xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာကို ကူညီဖို့ အချိန်ကြပြီ

Thursday, October 6, 2011

မြန်မာကို ကူညီဖို့ အချိန်ကြပြီ

(အောက်တိုဘာ ၄ ရက်နေ့ထုတ် New York Time သတင်းစာပါ သန့်မြင့်ဦးရဲ့ In Myanmar Seize the Moment ဆောင်းပါး ဆီလျော်အောင် ဘာသာ ပြန်ထားပါတယ်။ သန့်မြင့်ဦးဟာ သမိုင်းပညာရှင်နဲ့ ကုလသမဂ္ဂ အရာရှိဟောင်း ဖြစ်ပြီး အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေး ဖြစ်ပါတယ်။)

တရုတ်နဲ့ အိန္ဒိယ ကြားညပ်နေတဲ့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်း ပြီးချိန်ကစလို့ ပထမဆုံးအကြိမ် အဖြစ် အရေးအကြီးဆုံး နိုင်ငံရေး အပြောင်း အလဲတွေ ဖြစ်လာနေပါပြီ။ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အိုဘားမား အစိုးရအနေနဲ့ အဲဒီ အပြောင်း အလဲတွေကနေ အာရှတိုက်ရဲ့ နောက်ဆုံး ဒီမိုကရေစီ ပြောင်းလဲမှုကြီး ဖြစ်လာအောင် လုပ်ပေးနိုင်ဖို့ အခွင့်အလမ်း ရှိပါတယ်။

အိုဘားမားအနေနဲ့ မြန်မာအစိုးရထဲက သဘောထား တင်းမာသူတွေက အခု အပြောင်း အလဲတွေကို နောက်ပြန်လှည့် သွားအောင် မလုပ်နိုင်ခင်မှာ အခု ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကြိုဆိုကြောင်း လူသိရှင်ကြား ထုတ်ပြောသင့်ပြီး လက်တွေ့လည်း အကူ အညီ ပေးသင့်တယ်။

လွန်ခဲ့တဲ့ ခြောက်လ လောက်တုံးက ဆိုရင် အခုလို အကောင်းမြင်နိုင်ဖို့ အတော် ခက်ပါတယ်။ အဲဒီတုံးက ရွေးကောက်ပွဲတော့ လုပ်နိုင်ပါရဲ့၊ ဒါပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုပြီး ကျယ်ကျယ် ပြန့်ပြန့် ကန့်ကွက် ခဲ့ကြတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီး စစ်အစိုးရ နေရာမှာ ဗိုလ်ချုပ်ဟောင်းတွေ ပါတဲ့ အခြေခံ ဥပဒေအရ ဖွဲ့စည်းတဲ့ အစိုးရ ပေါ်လာ ပေမယ့်လည်း လူနည်းနည်း လောက်ကပဲ သေးငယ်တဲ့ အပြောင်းအလဲတွေ ရှိနိုင်လိမ့်မယ်လို့ မျှော်လင့် ခဲ့ကြတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က လူတိုင်းကို အံ့အား သင့်အောင် လုပ်ပြခဲ့တယ်။ သူရဲ့ ရာထူး လက်ခံ မိန့်ခွန်းမှာ သမ္မတက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေးနဲ့ နိုင်ငံရေးအရ ပြန်လည် သင့်မြတ်ရေးတို့ကို အားတက် သရော ပြောခဲ့တယ်။ ဇွန်လ ရောက်တော့ ဆင်းရဲသူ အများစုပါတဲ့ ပင်စင်စားတွေရဲ့ လစာကို အများကြီး တိုးပေးခဲ့တယ်။ အခွန်တွေကို လျှော့ချပြီး လက်ဝါးရိုက်ပြီး ပေါင်းစားနေတဲ့ ကုန်သွယ်ရေး အုပ်စုတွေကို ဖျက်သိမ်းခဲ့တယ်။ ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ တိုင်ပင်ပြီး ဘဏ်ဥပဒေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်ဖို့ လုပ်နေတယ်၊ ငွေကြေး လဲလှယ်နှုန်းကိုလည်း ပြင်ဖို့ လုပ်နေတယ်။ စစ်တပ်က အရပ်သား ပညာရှင်တွေ စကားကို ဘယ်တော့မှ နားမထောင်ခဲ့တဲ့ နိုင်ငံမှာ အဲဒီလို တိုင်ပင်ပြီး လုပ်တယ် ဆိုတာကကို အင်မတန် ကြီးမားတဲ့ ပြောင်းလဲမှုကြီးပဲ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူ ထောင်ပေါင်း များစွာဟာ နှစ်ပေါင်းများစွာ အတွင်း ဥပဒေနဲ့အညီ အေးအေး ဆေးဆေး ချီတက် အလေးပြုခွင့် ရခဲ့တယ်။ ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ဖော်ပြခွင့် ရလာတယ်။ မျက်နှာဖုံး တင်လို့ ရလာတယ်။

