xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့လူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတထံ အကျဉ်းသားများလွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံ

Tuesday, October 11, 2011

မြန်မာ့လူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတထံ အကျဉ်းသားများလွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံ

ပည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်- နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က မေတ္တာရပ်ခံ တင်ပြသည့် အိတ်ဖွင့် စာတစ်စောင်ကို ယနေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်စာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်-

နိုင်ငံတော်သမ္မတခင်ဗျား-
 
၁။ နိုင်ငံတော် သမ္မတအနေဖြင့် ပြည်သူများ မျှော်လင့်နေကြသည့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုစသည့် မူများအပေါ် အခြေခံကာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြင်သာ ထင်သာ ရှိသည့် လုပ်ဆောင်ချက် တစ်ရပ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းသို့ ဖွဲ့စည်း တည်ထောင်ခြင်းကို မြန်မာနိုင်ငံ ပြည်သူများ ထောက်ခံကြိုဆို ကြမည်ဟု ယုံကြည်ပါကြောင်း ဦးစွာ ဖော်ပြအပ်ပါသည်။
 
၂။ ယခုကဲ့သို့ ဖွဲ့စည်း တည်ထောင်ရာတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ်၊ A/RES/48/134 ၌ ဖော်ညွှန်းထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း တည်ထောင်ခြင်း ဆိုင်ရာ အခြေခံမူများ [ (principles relating to the status of national institutions ) Paris Principles)] (ပါရီ အခြေခံမူများ) ကို အခြေခံ၍ ဖွဲ့စည်း တည်ထောင် ထားခြင်း ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် ကျွန်တော်တို့ ကော်မရှင်သည် မဉ္စမမြောက် ကော်မရှင် ဖြစ်ပါသည်။
 
၃။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များတွင်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေး ချိုးဖောက် ခံရကြောင်း တိုင်ကြားစာ လက်ခံခြင်း၊ စုံစမ်း စစ်ဆေးခြင်းနှင့် စစ်ဆေး တွေ့ရှိချက်များကို ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်းပေးရန်လည်း တာဝန်တစ်ရပ်အနေဖြင့် ပါဝင်ပါသည်။ ကော်မရှင်အနေဖြင့် ဖွဲ့စည်းတည်ထောင်သည့် နေ့မှစ၍ ကော်မရှင်၏ တာဝန်များကို အပြည့်အဝ ထမ်းဆောင်ပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန် သန္နိဌာန်ချ ထားပါသည်။

 
၎။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း တည်ထောင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် ဖြစ်သကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်ကို တစ်နည်း တစ်လမ်းအားဖြင့် ဖြည့်ဆည်းရာ ရောက်သည်ဟု ယူဆပါသည်။ 
 
၅။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အချို့သော နိုင်ငံတို့၏ မျှော်လင့် တောင့်တချက် တစ်ရပ်မှာ "ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ" ("PRISONERS OF CONSCIENCE") ဟု ၎င်းတို့ ဖော်ညွှန်းနေသော အကျဉ်းထောင်တွင်း ရှိနေသူများအား လွှတ်ပေးရေး ကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။ ထိုအကျဉ်းသားများသည် တည်ဆဲ ဥပဒေများကို ချိုးဖောက်သဖြင့် အပြစ်ဒဏ် ကျခံနေရသူများ ဖြစ်သည် ဟူသော နိုင်ငံတော် အစိုးရ၏ ရပ်တည်ချက်ကိုလည်း ကော်မရှင် အနေဖြင့် လက်ခံ သဘောပေါက်ပါသည်။
 
၆။ ထို့သို့ တည်ဆဲဥပဒေကို ချိုးဖောက်သဖြင့် အကျဉ်းကျနေသူများ အနက် နိုင်ငံတော် တည်ငြိမ်ရေးနှင့် အများပြည်သူ အေးချမ်း သာယာရေးကို ထိပါးမည့်၊ တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးမည့် အန္တရယ်မရှိနိုင်သော အကျဉ်းသားများကို လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။
 
၇။ သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတ၏ မေတ္တာ စေတနာကို ထင်ဟပ်ဖော် ပြသည့် အနေဖြင့် ၎င်းတို့အား ကျခံနေရသော အပြစ်ဒဏ် အသီးသီးမှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး အကျဉ်းထောင်မှ လွှတ်ပေးရေးကို အလေးထား စဉ်းစားပေးပါရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် မေတ္တာရပ်ခ တင်ပြအပ်ပါသည်။
 
ရိုသေလေးစားစွာဖြင့်
(ပုံ)ဝင်းမြ
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များ (ကိုယ်စား)
ရက်စွဲ ၊ ၁၀-၁၀-၂၀၁၁
နေရာ၊ ရန်ကုန်မြို့