xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံတော်သမ္မတမှ အကျဉ်းသားပေါင်း ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်တစ်ရပ်ထုတ်ပြန်

Tuesday, October 11, 2011

နိုင်ငံတော်သမ္မတမှ အကျဉ်းသားပေါင်း ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်တစ်ရပ်ထုတ်ပြန်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို  အောက်တိုဘာလ ၁၂ရက် (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန်အမှတ် ၄၉/၂၀၁၁ ကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ ( ၁၁.၁၀ .၂၀၁၁)ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည် ။

နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး 
အမိန့်အမှတ် ၄၉/၂၀၁၁

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်
(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)


လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း


၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များစီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသောအကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှအထောက်အပံ့ဖြစ်စေ သည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင် ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန် လာသော အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကိုအလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော အပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့  ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်



ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။
 
Voice Of Myanmar