သြဂုတ်လ ကျတော့ လွှတ်တော် အစည်းအဝေးတွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ကျေးလက် ဒေသတွေမှာ အသေးစား ငွေချေး လုပ်ငန်းတွေ လုပ်ဖို့၊ အလုပ်သမား အဖွဲ့အစည်းတွေ တရားဝင်ဖွဲ့ဖို့ ဆိုတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေး လာကြတယ်။ အင်တာနက်ကို ထိန်းချုပ်ထားမှုတွေ ဖယ်ရှားပေးခဲ့တယ်။ သြဂုတ်လ ၁၈ ရက်နေ့ လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သမ္မတက တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ နောက်နေ့ကျတော့ သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ထဲ နှစ်နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့တယ်။


ကျွန်တော်ဟာ နှစ်နှစ်ဆယ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး အကြိမ် ပြန်တွေ့ခဲ့ရတယ်။ သူက သမ္မတဟာ အပြောင်း အလဲတွေ ပြုလုပ်ဖို့ အမှန်တကယ် လိုလားတယ်လို့ ယုံကြည်တဲ့ အကြောင်းနဲ့ ကျွန်တော်တို့ဟာ မြန်မာ့ နိုင်ငံရေးရဲ့ အစကို မျှော်လင့်မိကြောင်း ပြောပြပါတယ်။

ဒီတစ်ပတ်ကျတော့ ကျွန်တော်တို့ ဆန့်ကျင်မှု ဘယ်တုံးကမှ မမျှော်လင့်ခဲ့တဲ့ အပြောင်းအလဲ တစ်ခုကို တွေ့ရပြန်တယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ပြည်သူတွေရဲ့ ဝေဖန်ချက်တွေ ပေါ်ထွက်အပြီးမှာ သမ္မတက တရုတ်နိုင်ငံက ဒေါ်လာ ၃.၆ ဘီလီယံ အကုန်အကျခံပြီး ဆောက်မယ့် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ကြေညာခဲ့တယ်။ ဒါဟာ ကချင် ပြည်နယ် သားတွေနဲ့ မြန်မာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေအတွက် အောင်ပွဲပဲ။ ဒီလောက် ကြီးမားတဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းတစ်ခုကို ရပ်လိုက်ဖို့ သမ္မတက ဆုံးဖြတ်ခဲ့တာဟာ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အလှည့် အပြောင်းနေရာကို ရောက်နေပြီ ဆိုတာ သက်သေ ပြလိုက်တာလည်း ဖြစ်ပါတယ်။ လူတွေကတော့ သိပ်မကြာခင်မှာ နိုင်ငံရေး အကျဉ်းသမားတွေလည်း လွှတ်ပေးတော့မယ်လို့ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေသေးတယ်။ အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ နိုင်ပေမယ့် နိုင်ငံ မြောက်ဖက်နဲ့ အရှေ့ဘက်မှာ ကျန်တဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတုံးပဲ။ ဒီလို ပြင်းထန် ရက်စက်တဲ့ တိုက်ပွဲတွေ ကြားမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်နိုင်ဖို့ဆိုတာ ခက်ပါတယ်။
အခု အစိုးရသစ်ထဲမှာ ပြုပြင် ပြောင်းလဲလိုသူတွေပဲ ရှိနေတာ မဟုတ်ဘူး။ သဘောထား တင်းမာသူတွေကလည်း ဒီလို ပြောင်းလဲ နေရာတွေကို ရပ်တန့်ဖို့ မကြိုးစားဘူးလို့ မပြောနိုင်ဘူး။ ဒါ့ကြောင့် အိုဘားမား အစိုးရအနေနဲ့ အချက်သုံးခုကို မြန်မြန်လေး လုပ်ဖို့လိုပါတယ်။

