xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်ပတ်သက်၍လွှတ်တော်၏ဆုံးဖြတ်ချက်အပေါ် ဥပဒေသမားတစ်ဦး၏အမြင်

Wednesday, March 21, 2012

အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့်ပတ်သက်၍လွှတ်တော်၏ဆုံးဖြတ်ချက်အပေါ် ဥပဒေသမားတစ်ဦး၏အမြင်


 
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုကို လွှတ်တော်နှင့် အစိုးရ Debate လုပ်ကာ နောက်ဆုံးတော့ အခြေခံဥပဒေအရ လွှတ်တော်ဘက်က လုပ်ပိုင်ခွင့်ဖြစ်သော ဘတ်ဂျက်၊ စီမံကိန်းများ စိစစ်ခွင့်ပြုရာမှတစ်ဆင့် တရားမ၀င်ကြောင်း ထုတ်ပြန်လာသည်ကို တွေ့ရှိရသည်။ အလားတူပင် စာရေးသူထံသို့ သတင်းထောက်များ၊ စိတ်ဝင်စားသူများ အများအပြား လာရောက် မေးမြန်းကြသည်။ မေးမြန်းချက်များမှာ တစ်ခုတည်းသာ ဖြစ်သည်။ ယင်းသို့ ကော်မရှင် ဖွဲ့စည်းမှု၊ လွှတ်တော်မှ ပယ်ဖျက်မှု အပေါ် ဥပဒေကြောင်းအရ မည်သို့ ဆုံးဖြတ်နိုင်သနည်း၊ ဥပဒေပညာရှင်များအနေနှင့် မည်သို့ သဘောထားပါသနည်း ဟူ၍ ဖြစ်သည်။ မကြာခဏ ဆက်တိုက်ဆိုသလို လာရောက်မေးမြန်းကြသဖြင့် ကြိမ်ဖန်များစွာ ဖြေကြားပြီး ဖြစ်သည်။ သို့သော်လည်း သိလိုသူ၊ စိတ်ဝင် စားသူ အများအပြားကလည်း လူကိုယ်တိုင် တစ်မျိုး၊ တယ်လီဖုန်းဖြင့်တစ်နည်း မေးမြန်းနေကြဆဲ ဖြစ်၍ ဤသို့ ရေးသားဖော်ပြလိုက်ရခြင်း ဖြစ်ကြောင်း ပဏာမ စကားဦး ဆိုချင်သည်။
၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည် ဟုလည်းကောင်း၊ ပုဒ်မ ၂၁၈၊ ပုဒ်မခွဲ(က) တွင် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်အားလုံးကို နိုင်ငံတော်သမ္မတ၏ အမည်ဖြင့် အရေးယူ ဆောင်ရွက်ရမည် ဟုလည်းကောင်း၊ ပုဒ်မ ၂၁၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည် ဟု လည်းကောင်း ပြဌာန်းထားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၄၈၊ ၅၀ နှင့် ၅၁(က)တို့တွင်လည်း အလားတူ ပြဌာန်းထားကြောင်း တွေ့ရှိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၅-၉-၂၀၁၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ယင်းသို့ ဖွဲ့စည်းရာတွင် ပြည်ထောင်စုအစိုးရဖွဲ့သည် နိုင်ငံတော်သမ္မတ၏ အမိန့်အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြင့် ဖွဲ့စည်းသည့် အဖွဲ့ ဖြစ်သည်။ နိုင်ငံတော်သမ္မတသည် ဤအဖွဲ့ကို ဖွဲ့စည်းရန် အမိန့်ပေးနိုင်ခြင်းမှာ အထက်တွင် ဖော်ပြခဲ့သည့် အခြေခံဥပဒေက အပ်နှင်းထားသော အုပ်ချုပ်ရေးဆိုင်ရာ အာဏာမှ လာခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ပဒေတို့တွင် နိုင်ငံတော်သမ္မတသည် အထက် ဖော်ပြပါ လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေတို့နှင့် ဆန့်ကျင်သည်ဟု ဆို၍ မရပါ။

