xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွတ်တော်က တရားမ၀င်ဟုဆုံးဖြတ်ခဲ့သော လူ့အခွင့်အရေးကော်မရှင်က တရာဝင်အဖွဲ့ဖြစ်ကြောင်းနှင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အစိုးရအာဘော် သတင်းစာများမှတဆင့် သတင်းထုတ်ပြန်

Thursday, March 29, 2012

လွတ်တော်က တရားမ၀င်ဟုဆုံးဖြတ်ခဲ့သော လူ့အခွင့်အရေးကော်မရှင်က တရာဝင်အဖွဲ့ဖြစ်ကြောင်းနှင့် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အစိုးရအာဘော် သတင်းစာများမှတဆင့် သတင်းထုတ်ပြန်


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်း ထုတ်ပြန်ချက် (၂/၂ဝ၁၂)ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ သတင်း ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရပ်တည် ဆောင်ရွက်လျက် ရှိခြင်းနှင့် ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်
(ကော်မရှင် သတင်းထုတ်ပြန်ချက် ၂/၂ဝ၁၂)
 
၂ဝ၁၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းသည် အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့် ညီညွတ်ခြင်း မရှိကြောင်း သဘောထား မှတ်ချက် တင်ပြလာသည့် အတွက် ပြည်ထောင်စု လွှတ်တော် နာယကအနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့ အစည်းတွင် ထည့်ထားခြင်းနှင့် ရသုံးမှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ် ထည့်ထားခြင်း တို့ကို ပယ်ဖျက်ကြောင်း ဆုံးဖြတ် ခဲ့ပါသည်။
အဆိုပါ သတင်းသည် ပြည်တွင်း ပြည်ပသို့ ပျံ့နှံ့သွားပြီး ပြည်သူလူထု အတွင်း လူ့အခွင့်အရေး ကော်မရှင်ကို ဖျက်သိမ်း လိုက်သည်ဟု ယူဆကာ ဝေဖန်ချက်များ အမျိုးမျိုး ထွက်ပေါ်လာပြီး မေးမြန်း စုံစမ်းမှုများ ပြုကြပါသည်။ ပြည်တွင်းပြည်ပမှ စိုးရိမ်မှု များလည်း ရှိပါသည်။
လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေး တို့ကို ဆောင်ရွက်နိုင်ရန်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက် ခြင်းဖြင့် မြန်မာ နိုင်ငံသားများ၏ လူ့အခွင့်အရေးများ တိုးတက် ဖော်ဆောင် နိုင်ရန်နှင့် ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင် ကူးပြောင်း ရာတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရပါ ပြည့်ဝစေရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေ့လာရမည် ဆိုပါလျှင် ပြဋ္ဌာန်းချက်များ အရ နိုင်ငံသားတို့သည် ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသည့် ''တန်းတူညီမျှ အခွင့်အရေး''၊ ''လွတ်လပ်မှု အခွင့်အရေး''၊ ''တရားမျှတမှု အခွင့်အရေး''တို့ကို ခံစားခွင့်ရှိသည် ဟုလည်းကောင်း၊ နိုင်ငံသားများ၏''လွတ်လပ်ခွင့်''၊ ''လုပ်ပိုင်ခွင့်''၊ ''ခံစားခွင့်''၊ ''တာဝန်နှင့် တားမြစ်ချက်များ''ကို ထိရောက်ခိုင်မာ ပြည့်စုံစေရန် လိုအပ်သောဥပဒေများ ပြဋ္ဌာန်းရမည်ဟု လည်းကောင်း ပြဋ္ဌာန်း ထားပါသည်။
ပြည်ထောင်စု အစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စု လွှတ်တော်က ဥပဒေ ပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ကိုလည်း သက်ရောက် ပျံ့နှံ့ကြောင်း ပြဋ္ဌာန်းချက် တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်ဟု အုပ်ချုပ်မှုအာဏာ ပေးအပ်ထားသည်ကိုလည်း လေ့လာသိရှိရ ပါသည်။ အထက်ပါ ပေးအပ်ထားသော တာဝန်များကို နိုင်ငံတော် သမ္မတသည် လွှဲအပ်သော အုပ်ချုပ်မှု အာဏာများ ကျင့်သုံး