xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရွေးကောက်ပွဲ စည်းရုံးမှုပုံစံနှစ်မျိုး

Friday, March 30, 2012

ရွေးကောက်ပွဲ စည်းရုံးမှုပုံစံနှစ်မျိုး

ကြားဖြတ် ရွေးကောက်ပွဲ နီးသထက် နီးလာပါပြီ။ အဓိက ပြိုင်ဘက်ပါတီ နှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ အင်န်အယ်လ်ဒီတို့လည်း အကြိတ်အနယ် မဲဆွယ်နေကြပြီ။ နှစ်ဘက်လုံး လုပ်ဆောင်ချက်တွေကို လေ့လာတဲ့ အခါ မတူ ကွဲပြားတဲ့ မဲဆွယ် စည်းရုံးမှု နည်းဗျူဟာများနဲ့ လုပ်နေကြတာ တွေ့ရပါတယ်။
အင်န်အယ်လ်ဒီရဲ့ နည်းဗျူဟာ ကတော့ ၁၉၄၇ ခုနှစ် တိုင်းပြု ပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတုံးက ဗိုလ်ချုပ် ကျင့်သုံးတဲ့ နည်းဗျူဟာ အတိုင်းပဲ။ အဲဒီတုံးက အမတ်လောင်းတွေကို ဖဆပလ ဗဟိုဦးစီးအဖွဲ့က ရွေးတယ်၊ ဒေသခံ မဟုတ်သူတွေလဲ ပါတယ်။ ဗိုလ်ချုပ်က သူရွေးပေးတဲ့ အထဲမှာ စိတ်ချရတဲ့ လူတွေလဲ ပါတယ်။ သိပ်စိတ်မချရတဲ့ သူတွေလည်း ပါတယ်။ ဒါပေမယ့် ဖဆပလက ရွေးပေးတဲ့ အထဲမှာ အချောင်သမား ပါလာရင်တောင် ဖဆပလရဲ့ စည်းကမ်းကို ရိုသေသော အားဖြင့်၊ ဖဆပလရဲ့ တစ်နှစ်အတွင်း လွတ်လပ်ရေး ရအောင် လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကူညီသော အားဖြင့် မဲပေးကြပါလို့ ပြောတယ်။ ( ၁၉၄၇ မတ်လ ဗိုလ်ချုပ်၏ ရွေးကောက်ပွဲ သတိပေးချက် မိန့်ခွန်း) အခု ဒေါ်အောင်ဆန်းစုကြည် စည်းရုံး ပြောကြားမှုများကို ကြည့်ရင်လည်း ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် သူနဲ့ သူ့ပါတီကို ယုံကြည်ဖို့ ပြောနေတာ တွေ့ရမှာပါ။ ကိုယ်စားလှယ်လောင်း အကြောင်းတောင် သိပ်မပြောပါဘူး။ ကြိုဆို ထောက်ခံတဲ့ လူတွေရဲ့ စာတမ်းတွေ၊ ဆောင်ပုဒ်တွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ချစ်ခင် အားကိုးမှုတွေပဲ ဖြစ်နေပြီး ကိုယ်စားလှယ်လောင်း မဆိုထားနဲ့ ပါတီကို ထောက်ခံတဲ့ ဆိုင်းဘုတ်တောင် သိပ်မတွေ့ရပါဘူး။ တစ်ချို့ မြို့နယ်တွေမှာတော့ ဗဟိုက ချပေးတဲ့လူ အပေါ် အောက်ခြေက မကျေလည် တာတွေလည်း ရှိတယ်။
ပြည်ခိုင်ဖြိုး ကတော့ တိတ်တိတ် ဆိတ်ဆိတ်ပဲ စည်းရုံး နေတာ တွေ့ရပါတယ်။ ခေါင်းဆောင် အားလုံး လိုလိုဟာ ကျင်းပနေဆဲ လွှတ်တော် အစည်းအဝေးတွေကိုပဲ တက်နေပြီး ပြီးခဲ့အပတ်ကမှ လွှတ်တော် အစည်းအဝေးတွေကို သင်္ကြန် ကာလတွက် နားထားလိုက်တာ တွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးရဲ့ နည်းဗျူဟာ ကတော့ အိုင်ဒီယော်လော်ဂျီထက် Need