xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သူတို့ရင်တွေထဲမှာ ၊ မျက်ဝန်းတွေထဲမှာ မိုးတွေရွာနေတယ် ချိုတူးဇော်

Saturday, February 18, 2012

သူတို့ရင်တွေထဲမှာ ၊ မျက်ဝန်းတွေထဲမှာ မိုးတွေရွာနေတယ် ချိုတူးဇော်



ဒီမနက် သတင်းတွေဖတ်လိုက်တော့ ဒီအပေါ်ကစာလေး သွားဖတ်မိတယ် ၊ ချိုတူးဇော်ရေးထားပြီး ဆရာကို အော်ပီကျယ်က များများဖတ်ဖြစ်ကြအောင် ကူညီကြပါဆိုပြီး share လုပ်ထားတာကိုတွေ့ရပါတယ် သူရေးထားတဲ့စာကို မမြင်ရမှာစိုးလို့ အောက်မှာထပ်ပြီး ဖေါ်ပြလိုက်တယ် ။

တိုင်ရီ စက်ရုံရှေ့မှာ ဒိုင်းတွေ လွှားတွေနဲ့ စောင့်နေတဲ့ ညီအကိုရဲဘော်တို့ရေ. . . အဲဒီ ခင်ဗျားတို့ရှေ့က နေပူထဲမှာ မျက်နှာငယ်လေးတွေနဲ့ ဆောင့်ကြောင်ထိုင် နေကြတဲ့ အလုပ်သမားတွေဟာ. . . လစဉ် ခေါင်းခဲအောင် စီစဉ်နေရတဲ့ မလောက်မငှလစာငွေလေးက အသက်ရှုချောင်မလားလို့ . . . တောင်းဆိုကြတဲ့ ခင်ဗျားတို့ကျနော်တို့ မြန်မာပြည်သားသွေးသားဆွေမျိုးတွေပါ။ အဲဒီ ပြည်ပ လုပ်ငန်းရှင်က တိုးမပေးနိုင်ဘူး လို့ ငြင်းလိုက်တဲ့အတွက်များ တုတ်တွေနဲ့ ရိုက်ဦးနှက်ဦးကြမလို့လား ဗျာ... . စဉ်းစားကြပါဦး။ ခု ကိုပဲ လစာ မတိုးခင် မီတာခတွေတိုး လို့၊ ခင်ဗျားတို့မိသားစုတွေထဲမှာကော. . .အိမ်ရှင်မတွေ၊ မိခင်တွေ ညည်းကြတွားကြတာတွေ မလုပ်ဖြစ်ကြဘူးလား။ သူတို့ရတဲ့လစာ နဲ့ဆို ပို ဆိုးမယ်. . .လို့ မတွက်မိကြဘူးလား။ သူတို့ . . .သူဌေးဖြစ်တောင်းဆိုနေတာ မဟုတ်ဘူး. . . သူတို့ . . .NLD အတွက် တောင်းဆိုနေတာ မဟုတ်ဘူး သူတို့. . . .ဒီမိုကရေစီ ဆိုတာလည်း စိတ်မ၀င်စားဘူး သူတို့. . . .ထမင်း၀၀ စားရဖို့ သူတို့ . . .ကလေးတွေ ပညာသင်နိုင်ဖို့ သူတို့. . . ကြပ်တည်းလွန်းတဲ့ ဘ၀တွေကနေ အသက်ရှုချောင်ရုံလေး . . . ဒီခေတ်ကြီးထဲ တလလုံး ၂သောင်းခွဲနဲ့ ဘယ်သူလောက်မလဲဗျာ. . သူတို့ တကယ်ကို စားမလောက်လို့. . . တောင်းဆိုနေကြတာပါ. . .။ ဒီလို လစာ ဖြစ်နေရတာကိုးက ရင်နာစရာကောင်းလှပြီ။ သမ္မတကြီးနဲ့ အစိုးရ၀န်ကြီးများ၊ အမတ်မင်းများ. . . ခင်ဗျားတို့ဗျာ. . . ခင်ဗျားတို့. . .ဒီလိုပဲ . . .အကြမ်းဖက်နှိမ်နှင်းလိုက်ကြမလို့လားဗျာ. . . ရဲဘော်တို့ရေ. . . ခင်ဗျားတို့ရဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ တုတ်တွေနဲ့ အဲဒီ မျက်စိသူငယ်နားသူငယ်နဲ့ ထိုင်နေတဲ့ အဲဒီအလုပ်သမားတွေရဲ့ ချွေးစို့နေတဲ့ မျက်နှာတွေကို မရိုက်ခင်မှာ. . . ခင်ဗျားအိမ်က အိမ်ရှင်မ ကို . . .အမေ့ကို သတိရမယ် ဆိုရင်. . ခင်ဗျားတို့ရဲ့ တုတ်တွေကို လွှတ်ချပြီး အဲဒီ အလုပ်သမားတွေရဲ့. . .လက်တွေကို ဆုပ်ကိုင်လိုက်ကြစေချင်တယ်။ ချိုတူးဇော်

