xmlns:fb="https://www.facebook.com/2008/fbml">
Voice Of Myanmar: သူရဦးရွှေမန်း၏ ၀န်ထမ်းများလစာတိုးရေးကိစ္စ နောင်နှစ်မှစဉ်းစားမည်ဟု ဘဏ္ဍာရေးဝန်ကြီးရှင်းလင်းတင်ပြ
သူရဦးရွှေမန်း၏ ၀န်ထမ်းများလစာတိုးရေးကိစ္စ နောင်နှစ်မှစဉ်းစားမည်ဟု ဘဏ္ဍာရေးဝန်ကြီးရှင်းလင်းတင်ပြ
ပြီးခဲ့သည့်အပတ်က သူရဦးရွှေမန်းက လွှတ်တော်သို့တင်ပြခဲ့သည့် အစိုးရ၀န်ထမ်းများအား လစာများတိုးမြှင့်ပေးရေးနှင့်ပတ်သက်၍
ယနေ့ ဖေဖေါ်ဝါရီ(၁၆)ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက
ပြန်လည် ရှင်းလင်းတင်ပြခဲ့ကြောင်း နေပြည်တော်မှလာသော သတင်းများအရ သိရှိရပါသည် ။
"၀န်ထမ်းများအား ၁၉၅၆-၆၀
ခုနှစ်များကကုန်ဈေးနှုန်းနှင့် လစာငွေများ အချိုးအစားအတိုင်း
ယနေ့အခါတွင်ပြန်လည်ရရှိရေးအတွက်ဆိုပါက အနိမ့်ဆုံးလစာပင်လျှင် ၂သိန်းတစ်သောင်းကျပ် မျှ ပေးရမည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာအတွက်ဆိုပါက
နိုင်ငံတော်အနေဖြင့် ကျပ်ငွေ ၅၆၀၀.၃၅၄ ဘီလျံမျှ သုံးစွဲရမည်ဖြစ်ကြောင်း၊
ထို့ကြောင့် ဝေးလံခေါင်ဖျားမြို့နယ် ၈၅ မြို့နယ်တွင်
တာဝန်ထမ်းဆောင်နေကြရသော ၀န်ထမ်းဦးရေ ၃၇၈၁၇ ဦးအတွက်မူ
ထောက်ထားငဲ့ညှာသောအားဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်
လစာများတိုးပေးနိုင်ရေး အတွက်စီစဉ်မည်ဖြစ်ပြီး၊
တစ်နိုင်ငံလုံး အတိုင်းအတာအတွက်မူ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်မှ ထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း" ဘဏ္ဍာရေးဝန်ကြီးက ရှင်းလင်းတင်ပြသွားပါသည် ။
အမည်မဖေါ်လိုသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ " နိုင်ငံတော်ရဲ့ ဘတ်ဂျက်အခြေအနေအရ ဒီဘဏ္ဍာရေးနှစ်မှာ ရည်မှန်းချက် အပြည့်မဟုတ်တောင် ပထမအဆင့် တိုးထားပေးသင့်တယ် ၊ ဒါမှ ၀န်ထမ်းတွေရဲ့မျှော်လင့်ချက် ရှင်သန်လာမယ် ၊ နိုင်ငံရဲ့ အပြောင်းအလဲမှာ ၀န်ထမ်းတွေ အင်နဲ့အားနဲ့ပါလာမယ် ၊ နောက်ပြီးတစ်ခုစဉ်းစားရမှာက သူရဦးရွှေမန်းအဆို လွှတ်တော်မှာ အတည်ဖြစ်ပြီးတဲ့နောက်မှာ ၀န်ထမ်းတွေအကုန်လုံးက ဒီဧပြီလကစပြီး လစာတိုးပြီဆိုပြီး ၀မ်းသာနေကြ ၊ အားကိုးနေကြတဲ့စိတ်တွေကို ရိုက်ချိုးလိုက်သလို ဖြစ်သွားမယ် ၊ အချိန်တနှစ်ဆိုတာ အရင်အချိန်တွေအတွက် ဘာမှမသိသာပေမယ့် ခုလိုအရှိန်နဲ့ နိုင်ငံအပြောင်းအလဲတွေ လုပ်နေတဲ့အချိန်မှာ တစ်နှစ်ဆို တစ်နှစ် ဆိုသလောက် ထပ်ပြီးအကုန်မခံနိုင်တော့ဘူး " ဟုသူ၏အမြင်ကိုပြောပါသည် ။
တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကမူ " ၀န်ကြီးကတော့ နိုင်ငံရဲ့ ဘဏ္ဍာငွေအခြေအနေ သူအသိဆုံးပေါ့လေ... ဒါပေမယ့် ကျွန်တော်နားလည်တာက သူရဦးရွှေမန်းရဲ့အဆိုကို လွှတ်တော်က အတည်ပြုထားပြီ ဖြစ်လို့ နိုင်ငံတော်ကအကောင်အထည်ဖေါ်ရတော့မယ် ဒီတော့ ပညာရှင်တွေနဲ့တိုင်ပင်ပြီး အကောင်းဆုံးတစ်ခုကို လာမယ့် ဘဏ္ဍာနှစ်ကနေစတာ ကောင်းမယ်ထင်ပါတယ် ၊ နောက်နှစ်မှစဉ်းစားမယ် ဆိုတာကတော့ အကောင်းဆုံးအဖြေမဟုတ်ဘူးလို့ထင်ပါတယ် ၊ ဥပမာပေါ့ဗျာ ကျွန်တော်တို့ တပ်အနေနဲ့ပြောရမယ်ဆိုရင် နိုင်ငံတော် ဘက်ဂျက်အခြေအနေအရ ကျွန်တော်တို့အရာရှိတွေကို ဒီနှစ်မတိုးနိုင်သေးဘူးဆိုရင်တောင် တစ်လမှ ၂သောင်းပဲရတဲ့ ရဲဘော်လေးတွေကိုတော့ ခုပဲ တိုးစေချင်တယ်ဗျာ...သူတို့သိပ်ကျပ်တည်းနေကြတယ် " ဟုပြောကြားသွားပါသည် ။
Voice Of Myanmar