အကောင် အထည် ဖော်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ကော်မရှင် အနေဖြင့် ခံယူပါသည်။ အခြေအနေ အချိန်အခါနှင့် အညီ ကော်မရှင် ဖွဲ့စည်း ပေးခဲ့ခြင်းသည် အလွန်သင့်မြတ် လျော်ကန်၍ နိုင်ငံသားများနှင့် နိုင်ငံတော် အတွက် အကျိုးရလဒ်များ ရရှိစေခဲ့ပါသည်။ ကော်မရှင်သည် နိုင်ငံတော် သမ္မတသို့ လွှဲအပ် ထားသော အုပ်ချုပ်မှု အာဏာအရ ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပါသည်။ ဗဟို အဖွဲ့အစည်းတွင် အကျုံးမဝင်၍ ဘတ်ဂျက် ရသုံးမှန်းခြေ ငွေစာရင်း အသုံးစရိတ်တွင် ထည့်ထားခြင်းမှ ပယ်ဖျက်ခြင်းသည် ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည် ဖော်ခြင်းတို့ကို ပျက်ပြယ်စေခြင်း မရှိနိုင်ပေ။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး အတွက် ရေရှည်ဆောင်ရွက် သွားရမည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။ ကော်မရှင်ကို Paris Principles နှင့် အညီ ဖွဲ့စည်းရာတွင် အစိုးရ၏ ထိန်းချုပ်မှုမှ လွတ်လပ်ပြီး သီးခြား ရပ်တည်သည့် အဖွဲ့အနေဖြင့် ဖွဲ့စည်းနိုင်ရန် အတွက် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်သည်ဟုလည်း ကော်မရှင် အနေဖြင့် ခံယူပါသည်။ Paris Principles အရ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် များအား သက်ဆိုင်ရာ အစိုးရက လုံလောက်သော ဘဏ္ဍာငွေများ ထောက်ပံ့ကြရပါသည်။ သို့ပါ၍ အစိုးရ၏ အထောက် အပံ့နှင့် အခြားသော အထောက်အပံ့များကို စနစ်တကျ လက်ခံ သုံးစွဲသော အဖွဲ့အစည်းအဖြစ် ကော်မရှင်အနေဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
အာဆီယံနိုင်ငံများမှ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြား တို့တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ ဖွဲ့စည်းပြီး လူ့အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်ပေးလျက် ရှိကြပါ သည်။ ၎င်းတို့အနက် နိုင်ငံ အများအပြား တွင်လည်း ကော်မရှင်များ ကနဦး ဖွဲ့စည်းစ ကာလနှစ်များတွင် သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်က တာဝန်ယူ ဖွဲ့စည်း ပေးခဲ့သည်ကို တွေ့ရှိရပါသည်။ ယင်းနောက်မှ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပြီး ဥပဒေနှင့်အညီ ဆက်လက် ရပ်တည်ဆောင်ရွက် ကြသည်ကို လေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံသည် အာဆီယံတွင် (၅)နိုင်ငံမြောက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းနိုင်သော နိုင်ငံ ဖြစ်သဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကိုလည်း မြင့်မားစေခဲ့ကြောင်း နိုင်ငံတကာ ပြောကြားချက်များ အရ သိရှိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ခိုင်မာစွာ ရေရှည် ရပ်တည်နိုင်ရေး အတွက် နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်အရ လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းအား စတင်ရေးဆွဲနေပြီ ဖြစ်ပါသည်။ ကော်မရှင်သည် ဥပဒေကြမ်းအား နိုင်ငံတော် သမ္မတထံ တင်ပြပြီး သဘော တူညီချက် ရရှိပါက သမ္မတရုံးမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူသွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပေးအပ်ထားသော တာဝန်များ အတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော နိုင်ငံသားတို့၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ရက်စွဲ။ ၂ဝ၁၂ ခုနှစ်၊ မတ်လ ၂၇ ရက်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်