xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: " ဒါဖတ်ပြီးမှ စစ်ဗိုလ်များကို အပြစ်ဆိုပါ "

Wednesday, February 1, 2012

" ဒါဖတ်ပြီးမှ စစ်ဗိုလ်များကို အပြစ်ဆိုပါ "



ယခုတလော အင်တာနက်စာမျက်နှာများ facebook ဟုခေါ်သော လူမှုကွန်ယက်များတွင် အတော်အတန် ပျံ့နှံ့နေသော ဆောင်းပါး လိုလို ဘာလိုလို post တစ်ခုကို သတိပြုမိပါသည် ၊ထိုဆောင်းပါးကို "ရုရှားနိုင်ငံမှ ပြည်ချစ်သားများနှင့် နိုင်ငံတကာမှ ညီမများ မမများ" ဟုခေါင်းစဉ်ပေးကာ ၂၀၀၉ ခုနှစ်၏ တစ်ခုသောနေ့တစ်နေ့ဝယ် စင်္ကာပူနိုင်ငံရောက် သူမ၏ ညီမငယ် က သူ့ဆီကို ဖုန်းဆက်လာပုံ ဖြင့်စကာ ၊ သူ၏ ညီမဖြစ်သူသည် ရုရှားရောက် စစ်ဗိုလ်ဆရာဝန်တစ်ဦးနှင့် အင်တာနက်မှတစ်ဆင့် ချစ်ကြိုက်ခဲ့ကြပုံ ဖြင့်ဇာတ်လမ်းကို အစချီထားလေ၏။

နောက်ပိုင်းတွင် အဆိုပါ စစ်ဗိုလ်ဆရာဝန်ကလေးမှာ မြန်မာပြည်ပြန်ရောက်လာပုံ ပြန်ရောက်ခါစတွင် သူ၏ညီမဖြစ်သူကလည်းစင်္ကာပူနိုင်ငံမှ ပြန်လာပြီး နှစ်ကိုယ်တူချစ်သမျှ ဆိုသလို ဖြစ်ခဲ့ကြပုံ ၊ နောက်ပိုင်း တွင် ထိုစစ်ဗိုလ်ဆရာဝန်ကလေးက အတွေ့မခံတော့ပဲ ရှောင်နေပုံ ၊ နောက်ဆုံးသူ့ညီမကို မယူတော့ဘူး ဆိုသဖြင့် သူ့ညီမက ထိုစစ်ဗိုလ်ဆရာဝန်ကလေးကို သူတို့နှစ်ကိုယ်တူချစ်သမျှ ဖြစ်ခဲ့ကြသည့် ဓါတ်ပုံများ ၊ ဟိုတယ် အခန်း ရက်စွဲများဖြင့် တရားစွဲလေရာ ၊စစ်ခုံရုံးမှ ထိုစစ်ဗိုလ်ဆရာဝန်ကလေးအား အရေးယူသဖြင့် ထောင်ကျတန်းကျ ဆိုသလို ဖြစ်သွားပုံ နိဂုံးပိုင်းတွင်မူ ယခုမျက်မှောက်ကာလတွင်လည်း ၊ နိုင်ငံအသီးသီးမှ အမျိုးသမီးများ ထိုအဖြစ်မျိုးမကြုံရလေအောင် စေတနာရှေ့ထား ရေးသားလိုက်ရပုံဖြင့် သူမ၏စာကို အဆုံးသတ်ထားလေ၏ ။

အလားတူဇာတ်လမ်းဖြင့် ခပ်ဆင်ဆင် ဇာတ်လမ်းအချို့ကိုလည်း ယခင်ကဖတ်ဘူးပါသည် ၊ ဇတ်လမ်းတိုင်းလိုလိုတွင် နိုင်ငံတကာမှမိန်းခလေးများသည် ရိုးသားကြိုးစား သစ္စာတရားကြီးမားသည့် ယုန်သူငယ်  ဇာတ်လိုက် များဖြစ်ကြသည် အပြစ်ဟူ၍ မြူမှုံမျှပင်မရှိ ၊ ရုရှားရောက် အရာရှိတို့သည် ဗီလိန် ကျားဆိုးသဘွယ် လူဆိုးကြီးများ ၊ သစ္စာမဲ့ကြသူများ အဖြစ်သရုပ်ဖေါ်ထားကြလေသည် ။ မြန်မာမိန်းခလေး တစ်ယောက် တစ်လေမျှမရှိသော ရုရှားနိုင်ငံတွင် အခြားသောနိုင်ငံရောက် မြန်မာအမျိုးသမီးများနှင့် အင်တာနက်မှတစ်ဆင့်ချစ်ကြိုးသွယ်ကြသည်မှာ ယခုကဲ့သို့ IT ခေတ်တွင် အဆန်းမဟုတ်တော့ပါပေ ၊ ထိုသို့ချစ်ကြိုးသွယ်မိကြသဖြင့် အမှန်ပင်အိမ်ထောင်ကျသွားကြသူများလည်း မရေမတွက်နိုင်အောင်ပင်ရှိ၏ ၊ထို့အတူ ကွဲသွားကြသူများ ၊အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲမှုများလဲ ရှိကြမည်မှာ သဘာဝ ပင် ဖြစ်ပါသည် ။

