မြန်မာနိုင်ငံဘတ်ဂျက်မှာ ပညာရေးကနည်းတယ် ၊ ကျန်းမာရေးကနည်းတယ် ဟိုဟာကနည်းတယ် ဒီဟာကများတယ် ဆိုပြီး အမျိုးမျိုးပြောသံဆိုသံတွေ၊ဝေဖန်သံတွေကို မကြာခဏဆိုသလိုကြားနေရ ဖတ်နေရပါတယ် ။
ဒါပေမယ့် မြန်မာတစ်နိုင်ငံလုံး ၀င်ငွေခွန်မဆောင် ၊ ဆောင်ရမှန်းလည်းမသိ ဖြစ်နေကြ တဲ့အတွက် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်တွေနစ်နာနေလို့ ပညာရေး ၊ ကျန်းမာရေး ၊ ပြည်သူ့လုံခြုံရေး ကိစ္စတွေမှာ ထိုက်သင့်သလောက် မသုံးနိုင်မစွဲနိုင်ဖြစ်နေရတယ်ဆိုတာကို သိသူတွေအများကြီးရှိပေမယ့် တစ်တိုင်းပြည်လုံးကို အခွန်ဆောင်ဘို့ အမုန်းခံပြီးပြောရမယ့် ကိစ္စဖြစ်နေတော့ နှာစေးနေကြတယ် ။
မြန်မာပြည်မှာက ၀င်ငွေခွန်ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပဲဆိုင်တဲ့ကိစ္စလို့ ထင်နေကြတယ် ၊ အမှန်က တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ( ဥပဒေအရ ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုထားသည်များမှအပ ) အသက်အရွယ်မရွေး ၊ ၀င်ငွေရှိသူတိုင်း အသားတင်ဝင်ငွေ အပေါ်မှာ အခွန်ဆောင်ကို ဆောင်ရမယ် ၊ ဒါနိုင်ငံသားတိုင်းရဲ့ တာဝန်ပဲ ။
အခွန်ဆောင်ရမယ်ဆိုလို့ ဆောင်ရမယ့်တိုင်းသူပြည်သားတွေကိုပဲ အခွန်မဆောင်ရကောင်းလားဆိုပြီး အပြစ်တင်နေလို့ မဖြစ်သေးဘူး ၊ အခွန်ကို ဆောင်ရကောင်းမှန်းသိအောင် ပညာပေးမှုတွေနဲ့ ၊ ပြည်သူက သူတို့ဆောင်လိုက်တဲ့အခွန်တွေကို တိုင်းပြည်ရဲ့ တစ်ကယ်လိုနေတဲ့နေရာတွေမှာ စံနစ်တကျ သုံးစွဲတယ်ဆိုတာကို ယုံကြည်လာအောင် ပွင့်လင်းမြင်သာမှုရှိဘို့ကလည်း လိုနေပြန်တယ် ။
ဒါတွေရှိလာလို့ ပြည်သူတွေက အခွန်တွေကိုတာဝန်သိသိနဲ့ ဆောင်လာမယ်ဆိုရင်တောင် မျှတ စံနစ်ကျတဲ့ အခွန်ကောက်ခံမှု စံနစ်တွေ ၊နည်းပညာသုံးအခွန်ကောက်ခံမှုအစီအစဉ်တွေ ခေတ်နဲ့လျှော်ညီတဲ့ အခွန်ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေ လိုနေသေးတယ် ၊ မြို့နယ်တစ်ခုမှာ သိန်းနဲ့ချီတဲ့ ပြည်သူလူထုကို အခွန်ဆိုင်ရာဝန်ဆောင်မှုပေးဘို့ ၁၅ ယောက်လောက်ပဲရှိတဲ့ အခွန်ရုံးလေးနဲ့ ၊အခွန်ထမ်းတစ်ယောက်ကို တစ်နာရီလောက်ကြာအောင်စာရင်းတွေဖြည့်သွင်းနေရတဲ့ ရှေးဟောင်းရုံးစံနစ်တွေနဲ့ မဖြစ်သေးဘူး ။
အခွန်ပေးဆောင်ရမယ့် အခွန်ထမ်းပြည်သူတွေနဲ့ အခွန်ကောက်ကြမယ့် အစိုးရဌာနတွေကြားမှာ ရှိရမယ့် ဂေဟစံနစ်တွေ ခုလိုပျက်ယွင်းနေသမျှကာလပတ်လုံး ဘတ်ဂျက်ဟာ လိုနေမှာပဲ ၊တစ်ဆက်တည်းဆိုသလို ပညာရေးကျန်းမာရေးစတဲ့ ပြည်သူ့ရေးရာတွေမှာ လိုအပ်ချက် အားနည်းချက်တွေ ဟာ ဘယ်အစိုးရတက်တက် ဖြစ်နေဦးမှာပါဘဲ ။
ဒေါက်တာဆိတ်ဖွား