 ချိုတူးဇော်ရဲ့စာအသွားအလာကိုကြည့်ရတာ တိုင်ရီစက်ရုံက အလုပ်သမားလေးတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ပဋိပက္ခမဖြစ်စေလိုတဲ့ စေတနာထက် ဆန္ဒပြနေတဲ့အလုပ်သမားတွေကို သနားအောင်လုပ်ပြီး အစိုးရကို ပြည်သူတွေမုန်းသွားအောင် ၊ " ဒီလောက်သနားစရာကောင်းတဲ့အလုပ်သမားလေးတွေကို အစိုးရက လုပ်ရက်လေခြင်း" ဆိုတဲ့ မှတ်ချက်မျိုးချအောင်ရေးထားတယ်ဆိုတာ သိသာနေတယ် ၊ ချိုတူးဇော်အရင်ရေးနေတဲ့စာတွေ ၊ comment တွေနဲ့ ပေါင်းပြီး ကောက်ချက်ဆွဲလိုက်ရင် ဒီသဘော ပိုထင်ရှားလာတယ် ။

လောလောဆယ်စက်မှုဇုံတွေက စက်ရုံတွေမှာ အလုပ်ရှင်နဲ့အလုပ်သမားတွေဟာ နှစ်ဘက်သဘော တူညီချက် စာချုပ်တွေနဲ့ပဲ အလုပ်လုပ်နေကြရတယ် ၊ ဆိုလိုတာက အလုပ်ရှင်က လစာဒီလောက်ပေးမယ် ၊ အလုပ်ချိန်ဒီလောက်လုပ်ရမယ် ၊ နားရက်က ဒါတွေ ၊ အချိန်ပိုကြေးကဒီလောက် စသည်ဖြင့် ဖေါ်ပြထားတာကို အလုပ်သမားတွေက သဘောတူလို့ ၀င်လုပ်နေကြတဲ့သဘောဖြစ်တယ် ။

 ခုဆန္ဒပြတာက အဲဒီလို သဘောတူထားတာကို စက်ရုံဘက်က ချိုးဖေါက်လို့ ဆိုတာထက် မူလသဘောတူထားတဲ့ လစာဟာ ခေတ်နဲ့ မလျှော်ညီတော့တဲ့အတွက် အလုပ်သမားတွေက တိုးပြီးတောင်းဆိုရာကနေ စတဲ့ ပြဿနာဖြစ်တယ် ၊ ဒီတော့ အလုပ်ရှင်က သူတိုးပေးနိုင်တဲ့ တစ်နာရီလုပ်ခ ၁၀၀ ထိ တိုးပေးလိုက်တယ် ၊ ဒါကိုတစ်ချို့ကကြေနပ်သွားကြတယ် တစ်ချို့က ၁၅၀ ထိတိုးတောင်းလို့ ဆန္ဒပြပွဲက မပြီးနိုင်သေးဘူးဖြစ်နေတယ် ။ တိုးတောင်းတဲ့သူတွေကိုလည်း အပြစ်မဆိုသာသလို ၊ စက်ရုံကလည်း သူရဲ့ ၀င်ငွေထွက်ငွေကိုတွက်ပြီး တိုးပေးနိုင်မှပဲ တိုးပေးမှာဖြစ်တယ် ၊ အရှုံးခံပြီးတော့တော့ တိုးပေးမှာမဟုတ်ဘူး ။

