေ့ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာလည်း သမာသမတ်ကျတယ်လို့ပြောနိုင်တာ ကိုတွေ့ရပါတယ် ။

ဒီပုံမှာ အလယ်က အနက်ရောင်မျဉ်းဟာ နိုင်ငံတကာခုံရုံးက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်ဆုံးဖြတ်ချက်ပါ ။ဒီဆုံးဖြတ်ချက်ကိုကြည့်ရင် နိုင်င့တကာခုံရုံးဟာ မြန်မာဘက်က အဆိုပြုတဲ့  equidistance method ကို သုံးပြီး ဆုံးဖြတ်ထားတာတွေ့ရပြီး ဘင်္ဂလားဒေ့ရှ်က အဆိုပြုခဲ့တဲ့ equity method /angle-bisector ကို ပယ်ချခဲ့ပြီး ဆုံးဖြတ်ထားတာကို တွေ့ရမှာဖြစ်ပါတယ် ။ဘင်္ဂလားကတောင်းဆိုထားတာ မရသလို မြန်မာက ယိုင်ပြီးတောင်းဆိုခဲ့တာလည်း မရခဲ့ပါဘူး ။ဒါပေမယ့် ခုလိုယိုင်ပြီးတောင်းဆိုခဲ့တဲ့အတွက်  နိုင်ငံတကာရေပိုင်နက်အစပ်မှာ မြန်မာ ဘင်္ဂလား ၂နိုင်ငံအတူတကွ ပိုင်ဆိုင်တဲ့ နေရာတစ်ခုထပ်ရလိုက်ပါသေးတယ် ။ ဒီအောက်ကပုံကိုကြည့်ပါ အညိုရောင်ပြထားတဲ့ အပိုင်းကို နှစ်နိုင်ငံပိုင်ရလိုက်ပါသေးတယ် ။


ဒီဆုံးဖြတ်ချက်အရကြည့်မယ်ဆိုရင် မြန်မာဘင်္ဂလား နှစ်နိုင်ငံတို့ဟာ ဘယ်သူနိုင် ဘယ်သူရှုံး ဆိုတာမျိုးမဟုတ်ဘဲ နှစ်ဘက်ကျေနပ်ရမယ့် ရလဒ်ကောင်းတစ်ခုကို နိုင်ငံတကာ တရားရုံးက ချမှတ်လိုက်တယ် လို့ပဲ မှတ်ယူလက်ခံရမှာဖြစ်ပါတယ် ။

ဒါဆိုရင် ၂၀၀၉ ခုနှစ်လောက်တုန်းက မြန်မာဘက်က ဒေ၀ူးကုမ္ပဏီနဲ့ ကမ်းလွန်ရေနံစမ်းသပ်တူးဖေါ်နေတာကို ဘင်္ဂလားရေတပ်က လာရောက်ဟန့်တားခဲ့ လို့ ပြဿနာ ဖြစ် ခဲ့ရတဲ့ ကိစ္စကို မှတ်မိကြဦးမယ်ထင်ပါတယ် ။ဒီအောက်ကပုံကိုကြည့်ပါ ။



ဒီပုံဟာ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE က ကမ်းလွန်လုပ်ကွက် လျာထားတဲ့ပုံပါပုံမှာ အရောင်လေးတွေနဲ့ပြထားတဲ့လုပ်ကွက်တွေက စမ်းသပ်တူးဖေါ် လုပ်နေတဲ့အကွက်တွေဖြစ်ပြီး အဖြူရောင်အကွက်တွေကတော့ ဘာမှမလုပ်သေးပဲလျာထားရုံ လျာထားတဲ့ အကွက်တွေဖြစ်ပါတယ် ။ဘင်္ဂလားရေတပ်နဲ့ပြဿနာဖြစ်တဲ့အကွက်က ပုံမှာ AD-7 လို့ပြထားတဲ့အကွက်ဖြစ်ပါတယ် ၊ ခုတရားရုံးကဆုံးဖြတ်တဲ့ နယ်နမိတ် (အနီလိုင်း ) အရဆိုရင် ဒီပြဿနာဖြစ်ခဲ့တဲ့နေရာကို မြန်မာပိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။ ဒီလောက်ဆိုရင်တရားရုံးရဲ့ဆုံးဖြတ်ချက်နဲ့ ဘင်္ဂလားက သူနိုင်တယ်လို့အော်နေတာ ဟုတ်မဟုတ် ဆုံးဖြတ်လို့၇လောက်ပါပြီ ။

မြန်မာ ဘင်္ဂလားရေပိုင်နက် ကိစ္စနဲ့ပတ်သက်လို့ နိုင်င့တကာဥပဒေခုံရုံးက ဆုံးဖြတ်ချက်အမိန့် ချမှတ်ပြီးတဲ့နောက်မှာ ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ဒီကိစ္စမှာ တက်တက်ကြွကြွလုပ်နေတယ် ၊ မြန်မာဘက်က ၀န်ကြီးတွေဘာလုပ်နေလဲ ၊ ရှေ့နေကောင်းတွေမငှားဘူး  ၊ ပညာရှင်တွေကိုမတိုင်ပင်ဘူး စတဲ့ဘူးပေါင်းများစွာနဲ့ အစိုးရအကြည်အညိုပျက်ရေးသမားတွေက စွပ်စွဲလုပ်ဆောင်လာတာကို စိတ်ပျက်စရာတွေ့၇တယ် ။