ပထမတစ်ခုကတော့ အခုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံကြောင်း ရှင်းရှင်း လင်းလင်း ပြောရမယ်။ နောက်ပြီး ကျန်တာတွေကို ခပ်မြန်မြန်လုပ်ဖို့ အတင်း တောင်းဆိုတာမျိုး မဖြစ်အောင် ထိန်းသိမ်းရမယ်။ အခု ဖြစ်နေတာတွေ အပြင် နောက်ထပ် ဖြစ်လာနိုင်တဲ့ အခြေအနေက ဒီမိုကရေစီ တော်လှန်ရေး မဟုတ်ဘူး။ ခေါင်းမာသူတွေကြောင့် ဒုံရင်းဒုံရင်း ပြန်ရောက် သွားမယ့် အခြေအနေပဲ ဖြစ်တယ်။

ဒုတိယ တစ်ခုကတော့ အိုဘားမား အစိုးရအနေနဲ့ ပြုပြင် ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ကဏ္ဍတွေ အတွက် လိုအပ်တဲ့ နည်းပညာနဲ့ အသိပညာ အကူအညီတွေ ပေးဖို့ပဲ။ နှစ်ပေါင်းများစွာ အထီးကျန် နေခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက အစ ဘဏ်လုပ်ငန်း အထိ ကျွမ်းကျင်သူတွေ မရှိတော့ဘူး။ ဒါ့ကြောင့် အမေရိကန် အနေနဲ့ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေ ကနေ မြန်မာနိုင်ငံကို ကျွမ်းကျင်မှု အကူအညီတွေ မပေးဖို့ တားမြစ် ထားတာကို ရုပ်သိမ်း ပေးသင့်တယ်။ ငွေပေးဖို့ မဟုတ်ဘူး။ ပြုပြင ပြောင်းလဲရေး အတွက် အရေးကြီးတဲ့ အသိပညာ၊ အတတ်ပညာတွေ အကူအညီပေးဖို့ ဖြစ်တယ်။

နောက်ဆုံးကတော့ ကုန်သွယ်မှု ပိတ်ဆို့ ထားတာတွေကို ဖယ်ရှားဖို့ပဲ။ နိင်ငံက ပွင့်လင်း လာတာနဲ့ အမျှ သူများ အကူအညီပေါ်မှာပဲ မှီခိုနေရတာမျိုး မဖြစ်သင့်တော့သလို လက်တစ်ဆုပ်စာ လူတွေကပဲ ချုပ်ကိုင်ထားတဲ့ စီးပွားရေးမျိုးလည်း မဖြစ်သင့် တော့ဘူး။ တာဝန်သိတဲ့၊ တာဝန်ခံတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုပ် အကိုင်သစ်တွေ ဖော်ထုတ်ပေးပြီး လူလတ်တန်းစားတွေ ပေါ်လာစေမယ်၊ ပြီးရင် ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကို ပိုပြီး လျှင်မြန်စေလိမ့်မယ်။

အခု ကျွန်တော်တို့ မြင်နေရတာတွေဟာ နှစ်ပေါင်း ငါးဆယ် အတွင်းမှာ မြန်မာနိုင်ငံ အနာဂတ် အတွက် အကောင်းဆုံး အခွင့် အလမ်းတွေပဲ။ အမေရိကန်က မြန်မာနိုင်ငံကို အထီးကျန် ဘ၀က လွတ်အောင် မြန်မြန် ကူညီဖို့ လိုနေပါပြီ။

ပိတောက်မြေ