xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တွေ့သမျှ ၊ မြင်သမျှ ၊ ဥာဏ်မှီသမျှ တင်ပြပါရစေ

Thursday, February 23, 2012

တွေ့သမျှ ၊ မြင်သမျှ ၊ ဥာဏ်မှီသမျှ တင်ပြပါရစေ

 ( ဆောင်းပါးရှင် ဦး ဘိုဘိုကျော်ငြိမ်းရဲ့ သုံးသပ်တွေးခေါ်ပုံ ၊ ဆင်ခြင်သုံးသပ်ပုံများအား သဘောကျ နှစ်သက်မိပါသဖြင့် ပြန်လည်ကူးယူဖေါ်ပြအပ်ပါသည်  )


အပိုင်း(၁) နိုင်ငံရေး

လောကမှာ အနီးနဲ့ အဝေး မြင်တာချင်းမတူနိုင်ကြပါ။

နီးရင် အနုစိပ် မြင်တွေ့ရသည်မို့ အဖြစ်မှန်နဲ့ ပိုနီးစပ်ပါတယ်။ ဝေးသွားရင် မှုန်ဝါးဝါး ဖြစ်လာသည်မို့ မှန်ဘီလူး အကူလိုလာပါတယ်။
ဒါလောက ရဲ့ ဓမ္မတာတရားပါပဲ။ မှန်ဘီလူးအားကောင်းရင် ထင်းထင်းမြင်ရသလို မှန်ဘီလူးအားညံ့ရင် ၀ိုးတိုးဝါးတာ ဖြစ်စမြဲပါ။ နောက်တဆင့် မြင်ရတဲ့ အရာကို ထပ်ဆင့်အဓိပ္ပါယ်ဖေါ်ရပြန်ပါတယ်။
Interpretation ပဲပေါ့။ နောက်ဆုံးတော့ မှန်ဘီလူးရော ၊ Interpretation ဆိုတာတွေဟာ အသိစွမ်းအား Knowledge Capacity နဲ့ ဥါဏ်စွမ်းအား Intellectual Capacity တွေရဲ့ Function လာဖြစ်ရတာပဲ လို့ သုံးသပ်ကောက်ချက်ချ နိုင်ပါတယ်။ အဆုံးမှာ တော့ လူပိန်းစကားနဲ့ ပြောရရင် ဘယ်လောက် (သိ) သလဲ ၊ ဘယ်လောက် (တွေး) နိုင်သလဲ ဆိုတာလာဖြစ်တာပဲ။ (သိ) ရုံနဲ့ မလုံလောက် (တွေး) နိုင်မှ (မြင်) မှာကိုး။ ကြည့်သောသူသည့် မြင်၏ ဆိုသလို (ကြည့်) ဖို့လည်း (သိ) ရမယ် ၊ (မြင်) တာကိုတခါ ဒါဘာလဲ ဆိုတာကို (သိ) ရမှာကိုး။ (အသိ) နှစ်ဆင့်လို့ဆိုရမလား မသိဖူး။

မီးတောင်မှ နီးမှပူတာပါ။ ဝေးသွားရင် မီး အရောင်ကိုပဲ မြင် ရတော့သည် ၊ အပူဓါတ် ကို မခံစားနိုင်တော့ပါ။

ညအခါမှာ ကောင်းကင်ကြီးစီမို့ မော့ကြည့်လိုက်ပါ။ မှိတ်တုတ်မှိတ်တုတ် အရာများကိုမြင်ရပါမည်။ သာမာန် (အသိ) နှင့်ပြောလျှင် ဒါတွေဟာ (ကြယ်) တွေပါဟု ဆိုကြမည်သာ။ တချို့မှာ ကြယ် များဖြစ် ကြသော်လည်း တချို့မှာ ဂြိုလ်များစီမှ နေရောင်ဟပ်နေသည်ပါ။ တချို့မှာတော့ ဝေးလွန်းသဖြင့် ကြယ်ပေါင်းသန်းချီပါဝင်သည့် ကြယ်အစု galaxy ကို အလင်းစက် တစ်စက်အနေဖြင့်သာ မြင်နေကြ ရသည်ပါ။
သာမာန်မျက်စိဖြင့် မမြင်နိုင်သော celestial bodies ဟုခေါ်သည့် စကြာဝဠါကြီး၏၀တ္ထုများ အသင်္ချေနှင့် အန္တရှိပါသေးသည်။ သက်ဆိုင်ရာ မှန်ဘီလူး telescope များနှင့်ကြည့်မှာသာ မြင်နိုင်ပါသည်။ မှန်ဘီလူးအားကြောင့့် မြင်လာသော်လည်း Astro-Physics ကိုနားလည်သူမှ ဘာဟာဘာဆိုတာကို ခွဲခြားနိုင်ပါမည်။ သို့သော် Specialized researchers များသာ မိမိဆိုင်ရာဘာသာရပ်ကို တိတိကျကျ ခွဲခြားစိပ်ဖြာသုံးသပ်နိုင်ပါမည်။

ထို့ကြောင့် (အသိ) ချင်း မတူရင် သုံးသပ်တာချင်း မတူနိုင်သလို ၊ (အမြင်) ချင်း မတူနိုင်တော့ပါ။ (အသိ) ဆိုတာ အနီးအဝေး နဲ့လည်း ဆိုင် သလို ဘ၀အတွေ့အကြုံ နဲ့ လေ့လာအား နဲ့လည်း ဆိုင်ပါတယ်။

ဘာကြောင့် ဒီလောက်လေရှည်ခံပြီး နိဒန်းပျိုးနေရပါသလဲ။

ကျနော်တို့ မြန်မာနိုင်ငံမှာ တပ်ဦးကျောင်းသားဟောင်း ဒေါက်တာညီညီရဲ့ လက်တဲ့ အဆန်းခံရပြီးကတည်းက ပညာရေးစနစ်ဟာ ပျက်စီးယိုယွင်းလာခဲ့တာ အနှစ် ၄၀ ကျော်လာပြီမို့ (အသိစွမ်းအား) နည်းမှု CapacityDeficit နဲ့ယနေ့ အထိရင်ဆိုင်နေကြရပါတယ်။ ထို့ပြင် လက်ဝဲသူငယ်နာမစင်ကြသေးကုန်သော အသီးသီးသော လက်ဝဲဆရာကြီးများရဲ့ ဒိဋ္ဌိ အစွဲဟာ ချွပ်ရအင်မတန်ခက်ပါတယ်။ တိုင်းပြည် ပြင်ပရောက် အတိုက်ခံတွေကိုကြည့် ပါလျှင်လည်း ထူးမခြားနား လက်တွေ့ထက် Rhetoric ကိုဦးစားပေးကြတုန်းရှိကြပါသေးတယ်။ (အသိ) အားနဲမှု နဲ့ (အသိ) လွှဲမှားမှု တွေကြောင့် ပြည်ပနိုင်ငံရေးလောက မှာ နာနာအော် ၊ ကျယ်ကျယ်အော် ၊ ကြာကြာအော် တာကလွဲရင် လက်တွေ့ကျတဲ့ ၊ ရည်မှန်းချက်ရှိသည့် နိုင်ငံရေး ကို အနှစ် (၂၀) မဖေါ်ဆောင်နိုင်ခဲ့ကြပါ။ ဖေါ်ဆောင်ရမှန်းပင် မသိကြပါ။ အများစု မှာ ဦးနေ၀င်း အာဏါသိမ်းပြီးမှ လူဖြစ်လာရသူများဖြစ်သည်။ ထို့ကြောင့် အရပ်သားအများစုမှာ (အာဏါ) အကြောင်းနားမ လည် ကြပါ။ ပိုဆိုးတာက ဦးနေ၀င်းဟာ တိုင်းပြည်မှာရှိတဲ့ အဆောက်အဦမဏ္ဍိုင်အား လုံးကိုရိုက်ချိုးခဲ့ပြီး စစ်တပ်တခုထဲသာ  Institution အဖြစ်ရပ်တည်နိုင်အောင် ကြံဆောင် ခဲ့တာကြောင့် ပြည်သူအများစု ဟာ အဖွဲ့အစည်းနဲ့ ရပ်တည်ရမည်ဆိုတာ ၊ အဖွဲ့အစည်းဘယ်လိုထူထောင်ရမယ် ဆိုတာတောင် မသိ နိုင်ကြတော့ပါဖူး။ ဒါကြောင့် (၅) ယောက် တဖွဲ့ ၊ ဆယ်ယောက်တဖွဲ့ နဲ့ ဂိုင်းဂဃ စိတ်တွေအကြား ၊ နိုင်ငံရေးနွံ ကမထွက်နိုင်ဖြစ်ခဲ့ကြရတယ် လို့ခံစားမိတယ်။ ထို့ပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှု ကိုကြည့်ရင် လက်ဝဲ၀ါဒ နဲ့ လက်ဝဲစာပေတွေက သာ လွှမ်းမိုးထားတာကြောင့် အများစု၏ အတွေးမှာ အတိုက်ခံဆိုတာ အစိုးရကိုဆန့်ကျင်ဖို့ လို့သာနားလည်ကြတယ်။ နိုင်ငံရေးဆိုတာ စနစ်ပြောင်း ဖို့ အဖွဲ့အစည်းနဲ့ လုပ်နိုင်တယ်ဆိုတာကို (မသိ) ကြဖူး။ ပြောင်းလဲမှု တခုထဲကြည့်လို့ မရ ပေးစပ်မှု ကိုလည်းကြည့်တတ်ရမယ်ဆိုတာကို နားမလည်ကြ။ ကဒါဖီရဲ့ ရုပ်အလောင်းကြီးကိုသာ မြင်ကြသည်။ အသက်ပေးသွားတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ မျက်နှာကိုတော့ မမြင်နိုင်ကြ။ 