ကို ဖြည့်ဆည်းပြီး စည်းရုံးတဲ့ နည်းပါဘဲ။ ဒါဟာ ဂျပန်နဲ့ အာရှ ဒီမိုကရေစီ နိုင်ငံများမှာ လုပ်လေ့ရှိတဲ့ နည်းဗျူဟာပါပဲ။ အနောက် နိုင်ငံများမှာရော ကင်းလားလို့ မေးရင် မကင်းလှပါဘူး။ နောက်တစ်ခုက ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အများစုဟာ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေ၊ အငြိမ်းစား အစိုးရ ၀န်ထမ်းတွေ ဖြစ်ပါတယ်။ ဒေသ လိုအပ်ချက်ကို သိတယ်။ ဒေသပေါက်တွေ ဖြစ်တယ်။ ပြည်ခိုင်ဖြိုးဟာ လမ်းစဉ်ပါတီ အနေနဲ့ ဗဟိုက ချပေးတဲ့ ကိုယ်စားလှယ် စနစ်ကြောင့် ဘယ်လို ဒုက္ခ တွေ့ခဲ့တယ် ဆိုတာ ကောင်းကောင်း သိခဲ့ပြီးပြီ။
ဒီနည်းဗျူဟာ နှစ်ခု ဘယ်ဟာက အောင်ပွဲ ခံမလဲလို့ မေးရင် အင်န်အယ်လ်ဒီ နည်းဗျူဟာက နိုင်ငံရေး တက်ကြွမှုများတဲ့ မြို့ပြ ဒေသတွေမှာ ထိရောက်ပြီး ပြည်ခိုင်ဖြိုးကတော့ ကျေးလက် ဒေသတွေမှာ ပိုပြီး ထိရောက်မယ်လို့ ထင်ပါတယ်။ သို့သော် ကြားဖြတ် ရွေးကောက်ပွဲ တစ်ခုလုံးနဲ့ ပြောရင်တော့ အင်န်အယ်လ်ဒီကပဲ အောင်ပွဲခံမှာပါ။
ဒါပေမယ့် အရေးကြီးတဲ့ အချက်က ၂၀၁၅ မှာ ဘယ်လို ဖြစ်မလဲဆိုတဲ့ ကိစ္စပဲ။
တကယ်လို့ ပိတ်ဆို့မှုတွေ တစ်ဖြေးဖြေးခြင်း ဖယ်ရှားသွားမယ်၊ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေးတွေ နလံထူလာမယ်။ လူတွေက အနာဂတ်ကို ပိုပြီး ယုံကြည်လာမယ်၊ အတိုင်းအတာ တစ်ခုအထိ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် နိုင်မယ်ဆိုရင် ပြည်ခိုင်ဖြိုးဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို တိုင်းပြည်တွင် ဒီမိုကရေစီ အပြောင်းအလဲနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ငြိမ်းငြိမ်း ချမ်းချမ်း ဖော်ဆောင် နိုင်တဲ့ ပါတီဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ၀င်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
အင်န်အယ်လ်ဒီဘက်က အဲဒီအချိန်ကျရင် ဒေါ်အောင်ဆန်းစုကြည် အားတစ်ခုထဲနဲ့ ပြိုင်လို့ ရနိုင်ပါ့မလား ဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ နောက်ပြီး မဲဆန္ဒနယ် လေးရာကျော်ကို အကုန်သွားပြီး မျက်နှာပြဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒါ့ကြောင့် ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ၂၀၁၅ ကျရင်တော့ ပြည်ခိုင်ဖြိုးရဲ့ စည်းရုံးရေး နည်းဗျူဟာက အင်န်အယ်လ်ဒီကို ကျော်တက်သွားမှာ သေချာပါတယ်။
 
ပိတောက်မြေ