xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နဂါးနဲ့လင်းယုန်ကြား သတိထားရမယ့်မြန်မာပြည်

Friday, March 9, 2012

နဂါးနဲ့လင်းယုန်ကြား သတိထားရမယ့်မြန်မာပြည်



လစ်ဗျားနိုင်ငံက ခေါင်းဆောင်ဟောင်းကဒါဖီကို စာဖတ်သူများမှတ်မိနေကြပါလိမ့်ဦးမယ် ၊ သူဟာ အရင်က အမေရိကန်အပါအ၀င် အနောက်ဥရောပ နိုင်ငံတွေနဲ့အလွန်ပုလဲနံပသင့်တဲ့သူကြီးပေါ့ ၊ လစ်ဗျားကထွက် တဲ့ရေနံ တစ်ဝက်ကျော်ကို သူတို့ဆီကိုတင်ပို့နေကြတာကိုး ....၊ နောက်ပိုင်းလစ်ဗျားရေနံ လုပ်ငန်းတွေထဲကို တရုတ်ကုမ္ပဏီတွေအလုံးအရင်းနဲ့ဝင်လာတော့ သူ့ကို အမေရိကန်နဲ့ EU နိုင်ငံတွေက သိပ်မကြည်တော့ ဘူး.....။

တစ်ချိန်တည်းမှာပဲ အာရပ်နွေဦးအရေးအခင်းကြီးက လစ်ဗျားကိုကူးစက်လာတော့ အမေရိကန်နဲ့အနောက် ဥရောပ နိုင်ငံတွေအကွက်ဝင်သွားပြီး ကဒါဖီအစိုးရပြုတ်ကျရေးပေါ်ပေါ်တင်တင်ကြီးဝင်ရောက်စွပ်ဘက် ခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ စီးပွားရေးပိတ်ဆို့တာလည်းလုပ်လိုက်တယ် ၊အတိုက်အခံ အသွင်ကူးပြောင်းရေးကောင်စီ NTC ကို အမေရိကားမှာရုံးဖွင့်ခွင့်ပေးတယ် ၊ မီဒီယာတွေနဲ့ဝိုင်းကူတယ် ၊ စစ်ရေးအတိုင်ပင်ခံတွေ အတိုက်အခံတွေဆီမှာပို့ ၊ နောက်ဆုံးမှာစစ်လေယာဉ်တွေ  လေယာဉ်တင် သင်္ဘောတွေ ခရုစ်ဒုံးပျံတွေနဲ့ ၀ိုင်းကူလိုက်တာမှာ ကဒါဖီအစိုးရပြုတ်ကျပြီး အတိုက်အခံက အနိုင်ရသွားခဲ့တယ် ။

ဒီနေရာမှာပြောချင်တာကစီးပွားရေးပိတ်ဆို့တဲ့ကိစ္စဖြစ်တယ် ၊ အမေရိကန်နဲ့EU နိုင်ငံတွေဟာ သူတို့မကြိုက်တဲ့ ကဒါဖီအစိုးရလက်ထက်မှာပိတ်ဆို့လိုက်တာကို ၊ သူတို့ထောက်ခံတဲ့ NTC အဖွဲ့ ထရိပိုလီမြို့ ကိုသိမ်းပြီး တစ်ပတ်အကြာမှာ ဖွင့်ပေးလိုက်တာဖြစ်တယ် သူတို့စီးပွားရေးပိတ်ဆို့တာ ဖွင့်ပေးတဲ့အချိန်မှာ ကဒါဖီမကျဆုံးသေးဘူး စစ်ပွဲတွေတိုင်းပြည်ထဲမှာ တစ်ဝုန်းဝုန်းဖြစ်နေတုန်း ၊ လူတွေတစ်ယောက်စီမှာ သေနတ် ၂လက် ၃ လက်နဲ့ တိုင်းပြည်တရားဥပဒေစိုးမိုးရေးလုံးဝမရှိသေးဘူး ၊ ကဒါဖီစစ်တပ်က ပုခုံးထမ်းဒုံးလောင်ချာဂိုဒေါင်တွေအဖေါက်ခံရပြီး ဘယ်တွေရောက်နေမှန်းမသိဘူး ၊ အနောက်အုပ်စုကဗုံးကြဲထားတာ ပွစိတက်ပြီး မြို့ရေပေးရေး ၊ လျှပ်စစ်မီးပေးရေး ဘာမှမလုပ်နိုင်သေးဘူး ၊ ဒီလိုအခြေအနေမျိုးမှာ သူတို့ထောက်ခံတဲ့သူတွေကို ပိတ်ဆို့မှုဖွင့်ပေးလိုက်တာဖြစ်တယ် ။ ပြောချင်တာက သူတို့ထောက်ခံတဲ့သူတက်လာရင် တိုင်းပြည်မီးဟုန်းဟုန်းတောက်နေလဲ စီးပွားရေးပိတ်ဆို့တာ ဖွင့်ပေးတယ်ဆိုတာပါဘဲ။