နိုင်ငံရေးမှာ ဗျူဟာ Strategy ရှိရမယ်။ ဗျူဟာကိုဖေါ်ဆောင်ဖို့ အဖွဲ့အစည်းရှိရမယ်။ အဖွဲ့အစည်းကိုဦးဆောင်မဲ့ အရေအသွးမြင့်တဲ့ ခေါင်းဆောင်မှုလိုအပ်တယ်။ မှန်ကန်တဲ့ခေါင်းဆောင်မှု ပေးနိုင်ဖို့ (အသိစွမ်း အား) လိုလာတယ်။ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို ဖေါ်ထုတ်နိုင်ဖို့ အဆင့်ဆင့် ခေါင်းဆောင်ငယ်တွေရှိရမယ်။ နောက်လိုက်တွေရှိရမယ်။ မျိုးဆက်သစ်တွေ ကိုလက်ဆင့်ကမ်းပေးနိုင်ဖို့ လူငယ်တွေကို မွေးထုတ်ပေးရမယ်ဆိုတာတွေကို (မသိ)ကြတော့ဖူး။ Capacity မရှိတဲ့ ခေါင်းဆောင်တွေထိပ်မှာရောက်လာရင် ပေါလ်ပေါ့ ( Pol Pot) တို့လို လူသတ်သမားတွေဖြစ်သွားနိုင်သလို ၊ အာဏါရူးပြီး အချင်းချင်း ဖြုတ်-ထုတ်-သတ် ရင်းအားလုံး မြေကြီးအောက် ရောက်နိုင်တယ်ဆိုတာကို မသိကြတော့ဖူး။ အတိပ်ကို (မြင်) အောင်မကြည့်နိုင်ကြတော့ သင်ခမ်းစာ ယူဖို့ပင် (မသိ) ကြတော့။ အကြမ်းဖက်နည်း အပြင် တခြားနည်းလမ်း တွေနဲ့လည်းပြောင်းနိုင်တယ်ဆိုတာကို (မမြင်) (မသိ) နိုင်ကြတော့ဖူး။


အဝေးမှ ယောင်ရမ်းထင်မြင်ချက်

စစ်အစိုးရ အဆက်ဆက်ဟာ (အာဏါ) အကြောင်းကိုကောင်းကောင်းသိကြတယ်။
အတိုက်အခံ (ဂွင်းဆက်) ကိုဘယ်လိုဖြတ်မလဲ ဆိုတာကိုလည်းကောင်းကောင်သိတယ်
နိုင်ငံရေးနယ်ပယ်ကို ကြုံ့  ၊ အချိန် ကို ဆွဲဆန့်လိုက်တော့ အားလုံး ဖရိုဖရယ် ဖြစ်ကုန်ကြတာပေါ့။ စာရေးသူက ဒါကို Time & Space  လို့တင်စားလေ့ရှိတယ်။
နီနီမြင်တိုင်းခွေ့ချင်တဲ့ ကျွဲရိုင်းလို (စစ်) ဆိုတာနဲ့ ဆဲကွ ဆိုတဲ့ လက်ဝဲစွန်း တဇွတ်ထိုး နိုင်ငံရေးဖက် ယိုင်ကုန်ကြတယ်။
စစ်သားမှာ အာသာချက်ရှိတာက စစ်ပွဲဆိုတာ ဗျုဟာမရှိလို့မရ ၊ ရန်သူ့ အနေအထား (Intelligence) မရှိလို့မရ ၊ logistic မနိုင်လို့မရ ၊ စည်းကမ်းမရှိလို့မရ ။ ရေရှည်ရေတို အစီအမံ ပလင် မရှိလို့မရ။
အတိုက်ခံရဲ့ အားနဲချက်က Facts ကိုမကြည့်နိုင်။ အချက်အလက် မှန်ရဲ့လားလို့ မသုံးသပ်နိုင်။ နိုင်ငံရေး လက်ဦးဖို့က အဓိက ဖြစ်လာကြတော့ စစ်တပ်တခုခု လုပ်လာပြီဆိုရင် ၊ အချက်အလက် ကို အရင်မစု ဆောင်းနိုင် ၊ ထင်ရာမြင်ရာကို လေဖမ်းရမ်းတုတ်ကြပြီး လေလှိုင်းက ၀ိုင်းတုတ်ကြတော့တာပဲ။ လက်ဝဲအတွေးမှာ လက်ဦးမှု က ကြီးစိုးထားတာကိုး ….
ဥပမာ နေပြည်တော်ကိုရွှေ့တော့ … ဒါဗေဒင်ကြောင့် ၊ ဒေါ်ကြိုင်ကြိုင်ကြီးကြောင့် …. ဘာညာကွိကွ ၀ိုင်းအော်ကြပြီး .. ဆက်စုံစမ်းဖို့ .. နက်နက်ဆက် သတင်းနှိုက်ဖို့ (သတိ) မရှိကြဖူး
နေပြည်တော်ရွှေ့ရတဲ့ military doctrine ကဘာလဲ? … ဘာရည်ရွယ်ချက်နဲ့ ရွှေ့တာလဲ … Strategic move လား … tactical move လား … ဘာမှဆက် မစဉ်းစားကြတော့ …..
မီဒီယာကလည်း ဆဲထားတဲ့ ဆောင်းပါးလေးကိုပြ …. အတိုက်ခံဆိုသူတွေကလည်း မိမိတို့ဆဲ ထားတဲ့ အသံဖိုင် လေးပြပြီး ဒိုနာ တွေစီ လက်ဖြန့်တောင်း … အရက်ဝိုင်းထိုင်လိုက် ..လေအာလိုက် နဲ့ပဲ အနှစ် (၂၀) အချိန်ဖြုန်းခဲ့ကြတယ်။
နောက်ဆုံးတော့ လုပ်သင့်..လုပ်ရမဲ့ … Support-based politics ကိုမလုပ်ကြပဲ .. ဆူလွယ်နပ်လွယ် …donor-based politics နွံထဲမှာပဲ တ၀ဲလည်လည် .. ရွာလည်ခဲ့ကြတာပါ။

၂၀၁၀ ရွေးကောက်ပွဲအပြီးပြောင်းလဲမှု

မြန်မာ့နိုင်ငံရေး နားလည်သူ ဆိုသူ အများစုဟာ ၂၀၁၀ ရွေးကောက်ပွဲကို (အင်) ကြီးပါ။ စစ်တပ်အာဏါတည်မြဲရေးအတွက် (ဆင်ကွက်) ကြီးပါလို့ပဲ ပေါ့ပေါ့တွေးခဲ့ကြတယ်။ အဓိက ကတော့ ဗိုလ်ချူပ်မှူးကြီး ကို လေးလေးနက်နက်လေ့လာထားတဲ့ ဗိုလ်ချုပ်သန်းရွှေရဲ့ (ဆိုင်ကီ) ကို စနစ်တကျ research လုပ်ထားတဲ့ psychological profile မရှိဖူး။ သူ့အကြောင်း လေ့လာနိုင်လောက် အောင်လည်း ဘယ်သူ့ကိုမှ အနားအကပ်မခံဖူး။ စစ်ဗိုလ်ချုပ်တွေက သတိရှိကြတယ်။ ဒီကြားအထဲ misinformation .. disinformation တွေကတဖုံကြီး။ Professionals တွေလည်းဖြစ်ပြန် ၊ အစိုးရ ယန္တရား နဲ့ အစိုးရအာဏါကို ကိုင် ထားနိုင်တော့ diversion ကောင်းကောင်းလုပ်နိုင်တာပေါ့။

ဒီကနေ့ ..နိုင်ငံရေးအနေအထားကို လက်တွေ့ ကျကျ သုံးသပ်နိုင်ဖို့ ဟာ ဗိုလ်ချုပ်သန်းရွှေ ချသွားတဲ့ Strategy နဲ့  Master Plan ကို အရင်နားလည် ဖို့လိုမယ်လို့ထင်မိတယ်။
တချိန်ထဲမှာ ယ္ခင်လို အဝေးမှ ရောင်ရမ်းသုံးသပ် နေကြရုံနှင့် မပြည့်စုံနိုင်တော့။

