xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကျွန်တော်ဥာဏ်မမှီသည့် မြန်မာ့လွှတ်တော်၏ အံ့ဖွယ်ဆုံးဖြတ်ချက်များ

Monday, March 19, 2012

ကျွန်တော်ဥာဏ်မမှီသည့် မြန်မာ့လွှတ်တော်၏ အံ့ဖွယ်ဆုံးဖြတ်ချက်များ

 
ခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဘတ်ဂျက်ဆိုင်ရာဆုံးဖြတ်ချက်နှစ်ခုက အံ့ဖွယ်ဆုံးဖြတ်ချက်တွေ ဖြစ်တယ် ဆိုတာတွေ့ရတယ် ၊ဘယ်လိုအဓိပ္ပါယ်နဲ့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာစဉ်းစား မရနိုင်အောင်ဖြစ်ရတယ် ။ဒါကြောင့်စာဖတ်သူများ ၀ိုင်းကူစဉ်းစားနိုင်ဘို့ တင်ပြလိုက်ပါတယ် ။
 
ပထမ တစ်ခုက အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွက် ဘတ်ဂျက် လျာထားတာကို ဥပဒေနဲ့ မညီဘူး ဆိုပြီး ငွေအားလုံးကို ပယ်ဖျက် လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။၁၀၀% ဖြတ်ပစ်လိုက်တာဖြစ်ပါတယ် ။
ဒုတိယ ကိစ္စကတော့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ၁၀၀% ဖြတ်တောက်လိုက်တဲ့ ကိစ္စ ဖြစ်ပါတယ် ။
 
 ပထမ ကိစ္စ  အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွက် ဘတ်ဂျက် လျာထားတာကို ဥပဒေနဲ့ မညီဘူး ဆိုပြီး ငွေအားလုံးကို ပယ်ဖျက် လိုက်တဲ့ ဆုံးဖြတ်ချက် ကိုအရင်စဉ်းစားကြည့်ရအောင်ပါ ။ဒီအဆိုကို တင်သွင်းသူက ကျားဖြူပါတီက ဒေါ်နန်းဝါနု ဖြစ်ပါတယ် ။
 
ဒီဆုံးဖြတ်ချက်ကြောင့် လု့အခွင့်ရေးကော်မရှင်ဟာ ပိုက်ဆံတစ်ပြားမှမရှိတော့တဲ့ကော်မရှင်ဖြစ်သွားတဲ့အတွက် ၊ ဘာအလုပ်မှလည်း လုပ်နိုင်မှာမဟုတ်တော့ပါဘူး ၊ ရုံးကိစ္စတွေဆောင်ရွက်ဖို့ ၊ စက္ကူတစ်ရွက်တောင်ဝယ်စရာမရှိတော့ဘူး ၊ လူ့အခွင့်အရေးကိစ္စတွေ တိုင်တန်းမှုတွေရှိလာရင် ၊ စုံစမ်းစစ်ဆေးဘို့အတွက် မလုပ်နိုင်တော့ဘူး ၊ ကော်မရှင်လူကြီးတွေ ခဏထားလို့ ရုံးအဖွဲ့ကို လစာပေးစရာမရှိတော့ဘူး ၊ ဘာဆိုဘာမှမရှိတော့ဘူး ၊ဘာလို့လဲဆိုတော့ တစ်ပြားမှ မသုံးနဲ့တော့လို့ လွှတ်တော်ကအမိန့်ချလိုက်တာကိုး ။
 
နောက်တစ်ခုက ဒီကော်မရှင်ဟာ ကုလသမဂ္ဂ ၊ အာဆီယံအပါအ၀င်  နိုင်ငံတကာနဲ့ ပြည်တွင်းဒီမိုကရေစီလိုလားသူများရဲ့ လိုလားချက်အရ သမ္မတကိုယ်တိုင်ဖွဲ့ထားတဲ့အဖွဲ့ဖြစ်တယ် ။ ဥပဒေနဲ့မညီဘူးဆိုရင် ဥပဒေနဲ့အညီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းဘို့ ဆောင်ရွက်ကြရမယ် ၊  ခုဥပဒေနဲ့မညီလို့တစ်ပြားမှ မပေးဘူးဆိုတော့ ဒီကော်မရှင်ကို ဖျက်ပစ်လိုက်ရတော့မှာလား ဆိုတာမေးစရာဖြစ်လာတယ် ။
 