အခြားသော လူမှုနယ်ပယ်အသီးသီးတွင်လည်း အလားတူ ချစ် ၊ ကြိုက် ၊ ညား ၊ ကွဲ ဇာတ်လမ်းအမျိုးမျိုး ရှိကြသော်လည်း ၊ စစ်ဗိုလ်များနှင့်ဖြစ်သောဇာတ်လမ်းမှ အထူးအဆန်းသဖွယ် ပျံ့နှံ့နေသည်မှာ သွေးရိုး သားရိုးမှ ဟုတ်ပါလေစဟု တွေးစရာဖြစ်လာပါသည် ။ အထက်ဇာတ်လမ်းပါ ရုရှားရောက်စစ်ဗိုလ်ဆရာဝန် ကလေးကဲ့သို့ အမျိုးသမီးတစ်ဦးအား လှည့်ဖျားသွားသူများရှိသကဲ့သို့  ၊ မိန်းမများကလှည့်ဖျား သွားကြသဖြင့် ကျန်ရစ်ဖြစ်သွားကြကုန်သော စစ်ဗိုလ်များလည်း တစ်ပုံတပင်ရှိမည်သာဖြစ်ပါသည် ။

"ရှင့်ကိုတော့ချစ်ပါတယ်....ဒါပေမယ့် မိဘစကားကို မလွန်ဆန်နိုင်တော့လို့ပါ " ဟုဆိုကာ စစ်ဗိုလ်များကို ချန်ထားရစ်ကြကုန်သော သမီးအလိမ္မာ များလည်းအနန္တရှိ၏ ၊ " နှလုံးရောဂါသည် အမေကြီးရဲ့ နောက်ဆုံး ဆန္ဒကို လိုက်လျှောပါရစေရှင်.... ဒီကမ္ဘာကြီးမှာ အကို့လောက်ချစ်တာမရှိတော့ပါဘူး....ဟူး...ဟူး... " ဟုမျက်ရည်စက်လက်ဖြင့်ဆိုကာ အသားမဲ နဖူးပြောင် သူဌေးကိုပြုံးပြုံးကြီး ယူပြီး စစ်ဗိုလ်အပေါင်းကို ထားရစ်ခဲ့ကြသော အငိုမျက်လုံး အပြုံးမျက်နှာပိုင်ရှင် မမထား များလည်း မရေမတွက်နိုင် ၊ ထိုအသားမဲ နဖူးပြောင် သူဌေးဖြင့် ကလေး ၃ ယောက်ရသည့်တိုင် နှလုံးရောဂါသည်အမေကြီးမသေ သည့် အဖြစ်များလည်း အမှန်ပင်ရှိလေ၏။

" ရှင်နဲ့နေလို့ကတော့ တစ်သက်လုံး လူမွှေးလူတောင်ပြောင်မှာမဟုတ်ဘူး ရှင့်လစာတစ်ပဲ ခြောက်ပြားက ကျွန်မဒေါက်ဖိနပ် တစ်ရံဘိုး လောက်တောင်မရှိဘူး " ဟု ခပ်ပြောင်ပြောင်ပင် ပြောဆိုကာ စစ်ဗိုလ်များကို စုံကန်သွားကြကုန်သော မိန်းမလယ် သိန်းကြွယ်များလည်း အပုံအပင်ရှိလေ၏ ။" ဒီမှာမောင်ရင် ... မင်းလိုလူနဲ့ ငါ့သမီး တူသလားတန်သလား  ငါတို့ရွှေလိုဥပြီးမွေးထားတဲ့ သမီးလေးကို မုဆိုးမအဖြစ်မခံနိုင်ဘူး ငါ့သမီးနဲ့ အဆက်သွယ်ဖြတ်ပါ ဒါပဲ " ဟုဆိုကာ ရုပ်ရှင်ဆန်ဆန် တင်တင်စီးစီး နင့်နင့်ပိုးပိုး ပြောရက်ဆိုရက် ခွဲရက်ကြကုန်သော မရွှေဥ တို့၏ မိဘများကြောင့် အချစ်ရှုံးသမားအဖြစ်ကျန်ရစ်ကြကုန်သော ဒသဂီရိစစ်ဗိုလ်များလည်း များလှပြီဖြစ်ပါသည် ။

ထိုဒသဂီရိများကသာ အထက်ပါဇာတ်လမ်းမှ အမျိုးသမီးကဲ့သို့ နှစ်ကိုယ်တူချစ်သမျှ ဖြစ်ခဲ့ကြသော ဓါတ်ပုံ အထောက်ထားများ ၊ ဟိုတယ် ၊တည်းခိုခန်းအထောက်အထားများ တင်ပြ၍ တရားစွဲတိုင်းသာ မိန်းမများထောင်ကျရပါမူ  ဤပြည်ထောင်စု မြန်မာနိုင်ငံ၏ ဘတ်ဂျက်သည် ပညာရေး ၊ ကျန်းမာရေး စသောကဏ္ဍများ တွင် သုံးရသည်ဟူ၍ပင်ရှိမည် မဟုတ်ဘဲ ထိုမိန်းမများအတွက် အကျဉ်းထောင်ဆောက်နေရ သည်နှင့်ပင် ကုန်နေမည်မှာ သေချာလှပါသည် ။


ဒေါက်တာဆိတ်ဖွား