မြန်မာ့စစ်တပ် ၊ ဗမာ့စစ်တပ်

ဗမာနိုင်ငံရဲ့ လွပ်လပ်ရေးတိုက်ပွဲမှာ ဗမာ့စစ်တပ်ဟာ အရေးပါတဲ့ နေရာကပါခဲ့တယ်။ တနည်းအားဖြင့် (အစ) ကောင်းခဲ့ပါတယ်။ စစ်တပ်ရဲ့ဖခင် ဟာလွပ်လပ်ရေးဖခင် ကျွန်ပ် တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းပဲ မဟုတ်လား။ ဖက်ဆစ်တော်လှန်ရေး ၊ ပြည်တွင်းစစ် ၊ နဲ့ တရုတ်ဖြူကျုးကျော်စစ် တွေမှာလည်း ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ကြတဲ့ ရာဇ၀င် ရှိခဲ့တာပဲမဟုတ်ပါလား? ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏါမသိမ်းခင် အထိ စစ်တပ်ဟာ နေရာမှန်ခဲ့တယ် လို့ ငြင်းချက်ထုတ်နိုင်တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏါသိမ်းပြီးတဲ့ ကာလကစပြီး စစ်အာဏါရှင် စနစ်ကိုထူထောင်တော့မှ ဘီလူးဆိုင်း ကကြရတော့တာပဲ။ ဘယ်နိုင်ငံမှာမဆို စစ်သားဆိုတာ ဟာတိုင်းပြည်ရဲ့ ရန်သူကို အသက်ပေးကာကွယ်ဖို့ဆိုတဲ့ (အစွဲ) ရှိကြတယ်။ ယနေ့ အီဂျစ်မှာ လည်းစစ်တပ်က ၀င်ကယ်လိုက်ရပါတယ်လို့ ကြွေးကြော်တာပဲ။ ယနေ့အထိ ရက်ရက်စက်စက် သတ်နေတဲ့ ဆီးရီယားမှာတောင် လက်နက် ကိုင်တိုက်နေတဲ့ပြည်ပ ပစိန်ရိုးတွေရဲ့ ရန်က ကာကွယ်လို့သာ (ပစ်) ရတာပါ။ ပြည်သူကို ပစ်တာမဟုတ်ဖူးလို့ တွင်တွင်အော်နေတာပဲ။ ၁၉၈၉ တရုတ်ပြည်ကြီးမှာ တိန်လျောက် ပိန်က ပစ်မိန့်ပေးတာတောင် တရုတ်အချင်းချင်း မပစ်ဖူး ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေ စစ်သားတွေ ရှိခဲ့တာပဲ။ တိုင်းပြည်အတွက် ငါတို့က အသေခံမှာကွ ….  ဆိုတာ စစ်တပ်အများစု ရဲ့ (ဆိုင်ကီ) ပဲ။

ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သူတွေဟာ နိုင်ငံတိုင်းမှာရှိပါတယ်။ ထို့နည်းတူစွာပဲ တိုင်းပြည်ချစ်တဲ့သူတွေလည်း နိုင်ငံတိုင်းမှာ ရှိကြတာပဲ။ စနစ်ကြောင့် တိုင်းသူပြည်သား အချင်းချင်းပြန်ပစ် ရတာ ရှိပေမဲ့ ဘယ်သူမှ ဇာတ်တူသားမစားချင် ကြပါဖူး။ ဒါကြောင့် မြန်မာ့စစ်တပ် ၊ ဗမာ့စစ်တပ်မှာလည်း စစ်အာဏါရှင် စနစ်ကြောင့် ပြည်သူကို ပစ်ရတာ ၊ နှိပ်စက်ရတာကြောင့် စစ်တပ်ဆိုတာ ရွံ့မုန်းစရာဖြစ် လာတာကို မလိုလား ၊ မခံနိုင်ပဲ ၊ ကြိပ်ပြီး (ဆိုင်ကီ) ထိတယ်လို့ စိတ်ဝေဒနာ ခံစားရသူတွေ ရှိတယ် လို့ သုံးသပ်မိတယ်။

အာဏါရှင်အမျိုးမျိုး

အာဏါရှင်တိုင်း အတွက်ပြဿနာဟာ အာဏါပုလင် ပေါ်မှာထိုင်နေရပေမဲ့ အမြဲထိပ်လန့်နေရတယ်။ ဘယ်တော့ပေါက်ကွဲမလဲ ဆိုတာ အစဉ် ရင်တထိတ်ထိတ်နဲ့နေရတာပါ။ ဟိုကဆူရင်ပစ်ရ ၊ ဒီကဆူရင်ပစ်ရ  နဲ့ ကိုယ့်လူမျိုးအချင်းချင်း ပစ်ရတာ လွယ်တဲ့ အလုပ်တော့မဟုတ်ပါ။ စတာလင် ၊ မော် ၊ ပေါလ်ပေါ့ ၊ ဆဒန်ဟူစိန်တို့လို psychopath အာဏါရူး တွေပဲ သန်းချည် သတ်ရဦးတော့ အစားမပျက် အအိပ်မပျက် ကြပါ။ လူစိတ်နဲနဲ ရှိရင် Guilty conscious ဆိုတာကတော့ အနဲအများရှိကြမှာပဲ။

အာဏါကို နိုင်အောင်ထိန်းနိုင်တဲ့ အာဏါရှင် အများ အတွက်ပြဿနာ ဟာ ဒီအာဏါကို ဘယ်လို ဘယ်သူ့ ကို (လွှဲ) ခဲ့မလဲ ဆိုတဲ့ ပြဿနာပဲ။ စတာလင်သေတော့ နောက်တက်လာတဲ့ ခရူးရှက်ဟာ စတာလင် ကိုမုန်းတဲ့သူဖြစ်လာတယ်။ ခရူးရှက် အပြီး ဆိုဗီယက်တွေ ခမြာ ကွန်မြူနစ်အာဏါတည်မြဲရေး အတွက် သေခါနီး သက်ကြီးရွယ်အို တွေပဲ တစ်ယောက်ပြီး တစ်ယောက် နေရာယူကြရင်း သေသေကုန်ကြ ရရှာ တယ်။ စတာလင် ရဲ့ အဖြစ်ကိုကြည့်ပြီး မော် ဟာ တစ်ယောက်ရွေးလိုက် မဟန်လိုက် ၊ နောက်ဆုံးသေခါနီးမှာ ရရာကိုရွေးတင်ရတော့ တိန်လျောက်ပိန် ကိုမယှဉ်နိုင်ပဲ မော်စီတုံး ရဲ့ ထာဝရ တော်လှန်ရေး Perpetual Revolution စိတ်ကူယဉ် အိမ်မက် ခမြာ အရင်းရှင်စနစ် အောက် မှာ ကွယ်ပျောက်ခဲ့ရရှာတယ်လေ။

တကယ်တော့ succession ဟာ အာဏါရှင် တွေအတွက် Challenge ပဲ။

ဒါကြောင့် ပစ္စည်းမဲ့တွေ အတွက်ပါလို့ တစာစာအော်နေတဲ့ မြောက်ကိုရီးယားက ကင် ကြီးခမြာ နောက်ဆုံး သားစဉ်မြေးဆက် အာဏါလွှဲယူကြတဲ့ ပစ္စည်းမဲ့ကင်မိသားစု ပဒေသရာဇ် ဇာတ်ခင်းသွားကြရတာပဲ။
ဥါဏ်ရှိတဲ့ တိန်လျောက်ပိန်ကတော့ continuity အတွက် transition ကို institutionalized လုပ်သွားပြီး one man’s rule အစား collective leadership ကိုဖေါ်ထုတ်ပေးသွားတယ်။ စပိန်က Franco ကတော့ အာဏါရှင်စနစ် မကောင်းမှန်းသိတယ်။ ဒါကြောင့် အစောကြီး ဘုရင်ကိုမွေးထားပြီး သူလည်းသေရော တိုင်းပြည်ကို ဒီမိုကရေစီပြန်ပေးပြီး ဘုရင်ကိုပြန် နန်းတင်ပေးခဲ့တယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ ဇာတ်ညွှန်း strategy