ခုအခြေအနေက စက်ရုံကလည်း ဆက်ပြီးတိုးမပေးနိုင်တော့ဘူး ၊ တစ်ဘက်ကလည်း မလျှော့ဘူး ဖြစ်နေတဲ့အတွက် အလိုလားအပ်တဲ့ ပြဿနာတွေ ၊ အကြမ်းဘက်မှုတွေ ၊ မီးရှို့တာတွေ ဖြစ်လာမှာစိုးလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက Show of Force လုပ်တဲ့သဘောဖြစ်တယ် ၊ သဘောက မင်းတို့ အေးအေးဆေးဆေး တောင်းဆိုစရာရှိတာကို တောင်းဆိုကြကွာ ၊ ဖျက်လားဆီးလား မီးရှို့လားတော့ မလုပ်ကြနဲ့ ဆိုပြီး အင်အားပြ ဟန့်တားတဲ့သဘောဖြစ်တယ် ။ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာတိုင်း ရိုက်တော့မဟဲ့ ၊ နှက်တော့မဟဲ့လို့ ထင်နေတဲ့ မောင်ရင့်စိတ်ကို အရင်ပြင်ရမယ် ။

နောက်တစ်ခုက ဒီခေတ်ကြီးထဲမှာ တစ်လ ၂သောင်းခွဲနဲ့ ဘယ်သူလောက်မလဲဗျာ လို့  မောင်ရင် ရေးထားတယ်နော် ၊ မှန်တယ် ဒီခေတ်ကြီးထဲမှာ လစာ ၂သောင်းခွဲနဲ့ ဘယ်သူမှမလောက်ဘူး ၊ ဒါဆိုရင် မောင်ရင်ခုနပြောတဲ့ ဒိုင်းတွေလွှားတွေကိုင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်လေးတွေက တစ်လကို ၂သောင်း ၂ထောင်ပဲရတယ် ၊ ကဲ....ဘယ်လိုလုပ်မလဲ ။ အဲဒီဒိုင်းကိုင်ထားတဲ့ ရဲသားလေးတွေဟာ ဆင်းရဲတဲ့ဒုက္ခကို မောင်ရင့်ထက် ကိုယ်ချင်းစာတတ်တယ် ၊ နားလည်တယ် ဆိုတာကိုမေ့မနေဘို့လိုတယ် ။

နောက်ပြီးပြောချင်တာက ခုဆန္ဒပြနေတယ်ဆိုတဲ့ တိုင်ရီစက်ရုံ အပါအ၀င် အဲဒီစက်မှုဇုံတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားအများစုဟာ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်တွေ အများစုဖြစ်တယ် ။ ခုဆန္ဒပြနေတဲ့ အလုပ်သမားတွေထဲမှာ ဒိုင်းတွေလွှားတွေ ကိုင်ထားပါတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ဝင်လေးတွေရဲ့ မိဘဇနီးသားသမီးတွေ ၊ သေနတ်ကိုင်ထားပါတယ်ဆိုတဲ့ ခလရ ၆ ကမိသားစုဝင်တွေ အများကြီးပါနေတယ်မောင်ရင် ၊ မောင်ရင်ပြောတဲ့ ပြည်သူဆိုတာ သိပ်ပြီးယေဘူယျကျလွန်းပါတယ်ကွာ.... ခုဆန္ဒပြနေတာ သူတို့ရဲ့ မိဘ၊ ဇနီး ၊ သားသမီးအရင်းတွေကွ....။

တစ်ဘက်က တာဝန်အရ ယူနီဖောင်းကြီးဝတ် ဒိုင်းကြီးတွေကိုင်ပြီး ဟန်ရေးပြနေပေမယ့် ၊ ဆန္ဒပြနေတဲ့သူတွေနဲ့ ဒိုင်းကိုင်နေတဲ့သူတွေဟာ ညနေကျရင် ထမင်းတစ်ဝိုင်းတည်း မလောက်မငှစားနေရတယ် ၊  ဒိုင်းကိုင်ပြီး ဟန်ဆောင်ရပ်နေရတဲ့ သူတွေရဲ့ ရင်တွေထဲမှာ ၊ မျက်ဝန်းတွေထဲမှာ မိုးတွေရွာနေတယ် မောင်ချိုတူးဇော်........။

ဒေါက်တာဆိတ်ဖွား