  ထို့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် အမြဲတမ်းအဖွဲ့ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အခြေအနေမှန် လိုအပ်ချက်အရ လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန်လည်းကောင်း၊ မြန်မာနိုင်ငံတွင် စိုးမိုးမှု အားနည်းနေသော လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်စေရန်လည်း ကောင်း  အလေးထား ဆောင်ရွက်နိုင်ရန်၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတော်သမ္မတကြီး၏ စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ခဲ့ခြင်းဟူ၍ သိမြင်နိုင်သည်။ သို့သော်လည်း ဥပဒေကြောင်းအရ ရေရှည်ကာလ တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ဥပဒေတစ်ရပ်သော်လည်းကောင်း၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေတစ်ရပ်သော်လည်းကောင်း လွှတ်တော်၏အတည်ပြုချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ချက်များကိုလည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်အဖွဲ့ဝင်များ၏ ထုတ်ဖော်ပြောကြားချက်များအရ သိရှိရသည်။ ထိုသို့ ဆိုထားသည့်အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားသော လက်ရှိ လူ့အခွင့် အရေးကော်မရှင်သည်  တိကျခိုင်မာသော ဥပဒေတစ်ရပ် မပေါ်ပေါက်မီ ကြားကာလတွင် ယာယီဖွဲ့စည်းပေးထားသော အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း၊ လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခိုင်မာသည့် ဥပဒေတစ်ရပ် ထွက်ပေါ်လာချိန်တွင် ယင်းဥပဒေအရ လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းမည်ကြောင်း၊ ယင်းသို့ ဥပဒေနှင့်အညီ လူ့အခွင့်အရေးကော်မရှင်တစ်ရပ် ပေါ်ထွက်လာသော အချိန်တွင် လက်ရှိ ယာယီဖွဲ့စည်းပေးထားသော ကော်မရှင်မှာ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း တွေ့ရှိရသည်။

ယခုဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဥပဒေတစ်ရပ်ကို နောက်ခံထားပြီး ဖွဲ့စည်းသည့် အဖွဲ့အစည်း (Statutory Commission)မဟုတ်သဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုက်ရိုက်ကျခံရန် တောင်းခံနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြင့် တရားဝင် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်၍ နိုင်ငံတော်သမ္မတရုံး၏ အသုံးစရိတ်မှဖြစ်စေ၊ အစိုးရအဖွဲ့၏ အသုံးစရိတ်မှဖြစ်စေ ကျခံသုံးစွဲနိုင်သည်။ ယင်းသို့ကျခံသုံးစွဲခြင်းမှာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ တိုက်ရိုက်တောင်းခံ သုံးစွဲခြင်းမဟုတ်ဘဲ ခွင့်ပြုပြီးအသုံးစရိတ်မှ ကျခံသုံးစွဲခြင်းသာ ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခြင်းမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဦးစီးအဖွဲ့တွင် ထည့်သွင်းဖော်ပြပြီး ရသုံးမှန်းခြေငွေစာရင်းတွင် အသုံးစရိတ်တောင်းခံခြင်းကို မပေး ဟု ငြင်းပယ်ခြင်းသာ ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို တရားမ၀င်ဟု ပြောဆိုခြင်း၊ ဆုံးဖြတ်ခြင်း မဟုတ်ပါ။ သို့ဖြစ်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာ တရားဝင် ရပ်တည်နေပြီး ယင်းအား အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြင့် အပ်နှင်း ထားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်း ဖြစ်သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်တို့အား ခံစားခွင့်များ ပေးနေခြင်းမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ အရ ပေးခြင်း မဟုတ်ပါ။ နိုင်ငံတော်သမ္မတ၏ အမိန့်အရ ခံစားခွင့်ပေးထားခြင်းသာ ဖြစ်သည်။ (ထိုအဖွဲ့အစည်းမှာ အုပ်ချုပ်ရေးအမိန့်အရ ယာယီဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်၍ ယင်းအဆောင်အယောင်ဥပဒေတွင် ဖော်ပြထားသည့် အဆင့်အတန်း သတ်မှတ်၍လည်း မရနိုင်ပါ။ ယင်းဥပဒေနှင့်လည်း အကျုံးမ၀င်ပါ။)