ပြီးခဲ့တဲ့နှစ်က သီးခြားဘတ်ဂျက်မရှိလို့ သမ္မတရုံးအသုံးစရိတ်ကနေခွဲသုံးပေးခဲ့ရတယ် ၊ ဒီနှစ်တော့သမ္မတရုံးရဲ့ခွင့်ပြုချက် နဲ့သုံးနေရတာဖြစ်တော့ လွတ်လပ်စွာဆောင်ရွက်ခွင့်ကို အနှောက်အယှက် ဖြစ်မှာစိုးတဲ့အတွက် သီးခြားဘတ်ဂျက် တင်တာဖြစ်တယ် ၊ သီးခြားလွတ်လပ်တဲ့ကော်မရှင်တစ်ခုဟာ သီးသန့်ဘတ်ဂျက် ဒါမှမဟုတ် သီးသန့်ရန်ပုံငွေမရှိပဲ ဘယ်လိုမှ မရပ်တည်နိုင်ဘူးဆိုတာ ဆွမ်းလောင်းအသင်းဥက္ကဌတောင်သိတယ် ။
 
 ဒုတိယ ကိစ္စကဖြစ်တဲ့ စက်မှုဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနရဲ့ ဘတ်ဂျက်ကို ၁၀၀% ဖြတ်တောက်လိုက်တဲ့ ကိစ္စ မှာလည်း ဒီအတိုင်းပဲဖြစ်တယ် ။ ဒီဝန်ကြီးဌာနကို ဒီလွှတ်တော်ကိုယ်စားလှယ်တွေကပဲ သဘောတူ ခဲ့လို့ဖွဲ့ခဲ့တာမဟုတ်ဘူးလား ။ခုတော့ ၁၀၀% ဖြတ်တယ်ဆိုတော့ ဒီဝန်ကြီးဌာနက အသုံးစရိတ်မရှိတဲ့ ၀န်ကြီးဌာနဆိုတော့ ဘာမှမလုပ်ရမယ့်အတူတူ ဖျက်လိုက်ရင်မကောင်းဘူးလား ၊ ဒါ့အပြင် မြန်မာနိုင်ငံကရော စက်မှုဖွံ့ဖြိုးတိုးတက်ဖို့မလိုတော့ဘူးလား ၊ ခုလုပ်လက်စ စက်မှုဖွံ့ဖြိုးရေးအတွက် လုပ်နေတဲ့စီမံကိန်းတွေအကုန်လုံးကို ရပ်ပစ်လိုက်ရတော့မလား ဆိုတာ သိချင်တယ်ဗျာ။ 

ဒီကြားထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ဟာ ပြည်တွင်းပြည်ပ သတင်းဌာနတွေရဲ့ အမေးတွေကို ဖြေတဲ့အခါ ဒီလိုဖြတ်လိုက်တောက်လိုက်နိုင်တာကိုပဲ ဂုဏ်ယူပြီးပြောနေ ဆိုနေတာ တွေ တွေ့ရတော့ တော်တော့်ကို စိတ်ပျက်မိပါတယ် ။

အံ့ဘွယ် ဆုံးဖြတ်ချက်တွေပါဘဲ...............နားမလည်နိုင်တော့   ဥာဏ်မမှီနိုင်တော့ပါဘူး ....၊လွှတ်တော်ဆိုတာ အစိုးရက တင်လာတဲ့ဘတ်ဂျက်ကို ဖြတ်ဖို့သက်သက်များ ဖွဲ့ထားတာလားဗျာ .....လွှတ်တော် အမတ်တွေ အနေနဲ့ နိုင်ငံရဲ့ မိုက်ခရိုနဲ့ မက်ခရို စီးပွားရေး အခြေအနေ (Micro- economics and Macroeconomics) အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ဘယ်လိုအခြေအနေမျိုးတွေမှာ ဘတ်ဂျက်ကို လိုငွေတွေနဲ့ သွားသင့်တယ် ၊မြန်မာနိုင်ငံရဲ့ အားနည်းလှတဲ့ Banking ကိုဘယ်လိုပြင်လိုက်ရင် ငွေကြေးဖေါင်းပွမှုအနည်းဆုံးနဲ့ နိုင်ငံအတွက် ဘတ်ဂျက်လိုငွေကို လတ်တလောဘယ်လိုဖြေရှင်းနိုင်မယ် ဆိုတာမျိုးအကြံပြုတင်ပြကြပြီး လိုအပ်တဲ့ဥပဒေဆိုင်ရာပြင်ဆင် ချက်တွေနဲ့ ရေရှည်အတွက် ဆုံးဖြတ်တာမျိုးကိုကြားချင်နေတာပါ ....။

ဒေါက်တာဆိတ်ဖွား