နေပြည်တော်က
လွှတ်တော် အစည်းအဝေးမှာ ရခိုင်အမတ် တစ်ဦးက ကျောက်ဖြူကနေ ၂၅ မိုင်အကွာမှာ
ရှိတဲ့ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်းက ရတဲ့ ဓာတ်ငွေ့ကို သုံးပြီး
ကျောက်ဖြူကို လျှပ်စစ်မီး ပေးဖို့ ရှိမရှိ မေးတော့ စွမ်းအင်ဝန်ကြီးက
အဲဒီလို အစီအစဉ် မရှိဘူး၊ စာချုပ် စည်းကမ်းအတိုင်း ရောင်းရမှာ ဖြစ်တယ်၊
ရခိုင်ပြည်နယ် အတွက် အခု ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း သုံးခုကနေ
မီးပေးမယ်၊ အခု လိုင်းတွေဆွဲဖို့ ပြင်နေပြီလို့ ဖြေတယ်။
အဲဒီကိစ္စနဲ့
ပတ်သက်ပြီး ပြည်တွင်းက CRPP ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအေးသာအောင်နဲ့
ပြည်ပရောက် ရခိုင်ပညာရှင် တစ်ချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူတို့
ဆိုလိုချက် ကတော့ ဒါဟာ ရခိုင်ပြည်နယ်က ထွက်တာဖြစ်လို့ ရခိုင်ပြည်နယ်နဲ့
ဆိုင်တယ်။ သူတို့ပဲ သုံးခွင့်ရှိတယ် ဆိုတဲ့ အချက်ပါပဲ။
ဒီပြောဆိုချက်များဟာ
ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အမြဲဖြစ်လေ့ရှိတဲ့
ပြည်ထောင်စု အစိုးရ အခွင့်အရေးနဲ့ ပြည်နယ် အခွင့်အရေးကြား အငြင်းပွားမှု
ပါဘဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဘယ်လိုရှိသလဲ ဆိုတာကို လေ့လာ တင်ပြချင်ပါတယ်။
ထုံးစံအတိုင်း
ပြည်ထောင်စုစနစ် အပီပြင်ဆုံးလို့ ပြောနိုင်တဲ့ အမေရိကန်ကို ကြည့်ရအောင်။
အမေရိကန်က ကမ်းလွန် ပင်လယ်ပြင်ကနေ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှု ၂၇% နဲ့
ဓာတ်ငွေ့ထုတ်လုပ်မှု ၁၄% ကို ထုတ်လုပ်ပါတယ်။ တကယ်တော့ ဒီထက် အများကြီး
ထုတ်လုပ်နိုင်ပါပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရယ်၊ မိမိနိုင်ငံက
ရေနံကို အရန်ထားပြီး ပြည်ပက ရေနံကို သုံးမယ်ဆိုတဲ့ မဟာဗျူဟာကြောင့်
ဒီလောက်ပဲ ထုတ်တာပါ။
အဲဒီ
ကမ်းလွန် သဘာဝဓာတ်ငွေ့နဲ့ ရေနံတွင်း အများစုဟာ ကယ်လီဖိုးနီးယား၊
လူဝီစီယားနားနဲ့ အလာစကား ပြည်နယ်များရဲ့ ကမ်းလွန်ဒေသမှာ ရှိပါတယ်။
အမေရိကန်ဟာ ၁၈၉၆ ခုနှစ်ကစပြီး ကယ်လီဖိုးနီးယား ကမ်းခြေမှာ ဖောင်တွေပေါ်က
တဆင့် ပင်လယ်ကမ်းခြေမှ ရေနံတူးတာ စခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ထဲက
ရေနံတူးဖော်ခွင့်ကို ပြည်ထောင်စု အစိုးရ ပေးမှာလား၊ ပြည်နယ် အစိုးရက
ပေးမှာလား ဆိုတာ စကား များခဲ့ကြပါတယ်။ အမေရိကန် အခြေခံဥပဒေ ရေးဆွဲတုန်းက