မြန်မာပြည်မှာတော့ အမေရိကန်နဲ့EU နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတယ် ဆိုတာအားလုံးသိကြတယ် ၊ နိုဘယ်ငြိမ်းချမ်းရေးဆုအပါအ၀င် ဆုတွေမရေမတွက်နိုင်အောင်တီထွင်ပေးပြီး သူကောင်းပြုထားတယ် ၊ ဟီးရိုးဖြစ်အောင်လုပ်ထားတယ် ၊ သူအာဏာမရသေးတော့ အောက်ကလို မဆုံးနိုင်တဲ့ အကြောင်းပြချက်တွေပေးပြီးစီးပွားရေးပိတ်ဆိုကတဲ့လက်နက်ကို လက်မလွှတ်တာ ကိုတွေ့ရတယ် ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်နေတော့စစ်အာဏာရှင် စစ်အုပ်ချုပ်ရေးမို့လို့ဖွဲ့စည်းပုံအခြေခံဥပဒေ လုပ်ပြန်တော့လည်း စစ်တပ်က ဦးဆောင်ဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးမို့လို့ ။
 
ရွေးကောက်ပွဲမလုပ်တော့မလုပ်လို့ ၊ လုပ်တော့ဝင်မပြိုင်တဲ့သူကမပြိုင်ဘူး ၊ ပြိုင်တဲ့သူတွေလည်း ရှုံးကုန်ရော ရွေးကောက်ပွဲကမတရားလို့ ၊ ၂၀၁၀ ရွေးကောက်ပွဲကြီးမို့လို့ ။
 
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုပ်ချုပ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမို့လို့ ခုဦးသိန်းစိန်အုပ်ချုပ်တော့ ဦးသိန်းစိန်ကြီး မို့လို့  စစ်တပ်အသွင်ပြောင်းတွေမို့လို့။
 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေတုန်းက မလွှတ်ပေးလို့၊ လွှတ်ပေးတော့ ဟိုမသွားရဒီမသွားရ မလွတ်လပ်လို့ ၊ သွားချင်ရာသွားဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကျန်နေသေးလို့
 
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးလိုက်ပြန်တော့လည်း ကြားဖြတ်ရွေးကောက်ပွဲကြည့်ဦးမယ် ။

ဒီကြားဖြတ်ရွေးကောက်ပွဲမှာလည်းဒေါ်စုကြည်တို့အုပ်စုနိုင်ရင်တရားမယ် ၊ မနိုင်ရင်မတရားဘူး ဆက်လုပ်ဦးမယ် ၊ တစ်ကယ်လို့နိုင်ရင်တောင်  ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘယ်လိုနေရာပေး မလည်း ဆိုတာစောင့်ကြည့်ဦးမှာသေချာတယ် ။
 
ဒီအကြောင်းပြချက်တွေရဲ့အချုပ်ဟာ သူတို့ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာမရသေး လို့ဆိုတာထင်ရှားနေတယ် ။ဒီတော့ဒေါ်အောင်ဆန်းစုကြည် အာဏာရလာရင် ဘယ်လမ်းသွားမယ်ဆိုတာ ထင်ရှားနေတယ် ၊ သူ့ကို နှစ်ပေါင်း ၂၀ ကျော် ကျားကန် ထောက်ပံ့ပေးထားသူတွေရဲ့ လောင်းရိပ် ၀ဲသြဃကြီးထဲက ရုန်းထွက်ချင်ရင်တောင်မလွယ်တော့ဘူး  နားထောင်ကောင်းအောင်တော့ ဒီမိုကရေစီနည်းကျအုပ်ချုပ်ပါ့မယ် လူ့အခွင့်အရေး ဘာညာပြောလို့ရတာပေါ့ ၊ဒါပေမယ့် နဂါးမျိုမှာကြောက်နေတဲ့မြန်မာတွေ ၊ လင်းယုန်သုတ်တော့မယ့် ကိန်းပါဘဲ ၊နဂါးနဲ့ လင်းယုန်ပညာပြိုင်တဲ့ကြားမှာ မြန်မာပြည်မြေစာမဖြစ်ဘို့ သတိကြီးကြီး ထားရမယ့်အချိန်ပါဘဲ......။

ဒေါက်တာဆိတ်ဖွား