xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရွှေည၀ါဆရာတော်သို့ ဒေါက်တာဆိတ်ဖွား၏ လျှောက်ထားချက်

Tuesday, February 21, 2012

ရွှေည၀ါဆရာတော်သို့ ဒေါက်တာဆိတ်ဖွား၏ လျှောက်ထားချက်



တပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား...................
 
အရှင်ဘုရားကို သီတဂူဆရာတော်ကြီး အစချီသော နိုင်ငံကျော်ဓမ္မကထိကများကဲ့သို့ ၊ တရားခွေ ဓမ္မစာပေများကြောင့်မဟုတ်ဘဲ ဟီလာရီကလင်တန်နှင့်တွေ့ခြင်း ၊ နိုင်ငံရေးအကျဉ်းသားများ အား လေဆိပ် ကားဂိတ် စသောနေရာများတွင် ကြိုဆိုခြင်း ၊ နိုင်ငံရေးပါတီကြီးမှ ထင်ရှားသော ဒကာမ၏ပုံများကို ကျောင်းတိုက်တွင် ချိတ်ဆွဲကာ အဆိုပါ ပါတီကြီး၏ ပွဲလမ်းသဘင်များကျင်းပခြင်း  အစရှိသော သာသနာတော် သန့်ရှင်းတည်တံ့ပြန့် ပွားရေးဆောင်ရွက် ချက်များကြောင့် စတင်သိရှိခဲ့ရကြောင်း ဦးစွာဝန်ခံပါရစေဘုရား.......။

အရှင်ဘုရားထံမှ တပည့်တော်ပထမဦးဆုံးနာကြားရသည့် တရားတော်မှာ အရှင်ဘုရား၏ ဒကာ ၊ ဒကာမ များလွန်စွာကြိုက်နှစ်သက်သော " ပင်ဝါးရုံတရားတော် " ဖြစ်ပါသည်ဘုရား ၊ အခြားသောဆရာတော် များကဲ့သို့ လမ်းရိုးအတိုင်း ဗုဒ္ဓ၏တရားတော်၊ ပိဋကတ်တော်များထဲမှမဟုတ်ဘဲ တမူခွဲထွက်ကာ အလယ်တန်း ဖတ်စာထဲမှ ပင်ဝါးရုံအကြောင်းကို ကမ္ဘာကျော်အောင် ဆန်းသစ်ဟောကြားတော်မူနိုင်သော အရှင်ဘုရား၏ စွန့်ဦးတီထွင်နိုင်စွမ်းကို မကန်တော့ပဲ မနေနိုင်အောင်ဖြစ်ရပါသည် ဘုရား ။

မြန်မာ့သမိုင်းတစ်လျှောက်တွင် သတင်းမီဒီယာများ ၊ နိုင်ငံရေးသမားများကသာ သံဃာတော်များကို နိုင်ငံရေးတွင် ခုတုံးလုပ် အသုံးချသွားခဲ့သည်ကို အထင်အရှား တွေ့နိုင်ပါသော်လည်း အရှင်ဘုရားလက်ထက်တော်ကြမှပင် နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများ ကို ကောင်းကောင်းကြီးပြန်အသုံးချနိုင်ခဲ့သည်ကို တွေ့ရှိရသဖြင့် ဘ၀နတ်ထံပျံလွန်တော်မူသွားကြ ကုန်သော သမိုင်းတစ်လျှောက်အသုံးချခံ ဆရာတော်ကြီးများက ရောက်ရာ ဘုံဘ၀မှ အရှင်ဘုရားကို သာဓုခေါ်နေတော်မူကြမည့်အရေးတွေး၍ တပည့်တော် စိတ်ကြည်နူးမိပါသည် ဘုရား ။

တပည့်တော်၏ သက်တမ်းတစ်လျှောက်တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ လူသိရှင်ကြား ဆိုသလို ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ကြောင်းကြေညာချက်ကို အရှင်ဘုရားလက်ထက်တော်မှပင် ကြားဘူးခွင့် ရသည့်အတွက်လည်းကောင်း ၊ ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုသည်မှာဆုံးမ ပြောဆိုရခက်သူဟု အနက်ရှိပြီး ၊  တတိယ သဒ္ဓမ္မသမ္မောသသုတ် တော်လာ သာသနာပျက်ရာအကြောင်း ၅ပါး တွင် တစ်ပါးအပါအ၀င်ဖြစ်ကြောင်း တို့ကိုပါ ဆက်တိုက်ဆိုသလို သိရှိခွင့်ရခဲ့သည့်အတွက် အရှင်ဘုရားရဲ့ ကျေးဇူးတော်ကြီးလှပါသည် ဘုရား ။

လူတွေ ဆူဆူပူပူနဲ. ရုန်းရင်းဆန်ခတ် ဆန္ဒပြတာတွေ အုန်းအုန်းကျွက်ကျွက်နဲ. ပြဿနာဖြစ်မှာ စိုးရိမ်တော်မူလို. အရှင်ဘုရားရဲ့ခံစားချက်တွေကို ဘာမှ မပြောပဲ မျိုသိပ်ပြီး  အနစ်နာခံတော် မူနေတဲ့အကြောင်း ပြည်ပအသံလွှင့်ဌာနတွေကို မိန့်ကြားရလွန်းလို့ မောပန်းတော်မူနေ  တဲ့ကြားက တပည့်တော်ရဲ့ လျှောက်ထားချက်ကို လျှောက်ထားခွင့် ပြုတဲ့အတွက်လည်း ကျေးဇူးကြီးပါတယ်ဘုရား ......

မနက်ဖြန်မှပဲ ဒုတိယပိုင်း ဆက်လျှောက်ပါတော့မယ်ဘုရား ....
ရိုသေစွာကန်တော့လျှက် 
ဒေါက်တာဆိတ်ဖွား