ဗိုလ်ချုပ်သန်းရွှေ ဟာ ကြည့်လိုက်ရင် နုန်တုန်တုန် အတတ လို့ထင်ရပေမဲ့ Master Strategist တစ်ယောက်ဆိုတာကို လက်ခံရမယ်။ တပ်မတော်ရဲ့ စိတ်ဓါတ်စစ်ဆင်ရေးမှာ လုပ်လာလို့ထင်ပါရဲ့ Human Psychology ကိုကောင်းကောင်း နားလည့်ပုံရတယ်။ NLD ရဲ့ အားနဲချက် ကိုမြင်အောင်ကြည့် နိုင်ပြီး ဘယ်လိုကိုင်ရမယ် ဆိုတာကိုသိတယ် ဆိုတာကိုတော့ ငြင်းလို့မရ နိုင်ဖူး။ တဖက်မှာလည်း စစ်တပ်ကို နိုင်အောင် ကိုင်နိုင်ခဲ့တယ်။ ဆိုးတာက စစ်အာဏါရှင် ကိုဆက်လက်ထူထောင်ပြီး တည်မြဲအောင် ကိုင်တွယ်ရတဲ့ အတွက် loyalty ကို corruption နဲ့ ၀ယ်ယူခဲ့ရတာပဲ။ စာရေးသူကတော့ ဗိုလ်ချုပ် သန်းရွှေ ကိုလျော့ မတွက်ဖူး။ ဗိုလ်ချုပ်သန်းရွှေ ဟာဥါဏ်မနဲဖူး။ စစ်အာဏါကို အမွေဆက်ခံခဲ့ရတာကြောင့် စစ်အာဏါရှင် တည်မြဲရေးအတွက် corruption ကို currency အနေနဲ့ သုံးခဲ့ရပေမဲ့ (အာဏါရှင်) စနစ် မကောင်းဖူး ဆိုတာ ကိုတော့ သိပုံရတယ်။ Strategy ဗျူဟာနိုင်တဲ့ အတွက် စန်ဇူး ကိုဖတ်ထားပုံရတယ်။ Sun Tzu ရဲ့ ထိရောက်တဲ့ ဗျုဟာတစ်ခုမှာ .. စစ်မတိုက်ရပဲ အနိုင်ရတဲ့ စစ်ဗျုဟာ သည်အဆင့် အမြင့်ဆုံး ဗျူဟာလို့ ဆိုခဲ့တယ်။ ဗိုလ်ချုပ်သန်းရွှေ အတိုက်ခံကို (ဖဲ့) သွားတာကိုလေ့လာရင် စန်ဇူးရဲ့ ဗျူဟာကိုတွေ့နိုင်ပါတယ်။ တရုတ်ကြီးက တိုင်ဝမ်ကို တဖြည်းဖြည်း (ဖဲ့) နေတာလည်း ဒီဗျုဟာပါပဲ။

Sun Tzu ရဲ့နောက်ဗျူဟာတစ်ခုက ရန်သူကိုဘယ်တော့မှ ဂျောင်ပိတ်မရိုက်ရ။ ထွက်ပေါက်တစ်ခုပေးထားရမယ်တဲ့။ ခေါင်းအေးအေးနဲ့ Emotion မပါပဲ Facts ကိုပဲ အခြေခံပြီး သုံးသပ်ရင် ၂၀၁၀ ရွေးကောက်ပွဲဟာ စစ်တပ်ကိုရော အတိုက်ခံ အတွက်ပါ ထွက်ပေါက်ပေးခဲ့တာပဲ။ ဘယ်သူမှ မထင်ပဲ အနှစ် (၂၀) …  တိုင်းပြည်ကို အုပ်ချုပ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်တင်ပေးပြီး အေးအေး ဆေးဆေး အနားယူသွားခဲ့တယ်။ အနားယူသွားတယ်ဆိုပေမဲ့ လက်လွပ်စပယ် အနားယူသွားသည် မဟုတ်ပါ။ Insurance Policy ၀ယ်ပြီးမှ အနားယူသွားသည်ပါ။ စာရေးသူအပါ အ၀င် အများစု က (သူ) ပဲ ဦးနေ၀င်းလို သမ္မတလုပ်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြတယ်။

Motivator ဟာဘာလဲ?

Insurance အာမခံ အကြောင်း မဆွေးနွေးခင် ဒီမိုကရေစီ လမ်းကြောင်း ကိုတင်ပေးခဲ့ရတဲ့ Motivation ကိုဆန်းစစ်ကြည့်ရအောင်

အာဏါရှင်စနစ်ပဲဖြစ်ဖြစ် ၊ ဒီမိုကရေစီ ပဲဖြစ်ဖြစ် အုပ်ချုပ်မှုဟာ ၁၀ နှစ်ကျော်လာရင် (အီ) လာစမြဲပဲ။ ဒါကြောင့် Term Limit ဆိုတာ အဓိပ္ပါယ်ရှိတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအုပ်စီးလာတာ အနှစ် (၅၀) ရှိလာပြီ။ တိုင်းပြည်ဟာ လည်း ဆင်းရဲသည်ထက် ဆင်းရဲလာသလို ပြည်တွင်းစစ် ဟာလည်း စစ်ရေးအရ ဘယ်ဖက် ကမှနိုင်အောင် မတိုက်နိုင်ဖူးဆိုတာ ထင်ရှားလာပြီ။ စစ်အာဏါရှင် စနစ် မကောင်းဖူး ဆိုတာလည်း ငြင်းစရာ မလိုတော့ပါဖူး။ စာရေးသူ အမြင်အရတော့ မြန်မာနိုင်ငံရဲ့ စစ်တပ်ဟာ တိုင်းပြည်ကို ကာကွယ်ရမဲ့ အစား အနိုင်ကျင့် ညှင်းပန်းသူတွေ လို့အစွပ်စွဲခံရတာ စစ်တပ်ရဲ့ ဆိုင်ကီ ကို အထိဆုံး လို့သုံးသပ်မိတယ်။ ကျန်တဲ့ အာစီယံ နိုင်ငံတွေ တိုးတက်နေကြပြီး မြန်မာနိုင်ငံကျန်ခဲ့ တဲ့အတွက် တိုင်းပြည်ချစ်စိတ် နဲနဲရှိရင်တောင် မခံချင် စရာပဲ။ ဖွင့်ဝန်မခံ ရင်သာနေမယ် စစ်ဗိုလ်ချုပ်တွေ (သိ) ကြမှာပါ။
စစ်ဗိုလ်ချုပ်တွေ အထဲမှာလည်း တိုင်းပြည်ချစ်တဲ့သူ ရှိသလို ၊ ငါဖို့ တစ်ဖို့ပဲ ကြည့်တဲ့သူတွေ ရှိကြမှာပါ။ ဒီစစ်အာဏါရှင် လမ်းကြောင်းအတိုင်း ဆက်သွားနေရင် တိုင်းပြည်လည်း ပိုဆင်းရဲ စစ်တပ်လည်း ပို အမုန်းခံရရုံ ရှိတာကို (အသိ) ရှိသူတိုင်း (မြင်) နိုင်ကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေလည်း ဒါကို (မြင်) နိုင်တာပေါ့။

ဒိအပြင် စစ်တိုင်းမှူးတစ်ယောက်ဟာ စစ်တိုင်းကိုလည်းကိုင်ရတယ် ၊ တိုင်းနဲ့ပြည်နယ် အုပ်ချုပ် ရေးမှူးလည်းလုပ်ရတယ် ၊ ကိုယ့်နယ်မြေထဲက စီးပွားရေးလည်း ကြည့်ရသေးတယ်ဆိုတော့ ခါ အာဏါရှိပေမဲ့ ဘာမှအလုပ်မဖြစ်ဖူး။ ဒါကြောင့် မြန်မာ့တပ်မတော် ရဲ့အရေအသွေးကျလာတာ ထင်ရှားပါ တယ်။ ဘယ်နိုင်ငံမဆို စစ်တပ်ကြီးကြီးချဲ့ ရင်ဝန်ပိလာတာပဲ။ နောက်စီးပွားရေးမတောင့်ပဲ စစ်အင်အားကိုမချဲ့နိုင်။ ချဲ့ခဲ့ရင်လည်း ရေရှည်မထိမ်းနိုင်ကြပါ။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲရတာလည်း ဒီဝန်ကို မနိုင်လို့ပဲ မဟုတ်ပါလား ။ မြောက်ကိုရီးယားမှာ လည်းထို့နည်း၎င်းပဲလေ။

မြန်မာ့တပ်မတော်ဟာ တစ်ခုထဲသော Institution အဖြစ်ရပ်တည်နေတာမို့  Institutional Loyalty အတော်ပြင်းတယ်။ ဒါကြောင့် အပြောင်းအလဲ လုပ်ဖို့ motivation ဟာ စစ်တပ်ကို ပြန်အဖပ်ဆယ် ဖို့လို့ ယူဆစရာရှိတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်တင်ပေးလိုက်တာနဲ့ နောက်ဆက်တွဲ pariah နိုင်ငံဘ၀က လွပ်ပြီး Global Isolation ဘ၀ကျွပ်လာရင် စီးပွားရေးကိုပြန်ထောင်နိုင်မယ်။ စီးပွားရေးဦးထောင် လာရင် မြန်မာတပ်မတော် ကို Professional ဖြစ်အောင် ပြန်ပန့်ပိုးပေးနိုင်မယ်။ ဒီမိုကရေစီ ပြန်ထွန်းကားလာရင် စစ်တပ် ရဲ့ ကဏ္ဍဟာလည်းပြန် တောက်ပြောင်လာမယ်။