ဒီနေရမှာပြောချင်တာက အစိုးရရဲ့ protocol မှာ ပြည်ထောင်စုရှေ့နေချုပ်ဟာ ၀န်ကြီးအဆင့်ဖြစ်တယ် ဆိုတာကို ပထမဆုံးသိထားဘို့လိုတယ် ၊ နောက်တစ်ခုက ဥပဒေတွေကိုနားလည်တဲ့ပညာရှင် ၀န်ကြီးအဆင့်ရှိသူ ပြည်ထောင်စုရှေ့နေချုပ်ကို ရွေးချယ်တာဝန်ပေးတာဟာ မှန်ကန်တဲ့လူရွေးချယ်မှုဖြစ် တယ်ဆိုတာ ပါဘဲ ၊မြန်မာနိုင်ငံဘက်က နှုတ်ထွက်လျှောက်လဲချက်များ တင်သွင်းသူအဖြစ် လိုက်ပါဆောင်ရွက်တဲ့ အမေရိကန်ပြည်ထောင်စု မီယာမီတက္ကသိုလ်မှ ပါမောက္ခ ဘားနပ်အော့စမန် ဟာဒီလိုပင်လယ်ပြင်ဆိုင်ရာအငြင်းပွားမှုတွေမှာ ကမ္ဘာကျော်တဲ့သူတစ်ဦးဖြစ်တယ်ဆိုတာကိုလည်း သိထားမှဖြစ်မယ် ။မြန်မာဘက်က လိုက်ပါဆောင်ရွက်ခဲ့ကြသူတွေစာရင်း ကိုအောက်မှာဖေါ်ပြပေး လိုက်ပါတယ် ။

Myanmar is represented By
H.E. Dr Tun Shin (Mr), Attorney General of the Union, Union Attorney General’s Office,
as Agent;
Ms Hla Myo Nwe, Mr.Kyaw San and
1) Professor Mathias Forteau, Professor at the University of Paris Ouest,Nanterre La Défense, France,
2) Mr Coalter Lathrop, Attorney-Adviser, Sovereign Geographic, Member of the North Carolina Bar, United States of America,
3) Mr Daniel Müller, Consultant in Public International Law, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest,Nanterre la Défense, France,
4) Professor Alain Pellet, Professor at the University of Paris Ouest, Nanterre La Défense, Member and former Chairman of the International Law Commission,Associate Member of the Institut de droit international, France,
5) Mr Benjamin Samson, Researcher at the Centre de droit international de Nanterre (CEDIN), University of Paris Ouest, Nanterre La Défense, France,
6) Mr Eran Sthoeger, LL.M., New York University School of Law, New York, United States of America,
7) Sir Michael Wood, K.C.M.G., Member of the English Bar, Member of the International Law Commission, United Kingdom,as Counsel and Advocates;
8) H.E. U Tin Win, Ambassador Extraordinary and Plenipotentiary to the Federal Republic of Germany, Embassy of the Republic of the Union of Myanmar, Berlin, Germany,
9) Captain Min Thein Tint (Mr), Commanding Officer, Myanmar Naval
Hydrographic Center, Yangon,
10) Dr Thura Oo (Mr), Pro-Rector, Meiktila University, Meiktila,
11) Mr Maung Maung Myint, Counselor, Embassy of the Republic of the Union of Myanmar, Berlin, Germany,
12) Mr Mang Hau Thang, Assistant Director, International Law and Treaties Division, Consular and Legal Affairs Department, Ministry of Foreign Affairs,
13) Ms Khin Oo Hlaing, First Secretary, Embassy of the Republic of the Union of Myanmar, Brussels, Belgium,
14) Mr Kyaw Htin Lin, First Secretary, Embassy of the Republic of the Union of Myanmar, Berlin, Germany,
15) Ms Tin Myo Nwe, Attaché, International Law and Treaties Division, Consularand Legal Affairs Department, Ministry of Foreign Affairs,E/11 v 21/09/2011 p.m.
16) Mrs Héloise Bajer-Pellet, Lawyer, Member of the Paris Bar, France,
17) Mr Octavian Buzatu, Hydrographer, Romania,
Ms Tessa Barsac, Master, University of Paris Ouest, Nanterre La Défense,France,

18) Mr David Swanson, Cartography Consultant, United States of America,
 



ဒါလောက်ဆိုရင် မြန်မာဘင်္ဂလား ရေပိုင်နက်အငြင်းပွားမှုမှာ  ပင်လယ်ပြင်ဆိုင် ရာ နိုင်ငံတကာဥပဒေခုံရုံး INTERNATIONAL TRIBUNAL FOR THE LAW OF THE SEA ရဲ့ဆုံးဖြတ်မှုဟာ နှစ်ဘက်ကျေနပ်လောက်စရာဖြစ်တယ် ၊ မြန်မာတာဝန်ရှိသူတွေလည်း ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ အကောင်းဆုံး ပါဝင်ဆောင်ရွက်ခဲ့ကြတယ် ဆိုတာ ထင်ရှားပါတယ် ၊ဘင်္ဂလားကသတင်းထုတ်ပြန်နေသလို သူတို့အနိုင်ရသွားတာမဟုတ်သလို  မြန်မာတွေလည်း ရှုံးမသွားပါဘူး ဆိုတာတင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ် ။



အားလုံးကိုကျေးဇူးတင်ပါတယ်



ဒေါက်တာဆိတ်ဖွား