ရေနံလုပ်ငန်း မရှိသေးတော့ ဒီိကိစ္စကို အခြေခံ ဥပဒေထဲမှာ ပြည်ထောင်စု
လုပ်ပိုင်ခွင့်လား၊ ပြည်နယ် လုပ်ပိုင်ခွင့်လား ဆိုတာရေး မထားခဲ့ဘူး။
ဒီပြဿနာဟာ
၁၉၄၇ ခုနှစ်မှာ တရားရုံးချုပ်က ကမ်းခြေ ပင်လယ်ပြင်ထဲက သယံဇာတတွေကို
ပြည်ထောင်စု အစိုးရက ပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ပေးလိုက်မှ ပြီးပြတ်
သွားခဲ့ပါတယ်။
၁၉၅၃ ခုနှစ်ကျတော့ ကမ်းလွန် ပင်လယ်ပြင် သယံဇာတတွေကို ပြည်ထောင်စု အစိုးရ
ပိုင်ဆိုင်ပြီး ထုတ်ယူသုံးစွဲဖို့ အတွက် လိုအပ်တဲ့ ဥပဒေတွေကို ကွန်ဂရက်က
ပြဋ္ဌာန်း ပေးခဲ့ပါတယ်။ အဲဒီ ဥပဒေအရ ပြည်နယ်များဟာ
ကမ်းခြေကနေ သုံးမိုင်အတွင်းမှာ စီမံခန့်ခွဲခွင့် ရှိပြီး အဲဒီ ပြင်ပကနေ
အထူး စီးပွားရေးဇုန် EEZ အထိက ပြည်ထောင်စု အစိုးရရဲ့ လုပ်ပိုင်ခွင့်
ဖြစ်သွားပါတယ်။
ဒါ့ကြောင့်
အမေရိကန် နိုင်ငံမှာ ကမ်းခြေက သုံးမိုင်အတွင်း ငါးဖမ်းခွင့် လိုင်စင်ကို
ပြည်နယ်က ထုတ်ပေးပြီး အဲဒီအပြင်မှာ ဆိုရင် ပြည်ထောင်စု အစိုးရက
ဖွဲ့စည်းထားတဲ့ ဌာနများက ထုတ်ပေးရပါတယ်။ ရာဇဝတ်မှု ဖြစ်လာရင်တောင်
သုံးမိုင်အတွင်း ဆိုရင် ပြည်နယ်က စုံစမ်းစစ်ဆေးပြီး အဲဒီထက် ကျော်ရင်
ပြည်ထောင်စု အစိုးရက လုပ်ပါတယ်။
မြန်မာနိုင်ငံရဲ့
အခြေခံဥပဒေ ပုဒ်မ (က) မှာ နိုင်ငံတော်ရဲ့ မြေပေါ် မြေအောက်၊ ရေပေါ်
ရေအောက်နဲ့ လေထုအတွင်းရှိ သယံဇာတ အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်လို့
ပြဋ္ဌာန်း ထားပါတယ်။ အပိုဒ်(ခ)မှာ နိုင်ငံပိုင် သယံဇာတ များအား စီးပွားရေး
အင်အားစုများက ထုတ်ယူ သုံးစွဲနိုင်ရန် အတွက် လိုအပ်သည့် ဥပဒေ
ပြဋ္ဌာန်းရမည်လို့ ဆိုထားပါတယ်။ ပြည်နယ်များရဲ့ ဥပဒေပြု စာရင်းမှာတော့ ပြည်ထောင်စု ဥပဒေနဲ့အညီ စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့် ဆိုပြီး ဖော်ပြထားပါတယ်။
ဒီတော့
ဦးအေးသာအောင်တို့ ပြောသလို ရခိုင်ကမ်းလွန်က ၂၅ မိုင်အကွာမှာ ရှိတဲ့ သဘာဝ
ဓာတ်ငွေ့ဟာ ရခိုင်ပြည်နယ်က ပိုင်တယ် ဆိုတာတော့ နိုင်ငံတကာမှာလည်း ထုံးစံ
မရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။
ဒ့ါကြောင့်
ကလေးစကား ပြောနေမယ့် အစား ပြည်ထောင်စု လွှတ်တော်မှာ အခြေခံဥပဒေနဲ့ အညီ
ပင်ရင်းပိုင်ရှင် ဖြစ်တဲ့ နိုင်ငံတော် (ပြည်ထောင်စု)က သံယံဇာတများကို
ဘယ်လို ထုတ်ယူသုံးစွဲမယ် ဆိုတဲ့ ဥပဒေမျိုး ဖြစ်အောင် ဆွေးနွေးတာက ပိုပြီး
အကျိုးရှိမှာ ဖြစ်ပါတယ်။
ပိတောက်မြေ