ဒုတိယ motivation ကတော့ မိသားစု အကျိုးလို့ထင်မိတယ်။

ဗိုလ်ချုပ်သန်းရွှေဟာ မိန်းမမရှုပ် ၊ အပျော်မကြူး မိသားစုကို dedicated ဖြစ်တာထင်ရှားတယ်။ ဒါကြောင့် သူမရှိတော့တဲ့ အချိန်မှာ မိသားစု အပေါ်အန္တရာယ် ကျမှာကို တွေးပူမိမှာပဲ။ ငွေတွေရှိပြီး ၀ရမ်းပြေးလို တွေးပူနေရရင် ဘာအကျိုးရှိမှာလဲ။ အနှစ် (၂၀) ကျော်လည်း ၀အောင် အုပ်ချုပ်ခဲ့ပြီးပြီ။ အသက်လည်း ရလာပြီ။ နောက်ဆုံးနှစ်တွေမှာ အေးအေးသက်သာ မပူမပန် မကြောင့်ကျ ပဲ အေးအေးလူလူ နေနိုင်ပြီး မိသားစု အတွက်စိတ်ချလက်ချ မစိုးရိမ်ရတဲ့ အခြေအနေကိုဖန်ထီးပေးနိုင်ခဲ့ရင် မကောင်းပေဖူးလား။ (ဖို) ထိုးသူဟာ ပြဒါးမသေခင်သာ လိုချင်စိတ်နဲ့ မဲပြီးထိုး နေတာ ပြဒါးသေသွားတော့ (စိတ်ကျေနပ်) သွားသလို အာဏါရှင် ဆိုတာလည်း အာဏါကို နိုင်အောင် ထိန်းနိုင်ပြီးရင် challenge ဆိုတာမရှိတော့ဖူး။ ဦးနေ၀င်းကိုကြည့် …. ကြာလာတော့ ငြီးငွေ့လာပြီး Proxy တွေနဲ့ပဲ လွှဲထားပြီး Guidance ပေးတာကလွဲလို့ နေ့ဓဒူဝ အာဏါကို ကြည့်နေရတာကို စိတ်မ၀င်စားတော့ပဲ တရားဖက်ရောက်သွာတာကိုး။ ဗိုလ်ချုပ်နေ၀င်း ကသူ့တပည့် Proxies တွေ .. ဗိုလ်ချုပ် ကျော်ထင် ..အေးကို ..စိန်လွင် တို့ထက် အသက်ရှည်တော့ကြားလွပ်သွားတယ်။ Transition အတွက် စနစ်တကျ မပြင်ခဲ့ဖူး။ ဗိုလ်ချုပ်သန်းရွှေဟာ သတိရှိတယ်။ ဘယ်တော့မှ ဗိုလ်ချုပ်နေ၀င်းရဲ့အမှားမျိုး ကိုမမှားစေရဖူး။

အာဏါကိုလက်လွှတ်လိုက်တော့ တဖန် ပစ်မှတ်က (လွပ်) ထွက်သွားတယ်။ ဘယ်သူမှ ဗိုလ်ချုပ်သန်းရွှေကို မေတ္တာမပို့ကြတော့ဖူး။ ပါးစပ်က ထုတ်မပြောကြလို့သာ .. ကျေးဇူးတောင်တင်နေကြရဦးမယ်။ ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း စစ်ဗိုလ်ချုပ်တစ်ယောက်ကို ငါ့မိသားစုကိုသာ စောင့်ရှောက် မင်းအာဏါယူဆိုပြီး လွှဲခဲ့လိုရသလို … သူ့ရဲ့အချစ်ဆုံးမြေး ကိုမြောက်ကိုရီးယားမှာလို အပွင့်တွေတင်ပေးပြီး ယုံရမဲ့ တပည့်ကျော်တွေကို မင်းတို့ဝိုင်ရံပေးလိုက်ဆို ၊ ဘယ်သူပြောရဲမှာလဲ။ တချိန်မှာ ဆူပူမှု ဖြစ်ချင်ဖြစ်မယ် …. လောလောလပ်လပ်တော့ တိုင်းပြည်တော့ ခံပေတော့ပဲ။

တိုင်းပြည်ကိုလည်း ဒီမိုကရေစီလမ်းကြောင်းအပေါ် တင်ပေးခဲ့တယ် ၊ စစ်တပ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်ဆွဲတင်ပေးခဲ့တယ် …(ဒီမိုကရေစီအောင်မြင်ခဲ့ရင်) …မိမိလည်း ဒီမိုကရေစီကို ပြန်လည်ဖေါ် ဆောင် ပေးသော သူရဲကောင်း တချိန်မှာ ဖြစ်နိုင်တယ်။ မိသားစုအတွက်လည်း ရင်အေးရပြီဆိုရင် .. win-win မကဖူး တစ်ချက်ခုတ် - ၃ ချက်ပြတ် တဲ့ (အကွက်) ပဲမဟုတ်ပါလား။

အကွက်မပါတာမဟုတ် .. ပညာပါတယ်ဗျို့   …..

ဗိုလ်ချုပ်သန်းရွှေ ထွင်သွားတဲ့ အကွက် မှာ သေချာအောင် အာမခံ Insurance တွေ ၀ယ်သွားခဲ့ပါတယ်။


ပထမ အာမခံ ကတော့ သိသာပါတယ်။

စစ်အာဏါရှင်စနစ် က နေ ဒီမိုကရေစီ လမ်းကြောင်း အပေါ်တင်ပေးခဲ့သည် ဆိုပေမဲ့ ဒီမိုကရေစီဆိုတာနဲ့ ပရန်းပတာ ဖြစ်ပြီး ကိုယ်ရှူးကိုယ် မပတ်မိရအောင် Constitution မှာ လိုအပ်ရင် စစ်တပ်က အာဏါသိမ်း နိုင်အောင် စီမံခဲ့တယ်။ နိုင်ငံတိုင်းဟာ စစ်တပ်က အာဏါ မသိမ်းနိုင် အောင် Constitution နဲ့ထိန်းကြရတယ်။ မြန်မာနိုင်ငံပဲ ပြောင်းပြန် ထဲ့ထားခဲ့တယ်။ စာရေးသူက ဒါကို မပူပါဖူး။ Essence of Democracy နဲ့ Rule of Law ကို တဖြည်းဖြည်းဖေါ်ဆောင်နိုင် ခဲ့ရင် ဒီအချက်ဟာ အလိုလို ပြင်ပြီးသားဖြစ်သွား နိုင်ပါတယ်။ Turkey မှာလည်း ဒီမိုကရေစီ လမ်းကြောင်းအပေါ်တင်ပေးခဲ့ပေမဲ့ စစ်တပ်ရဲ့ အာဏါနဲ့ သြဇာမကျ ရအောင် ၀န်ကြီးချုပ်ဟာ National Security ရဲ့ သဘောတူညီချက် ကိုတောင်းခံရတယ်။ အခု (ကာလုံ) ဟာအာဏါမဏ္ဍိုင် အဖြစ်တည်ရှိနေသလိုပေါ့။ တဖြည်းဖြည်း အာဏါရပါတီ ဟာ လူထုထောက်ခံမှု ကိုရလာတော့ စစ်တပ်ကနောက်ဆုတ်ပေးရတာပဲ။ NSC ရဲ့ အတွင်းရေးမှူးဟာ အမြဲ ဗိုလ်ချုပ်ကြီးဖြစ်ရာက နောက် အရပ်သားဖြစ်လာတယ်။ ပြီးမှ နောက်ဆုံး စစ်ဗိုလ်ချုပ်တွေကို ရွှေ့ပြစ် နိုင်ရုံမက စစ်ဗိုလ်ချုပ်ဟောင်းတွေကို အာဏါသိမ်းဖို့ ကြံစည်မှုနဲ့ ဖမ်းရဲ ၊ ဖမ်းနိုင်တဲ့ အခြေအနေ ရောက်ပြီး တူရကီဟာ တခြားနိုင်ငံတွေ အတုယူစရာပုံသဏ္ဍန်လာဖြစ်ရတယ်။

အင်ဒိုနီးရှားးမှာတော့ ၊ နိုင်ငံရေးသမား တွေက နိုင်ငံရေး မလိမ္မာတာကြောင့် နောက်ဆုံး လူဝတ်လဲ စစ်ဗိုလ်ချုပ်တွေ လက်ထဲ အာဏါပြန်ရောက် ရပေမဲ့ ဒီမိုကရေစီ အလံအောက်မှာ အရွေးခံရတာပါ။
နိုင်ငံရေး ဆိုတာ လျင်သူစားတာပဲ မဟုတ်လား။ တရားမျှတတဲ့ ရွေးကောက်မှုနဲ့ တက်လာသူကိုတော့ ငြင်းလို့ မရ ၊ လက်ခံရမှာပဲလေ။

ဒုတိယအာမခံ။

ဒုတိယ အာမခံ ကတော့ ကြည့်တတ်မှ မြင်မှာပါ။ Conjecture လို့ပြောနိုင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ ဦးသန်းရွှေပဲ သမ္မတလုပ်မည် လို့ .. စာရေးသူအပါအ၀င် ..အများစု က ထင်မှတ်ကြတယ်။ ရှေ့မှာ ဦးနေ၀င်းရဲ့ ဥပမာ က ရှိနေသည်ကိုး …. မဟုတ်ခဲ့ဖူး။ နောက်သတင်းပြေးနေသူ က ဗိုလ်ချုပ်ရွှေမန်း …. သာမန်အတွေးနဲ့ ကြည့်ရင် Logical Choice ပဲ။ မဟုတ်ပြန်ဖူး …. ဒါဖြစ်ရင်..ဘာကြောင့် ..အခုလို .. ဦးသိန်းစိန် ကိုသမ္မတ ၊ ဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌ ၊ ဦးတင်အောင်မြင်ဦးကို အာဏါရှိသော ဒုသမ္မတ ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်ချုပ် ရာထူးတွေပေးခဲ့တာလဲ …. စဉ်းစားစရာပဲ … ဒီလောက်အရေးကြီးတဲ့ setup ကို အသေအခြာ မစဉ်းစားပဲ မရွှေ့ ..နိုင်ကောင်း ဖူးလို့ ယူဆ ရမှာပဲ …ဒါဖြင့်ရင်ဘာကြောင့် ဒီလိုရွေးခဲ့ရတာလဲ လို့စဉ်းစား စရာရှိလာတယ် ….