ပြည်ထောင်စုလွှတ်တော်က ထောက်ပြထားသော အဆင့်အတန်းသတ်မှတ်ချက် အမိန့်များမှာလည်း ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိသည့်အတွက် ပျက်ပြယ်သွားပြီ ဖြစ်သည်။ မူလကတည်းက ဥပဒေနှင့်မညီသဖြင့် ပယ်ဖျက်ရန် မလိုဟု ဆိုနိုင်သဖြင့် ပယ်ဖျက်ရန်လည်း မလိုအပ်ပါ။ နိုင်ငံတော်သမ္မတအနေဖြင့် ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်တို့၏ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ရန်နှင့် မည်သည့်ဘဏ္ဍာရန်ပုံငွေက ကျခံရန်တို့ကိုသာ အမိန့်တစ်ရပ် ထုတ်ပြန်သင့်သည်။ ယင်းသို့ ထုတ်ပြန်သော အမိန့်သည်လည်း ဥပဒေပုဒ်မများ ညွှန်းရန် မလိုအပ်ပါ။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံပါ နိုင်ငံသားများ၏ အခွင့်အရေး မြှင့်တင်ကာကွယ်ပေးလိုသော စိတ်ရင်းစေတနာဖြင့် ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ (မူကြမ်း)တစ်ရပ် ရေးဆွဲပြီး နိုင်ငံတော်သမ္မတထံသို့ တင်ပြရန် ဖြစ်သည်။ ယင်းဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြပြီး ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ဖြစ်စေ ဥပဒေအဖြစ် ထုတ်ပြန်ရန် အတည်ပြုပေးသည့်အဆင့်ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ပြီးနောက် လိုအပ်သည့်နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့ကို ဆက်လက်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆက်လက်ရေးဆွဲထုတ်ပြန်သွားရန် ဖြစ်သည်။

ဥပဒေပြဌာန်းပြီးနောက် ယင်းဥပဒေအရ ဖွဲ့စည်းသည့် လူ့အခွင့်အရေးကော်မရှင်တစ်ရပ် ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ဖွဲ့စည်းထားသော ယခုလက်ရှိ  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယင်း၏လုပ်ငန်းတာဝန်များကို ဥပဒေအရ ဖွဲ့စည်းပေါ်ပေါက်လာသည့် လူ့အခွင့်အရေးကော်မရှင်သို့ လွှဲပြောင်းပေးခြင်း ပြုလုပ်ရန် ဖြစ်သည်။

ဤကိစ္စနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိသော်လည်း အလျဉ်းသင့်၍ တင်ပြလိုသည်မှာ မကြာသေးခင်က ကြားသိရသော သတင်းများအရ ပြည်ထောက်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည် ဟူသည့် ပြဌာန်းချက်သည် ပြည်ထောက်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြသည့် ကိစ္စ ဖြစ်ပေါ်ခဲ့ခြင်းကို သတိချပ်သင့်သည်။ လွှတ်တော်ဘက်မှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များကို အစိုးရဘက်မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဟုတ်/မဟုတ် မေးခွန်း ထုတ်ခြင်းသည် ဤကိစ္စ၏ ဇစ်မြစ်ဖြစ်နိုင်သည်။ ထိုသို့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းထားခြင်းကို တွေ့ရှိလာရသောအခါ အစိုးရ ဘက်မှ ပျော့ကွက် ဟာကွက်ကို နင်း၍ ပြန်လည်တုံ့ပြန်လိုက်သည့် ထောက်ကွက်တစ်ခုအဖြစ် မှန်းဆကြည့်နိုင်သည်။

အဓိကအချက်မှာ နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တစ်နည်းအားဖြင့် လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ ဖွဲ့စည်းထားသော လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုသည် လိုအပ်ချက်အရလည်းကောင်း၊ အခြေအနေမှန်များအရလည်းကောင်း ကောင်းမွန်မှန်ကန်သောလုပ်ဆောင်ချက် ဖြစ်နေသည်။ ဥပဒေပြုရေး လွှတ်တော်အနေဖြင့်လည်း ယင်းသို့ကောင်းမွန်သော လုပ်ဆောင်ချက်၊ နိုင်ငံ၏ အခေအြနေမှန်အရ လိုအပ်ချက် ဖြစ်နေကြောင်း သိရှိထားသော်လည်း အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကြီး(၂)ရပ်အကြား နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် စုပေါင်းဆောင်ရွက်သင့်သည်ကို ဘေးဖယ်၍ လုပ်ပိုင်ခွင့်ကို အသုံးချကာ အသုံးစရိတ် တစ်ပြားတစ်ချပ်မှ ခွင့်ပြုခြင်း မရှိဘဲ ရာနှုန်းပြည့် ဖြတ်တောက်လိုက်ခြင်းသည် ကာယကံရှင်များ၏ နိုင်ငံသားများအပေါ်ထားရှိသော စိတ်စေတနာကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။ ယင်းလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများမှ ရွေးကောက်တင်မြှောက် လိုက်ခြင်းဖြစ်၍ ပြည်သူလူထုအကျိုးစီးပွားကို ဦးထိပ်ထားမည်ဟူသော သစ္စာဆိုထားသည်များကို ပုဂ္ဂလိက မာန၊ အာဃာတ  တရားများဖြင့် ဤသို့ဆောင်ရွက်လိုက်ခြင်းသည် နိုင်ငံသားများအတွက် စိတ်မကောင်းဖွယ်ရာ ဖြစ်စဉ်တစ်ရပ် ဖြစ်နေသည်။