ပထမ အကွက်ကတော့ ရှင်းတယ် … Constitution အရ စစ်တပ်နဲ့ အစိုးရ Governance ကိုခွဲထုတ်လိုက်တာပဲ။

နိုင်ငံရေးအရ အကွက် လှတယ်လို့ ပြောနိုင်တာက .. ဗိုလ်ချုပ်သန်းရွှေ အာဏါတည်ဆောက်စဉ် ကတည်းက ပါခဲ့တဲ့ ဗိုလ်ချုပ် အများကို ဖယ်ထုတ် … သို့မဟုတ် ဆွဲခေါ်သွားတယ်။ ပြီးလက်ရှိ ဗိုလ်ချုပ် တွေထက် အများကြီးငယ်ပြီး အလှမ်းကွာတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထဲ တပ်ကိုထဲ့လိုက်တယ်။ လူငယ်တွေနဲ့ တပ်ကိုသွေးသစ်လောင်းတာလို့ ယူဆနိုင်တယ်။ သေသေခြာခြာ ပြန်စမ်းစစ်ကြည့် ရင် ဗိုလ်ချုပ်မင်းအောင်လှိုင်ဟာ သူ့ရဲ့ အာဏါထူထောင် နိုင်ဖို့ ၊ အာဏါတည်ဆောက်နိုင်ဖို့ ၊ တပ်ကို professional army ဖြစ်ဖို့ အတော်အလုပ် ရှုပ်ဦးမှာ။ အာဏါသိမ်း နိုင်ဖို့နေနေသာသာ တပ်ကို ထိမ်းနိုင် ဖို့ အတော် အချိန်ယူရဦးမှာ …. မြန်မာ့တပ်မတော်မှာ (၀ါ) ဟာအရေးကြီးပါတယ်။ တချိန်ထဲမှာ တိုက်ရည်ခိုက်ရည်ရှိ ရင်လည်းအလေးစားခံရပါတယ်။ အစိုးရမှာ တာဝန်ပေးခြင်းခံရတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ လည်း နအဖ ဘ၀က လာကြတဲ့ ဗိုလ်ချုပ်ကြီးတွေဖြစ်တာကြောင့် အစိုးရအသစ်ကို စစ်တပ်က ပြန်အာဏါ သိမ်းရန် အကြောင်းမရှိပါ။ ဒီမိုကရေစီ လှိုင်းစီးပြီး အရပ်သားတွေ လက်လွန်ပြီး အရင်စစ်ဗိုလ် တွေကို အန္တရာယ် ပြုလာမှ အာဏါပြန် သိမ်းနိုင်အောင် စီမံထားတဲ့ အာမခံချက် insurance ဖြစ်တာထင်ရှားပါတယ်။ အင်မတန်လှ တဲ့ အကွက်တစ်ကွက်က ဗိုလ်ချုပ်မင်းအောင်လှိုင် အာဏါတည်ဆောက် ပြီးချိန်လောက်မှာ ဥပဒေအရ ပင်စင်ယူရမဲ့ အချိန်ရောက်ပြီ။ ဥပဒေ နဲ့ပြန်ထိန်းထားတာပါ။ နောက်တစ်ယောက်လာ အလုပ်ပေး ၊ ပြီးရင် ပင်စင်ပေးနဲ့ စစ်တပ်မှာ စစ်အာဏါရှင် မပေါ်နိုင်အောင် ဥပဒေ နဲ့ အချိန်နဲ့ ထိန်းနိုင်အောင် စီမံသွားတာပဲ။ ဒုတပ်ချုပ်ဟာ အလိုလို တပ်ချုပ် မဖြစ်စေရ လို့ မဟန့်တားထားရင် အစိုးရက စစ်တပ်ကို လှလှလေး ကိုင်နိုင်တယ်။

အစိုးရ ရဲ့ setup ကိုသေးစိပ် လေ့လာရအောင်

နအဖ မှာ ဗိုလ်ချုပ် သိန်းစိန်က နံပတ် (၄)။ ဗိုလ်ချုပ် ရွှေမန်းက နံပတ် (၃)။ ဒီ ဗိုလ်ချုပ် နှစ်ယောက်လုံးဟာ moderate တွေလို့နံမည် ရှိကြတယ်။ သူတို့နှစ်ယောက် လုံးနဲ့ အမြင်မတူတဲ့ ဒုသမ္မတ နဲ့ တေ့ပေးထားတယ်။ ဦးသိန်းစိန်က အရိုးဆုံး ၊ အသန့်ရှင်းဆုံး (relatively) လို့ ယူဆစရာရှိသလို ၊ ဦးရွှေမန်းဟာ တပ်ထဲမှာ အလေးစား အခံရဆုံး လို့ ယူဆစရာရှိတယ်။ စာရေးသူ ဥါဏ်မှီလောက် စဉ်းစားကြည့် တာ ကတော့ … ဦးရွှေမန်းသည် သမ္မတ ၊ ဦးသိန်းစိန်သည် လွှတ်တော်ဥက္ကဋ္ဌ ၊ အဖြစ်သာရွေးခဲ့လျှင် ၊ အစဉ်အလာနှင့် ရာထူးအရ ဦးရွှေမန်းဟာ အချိန်တိုတို အတွင်းမှာ အာဏါ တည် ဆောက် နိုင်စရာ ရှိနိုင် တယ် လို့မြင်မိတယ်။ ဦးသန်းရွှေရဲ့ အစီအမံမှာ အာဏါရှင်ဆန်တဲ့ Strong Man မလိုချင်တော့ဖူး။ ဒါကြောင့် လက်ရှိ Setup ကိုရွေးခဲ့ပြီး အာလုံးကို(အလုပ်) ပေးခဲ့တာလို့ ဥါဏ်မှီသလောက်လေး တွေးမိတာပါ။

အမေရိကန် နိုင်ငံကိုထူထောင်ခဲ့ကြတဲ့ Founding Fathers တွေဟာ လူတဦးတယောက်ထဲမှာ အာဏါတွေ ပုံမနေရအောင် ၊ အာဏါရှင် မပေါ်ပေါက် ရလေအောင် Separation of Powers လို့ခေါ်ကြတဲ့ အာဏါမဏ္ဍိုင် (၃) ခုကိုထူထောင်ပြီး တေ့ပေးပြီး အားပြိုင်စေခဲ့ကြတယ်။ တနည်းအားဖြင့် အာဏါရှင် မတည်ဆောက်နိုင်အောင် ၊ (ခက်) အောင်လုပ်ခဲ့ကြတာပါ။ ဦးသန်းရွှေကလည်း သူ့နည်းသူ့ဟန်နဲ့ Separation of Powers card ကို ဖေါ်ဆောင်သွားတာလား လို့ခံစားရမိတယ်။ ကွာတာက အမေရိကားမှာ ရာထူးကို အသားပေးတယ်။ ဦးသန်းရွှေက လူပုဂ္ဂိုလ် ကိုဦးစားပေးတယ်။

ဘာကြောင့် Strongman အလိုမရှိ တာလဲ လို့ မေးစရာရှိလာတယ်။

Strongman ဖြစ်ခွင့် ရလာရင် ၊ လူဆိုတာ အာဏါရလာရင် လုပ်ချင်တာလုပ်နိုင်တယ် မဟုတ်လား?
ဦးနေ၀င်း အမှားမျိုး မဖြစ်ရအောင် သတိ ရှိတာလား လို့စဉ်းစားစရာရှိလာတယ်။

ဒါကြောင့်သုံးပွင်ဆိုင် triangulation လုပ်သွားတာလား?

ဒီအတွေးမှန်ခဲ့ရင် …. ဒေါ်စုဟာ နောက် အာဏါရှင် မပေါ်ရေးအတွက် ဒုတိယ အာမခံ Insurance ပဲ။

အရပ်သားတွေ နယ်မကျွန် ရအောင် ဗိုလ်ချုပ်မင်းအောင်လှိုင် နဲ့ check ထားတယ်လေ။
အာဏါရှင် မပေါ်ရအောင် ဒေါ်စု နဲ့ check mate လုပ်တာကော မဖြစ်နိုင်ဖူးလား?

ဒီလမ်းပဲ ဖွင့်ပေးထားသည်

ဂရိတွေလက်ထက်က Sparta ကို အီရန်ဘုရင်လာတိုက်တော့ လမ်းကျဉ်းကျဉ်းကလေးကပဲ သွားလို့ရတယ်။ ဒီလမ်းက လွဲလို့သွားစရာ မရှိ။ ၃၀၀ ဆိုတဲ့ ရုပ်ရှင်တောင် ဒီဇာတ်လမ်းပေါ်မှီပြီး ရိုက်ပြခဲ့ကြတယ်။ ဗိုလ်ချုပ် သန်းရွှေ ဟာလည်း ဒီမိုကရေစီ လိုချင်သူ အားလုံး ဤ ဒီလမ်းကလျှောက် ၊ ဒီတံတားကိုဖြတ်ဆိုပြီး ၊ တလမ်းပဲ ဖွင့်ပေးခဲ့တာပဲ။ ဒီလမ်းကသွေဖီပြီး ICC တွေအော် လာရင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စောင့်နေတယ်။ အမှန်အတိုင်းဝန်ခံရရင် ဗိုလ်ချုပ်သန်းရွှေ ကိုအပြစ်တင်လို့မရ။ ယျေဘူရ အားဖြင့် နိုင်ငံရေးမှာ နှစ်မျိုးနှစ်စားရှိတယ်။ ထူထောင်သည့် နိုင်ငံရေး (Development Politics) နဲ့ ဂလဲ့စားချေနိုင်ငံရေး (Revenge Politics) တို့ဖြစ်တယ်။ စစ်ပွဲပြီးတာနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို ပြန်လည်တည်ဆောက်ရေးကို ဆောင်ရွက်ကြရတော့မယ်။ ထူထောင်ရေးအတွက် တည်ငြိမ်ရေး (Stability) ကို မတည်ဆောက်လို့ မရ။ တည်ငြိမ်ရေးအတွက် ငြိမ်းချမ်းရေးလိုလာတယ်။ ငြိမ်းချမ်းရေးအတွက် ပြေအေးဖို့ရာ (ခွင့်လွှတ်ခြင်း) ဆိုတာလိုအပ်လာတယ်။ ဒါကြောင့် အင်မတန် နိုင်ငံရေးကျွမ်းတဲ့ မင်ဒယ်လား ဟာ Truth and Reconciliation  ဆိုတဲ့လမ်းကြောင်းကို တည်ထွင်ခဲ့ရတာ။ ဒါဥါဏ်ရှိသူတဲ့ ခေါင်းဆောင်တွေလျေက်ကြတဲ့ လမ်းကြောင်းပဲ။ ခံစားချက်ကို နိုင်ငံ့ အကျိုးအတွက် ကျော်လွှားရတာကြောင့် ဥါဏ်မမှီရင် နားမလည်နိုင်ဖူး။ မကျော်လွှားနိုင်ဖူး။

နောက်တလမ်းကတော့ စိတ်ခံစားမှု (Emotion) ကို အသာပေးတဲ့ ဂလဲ့စားချေ နိုင်ငံရေးပဲ။ ဒါ … ဥါဏ်နဲတဲ့ တဖက်စွန်းသမားတွေ လျှောက်နေကြ လမ်းကြောင်းပဲ။ လတ်တလော အာဏါရသူအနေနဲ့ စိတ်ကျေ နပ်မှုရပေမဲ့ ၊ ဒီလမ်းဟာ သူ့ကိုကိုယ်သတ် ၊ သူကကိုယ်ကိုပြန်သတ် နဲ့ အမုန်းသံသရာလည်တဲ့ မဆုံးနိုင်သော ဇာတ်လမ်းပဲ။ ဒါ ဥါဏ်နဲသူတွေ လျှောက်တဲ့လမ်းပဲ။ ပေါလ်ပေါ့တို့ ၊ ယဉ်ကျေးမှု တော်လှန် ရေးသမားတွေ၊ ဖြုတ်-ထုတ်-သတ် သမားတွေရဲ့ လမ်းပဲ။ ဥါဏ်ကြီးတဲ့ တိန်ကြီးလည်း ဂလဲ့စားချေတာကိုမှ အားမပေးခဲ့တာ။ ရန်သူကိုသော်၎င်း၊ ပြိုင်ဖက်ကိုသော်၎င်း ၊ အကောင်းဆုံး ဂလဲ့စားချေခြင်းဟာ (အောင်မြင်ခြင်း) ပဲဆိုတာ (သိ) သူတွေဟာ ဒီလူမိုက်တို့ သွားရာလမ်းကို မလှမ်းကြပါဖူး။ ကိုဇာဂနာ ဗိုလ်ချုပ်ခင်ညွန့်ကို သွားတွေ့တာကို စဉ်းစားတတ်ရင် အဖြေတွေ့မှာပါ။

ခက်တာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ ပေမမှီ ၊ ဒေါက်မမှီတဲ့ လူရမ်းကားတွေ ၊ အခုထိ မော်ကြီးကို အဖေခေါ်ချင်သေးတဲ့ လက်ဝဲစွန်း လူ့အန္တတွေကရှိနေသေးတယ်။ ဂလဲ့စားနိုင်ငံရေးကို ဦးတည်ချင်သူတွေ ကရှိနေသေးတယ်။ ဒီလိုလူတွေ ရှိနေသေးတာကြောင့် သူတို့ အတွက် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကို အာမခံ ထားခဲ့တာ အပြစ်တင်လို့ရမလား။ မျက်ကန်းတစ္ဆေ မကြောက်သလို ဥါဏ်မမှီလို့ ရမ်းလာမှ စစ်တပ်ကအာဏါပြန်သိမ်းရရင် နောက်အနှစ် (၂၀) ကွိနေကြမယ်။ ဒီလူတွေအတွက် က စိတ်အစာကျွေးနိုင်အောင်၊ ဖင်ပြဲအောင် အောနိုင်ရင်ပြီးရော။ တိုင်းပြည် အကျိုးကြည့်နိုင်လောက်အောင် မှဥါဏ် မမှီ ကြရှာတာ။ ဒီလူတွေအတွက် မျက်ဖြူစိုက်လေ ၊ ဆရာကြိုက်လေ ပဲလေ။


ဥါဏ်ချင်းယှဉ်ရပြီ။

ကံကောင်းတာက ဒေါ်စုဟာ သတ္တိဗျတ္တိ တွင်သာမက ဥါဏ်အရာမှာလည်း ကြီးမားပေတယ်။ ဒီတစ်လမ်းပဲ ဖွင့်ပေးထားတာ မသိလို့ မဟုတ်။ သိတာပေါ့။ သို့သော် မဟော်သထာ ဇာတ်တော်ကြီးမှာ မိခင်အစစ် ဟာမိခင်မေတ္တာနဲ့ ခလေးမနာ ရအောင် မိမိအနစ်နာခံ သလို ဒေါ်စုဟာလည်း တိုင်းပြည်အကျိုးကိုကြည့်ပြီး ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်အောင် သည်လမ်းကိုလျှောက် ၊ သည်တံထားကိုကူး ဖို့ ဆုံးဖြတ်ရတာပဲ။

ဒေါ်စုလို ပုဂ္ဂိုလ်မျိုး နဲ့ဥါဏ်ချင်းယှဉ်ဖို့ တည်ဆောက်ထားတဲ့ အစိုးရဖက် က အဖွဲ့ကို အထင်သေးလို့ မရပါ။ ဒီဗိုလ်ချုပ်တွေဟာ တသက်လုံး ရာဇပုလ္လင်ပေါ်မှာထိုင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူများ ဖြစ်ကြတဲ့ အတွက် ရာထူးနဲ့ အာဏါ ၊ နိုင်ငံရေးနှင့် Human Psycho အကြောင်းတွေကို နော်ကြေနေသူများ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်တွေအားလုံးဟာ Street smart သမားတွေကြီးပဲ။ နိုင်ငံရေးမှာ Street smart သမားတွေ လိုကိုလိုပါတယ်။ သမ္မတ ဂျွန်ဆင်က Whiz Kid လို့ခေါ်တဲ့ လူငယ်လူတော်လေးတယောက် ကို မင်းရဲ့ Harvard degree ထက် နယူးရောက်လမ်းပေါ်က မင်းတတ်လာတဲ့ Street smart ကိုပို အလိုရှိတယ်လို့ပြောဖူးတယ်။ နိုင်ငံရေးမှာ Street smart သမားတွေက book smart သမားတွေကို ခိုင်းစားတာ ဓမ္မတာပဲ။ ဗိုလ်ချုပ်သန်းရွှေ ထားခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ တကယ်တော့ သူ့ရဲ့ (A) Team ဆိုတာကိုလက်ခံထားရပါမယ်။ 