ဖြစ်သင့်သည်မှာ ဦးစီးအဖွဲ့ခေါင်းစဉ်တွင် ထည့်သွင်းခြင်း မပြုဘဲ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ငွေကြေးသုံးစွဲမှုကို ပြင်ဆင်လျာထား စေသော ညှိနှိုင်းမှုကို လွှတ်တော်ဘက်မှ ဆောင်ရွက်ပေးပြီး အစိုးရဘက်မှလည်း အဆင့်အတန်းသတ်မှတ်ချက်ကို ပယ်ဖျက်ရန် မလိုသည့်တိုင် ပယ်ဖျက်ပေးခြင်းအားဖြင့် ပျားလည်းစွဲသာ ရှဥ့်လည်း လျှောက်သာသော နှစ်ဦးနှစ်ဖက် ကောင်းစေသည်သာမက နိုင်ငံသားများ၏ အကျိုးစီးပွားကိုလည်း မြှင့်တင်ရာ ရောက်စေ မည် ဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပဒေပြုခွင့်၊ ဘတ်ဂျက်စိစစ်အတည်ပြုခွင့် ရရှိထားသော လွှတ်တော်အနေဖြင့် ပုဂ္ဂိုလ်ရေး အာဃာတ များနှင့် မိမိတို့ ကျမ်းကိုင်သစ္စာဆိုထားသော ကတိက၀တ်များကို မပြတ်နှလုံးသွင်းပြီး ဆောင်ရွက်နိုင်မှသာ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွား ထိခိုက်မှု မရှိစေမည် ဖြစ်သည်။

ဤဖြစ်စဉ်အရ ကိစ္စတစ်ရပ်ကို ဆန်းစစ်ရာတွင် ယင်းဆောင်ရွက်ချက်၏ ရည်ရွယ်ချက်၊ အကျိုးဆက်၊ ဆောင်ရွက်သူတို့၏ စိတ်ရင်းစေ တနာ စသည်တို့ကို ခြုံငုံစဉ်းစားသုံးသပ်ပြီး နိုင်ငံသားများ၏ အကျိုးနှင့်ယှဉ်သော ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များ ဆောင်ရွက်သင့် ကြောင်း တွေ့ရှိရသည်။ မည်သည့်ဘက်မှ မဟုတ်၊ မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးပတ်သက်မှု မရှိသော် လည်း ဖြစ်ရပ်အမှန်ကို ကြားမှ ဥပဒေအမြင်အရလည်းကောင်း၊ ပိုင်းခြားစိစစ်နိုင်သော ဆင်ခြင်တုံတရားအရလည်းကောင်း သုံးသပ်ရမည် ဆိုလျှင် ကော်မရှင်အတွက် အသုံးစရိတ် တစ်ပြားတစ်ချပ်မှ ခွင့်မပြုဖြင်းအတွက် လွှတ်တော်၏ နိုင်ငံသားများအပေါ် ထားရှိသော စေတနာ၊ ဦးတည်ချက်တို့မှာ သံသယဖြစ်စရာ ကောင်းနေသည်။ လစာတိုးမြှင့်ရေးတိုက်ပွဲမှ အစပြုဖြစ်ပေါ်လာသော ပုဂ္ဂိုလ်ရေးအာဃာတများကြောင့် ကြားထဲက နစ်နာရသည်မှာ ပြည်သူများသာ ဖြစ်ပေလိမ့်မည်။ မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိခဲ့ရ သော ပြည်ထောင်စုလွှတ်တော်က  ဤသို့  ဆုံးဖြတ်လိုက်ခြင်းကိုလည်း အံ့သြမိသည်၊ တုန်လှုပ်မိသည်၊ စိတ်မကောင်းခြင်း ကြီးစွာလည်း ဖြစ်ရသည်။ ဆက်၍ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်မိသည်။

ဤပုံအတိုင်းသာ လွှတ်တော်၏ ဥပဒေပြုရေး မဏ္ဍိုင်က ဆက်လက် လုပ်ဆောင်နေမည် ဆိုလျှင် - - - - - - - - - - - - - - ။
(ဖတ်ရှုသူ မိတ်ဆွေများ မိမိတို့ဘာသာ တွေးတောဆင်ခြင်ကြပါကုန်လော့ - ။)

( ဥပဒေပညာရှင်တစ်ဦး ၏ဖေါ်ပြချက်ကို ပြန်လည်မျှဝေပါသည် )