သို့သော် အစိုးရရဲ့ အားနဲချက် က အာဏါရအဖွဲ့အစည်းဖြစ်တာကြောင့် လူ့သဘာဝ အရ သူ့လူအများစု ဟာ အခွင့်ရေးလိုချင်လို့ ၀င်လာသူတွေဖြစ်ကြတယ်။ NLD က ယုံကြည်ချက်ကြောင့် အနာခံ ဖို့ဝင်လာသူတွေ များကြတယ်။ Dedication ချင်းကြတော့ မတူနိုင်ကြ။ အစိုးရပါတီက လူတွေကိုလည်း ရန်သူလို့မြင်စရာမလိုပါ။ တိုင်းပြည်စီးပွားရေး ထောင်လာပြီး လူတိုင်းပါဝင်ခွင့်ရလာချိန်မှာ အခွင်အလမ်းတွေ များလာသည်နှင့်အမျှ သည်လူတွေဟာ စီးပွားရေးဖက် တဖြည်းဖြည်း ပြန်ရောက်သွားကြမှာပါ။

ချုပ်လိုက်ရင်

ရုတ်တရက်ကြည့်ရင် ၊ အပေါ်ယံကြော အမြင်နဲ့ကြည့်ရင် လွှတ်တော်ဥက္ကဋ္ဌ နေရာဟာ အရေးပါတာ ထင်သာမြင်သာ မရှိသေးဖူး။
အသေအခြာ စဉ်းစားတတ်ရင် ဦးရွှေမန်းနေရာ ရဲ့ နေရာ ဟာ  အရေးပါ ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ဆိုတာ ပါလီမန် ရဲ့ အိမ်ပိုင်ရှင်ပဲ။ ကြားဖြတ်ရွေးကောင်ပွဲ ပြီးတာနဲ့ ဒေါ်စုနဲ့ အင်အာလ်ဒီ ၊ ပါလီမန် အထဲ ၀င်လာတာနဲ့ dynamics ဟာပြောင်း သွားပြီ။ အားပြိုင်မှု ဟာ လမ်းပေါ်ကနေ ပါလီမန် အထဲကို ရောက်လာပြီ။ ဒီနေရာမှာ နိုင်ငံရေး ကျွမ်းတဲ့ ၊ စိတ်ထိမ်းနိုင်တဲ့ (Even Temperament) ရှိတဲ့ခေါင်းဆောင် ၊ Strategic Vision ရှိတဲ့ ရှေ့ကိုကြို ကြည့်နိုင်တဲ့ Forward Thinkers တွေ နှစ်ဖက်လုံးမှာ လိုလာပြီ။ Staff တွေ Consultants အကြံပေး တွေလိုလာပြီ။

အဓိပ္ပါယ် မရှိတဲ့ ဥပဒေ တွေကိုပြင်ရတော့မယ်။ စီးပွားရေး ၊ လူမှုရေး ၊ Human Rights ကို ဦးစားပေး ထဲ့သွင်းစဉ်းစား တဲ့ ဥပဒေ တွေ ကို ဖေါ်ထုတ်ရတော့မယ်။ အရေးအကြီးဆုံးက အစိုးရ ကို monitor လုပ်ဖို့ ဘာကော်မတီ ညာကော်မတီ တွေဖွဲ့ရုံမက ထိထိရောက်ရောက် ထိန်းကွပ်နိုင် အောင်ကြိုးစားရတော့မယ်။ ပြီး အစိုးရဘတ်ဂျက် ကို ပါလီမန်က အတည်ပြူပေးရတော့မယ်။ စီးပွားရေး အတွက် မရှိမဖြစ်တဲ့ Property Rights ဥပဒေတွေကို စဉ်းစားရတော့မယ်။ ဒါတွေအားလုံး ကိုချက်ချင်း မပြင်နိုင်ပါ။ သို့သော်၂၀၁၅ ကိုရည်မှန်းပြီး အစပျိုးကြ ရတော့မယ်။ 

ပြီးတော့ ပါလီမန်စည်းမျဉ်းလို့ ခေါ်တဲ့ Parliamentarian Rules တွေကိုဖေါ်ဆောင်ရတော့မယ်။
ဒါ ပါလီမန် ကို Institutionalized လုပ်ရာမှာ ရှောင်လို့မရတဲ့ Evolution Process ပဲ။
ဒါကြောင့် ဒီမိုကရေစီ လမ်းကြောင်းကို ဖေါ်ဆောင်ရာမှာ ဒေါ်စု အတွက် Dance Partner အသစ်တစ်ယောက် တိုးလာရပြီပဲ။

အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ပါတီ ဟာလည်း အကယ့် အတိုက်အခံ ရှိလာပြီ ဖြစ်တဲ့ အတွက် Attitude ပြောင်းရတော့မယ်။ အစိုးရ အတွင်း လည်း Dynamics ပြောင်းသွားပြီလေ။

အလိုလို စင်ပေါ်ရောက် သွားမှာက ဘယ်သူလဲ ၊ လွှတ်တော်ဥက္ကဋ္ဌ ကြီးပဲ မဟုတ်ဖူးလား။
ဒါကြောင့် ဦးရွှေမန်း ရဲ့ ယနေ့ပြောနေတဲ့ စကားတွေ ၊ လုပ်ဆောင် ချက်တွေဟာ စာရေးသူ အဖို့ကတော့ အလွန်အဓိပ္ပါယ် ရှိတယ်လို့ နိုင်ငံရေး အမြင်နဲ့ ပြောချင်တယ်။

ဦးသိန်းစိန် ၊ ဦးရွှေမန်း နဲ့ ယနေ့ Reformers လို့နံမည်ကြီးနေတဲ့ ၀န်ကြီးတွေ ဟာ စစ်ဗိုလ်ချုပ်တွေ အပြင် အုပ်ချုပ်ရေး အာဏါကို နားလည်တဲ့ နိုင်ငံရေး နားလည်တဲ့ Seasoned Operatives တွေပါ။ ဒါပေမဲ့ တိုင်းပြည် အတွက် Hope ရှိတာက ဒီလူတွေ ရဲ့ တိုင်းပြည်ကိုပြန်လည်ထူထောင် လိုတဲ့ စိတ်ကလေးတွေကို လှစ်ကနဲ ၊ လှစ်ကနဲ တွေ့နေရတယ်။ တချိန်ထဲမှာ Reform ကိုစိုးရိမ်တဲ့ သူတွေကိုလည်း လျော့တွက်၍ မရပါ။ အရည်အချင်း မရှိပဲ ဒီနေရာမရောက်လာကြပါ။

နောက်ဆုံးတော့ တိုင်းပြည်စီးပွားရေး ပြန်ဦးမော့ လာရင် ၊ စစ်တပ် ရဲ့ Image ပုံရိပ် ပြန်ကောင်းအောင် လုပ်နိုင်တဲ့သူ ကို စစ်တပ်က ထောက်ခဲ့ မှာပဲ။
ပထမ Election Cycles တွေမှာ စစ်တပ် ရဲ့ Role ကို ထဲ့စဉ်းစားရမှာပဲ။ တဖြည်းဖြည်း လျော့သွားရမှာပဲ။ ဒါ REALITY ပဲ။

ပထမ ပိုင်းအပြီးမှာ Provocative Thinking နဲ့ ခဏနားခွင့်ပေးစေချင်ပါတယ်။

၁၉၈၉ စစ်အာဏါသိမ်းအပြီး ကတည်းက အနှစ် (၂၀) ကျော် စစ်တပ်က စစ်အာဏါရှင် စနစ်ကို ထူထောင်ခဲ့ရတယ်။ ရန်-ငါ စည်းပြတ်ရမယ်ကွ ၊ ဇီးရိုးစမ်းကွ ဆိုသူတွေ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ကြလို့လား။
တော်လှန်ရေး တခု ဖေါ်ဆောင်ရတယ် ဆိုတာ လွယ်တဲ့ အလုပ် မဟုတ်ပါဖူး။ တဖက်က ပြန် စဉ်းစားရင် သတ္တိခဲ တော်လှန်ရေး သမားတွေ အောင်မြင်တဲ့ တော်လှန်ရေးကို မဖေါ်ဆောင်နိုင်ခဲ့ကြလို့ ယနေ့ ငြိမ်းချမ်းရေးလမ်းကို လျှောက်ရတာ မဟုတ်ဖူးလားလို့ မေးလာရင် စာဖတ်သူတို့ ဘယ်လို မြင်မှာလဲ။ တော်လှန်ရေး ဆိုတာ Rhetoric ကြီးပဲ အော်နေလို့ မရပါ။ Action ပါရပါတယ်။ Action ပါဖို့ ခေါင်းဆောင်မှုလိုပါတယ်။ စာဖတ်သူ တို့ ဆက်တွေးနိုင် ကြပါစေ။

ဘိုဘိုကျော်ငြိမ်း